အခန်း ၃၂၈
Vol. 33 Ch. 328
Chapter 328
"ငါ့ကိစ္စက ကိစ္စအသေးလေးပါ၊ ပြောပြနေဖို့တောင် မတန်ပါဘူး"
ကျိုးထျန်း ပြုံးလိုက်ရင်း မိမိအတွက် ရှန်ပိန်ကို ထပ်ထည့်လိုက်သည်။
"စကားတွေကို လှည့်ပတ်ပြီး ပြောမနေနဲ့တော့၊ နင် ပိုက်ဆံတွေ အများကြီး ရှာနိုင်ခဲ့တာ ဒါမှမဟုတ် ပိုက်ဆံတွေ အများကြီး သုံးပစ်လိုက်တာမလို့လား"
မုယန် သူမ၏ လက်ညှိုးလေးဖြင့် သူ၏ပါးကို လှမ်း၍ တို့လိုက်ရင်း သူ ပြောချင်နေသည့်အရာကို အလွယ်တကူပင် ရိပ်မိသွားခဲ့သည်။
"နင်ကတော့ ငါ့အကြောင်းကို တကယ် သိတာပဲ မုယန်"
ကျိုးထျန်း သူမကို မိမိအနားသို့ ဆွဲခေါ်လိုက်ပြီး ပါးပြင်လေးကို နမ်းရှုံ့လိုက်တော့သည်။
"ကားထဲမှာလေ..." မုယန် မကျေမနပ် ရေရွတ်လိုက်မိသည်။
"နင် ခန့်မှန်းတဲ့အတိုင်းပါပဲ... ငါ အိမ်နှစ်အိမ် ဝယ်ဖို့အတွက် ပိုက်ဆံနည်းနည်း သုံးလိုက်တယ်" သူ တည်ငြိမ်စွာဖြင့် ပြောကြားလိုက်သည်။
"ဘယ်လောက်တောင် သုံးလိုက်တာလဲ၊ ဗီလာထက်တော့ ပိုပြီးတော့ ဈေးမကြီးနိုင်ပါဘူးနော် ဟုတ်တယ်မလား"
မုယန် သူမ၏ မျက်လုံးလေးများကို မှေးစိလိုက်ရင်း မိမိကိုယ်ကိုယ် ပိုက်ဆံကို အလဟဿ ဖြုန်းတီးပစ်တတ်သည့် လူဖြုန်းတီးကြီးတစ်ဦးနှင့် တွေ့နေရသကဲ့သို့ ခံစားလိုက်ရသည်။
"ယွမ် သန်းနှစ်ရာကျော်ကျော်လောက်ပဲ... အိမ်နှစ်အိမ် ဝယ်လိုက်တာ"
မုယန်သည် စိတ်ဓာတ်ကြံ့ခိုင်မှု အတော်လေး ကောင်းမွန်သည်ဟု ပြောနိုင်သည်။
သူမ ပါးစပ်ထဲမှ ရှန်ပိန်များကို ပြန်လည်မှုတ်ထုတ်မပစ်ခဲ့သော်လည်း ဖန်ခွက်ကို ကိုင်ဆောင်ထားသည့် သူမ၏ လက်ကလေးမှာမူ အနည်းငယ် တုန်ရင်နေခဲ့သည်။
ဆယ်စက္ကန့်ခန့် တိတ်ဆိတ်သွားခဲ့ပြီးနောက် မုယန် ဘာဆက်ပြောရမည်မှန်း မသိတော့ချေ။
သူ အိမ်ဝယ်ယူပြီးသည့်အခါ သူမသည်လည်း ထိုအိမ်များတွင် သေချာပေါက် လိုက်လံနေထိုင်ရမည် ဖြစ်သဖြင့် ကျိုးထျန်းကို ပြစ်တင်ဝေဖန်နေခြင်းမှာ မသင့်တော်ဟု ထင်ရသည်။
သို့သော်လည်း ယွမ် သန်း၂၀၀ ကျော်ဟူသော ဈေးနှုန်းမှာ သူမ ထင်မှတ်ထားသည်ထက် များစွာ ကျော်လွန်နေသေးသည်။
"နင်က ဘာလို့ တိုက်ခန်း နှစ်ခန်းတောင် ဝယ်ရတာလဲ" သူမသည် ဈေးနှုန်းပြဿနာကို ကျော်ဖြတ်လိုက်တော့သည်။
ဘာပဲဖြစ်ဖြစ် ထိုအရာကို ထပ်မံဆွေးနွေးနေရန် မတန်တော့သောကြောင့် ဖြစ်သည်။
"တစ်အိမ်က ငါ့အတွက်၊ ပြီးတော့ ကျန်တဲ့တစ်အိမ်က ငါ့ရဲ့ မိဘတွေအတွက်ပေါ့၊ သူတို့ အနားယူတဲ့အခါ နေထိုင်ဖို့အတွက် ခြံဝန်းလေးပါတဲ့ ပထမထပ် အခန်းကို ရွေးချယ်ပေးခဲ့တာ"
မုယန် ခေါင်းညိတ်လိုက်သည်။
ဤအချက်နှင့် ပတ်သက်၍မူ ပြစ်တင်ဝေဖန်စရာ မရှိချေ။
မိဘများကို လုပ်ကျွေးပြုစုခြင်းမှာ မှန်ကန်သောအရာ ဖြစ်ပြီး သူသည်လည်း မှန်ကန်စွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။
"ငါတို့ နောက်အပတ်ကျရင် အဲဒီကို ပြောင်းကြမယ်၊ အဲဒီနေရာက ဗီလာထက်စာရင် ကျောင်းနဲ့ အများကြီး ပိုပြီးတော့ နီးတာမလို့ ကျောင်းတက်ရတာ ပိုပြီးတော့ အဆင်ပြေမှာပါ"
" ကားရှိနေတာပဲကို... ဗီလာကလည်း အဲဒီလောက်အထိ အလှမ်းမဝေးပါဘူး" မုယန် တိုးညှင်းစွာ ပြောကြားလိုက်သည်။
ဖန်တွမ်ကားကြီးကို စီးနင်းပြီး ကျောင်းတက်ရခြင်းမှာ ပင်ပန်းခြင်း မရှိချေ။
ကား၏ ထိုင်ခုံများနှင့် စနစ်များမှာ အဆင့်မြင့် ရွက်လှေကြီးတစ်စီးပေါ်တွင် ရောက်ရှိနေရသကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်သောကြောင့် ဖြစ်သည်။
"မုယန်... နင် သိထားဖို့က မြို့လယ်ခေါင်က တိုက်ခန်းအကျယ်ကြီးတွေနဲ့ ဆင်ခြေဖုံးရပ်ကွက်က ဗီလာတွေက သူဌေးတွေရဲ့ အခြေခံစံနှုန်းပဲ ငါလည်း နောက်ကျကျန်နေလို့ မဖြစ်ဘူးလေ"
ထိပ်တန်း သူဌေးကြီးအတော်များများမှာ မြို့တစ်မြို့တည်းတွင် အိမ်နှစ်အိမ် ပိုင်ဆိုင်ထားသည့် လူနေမှုပုံစံမျိုးကို ရွေးချယ်လေ့ ရှိကြသည်။
၎င်းတို့သည် သွားလာရလွယ်ကူစေရန်အတွက် မြို့လယ်ခေါင်ရှိ တိုက်ခန်းကျယ်ကြီးများတွင် နေထိုင်ကြပြီး ပိတ်ရက်များတွင်မူ မိသားစုများနှင့်အတူ အနားယူရန် သို့မဟုတ် လှုပ်လှုပ်ရှားရှား နေရန်အတွက် ဆင်ခြေဖုံးရပ်ကွက်ရှိ ဗီလာများဆီသို့ သွားရောက်လေ့ ရှိကြသည်။
ဤသည်က ၎င်းတို့၏ အလုပ်နှင့် အနားယူမှုကို ထိရောက်စွာ ခွဲခြားပေးနိုင်သဖြင့် လူနေမှုဘဝကို ပိုမို၍ စနစ်ကျစေခြင်း ဖြစ်သည်။
"ကောင်းပါပြီ... ငါ နင့်ကို ဘယ်လိုမှ ပြောလို့နိုင်မှာ မဟုတ်ပါဘူး"
မုယန် အလျှော့ပေးလိုက်တော့သည်။
ဘာပဲဖြစ်ဖြစ် ဤပိုက်ဆံများကို ကျိုးထျန်း ကိုယ်တိုင် ရှာဖွေထားခြင်း ဖြစ်သဖြင့် သူမအနေဖြင့် စိုးရိမ်ပူပန်နေရန် မလိုချေ။
နောက်ထပ် ရက်သတ္တပတ် အနည်းငယ်အတွင်း အိမ်အသစ်သို့ ပြောင်းရွှေ့ခြင်းမှတစ်ပါး ၎င်းတို့၏ လူနေမှုဘဝမှာ ယခင်ကကဲ့သို့ပင် ပုံမှန်အတိုင်း ရှိနေခဲ့သည်။
ကျိုးထျန်းသည် အစိုးရသက်တော်စောင့်တပ်ဖွဲ့နှင့် ဆက်လက်၍ ဆက်သွယ်မှု ပြုလုပ်နေခဲ့ပြီး ဆန်းတို့စ်အား ဓာတ်ခွဲခန်းကို တစ်စစီ ဖြုတ်သိမ်းစေကာ လျှို့ဝှက်ချက် ယိုစိမ့်မှု မရှိစေရန်အတွက် ဟေးလုံကျန်းထဲမှနေ၍ အသုတ်လိုက် ခွဲခြားကာ သယ်ဆောင်ခိုင်းခဲ့သည်။
ကမ်းဘဲလ်နှင့် သူ၏လူစုက ဓာတ်ခွဲခန်းကို တရုတ်နိုင်ငံထံသို့ မလွှဲပြောင်းပေးရန် တောင်းဆိုထားခဲ့ကြခြင်း ဖြစ်ရာ ၎င်းမှာ သူတို့၏ နောက်ဆုံးစည်း ဖြစ်ပေသည်။
သို့သော် ပိုက်ဆံအတွက်ဆိုလျှင်မူ လူဖြူများသည် မိမိတို့၏ စည်းကို မျက်ကွယ်ပြုဝံ့ကြသည် ဖြစ်ရာ အဆုံးစွန်၌မူ ပိုက်ဆံကသာ ပိုမို၍ အရေးကြီးလှသည်။
သို့သော်လည်း တခြားလူများ၏ ဝေဖန်ပြစ်တင်မှုများကို ရှောင်ရှားနိုင်ရန်နှင့် အထူးသဖြင့် မသမာသော ရည်ရွယ်ချက် ရှိသည့် လူအချို့ သိရှိသွားခြင်းမှ ကာကွယ်ရန်အတွက် ၎င်းတို့သည် လျှို့ဝှက်စွာ လုပ်ဆောင်ရခြင်း ဖြစ်ပေသည်။
တစ်ဖက်တွင်လည်း ဆန်းတို့စ်သည် ရန်ပုံငွေများနှင့် လက်နက်များကို ရရှိသွားခဲ့သဖြင့် အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေခဲ့ပြီး ပတ်ပတ်လည်ရှိ နယ်မြေများကို ချက်ချင်းပင် စတင်၍ တိုက်ခိုက်ချေမှုန်းတော့သည်။
ဤရိုင်းစိုင်းလှသော နယ်မြေတွင် တောတွင်းဥပဒေကသာ စိုးမိုးထားခြင်း ဖြစ်ပေသည်။
အင်အားကြီးသူကသာ မှန်ကန်ခြင်း ဖြစ်ရာ ယခုအခါတွင် သူသည် အကြီးမားဆုံးနှင့် အမာကျောဆုံးသော လက်သီးကို ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သဖြင့် တားဆီး၍မရနိုင်သော အရှိန်အဝါဖြင့် ရှေ့သို့ လှမ်းနေသည်။
ကျိုးထျန်းအတွက်မူ အရာရာတိုင်းမှာ ချောမွေ့အဆင်ပြေနေခဲ့ပြီး ဘဝမှာ အေးချမ်းကာ ပြည့်စုံလွန်းလှသည်။
သို့သော် လူအချို့ ပျော်ရွှင်နေကြစဉ်တွင် အခြားလူအချို့မှာမူ ပူဆွေးသောက ရောက်နေခဲ့ကြရသည်။
ဝေးကွာလှသော ဂျပန်နိုင်ငံရှိ စကူရိုင်းမိသားစု၏ အခြေအနေမှာ ကျိုးထျန်း၏ ပျော်ရွှင်စရာ ဘဝနှင့် လုံးဝ ဥဿုံ ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။
စကူရိုင်းအီဟီကိုသည် တာတာမီဖျာပေါ်တွင် ထိုင်နေရင်း မိမိ၏ ရှေ့တွင် ဒူးထောက်လျက် နဖူးကို ကြမ်းပြင်နှင့် ထိကပ်ထားကာ လှုပ်ရှားဝံ့ခြင်းမရှိဘဲ ဂျပန်ရိုးရာ ပုံစံအတိုင်း ရှိနေသည့် သားဖြစ်သူကို လှမ်းကြည့်လိုက်သည်။
"ဟီရိုတို... ထစမ်း" စကူရိုင်းအီဟီကိုသည် လက်ဖက်ရည်ခွက်ကို ကိုင်ဆောင်ထားခဲ့သော်လည်း သောက်သုံးခြင်းမရှိချေ။
သူသည် လက်ဖက်ရည်များ အေးစက်သွားခဲ့သည်ကိုပင် သတိမပြုမိလိုက်ပါချေ။
"မရဘူး ဖေဖေ... ကျွန်တော် အမှားလုပ်ခဲ့တာပါ၊ ကျွန်တော့်ကို အပြစ်ပေးပါ" စကူရိုင်းဟီရိုတို ခေါင်းကိုပင် မဖော်ဝံ့ဘဲ တိုးညှင်းစွာ ပြောကြားလိုက်သည်။
"မင်းကို ထလို့ ငါ ပြောနေတယ်"
အဖိုးကြီး၏ လေသံထဲတွင် ဒေါသအရိပ်အယောင်များ ပါဝင်နေခဲ့သဖြင့် သားဖြစ်သူ တုန်လှုပ်သွားခဲ့ရသည်။
မိခင်ဖြစ်သူထက် အဖေ အမှန်တကယ် ဒေါသထွက်သွားမည်ကို စိုးရိမ်သဖြင့် စကူရိုင်းဟီရိုတို ထပ်မံ၍ မလွန်ဆန်ဝံ့တော့ဘဲ ခေါင်းကို မော့လိုက်တော့သည်။
"ဟီရိုတို... ဒါက မင်းရဲ့ အပြစ်မဟုတ်ပါဘူး၊ ငါက အဲဒီအမေရိကန်လူမျိုးကို အထင်သေးခဲ့မိတာ၊ ပြီးတော့ တရုတ်လူမျိုးတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း ပိုပြီးတော့ အထင်သေးခဲ့မိတာပဲ"
အဖိုးကြီး၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့ပြီး သူ ကိုင်ဆောင်ထားသည့် ဖန်ခွက်မှာလည်း အက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
သူသည် အမြတ်အစွန်းများ လျော့နည်းသွားခြင်း၊ စီးပွားရေး ကျရှုံးခြင်းနှင့် ဆုံးရှုံးမှုများကို လက်ခံနိုင်သော်လည်း... လှည့်စားခံရခြင်းကိုမူ ဘယ်လိုမှ လက်မခံနိုင်ချေ။
ထို့အပြင် ဤတစ်ကြိမ်တွင် ၎င်းတို့သည် သာမန် လှည့်စားခံရခြင်းမျိုး မဟုတ်ဘဲ လူငယ်လေးတစ်ဦး၏ လက်ခုပ်ထဲက ရေကဲ့သို့ ကစားခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
ကမ်းဘဲလ်ပင်လျှင် မိမိကိုယ်ကိုယ် အသုံးချခံ ဓားစာခံတစ်ဦး ဖြစ်နေခဲ့သည်ကို မသိရှိဘဲ ၎င်းတို့အပေါ် ကစားသွားခဲ့ခြင်း မဟုတ်ပါလော။
စကူရိုင်းအီဟီကိုသည် ဓာတ်ပုံတစ်ပုံကို ကောက်ကိုင်လိုက်ရာ ၎င်းမှာ ကျိုးထျန်း၏ ဘေးစောင်းပုံစံ ဖြစ်ကြောင်း ထင်ရှားလှသည်။
သူ၏ လက်ချောင်းများက ဓာတ်ပုံ၏ ထောင့်စွန်းကို အလွန်အမင်း တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သဖြင့် နဂိုက ချောမွေ့လှသော မျက်နှာပြင်ပေါ်တွင် လက်သည်းရာကြီး ထင်ကျန်ခဲ့သည်။
တကယ့်ကို အရှက်ကွဲခြင်းပင် ဖြစ်ပေသည်။
သူ၏ လက်ရှိ ခံစားချက်ကို ထိုစကားလုံးများဖြင့်သာ ဖော်ပြနိုင်ပေလိမ့်မည်။
စီးပွားရေးလောကတွင် ဆယ်စုနှစ်ပေါင်းများစွာ စိုးမိုးခြယ်လှယ်ခဲ့ပြီးနောက် မိမိထက် အသက်များစွာ ငယ်ရွယ်လှသည့် ကလေးတစ်ဦး၏ လှည့်စားခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။
အကယ်၍ သူ၏ နောက်ခံအဆက်အသွယ်များသာ မရှိခဲ့ပါက တစ်စုံတစ်ဦးက နောက်ကွယ်မှနေ၍ ကြိုးကိုင်ခြယ်လှယ်နေခဲ့သည်ကို သူ သေချာပေါက် သိရှိနိုင်လိမ့်မည် မဟုတ်ချေ။
အရောင်းအဝယ် ကိစ္စရပ်မှ နှုတ်ထွက်ခဲ့ပြီးနောက် ၎င်းတို့သည် ကမ်းဘဲလ်၏ အခြေအနေကို အမြဲတမ်း စောင့်ကြည့်နေခဲ့ကြသည်။
နောက်ဆုံးတွင် ဓာတ်ခွဲခန်းကို ဒေသခံ စစ်ဘုရင်တစ်ဦးထံသို့ ရောင်းချပစ်ခဲ့ကြောင်း ကြားသိလိုက်ရသောအခါ စကူရိုင်းအီဟီကို တစ်စုံတစ်ခု မှားယွင်းနေပြီဟု ခံစားလိုက်ရသည်။
ထို့အပြင် ၎င်းတို့၏ အရောင်းအဝယ် ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ သန်း ၈၀ မျှသာ ရှိကြောင်း အခြားသော လမ်းကြောင်းများမှတစ်ဆင့် ကြားသိခဲ့ရသဖြင့် ၎င်းမှာ ၎င်းတို့၏ မူလကမ်းလှမ်းချက်ထက် များစွာ လျော့နည်းနေခဲ့သည်။
ထို့နောက် မိမိ၏ အဆက်အသွယ်များကို ချက်ချင်းပင် လှုပ်နှိုးလိုက်ပြီးနောက် ဆန်းတို့စ်နှင့် ကမ်းဘဲလ်တို့ ပူးပေါင်းကာ မိမိအား လှည့်စား၍ ဈေးနှုန်းမြှင့်တင်ခဲ့ကြခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိသွားခဲ့ရသည်။
ဤသည်က သူ့အား အလွန်အမင်း ဒေါသထွက်စေခဲ့သည်။
သူသည် လူဖြူသူဌေးကြီးများကို မပြစ်မှားဝံ့သဖြင့် ၎င်းကို သည်းခံခဲ့ရသည်။
သို့သော် လူမည်းများက သူ့အပေါ် စည်ကမ်းမဲ့စွာ ကြံစည်ခဲ့ခြင်းကိုမူ သူ ဘယ်လိုမှ သည်းမခံနိုင်ပါချေ။
၎င်းမှာ သူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့သည့် လူမျိုးရေး ခွဲခြားမှုနှင့် လူမည်းများအပေါ် လုံးဝ အထင်သေးစိတ်ကြောင့် ဖြစ်သည်။
ထို့ကြောင့်ပင် သူသည် ဆန်းတို့စ်အနေဖြင့် ဤကဲ့သို့သော အစီအစဉ်မျိုးကို ကိုယ်တိုင်ကိုယ်ကျ စဉ်းစားတွေးခေါ်နိုင်လိမ့်မည် မဟုတ်ဟု ခံစားလိုက်ရသဖြင့် အဆက်အသွယ်များကို ပိုမို၍ အသုံးပြုကာ သဲလွန်စများအတိုင်း လိုက်လံစုံစမ်းခဲ့ရာ သူ့အား ထိတ်လန့်တုန်လှုပ်သွားစေသည့် အချက်ကို ရှာဖွေတွေ့ရှိခဲ့ရတော့သည်။
နောက်ကွယ်မှ ကြိုးကိုင်သူမှာ အသက် ၂၀ ပင် မပြည့်သေးသည့် လူငယ်လေးတစ်ဦး ဖြစ်နေခဲ့ခြင်းပင်။
"ဖေဖေ... ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ"
စကူရိုင်းဟီရိုတို၏ လေသံထဲတွင် အရှက်ရမှုများ ပြည့်နှက်နေခဲ့သည်။
ဘာပဲဖြစ်ဖြစ် သူသည် မိမိ၏ ဖခင်အား ဆန်းတို့စ်နှင့် ကမ်းဘဲလ်တို့၏ မသမာသော လုပ်ရပ်များအကြောင်းကို ပြောပြခဲ့ဖူးသူ ဖြစ်သောကြောင့် ဖြစ်သည်။
"လောလောဆယ်တော့ အခြေအနေကိုပဲ စောင့်ကြည့်လိုက်ဦး၊ ငါတို့တွေ အလျင်စလို လုပ်လို့မဖြစ်ဘူး၊ အခွင့်အရေးကို စောင့်ဆိုင်းပြီးတော့ အဲဒီကောင်လေးကို တန်ပြန်ပေးဆပ်ခိုင်းရမယ်"
"ဟုတ်ကဲ့ပါ အဖေ" ဟီရိုတိုသည် အလွန်အမင်း နာခံတတ်သူ ဖြစ်သည်။
သူသည် မိမိ၏ ဖခင်မှာ မဟာဗျူဟာ အမြောက်အမြား ရှိသူတစ်ဦးဖြစ်ကြောင်း သိရှိထားသဖြင့် သူ၏ စကားကိုသာ နားထောင်ရန် လိုအပ်ပြီး အလျင်စလို မလုပ်ဆောင်ဝံ့ပါချေ။
ထိုနှစ်ဦး သတိမပြုမိလိုက်သည့်အချက်မှာမူ... အခန်း၏ အပြင်ဘက် တံခါးအက်ကွဲကြောင်းလေးမှနေ၍ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကမှ ဒဏ်ရာချုပ်ရိုးများ ဖြုတ်ထားခဲ့သည့် စကူရိုင်းတကဲဟီတိုမှ တိတ်တဆိတ် ချောင်းမြောင်းနားထောင်နေခဲ့ခြင်းပင် ဖြစ်သည်။
သူ၏ ဖခင်နှင့် အစ်ကိုဖြစ်သူတို့ ထွက်ခွာသွားခဲ့ကြပြီးနောက် သူသည် အခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့ပြီး ဖခင်ဖြစ်သူ ဆုပ်ကိုင်ထားခဲ့သဖြင့် ကြေမွနေသည့် ဓာတ်ပုံကို ကောက်ယူလိုက်ရာ သူ၏ မျက်လုံးများထဲတွင် ဒေါသရိပ်များ ပြည့်နှက်သွားခဲ့ရတော့သည်။
"မင်းကို ငါ့ရဲ့ ခိကုမာရုဓားအောက်က ပထမဆုံး သေဆုံးသွားတဲ့ ဝိညာဉ်တစ်ခု ဖြစ်စေရမယ်"
မိမိ၏ ခါးတွင် အမြဲတမ်း ချိတ်ဆွဲထားလေ့ရှိသည့် ဂျပန်ဓားရှည်ကြီးကို ပွတ်သပ်လိုက်ရင်း ပြောပြီးနောက် လှည့်ထွက်သွားသည်။