အခန်း ၃၂၇
Vol. 33 Ch. 327
Chapter 327
မိမိရှေ့မှ မန်နေဂျာက စတုရန်းမီတာ ၃၂၀ ကျယ်ဝန်းသည့် အခန်းကို သေးငယ်သည့် တိုက်ခန်းအဖြစ် အတည်အပေါက် ပြောဆိုနေသည်ကို ကြည့်လျက် ကျိုးထျန်း မတတ်နိုင်သလို ခေါင်းခါလိုက်မိသည်။
‘သူက သူဌေးတွေကိုပဲ အမြဲတမ်း တွေ့နေရလို့ အောက်ခြေလူတန်းစား ဘဝတုန်းက ရည်မှန်းချက်တွေကို မေ့လျော့သွားတာလား’
သို့သော်လည်း သူ့ကို အပြစ်တင်၍မရချေ။
သာမန်လူများနှင့် ယှဉ်လျှင်မူ တစ်နှစ်လျှင် လစာ ယွမ်သိန်းဂဏန်းအထိ ရရှိနေသည့် မန်နေဂျာတစ်ဦး၏ ဘဝမှာ တကယ့်ကို အဆင်ပြေလှသည်ဟု ပြောဆိုနိုင်သည်။
ရှန်ဟိုင်းကဲ့သို့သော နေရာမျိုးတွင်ပင် သူသည် ကောင်းမွန်စွာ နေထိုင်နိုင်ပေသည်။
သူသည် သာမန်လူတစ်ဦးသာ ဖြစ်နေသေးပြီး တစ်လလျှင် ယွမ်ထောင်ဂဏန်းမျှသာ ရရှိသည့် သာမန်အလုပ်သမားများနှင့် အဆင့်အတန်း အတူတူပင် ဖြစ်သည်။
သို့သော် သူသည် ထိပ်တန်း အိမ်ရာစီမံကိန်းတစ်ခုတွင် အလုပ်လုပ်ကိုင်နေရသဖြင့် နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်သော သူဌေးကြီးများ ဝင်ထွက်သွားလာနေသည်ကို မြင်တွေ့နေရကာ ပိုမိုမြင့်မားသည့် လူတန်းစားများ၏ လူနေမှုဘဝနှင့် သုံးစွဲမှုပုံစံများကို အရိပ်အမြွက် မြင်တွေ့နေရခြင်း ဖြစ်ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ ထိုမန်နေဂျာ၏ အမြင်နှင့် သူ၏ ကိုယ်ပိုင်စွမ်းဆောင်ရည်ကြားတွင် ကြီးမားလှသော ကွာဟချက်တစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
ဤသည်က သူ့အား စိတ်ပိုင်းဆိုင်ရာ လွန်ဆွဲမှုများနှင့် ပင်ပန်းဆင်းရဲမှုများကို ဖြစ်ပေါ်စေသည့် နာကျင်ဖွယ်ရာ ဘက်လိုက်မှုတစ်ခုကို ဖန်တီးပေးခဲ့သည်။
မိမိ၏ ငွေကြေးဓနနှင့် ပိုင်ဆိုင်မှုများမှာ ဖောက်သည်များထက် များစွာလျော့နည်းနေသည်ဟူသော အချက်ကို ဖုံးကွယ်ရန်အတွက် သူသည် မိမိကိုယ်တိုင် ပုံမှန်ဟု ထင်မှတ်ထားသော်လည်း သာမန်လူများအတွက်မူ စိတ်မသက်မသာ ဖြစ်စေမည့် စကားလုံးအတော်များများကို မသိစိတ်မှနေ၍ ပြောဆိုမိတတ်ခြင်း ဖြစ်သည်။
"ကောင်းပါပြီ... ငါ့ရဲ့ ငွေကြေးအခြေအနေအရဆိုရင်တော့ စတုရန်းမီတာ ၃၂၀ ကလည်း ကိစ္စမရှိပါဘူး"
သူ မန်နေဂျာ၏ ပုခုံးကို ပုတ်လိုက်ရင်း အခန်းသွားရောက်ကြည့်ရှုရန်အတွက် ဦးဆောင်ခိုင်းလိုက်သည်။
အဖိုးတန်ဆုံး အပေါ်ဆုံးထပ် တိုက်ခန်းကို ကြည့်ရှုပြီးနောက်တွင်မူ ကျန်ရှိသည့် အခန်းများမှာ သာမန်မျှသာ ဖြစ်ပြီး ပျင်းစရာကောင်းလှသည်ဟု ထင်ရပေသည်။
ကျိုးထျန်း စိတ်ပါလက်ပါမရှိဘဲ ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်ရာ အထူးတလည် ထူးခြားသည့်အရာကို မတွေ့ရချေ။
"ဘယ်လိုလဲခင်ဗျာ... လူကြီးမင်း အဆင်မပြေဘူးဆိုရင် ကျွန်တော်တို့ဆီမှာ တခြားအခန်းတွေ ရှိပါသေးတယ်"
ကျိုးထျန်း စိတ်ဝင်စားမှုမရှိသည်ကို သတိပြုမိသွားသော မန်နေဂျာက ချက်ချင်းပင် ပြောကြားလိုက်သည်။
"ဒီတစ်ခုကတော့ သာမန်ပါပဲ... အော်... ဒါနဲ့ မင်းတို့ဆီက ပထမထပ် အခန်းတွေမှာ ဝရန်တာ ခြံဝန်းလေးတွေ ပါသေးလား"
ကျိုးထျန်း ခဏမျှ စဉ်းစားလိုက်သည်။
မိဘများမှာ တဖြည်းဖြည်းနှင့် အသက်ကြီးလာကြပြီဖြစ်ရာ အနားယူပြီးသည့်အခါ ပန်းပင်၊ အပင်လေးများ စိုက်ပျိုးရန်အတွက် ကိုယ်ပိုင်ခြံဝန်းလေးတစ်ခု ရှိနေလျှင် ကောင်းမွန်လိမ့်မည် ဖြစ်သည်။
"သေချာတာပေါ့ခင်ဗျာ... ဒါပေမဲ့ အဲ့တာက ဒီအခန်းထက် အများကြီး ပိုပြီးတော့ ကျယ်ဝန်းပါတယ်၊ မြေအောက်ထပ်လည်း ပါဝင်ဦးမှာ ဖြစ်ပါတယ်”
“ စုစုပေါင်း စတုရန်းမီတာ ၅၃၀ ခန့် ရှိပြီးတော့ အခုတစ်ခန်းပဲ ကျန်ပါတော့တယ်ခင်ဗျာ"
မန်နေဂျာက ချက်ချင်းပင် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ပြီး ကျိုးထျန်းကို ပထမထပ်ဆီသို့ ဦးဆောင်ခေါ်လာခဲ့သည်။
တိုက်ခန်းမှာ အတော်လေး ကောင်းမွန်လှသည်။ ခြံဝန်းလေးမှာ မြေအောက်ထပ်နှင့် တစ်ဆက်တည်း ဖြစ်နေသည့် ပုံစံမျိုး ဖြစ်သည်။
အိမ်ရာဝန်း၏ အရည်အသွေးကြောင့် အဆောက်အအုံများကြားတွင် အကွာအဝေး အတော်လေး ဝေးကွာလှသဖြင့် မြေအောက်ထပ်အထိပင် နေရောင်ခြည် အလုံအလောက် ရရှိနိုင်ရာ တကယ့်ကို ကောင်းမွန်သော ပုံစံတစ်ခု ဖြစ်ပေသည်။
"ဒီတစ်ခုကတော့ အဆင်ပြေပါတယ်... ဈေးနှုန်းက ဘယ်လောက်လဲ"
"လျှော့ဈေးပေးပြီးတဲ့နောက်မှာတော့ ယွမ် ၁၅၀,၀၀၀ ဖြစ်ပါတယ်ခင်ဗျာ၊ အပေါ်ဆုံးထပ်ထက် အနည်းငယ် ပိုပြီးတော့ သက်သာပါတယ်၊ စုစုပေါင်း ဈေးနှုန်းကတော့ ယွမ် သန်း ၈၀ အောက်မှာပဲ ရှိပါတယ်ခင်ဗျာ"
ကျိုးထျန်း မိမိ၏ မေးစေ့ကို ပွတ်သပ်လိုက်မိသည်။
အိမ်နှစ်အိမ်ဆိုလျှင် ယွမ် သန်း ၂၀၀ ကျော်မျှ ကျသင့်မည် ဖြစ်သည်။
သူ မနေ့တုန်းကတင် ပိုက်ဆံကို လက်ခံရရှိခဲ့ခြင်း ဖြစ်ပြီး ယနေ့တွင် ပြန်လည်သုံးစွဲပစ်ရတော့မည် ဖြစ်ရာ ပိုက်ဆံအိတ်ထဲတွင် နွေးအောင်ပင် မနေလိုက်ရချေ။
"ကားပါကင်နေရာတွေကကော ဘယ်လိုလဲ"
"အိမ်တစ်အိမ်ချင်းစီအတွက် ပိုင်ဆိုင်မှုအခွင့်အရေး ပါဝင်တဲ့ ကားပါကင်နေရာ နှစ်နေရာစီ ပေးထားပါတယ်ခင်ဗျာ၊ သီးသန့် ထပ်မံဝယ်ယူချင်တယ်ဆိုရင်တော့ တစ်နေရာကို ယွမ် ၁.၅ သန်း ကျသင့်မှာ ဖြစ်ပြီး တစ်လကို စီမံခန့်ခွဲမှုစရိတ် ယွမ် ၁,၅၀၀ ပေးဆောင်ရမှာ ဖြစ်ပါတယ်"
"အကယ်၍ ငှားရမ်းမယ်ဆိုရင်တော့ တစ်နေရာကို ယွမ် ၆,၀၀၀ ဖြစ်ပြီး တစ်လ စီမံခန့်ခွဲမှုစရိတ် ယွမ် ၁,၅၀၀ နဲ့ ပေါင်းရင် တစ်လကို စုစုပေါင်း ယွမ် ၇,၅၀၀ ကျသင့်မှာ ဖြစ်ပါတယ်ခင်ဗျာ"
မန်နေဂျာက ဈေးနှုန်းများကို ချက်ချင်းပင် ပြောကြားလိုက်ရာ ကျိုးထျန်း ထပ်မံ၍ ခေါင်းခါလိုက်မိပြန်သည်။
"ဒီက ကားပါကင် တစ်နေရာရဲ့ လစဉ်ငှားရမ်းခက ဆင်ခြေဖုံးရပ်ကွက်က ဗီလာအသေးစားလေးတစ်လုံးရဲ့ ငှားရမ်းခနဲ့ တူတူပဲ... တကယ့်ကို မြေတစ်လက်မကို ရွှေတစ်လက်မတန်တဲ့ နေရာပဲ"
အိမ်တစ်အိမ်အတွက် ကားပါကင် နှစ်နေရာဆိုလျှင် မနည်းလှချေ။
သူ့တွင် အခြားအိမ်များလည်း ရှိနေသေးသဖြင့် မိမိ၏ ကားအားလုံးကို ဤနေရာတွင် လာရောက်ရပ်ထားရန် မလိုအပ်သောကြောင့် ဖြစ်သည်။
"ကောင်းပါပြီ... ဒီအိမ်နှစ်အိမ်ကိုပဲ ယူပါ့မယ်၊ ကျွန်တော့်ကို စုစုပေါင်း ကျသင့်မယ့် ဈေးနှုန်း သွားရောက်တွက်ချက်ပေးပါဦး"
ပြုံးရွှင်နေသည့် မန်နေဂျာ၏ ဦးဆောင်မှုဖြင့် ကျိုးထျန်း သီးသန့်အခန်းထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး မိမိအတွက် ဈေးနှုန်းတွက်ချက်ပေးနေသည်ကို စောင့်ဆိုင်းရင်း မုန့်များကို စားသောက်နေခဲ့သည်။
လူအချို့မှာမူ အရောင်းပြခန်းထဲတွင် စိတ်အေးလက်အေး ထိုင်နေကြပြီး အရောင်းအဝယ် ကိစ္စရပ်များ ပြီးဆုံးသွားရန်အတွက် စောင့်ဆိုင်းနေကြသည်။
ကျိုးထျန်း၏ သက်တော်စောင့်များပင်လျှင် သတိမပြုမိလိုက်သည့်အချက်မှာမူ... အဝေးရှိ မြင့်မားလှသော အဆောက်အအုံတစ်ခုပေါ်တွင် အမျိုးသားတစ်ဦးက စစ်ဘက်သုံး မှန်ပြောင်းဖြင့် အအေးသောက်နေသည့် ကျိုးထျန်းကို လှမ်း၍ စောင့်ကြည့်နေခြင်းပင် ဖြစ်ပေသည်။
"ပစ်မှတ်က ပုံမှန်အတိုင်းပဲ... ဘာထူးခြားမှုမှ မရှိဘူး... OVER"
ထို ဆံပင်ညိုရောင်နှင့် အမျိုးသားက စကားပြောစက်ထဲသို့ ပြောကြားလိုက်ပြီးနောက် အဝေးမှနေ၍ ကျိုးထျန်းကို ဆက်လက်၍ စောင့်ကြည့်နေခဲ့သည်။
အမျိုးသားတွင် ပြာလဲ့လဲ့မျက်လုံးများနှင့် မုတ်ဆိတ်မွှေးများ ရှိနေခဲ့ပြီး သူ၏ ရုပ်ရည်အသွင်အပြင်မှာ တရုတ်လူမျိုး မဟုတ်ကြောင်း ထင်ရှားလှပေသည်။
သူ ကျိုးထျန်းကို စောင့်ကြည့်နေခဲ့သည်မှာ ရက်အနည်းငယ်မျှ ရှိနေခဲ့ပြီဖြစ်ပြီး သူ၏ နေ့စဉ် လှုပ်ရှားမှုများကို အမြဲတမ်း လေ့လာနေခဲ့ခြင်း ဖြစ်သည်။
ထိုမျှတင်မကပါ... ပတ်ပတ်လည်ရှိ အခြားသော အဆောက်အအုံများပေါ်တွင်လည်း အခြားလူအချို့က ဤကဲ့သို့ပင် လုပ်ဆောင်နေကြပြီး ကျိုးထျန်းအပေါ် ဘက်ပေါင်းစုံမှနေ၍ စောင့်ကြည့်မှု ကွန်ရက်တစ်ခု ဖြန့်ကြက်ထားကြသည်။
ဤလူများသည် ပြီးခဲ့သည့်အပတ်တုန်းကတင် ကမ္ဘာလှည့်ခရီးသည် ဗီဇာများဖြင့် တရုတ်နိုင်ငံထဲသို့ ဝင်ရောက်လာခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့၏ ရည်ရွယ်ချက်မှာ ကျိုးထျန်းပင် ဖြစ်သည်။
...
မန်နေဂျာနှင့် အရောင်းဝန်ထမ်း မိန်းကလေးအချို့၏ လိုက်လံပို့ဆောင်မှုကို ခံယူပြီးနောက် ကျိုးထျန်း မိမိ၏ ဖန်တွမ်ကားကြီးပေါ်သို့ တက်ရောက်လိုက်ကာ လျိုမုယန်ကို ကျောင်းဆင်းချိန် သွားရောက်ကြိုဆိုရန်အတွက် ထွက်ခွာခဲ့တော့သည်။
ကားထဲတွင် ထိုင်နေရင်း သူသည် ရေခဲသေတ္တာအသေးစားလေးထဲမှ ရှန်ပိန်ပုလင်းတစ်ပုလင်းကို ထုတ်ယူလိုက်သည်။
ကြိုတင်၍ အအေးခံထားသည့် ရှန်ပိန်မှာ ပြင်းထန်လှသော ပူဖောင်းများနှင့် သစ်သီးရနံ့များနှင့်အတူ စတီးလ်ဖန်ခွက်ထဲသို့ စီးဆင်းသွားခဲ့သည်။
ဤသည်မှာ ကျိုးထျန်း မိမိကိုယ်ကိုယ် အိမ်ဝယ်ယူခြင်းအတွက် ဂုဏ်ပြုသည့် အခမ်းအနားပင် ဖြစ်ပေသည်။
‘ယွမ် သန်း နှစ်ရာ့တစ်ဆယ့်နှစ်သန်း... ဒါက ၃၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့တင်နော်’
"ရှန်ဟိုင်းမှာ အိမ်ဝယ်ရတာက တကယ့်ကို ပိုက်ဆံတွေကို အလဟဿ လွှင့်ပစ်နေရသလိုပဲ’
အိမ်ရာဝန်းရှိရာနေရာမှ ကျောင်းသို့ အကွာအဝေးမှာ ဗီလာသို့ သွားရမည့် အကွာအဝေး၏ ထက်ဝက်မျှသာ ရှိသဖြင့် သူသည် ပိတ်ရက်များတွင် ဗီလာတွင် နေထိုင်ပြီး ကြားရက်များတွင်မူ လျိုမုယန်နှင့်အတူ ထိုနေရာတွင် နေထိုင်ရန် ဆုံးဖြတ်လိုက်သည်။
သူ ယွမ်သန်းနှစ်ရာကျော် သုံးစွဲခဲ့ခြင်းကြောင့် သွားလာရမည့် အချိန်ထက်ဝက်ခန့်ကို သက်သာစေခဲ့ရာ အမှန်စင်စစ် အချိန်ဆိုသည်မှာ ကမ္ဘာပေါ်တွင် အဖိုးတန်ဆုံးအရာ ဖြစ်ပေသည်။
အိမ်ကို ဝယ်ယူခဲ့ပြီးဖြစ်သော်လည်း သူ နောက်အပတ်ကျမှသာ တက်ရောက်နေထိုင်နိုင်မည် ဖြစ်သည်။
သူသည် အဓိကအားဖြင့် သန့်ရှင်းရေးလုပ်ရန်နှင့် နေ့စဉ်သုံး ပစ္စည်းအချို့ ဝယ်ယူရန် လိုအပ်နေသေးပြီး ဗီလာရှိ အန်တီလီကဲ့သို့သော အချိန်ပြည့် အိမ်အကူတစ်ဦးကိုလည်း ရှာဖွေရန် လိုအပ်နေသေးသည်။
သူသည် နေ့စဉ်နှင့်အမျှ ရှိနေနိုင်မည်မဟုတ်သဖြင့် အိမ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးမည့်သူ တစ်ဦး လိုအပ်သောကြောင့် ဖြစ်သည်။
ထို့အပြင် သူ မိမိ ဝယ်ယူခဲ့သည့် အိမ်အကြောင်းကို မိဘများကို ပြောပြရန် အစီအစဉ် မရှိသေးချေ။
သင့်တော်မည့် တစ်ရက်၊ အကောင်းဆုံးအနေဖြင့် အားလပ်ရက် သို့မဟုတ် မွေးနေ့ရက်မျိုးတွင် ၎င်းတို့အား လက်ဆောင်အဖြစ် ပေးအပ်ရန် လိုအပ်ပြီး ထိုအချိန်ကျမှသာ အကောင်းဆုံးသော ရလဒ်ကို ရရှိနိုင်မည် ဖြစ်သည်။
အဓိကအချက်မှာ အိမ်ကို လက်ဆောင်ပေးလိုက်သည်နှင့် မိဘများနှင့် စကားပြောဆိုရမည် ဖြစ်ပြီး သူ၏ ပိုင်ဆိုင်မှုများနှင့် လက်ရှိအခြေအနေများကို သေချာပေါက် မေးမြန်းကြလိမ့်မည်။
ရှင်းလင်းချက် ပေးရမည်ကို တွေးမိရုံမျှဖြင့်ပင် ကျိုးထျန်း ခေါင်းကိုက်သွားခဲ့ရသည်။
မိခင်ဖြစ်သူက သူ့အား ပိုက်ဆံများကို ဖြုန်းတီးပစ်သည်ဟု သေချာပေါက် ဆူပူကြိမ်းမောင်းလိမ့်မည်။
ထို့အပြင် သူ မည်မျှအထိ ချမ်းသာကြွယ်ဝနေသည်ကို မြင်တွေ့သွားပြီးနောက်တွင်မူ ကျိုးကျန့်ခန်းအနေဖြင့် သူ့ထံမှ ကားတစ်စီး သို့မဟုတ် နာရီတစ်လုံးကို သေချာပေါက် တောင်းဆိုလိမ့်မည် ဖြစ်ရာ သူ ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။
သူသည် မိမိ၏ ဖခင် ဖြစ်ပေရာ မိမိထံမှ အခွင့်အရေး မယူဘူးဆိုလျှင်လည်း ရင်းနှီးကျွမ်းဝင်မှု ရှိသည်ဟု ပြော၍မရချေ။
သူ လျိုမုယန်ကို ကျောင်းမှ သွားရောက်ကြိုဆိုလိုက်ရာ ထိုမိန်းကလေးမှာ ယနေ့တွင် အထူးတလည် ပျော်ရွှင်နေပုံရသည်။
"မုယန်... ဒီနေ့ တစ်ခုခု အဆင်ပြေတာ ရှိလို့လား"
သူမအတွက် ရှန်ပိန်တစ်ခွက် ငှားပေးလိုက်ရင်း ဂရုတစိုက်ဖြင့် မေးမြန်းလိုက်သည်။
"ဟုတ်တယ်... အဆင်ပြေတာတွေ ရှိတယ်၊ စုစုပေါင်း အဆင်ပြေတဲ့ ကိစ္စနှစ်ခု ရှိတာ"
သူမ ပြုံးလိုက်ရင်း ရှန်ပိန်ကို တစ်ငုံ သောက်လိုက်သည်။
"နင်ကကော ဘာလို့ ကားထဲမှာ သောက်နေရတာလဲ၊ နင့်မှာလည်း အဆင်ပြေတဲ့ ကိစ္စရှိလို့လား"
"သေချာတာပေါ့... ငါတို့တွေ အတူတူ ပြောကြတာပေါ့၊ နင် အရင်ပြောလေ"
ကျိုးထျန်း သူမနှင့် ဖန်ခွက်ချင်း တိုက်လိုက်ရာ သာယာလှသော အသံလေး ထွက်ပေါ်လာခဲ့သည်။
"ပထမဆုံးတစ်ချက်ကတော့... ငါ သူဌေးတစ်ဦးနဲ့ တွဲနေပါတယ်ဆိုပြီး ကောလာဟလတွေ ဖြန့်ခဲ့လို့ နင် သတိပေးဆုံးမခဲ့တဲ့ မိန်းကလေး သုံးယောက်လေ”
“သူတို့တွေက ကျောင်းသားသမဂ္ဂမှာ လူသိရှင်ကြား တောင်းပန်ခဲ့ကြပြီး ကျောင်းရဲ့ ဖိုရမ်နဲ့ အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပါ တောင်းပန်စာတွေ တင်ထားကြတယ်”
“ကျောင်းသားသမဂ္ဂ ကိုယ်တိုင်ကနေ ဒီတောင်းပန်မှုတွေကို ထုတ်ပြန်ပေးခဲ့တာ ဖြစ်လို့ ယုံကြည်စိတ်ချရမှုက အလွန်မြင့်မားတယ်၊အဲ့တာက ငါ့အတွက် ပြဿနာတစ်ခုကို ဖြေရှင်းပေးခဲ့တာပဲ"
"အခုဆိုရင် အားလုံးက ဒါဟာ ကောလာဟလတစ်ခုဆိုတာ သိသွားကြပြီဖြစ်လို့ ဘယ်သူမှ ထပ်ပြီးတော့ မပြောကြတော့ဘူး"
"ဒုတိယတစ်ချက်ကတော့... ငါ အစီအစဉ်တင်ဆက်သူ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် အကြောင်းကြားစာ ရရှိခဲ့ပြီး အကြိုလူရွေးပွဲ အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ"
ကျိုးထျန်းအနေဖြင့် ဒါရိုက်တာကျန်းထံမှ အကူအညီ တောင်းခံပေးခဲ့ဖူးသော်လည်း လျိုမုယန်၏ တောင်းဆိုချက်အရ လူရွေးပွဲများနှင့် အကြိုအဆင့် ပြိုင်ပွဲများအတွင်း ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ကတိပေးထားခဲ့သည်။
ကျိုးထျန်း သူမ၏ တောင်းဆိုချက်ကို သဘောတူခဲ့သည်။
အကယ်၍ သူမအနေဖြင့် မိမိ၏ ကိုယ်ပိုင်စွမ်းဆောင်ရည်ဖြင့် အကြိုအဆင့်ကိုပင် မကျော်လွှားနိုင်ခဲ့ပါက နောက်ပိုင်းတွင် အဆက်အသွယ်များဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့လျှင်ပင် လူအများရှေ့တွင် အရှက်ကွဲရုံသာ ရှိပါလိမ့်မည်။
ထို့ကြောင့် လျိုမုယန်အနေဖြင့် မိမိ၏ စွမ်းဆောင်ရည်ကို ပွဲစီစဉ်သူများက အသိအမှတ်ပြုပေးခဲ့ကြခြင်းအပေါ် ကျေနပ် အားရနေခြင်း ဖြစ်သည်။
မိမိ၏ ကြိုးစားအားထုတ်မှုများမှာ အလဟဿ မဖြစ်ခဲ့ဘဲ မိမိတွင် တကယ့်ကို ပါရမီရှိကြောင်း ခံစားလိုက်ရသဖြင့် မိမိကိုယ်ကိုယ် ယုံကြည်မှုများစွာ တိုးပွားလာခဲ့ရတော့သည်။
"ငါ ပြောလို့ပြီးပြီ... နင့်ရဲ့ သတင်းကောင်းကကော ဘာလဲ"
လျိုမုယန် ချစ်ဖို့ကောင်းသော မျက်လုံးလေးများ ဖြင့် မေးလိုက်သည်။