အခန်း ၃၄၃
Vol. 35 Ch. 343
Chapter 343
ထိုအီးမေးလ်တွင် ဓာတ်ပုံတစ်ပုံနှင့် စာတိုတိုလေးတစ်စောင်သာ ပါရှိသည်။
ဓာတ်ပုံထဲတွင် သူ၏မိန်းမနှင့် သားဖြစ်သူက ပျော်ရွှင်စွာ ပြုံးနေကြပြီး သူတို့ဘေးတွင် သင်္ဘောဝန်ထမ်း အနည်းငယ် ရှိနေခဲ့သည်။
၎င်းတို့အနက် တစ်ယောက်ကမူ ဘရက်တာ ပစ္စတိုသေနတ်တစ်လက်ကို ကိုင်ဆောင်ထားပြီး ၎င်းတို့၏ ခေါင်းနောက်သို့ ချိန်ရွယ်ကာ ဖြဲဖြဲကြီး ပြုံးနေခဲ့သည်။
သို့သော်လည်း ထိုလူက သူ့မိန်းမနှင့် သား၏ နောက်ကွယ်တွင် မတ်တပ်ရပ်နေခြင်းဖြစ်ရာ ၎င်းတို့ကမူ သူ့ကို သတိမပြုမိကြချေ။
တစ်ချိန်တည်းမှာပင် အီးမေးလ်ထဲရှိ စာသားတွင်မူ
"ရှန်ဟိုင်းကို လာခဲ့ပေးပါ"
အောက်တွင် ကျိုးထျန်း ဟု အမည်ထိုးထားသည်။
ကျိုးထျန်းအနေဖြင့် ရဲတိုင်လိမ့်မည် သို့မဟုတ် ကိစ္စရပ်များကို ကြီးထွားအောင် လုပ်ရဲမည်မဟုတ်ဟု သူ တွက်ချက်ထားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် မာကျန်းရှန်းသည်လည်း သူ့အစ်ကိုကဲ့သို့ပင် မိသားစုကို ငဲ့ကွက်တတ်သူ ဖြစ်သဖြင့် စိတ်လိုက်မာန်ပါ မလုပ်ရဲသောကြောင့် ဖြစ်သည်။
ကျိုးထျန်း၏ အမည်ကို မြင်လိုက်ရသောအခါ သူသည် မိမိ၏ လျှို့ဝှက်ချက်များ ပေါက်ကြားသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သို့သော် သူ မသွားဘဲ မနေနိုင်ချေ။
သူသည် လောင်းကစား မလုပ်ရဲသကဲ့သို့ လောင်းလည်း မလောင်းချင်ပေ။
ထို့ကြောင့် ကျိုးထျန်း၏ ရည်ရွယ်ချက်ကို စုံစမ်းရန် ရှန်ဟိုင်းသို့ အပြေးအလွှား လာခဲ့ရခြင်း ဖြစ်သည်။
ယခုအခါ သူသည် ဖူးယောင်နေသော သူ့ပါးပြင်ကို အုပ်ကိုင်ထားရင်း ရှေ့ရှိ လူငယ်ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် ကြည့်ရှုနေခဲ့သည်။
ကျိုးထျန်းက အအေးပုလင်းကို လှမ်းယူကာ လည်ချောင်း စိုစွတ်သွားစေရန် တစ်ငုံ သောက်လိုက်သည်။
"ကဲ ငါ ပြောတာ မှန်တယ် မဟုတ်လား"
"အတိုချုပ်ပြောရရင် မင်းက အမွေကို လုဖို့အတွက် မင်းအစ်ကိုဖြစ်သူကို ရူးသွပ်သွားအောင် တွန်းပို့ခဲ့တယ်၊ ငါ့ကို သတ်ဖို့ လူငှားခဲ့တယ်၊ ပြီးတော့ သူ မရှိတော့တဲ့အချိန်မှာ သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းပိုက်ဖို့ ကြံစည်ခဲ့တယ်ပေါ့"
မာကျန်းရှန်းက ကျိုးထျန်းကို မိန်းမောတွေဝေစွာ စိုက်ကြည့်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုလူငယ် ပြောကြားလိုက်သည့် အချက်များမှာ တစ်လုံးမကျန် မှန်ကန်နေသောကြောင့် ဖြစ်သည်။
"မင်း ဘာမှ မပြောဘူးဆိုရင်တော့ ဝန်ခံလိုက်ပြီလို့ပဲ ငါ သတ်မှတ်လိုက်မယ်"
"ဒါကြောင့် ငါ အရင်က ပြောခဲ့သလိုပဲ မင်းတို့ မာမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို လိုချင်တာက လိမ်လည်လှည့်ဖြားတာ ဒါမှမဟုတ် ခြိမ်းခြောက်ငွေညှစ်တာ မဟုတ်ပါဘူး၊ လျော်ကြေးတောင်းရုံ သက်သက်ပါပဲ"
"ဘာပဲဖြစ်ဖြစ် ငါက ဘာမှမသိတဲ့ အပြစ်မဲ့သူတစ်ယောက် ဖြစ်ပါလျက်နဲ့ မင်းရဲ့ စကားတစ်ခွန်းကြောင့် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရတာမို့ လျော်ကြေးအချို့ ရသင့်တာက တရားမျှတပါတယ်"
သေချာပေါက်ပင် ကျိုးထျန်းသည် မာခွန်း၏ ဖြစ်ရပ်များအတွက် မိမိတွင် တာဝန်ရှိသည်ဟု ဝန်ခံမည် မဟုတ်ပေ။
သူက အပြစ်ကင်းစင်သူတစ်ဦးအဖြစ်သာ ဟန်ဆောင်ရန် လိုအပ်သည်။
"မဖြစ်နိုင်တာ။ ငါ့ရဲ့ ကုမ္ပဏီနဲ့ ရှယ်ယာတွေကို မင်းကို အလကားတော့ မပေးနိုင်ဘူး။ စိတ်တောင်မကူးနဲ့"
မာကျန်းရှန်းသည် ယခုအခါတွင်မူ အရိုက်ခံရမည်ကို ကြောက်ရွံ့သဖြင့် အော်ဟစ်ခြင်း မပြုရဲတော့သော်လည်း သူက လုံးဝ အလျှော့မပေးလိုသေးပေ။
အမှန်တကယ်တွင် အလကားရရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း ကျိုးထျန်း ကောင်းစွာ သိရှိသည်။
ဤကောင်သည် ငွေအနည်းငယ်အတွက် မိမိ၏ အစ်ကိုအရင်းကိုပင် ဒုက္ခပေးရဲသူ ဖြစ်သည်။
အကယ်၍ သူ့ကို အရာအားလုံး ဆုံးရှုံးအောင် ပြုလုပ်လိုက်ပါက ထိုလူသည် အသေခံသွားရန်သာ ရွေးချယ်ပေလိမ့်မည်။
"မစ္စတာမာ မင်း အချို့အချက်တွေကို နားလည်မှုလွဲနေပြီလို့ ငါ ထင်တယ်"
ကျိုးထျန်းက မတ်တပ်ရပ်လိုက်ပြီး အအေးပုလင်းကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ကာ ခုနက အခွံနွှာထားသည့် လိမ္မော်သီးကို လှမ်းယူလိုက်သည်။
အအေးများက ကျန်းမာရေးအတွက် မကောင်းဟု လူတိုင်း ပြောလေ့ရှိကြသဖြင့် သူက မျှတသွားစေရန် သစ်သီးအချို့ စားသုံးရန် လိုအပ်သည်။
"ပထမဆုံးအနေနဲ့ ငါက ဓားပြမဟုတ်ဘူး၊ မင်းရဲ့ ကုမ္ပဏီနဲ့ ရှယ်ယာတွေကို အတင်းအဓမ္မ လုယူမှာ မဟုတ်ဘူး"
"ဒုတိယအနေနဲ့ ငါက မင်းရဲ့ သဘောထားကို တောင်းခံနေတာ မဟုတ်ဘူး၊ မင်းမှာ ရွေးချယ်စရာ မရှိဘူး"
ကျိုးထျန်းက သူ၏ လက်ချောင်းများကို သုတ်လိုက်ရင်း ခေါင်းကိုပင် မော့မကြည့်ဘဲ အေးစက်စွာ ပြောလိုက်သည်။
"မင်း သဘောမတူဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ ခေါင်းမာတာက အားသာချက်အချို့ ရှိတတ်ပေမဲ့ မင်း ဘယ်လောက်ပဲ ခေါင်းမာမာ အစိုးရသက်တော်စောင့်တပ်ဖွဲ့ကိုကော ယှဉ်နိုင်ပါ့မလားလို့ ငါ တွေးမိတယ်"
ထိုဌာန၏ အမည်ကို ကြားလိုက်ရသောအခါ အခြားတစ်ဖက်လူမှာ သိသိသာသာ တုန်လှုပ်သွားခဲ့ပြီး သူ့လက်များကလည်း ထိန်းမနိုင်သိမ်းမရ တုန်ရင်လာခဲ့တော့သည်။
မည်မျှပင် ချမ်းသာသော သူဌေးကြီး ဖြစ်ပါစေ၊ နိုင်ငံခြား အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံ၍ အတူတကွ ညစာ စားနိုင်သည့် ထိပ်တန်း လုပ်ငန်းရှင်ကြီးပင် ဖြစ်ပါစေဦးတော့ အစိုးရသက်တော်စောင့်တပ်ဖွဲ့၏ ရှေ့မှောက်တွင်မူ စားပွဲပေါ်မှ ဟင်းလျာတစ်ခုမျှသာ ဖြစ်သည်။
၎င်းတို့က သင့်ကို ကျက်စေချင်လျှင် သင်သည် မကျက်ဘဲ နေ၍မရချေ။
ထို့ပြင် ရှီးရှန်း ကုတ်မီးသွေးလုပ်ငန်းစုမှာ အစိုးရနောက်ခံ အနည်းငယ်ရှိသော လုပ်ငန်းစုတစ်ခု ဖြစ်ရာ အကယ်၍ ၎င်းတို့က တရားဝင် လမ်းကြောင်းများမှတစ်ဆင့် ဖျက်ဆီးလိုပါက အစိုးရသက်တော်စောင့်တပ်ဖွဲ့တွင် ယင်းကို ချက်ချင်း ဒေဝါလီခံသွားစေမည့် နည်းလမ်းပေါင်း တစ်ထောင်ခန့် ရှိနေသည်။
သို့သော်လည်း ၎င်းတို့သည် ထိုသို့ ပြုလုပ်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ ရရှိထားသော အာဏာမှာ အလွန် ကြီးမားလှသဖြင့် အသုံးပြုသည့်အခါတွင် ပိုမို သတိထားရသောကြောင့် ဖြစ်သည်။
စျေးကွက်စီးပွားရေး၊ အထူးသဖြင့် လုပ်ငန်းကြီးများ၏ ကိစ္စရပ်များတွင် ကြားဝင်စွက်ဖက်ခြင်းက ၎င်းတို့ အလွယ်တကူ လုပ်ဆောင်နိုင်သည့် အရာမျိုး မဟုတ်ချေ။
သို့သော် ယင်းက ၎င်းတို့ မလုပ်ဆောင်နိုင် သို့မဟုတ် လုပ်ဆောင်မည်မဟုတ်ဟု မဆိုလိုပါ။
ကျားတစ်ကောင် လူသားမစားသည်မှာ ဗိုက်မဆာသေးလို့သာ ဖြစ်သည်။
မာကျန်းရှန်းသည် ကျိုးထျန်း၏ ရှေ့တွင် အလိုအလျောက်ပင် ထိတ်လန့်နေခဲ့ရပြီးဖြစ်ရာ အစိုးရသက်တော်စောင့်တပ်ဖွဲ့၏ အမည်က သူ့ကို ပိုမို ခြိမ်းခြောက်လိုက်သကဲ့သို့ ဖြစ်သွားပြီး သူ၏ အရှိန်အဝါများ အားလုံး ပျောက်ဆုံးသွားခဲ့ရတော့သည်။
သူသည် အကြေးခွံများ ခွာခြင်းခံလိုက်ရပြီး ချက်ပြုတ်ရန် ပြင်ဆင်နေသည့် ငါးတစ်ကောင်ကဲ့သို့ ဆိုဖာပေါ်တွင် ပုံကျသွားခဲ့သည်။
သူသည် ကျိုးထျန်း၏ အာဏာရှင်ဆန်သော အမူအရာကို ကောင်းစွာ ခံစားလိုက်ရပြီ ဖြစ်သည်။
မှန်ပေသည်၊ ယခုအခါ သူ့တွင် မည်သည့် အပေးအယူ မျှားဆွဲကြိုးမျှ မရှိတော့ချေ။
သူ့မိန်းမနှင့် ကလေးများက အခြားသူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသကဲ့သို့ သူ့တွင်လည်း ထောင်ချောက်အတွင်း အမိခံထားရသည်။
သူ့အစ်ကို၏ လူငှား၍ လုပ်ကြံမှုတွင် သူ ကိုယ်တိုင် ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း သူက ကွယ်ရာမှ နှိုးဆော်ခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကြားသွားပါက ကုမ္ပဏီ၏ အခြားသော ရှယ်ယာရှင်များနှင့် လူကြီးအဖွဲ့များသည် သေချာပေါက် ဒေါသထွက်ကြပေလိမ့်မည်။
မိမိ၏ အစ်ကိုအရင်းကိုပင် သစ္စာဖောက်ရဲသောသူကို မည်သူက သည်းခံနိုင်ပါမည်နည်း။
သူ့အစ်ကို၏ မိတ်ဆွေဟောင်းများသည် သေချာပေါက် ထကြွလာကြပြီး သူ့ကို ဖြုတ်ချရန် တညီတညွတ်တည်း ပူးပေါင်း တိုက်ခိုက်ကြပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤအချက်က ၎င်းတို့အတွက် လှုပ်ရှားရန် ခိုင်လုံသော အကြောင်းပြချက်တစ်ခု ပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး ထိုလူများသည် မာမိသားစု၏ ပိုင်ဆိုင်မှုများကို တရားဝင် ဝါးမြိုနိုင်ကြမည် ဖြစ်သောကြောင့် ဖြစ်သည်။
ထိုအချိန်ကျလျှင် မိမိ၏ ပိုင်ဆိုင်မှု မည်မျှကို ထိန်းသိမ်းထားနိုင်မည်ဆိုသည်မှာ ထားပါဦး၊ ဘေးကင်းစွာဖြင့် လွတ်မြောက်နိုင်ပါ့မလားဆိုသည်မှာပင် ကြီးမားသော မေးခွန်းထုတ်စရာ ဖြစ်လာပေလိမ့်မည်။
"ကဲ မင်း သေချာ စဉ်းစားပြီးပြီလား"
"စဉ်းစားပြီးပြီဆိုရင်တော့ လွှဲပြောင်းရယူမယ့် ကိစ္စကို စကားပြောကြတာပေါ့။ ငါက အကြမ်းဖက်တာထက် စီးပွားရေးအရ ဆွေးနွေးရတာကို ပိုသဘောကျတယ်"
"စဉ်းစားကြည့်ပါဦး၊ မင်းရဲ့ ပိုင်ဆိုင်မှုတွေကို ငါ့ဆီ ရောင်းချလိုက်မယ်ဆိုရင် အနည်းဆုံးတော့ ငွေအမြောက်အမြားနဲ့ တရုတ်နိုင်ငံကနေ ထွက်ခွာသွားနိုင်ပြီး ပူပန်မှုကင်းတဲ့ ဘဝကို ဆက်ပြီး ဖြတ်သန်းနိုင်မှာပဲ မဟုတ်လား"
"ဒါပေမဲ့ မင်း ငါနဲ့ ဆွေးနွေးတာတွေမရှိဘဲ ထောင်ထဲရောက်သွားမယ်ဆိုရင် မင်းရဲ့ မိန်းမနဲ့ ကလေးတွေ ဘာဆက်ဖြစ်မလဲ"
ကျိုးထျန်းက သူ့ကို ဖြည်းဖြည်းချင်း သွေးဆောင်ကာ လမ်းကြောင်းပေးလိုက်သည်။
"မင်း မင်း ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ။ ဘယ်လောက် ပေးမှာလဲ"
ကျိုးထျန်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ အခြားတစ်ဖက်လူက နောက်ဆုံးတော့ လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပုံရသည်။
"အန်တီလီ ရေခဲအချို့ ယူလာပေးပါဦး၊ ပြီးတော့ ငါ့အတွက် ခေါက်ဆွဲတစ်ပွဲလောက် ပြုတ်ပေးပါဦး"
ကျိုးထျန်း၏ အမူအရာက ရုတ်တရက် တက်ကြွသွားခဲ့သည်။
"မစ္စတာမာလည်း အခုထိ ဘာမှ မစားရသေးဘူး မဟုတ်လား။ ဒီလောက် မြန်မြန်ဆန်ဆန် အပြေးအလွှား လာခဲ့ရတာဆိုတော့ အတော်လေး ပင်ပန်းနေမှာပဲ"
"ငါ လမ်းလျှောက်ရင်း မတော်တဆ ချော်လဲပြီး ဒဏ်ရာရသွားတာပါ၊ ခဏနေရင် ရေခဲဝတ်လေး ကပ်လိုက်ဦးမယ်"
မာကျန်းရှန်းက အတင်းအကျပ် ပြုံးလိုက်သော်လည်း ဒဏ်ရာကို ထိခိုက်သွားသဖြင့် နာကျင်စွာဖြင့် ညည်းတွားလိုက်မိသည်။
သူ၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်ရသောအခါ မာကျန်းရှန်းသည် စိတ်သက်သာရာရမည့်အစား ကျောရိုးထဲအထိ စိမ့်အောင် အေးစက်မှုကို ခံစားလိုက်ရသည်။
‘ဒီလူငယ်က အတိအကျ ဘာကောင်လဲ’
‘ငါ ဘယ်လိုလူမျိုးကို သွားပြီး ပြစ်မှားမိတာလဲ’
သူ့အသံအရ ဆိုရလျှင် အကယ်၍ သူသာ ကုမ္ပဏီကို ရောင်းချရန် သဘောမတူပါက ခေါက်ဆွဲစားရဖို့ နေနေသာသာ ဤအိမ်ထဲမှပင် ပြန်လည် ထွက်ခွာနိုင်မည် မဟုတ်ချေ။
"မစ္စတာမာ အခုအချိန်မှာ ရှီးရှန်း ကုတ်မီးသွေးလုပ်ငန်းစုရဲ့ ရှယ်ယာစျေးနှုန်းက သိပ်မကောင်းဘူး မဟုတ်လား"
အခြားတစ်ဖက်လူက အဖြေကို သိရှိပြီးဖြစ်ကြောင်း မြင်ရသောအခါ သူက ထိတ်လန့်စွာဖြင့် ခေါင်းညိတ်ပြလိုက်ရုံသာ တတ်နိုင်တော့သည်။
"ထျန်းရှ အိမ်ခြံမြေကုမ္ပဏီလည်း မကြာခင် သိမ်းဆည်းခံရတော့မယ် မဟုတ်လား"
သူက ထပ်မံ၍ ခေါင်းညိတ်ပြလိုက်ရုံမှတစ်ပါး အခြားမတတ်နိုင်ခဲ့ချေ။
"ထျန်းရှ အိမ်ခြံမြေကုမ္ပဏီမှာ ကုန်တိုက်တွေ၊ ပိုင်ဆိုင်မှုတွေနဲ့ လူနေအိမ်ခြေတွေ အများကြီး ရှိပေမဲ့ အဲဒါတွေက သိပ်ပြီး တန်ဖိုးမရှိဘူး"
"ကုမ္ပဏီရဲ့ အမည်အောက်မှာရှိတဲ့ မဖွံ့ဖြိုးသေးတဲ့ မြေကွက် ခြောက်ကွက်ကသာ ငွေနည်းနည်း တန်ဖိုးရှိတာပါ"
"ငါ ခန့်မှန်းကြည့်တာတော့ ကုမ္ပဏီရဲ့ စျေးကွက်တန်ဖိုးက ၃၀.၂ ဘီလီယံ ဝန်းကျင်မှာ ရှိတယ်"
"ဘဏ်ကြွေးက သန်းပေါင်း ၇,၃၀၀ (၇ ဘီလီယံ) ရှိပြီး အဲဒီကုန်တိုက်တွေနဲ့ လူနေအိမ်တွေနဲ့တင် အကြွေးကို အားလုံးနီးပါး ဆပ်နိုင်ပါတယ်"
"ကျန်ရှိနေတဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မှုကတော့ အဲဒီ မြေကွက်တွေပဲ"
ကျိုးထျန်းက ထိုမြေကွက်များကို မျက်စိကျနေခဲ့ပြီးဖြစ်သည်။ ပြီးစီးသွားသော ပိုင်ဆိုင်မှုများက သူ့အတွက် အသုံးမဝင်ချေ။ ၎င်းတို့ကို အငှားချရန်အတွက် သိမ်းဆည်းထားရမည်လော။
ထိုအဆောက်အအုံများက စာရွက်ပေါ်ရှိ သူ၏ ပိုင်ဆိုင်မှုများကိုသာ တိုးပွားစေမည်ဖြစ်ပြီး ၎င်းကို သူ မလိုအပ်ချေ။
သူက လက်တွေ့ကျသော အကျိုးအမြတ်များကိုသာ လိုချင်ပြီး ဤမဖွံ့ဖြိုးသေးသော မြေကွက်များကသာ သူ အမှန်တကယ် လိုအပ်နေသည့် အရာများ ဖြစ်သည်။
သူသည် များပြားသော ပိုင်ဆိုင်မှုများကို အသုံးပြု၍ ဘဏ်ကြွေးများကို ဆပ်နိုင်သကဲ့သို့ သူ၏ လွှဲပြောင်းရယူမှုအပေါ် ဖိအားများကိုလည်း လျှော့ချနိုင်သည်။
၎င်းတို့က ကြွေးမြီ ၇ ဘီလီယံ သို့မဟုတ် ၈ ဘီလီယံခန့်ကိုသာ ကာဗာဖြစ်နိုင်သော်လည်း ပိုင်ဆိုင်မှုအနေဖြင့်မူ ၂ ဘီလီယံခန့် သာ တန်ဖိုးရှိနေသည်။
ယခုအခါ ယင်းက အမြှုပ်များကို ဖယ်ရှားပြီး အနှစ်သာရကိုသာ သိမ်းဆည်းလိုက်သကဲ့သို့ ဖြစ်သည်။
ထိုအနှစ်သာရအတွက်ကိုမူ ညှိနှိုင်းဆွေးနွေးရန် လိုအပ်သည်။
"မင်းရဲ့ အမြင်အရဆိုရင် ဒီမြေကွက်တွေက ဘယ်လောက် တန်ဖိုးရှိလဲ"
မာကျန်းရှန်း အသက်ပြင်းပြင်း အကြိမ်နည်းငယ် ရှူလိုက်ပြီးနောက် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်သည်။
"သန်းပေါင်း ၁၀,၀၀၀ (၁၀ ဘီလီယံ)"
"မဟုတ်ဘူး၊ ပြန်ပြောစမ်း" ကျိုးထျန်းက ဟောက်လိုက်ရာ သူ လန့်သွားပြီး ယခင်စကားကို ပြန်ပြင်လိုက်ရတော့သည်။
"သန်းပေါင်း ၈,၀၀၀ (၈ ဘီလီယံ)"
"မင်း.... မင်း ငါ့ကို ကစားနေတာလား"
"ဒီမြေကွက်တွေကို ဝယ်ဖို့ မင်းတို့ ဘယ်လောက် သုံးခဲ့ရလဲဆိုတာ ငါ မသိဘူးလို့ တကယ်ပဲ ထင်နေတာလား"
ကျိုးထျန်းက နှာခေါင်းရှုံ့လိုက်သဖြင့် အခြားတစ်ဖက်လူမှာ စကားမဆိုနိုင်တော့ချေ။
"၆.၅ ဘီလီယံ က ငါတို့ရဲ့ အရင်းစျေးပါ"
"၆ ဘီလီယံ ပဲပေးမယ်၊ မြေကွက်ဝယ်ဖို့ အဆက်အသွယ်တွေအတွက် မင်းတို့ ဘယ်လောက် သုံးခဲ့ရလဲဆိုတာ ငါ့အလုပ်မဟုတ်ဘူး၊ ငါက ဒီစျေးပဲ ပေးနိုင်မယ်"