အခန်း ၃၄၅
Vol. 35 Ch. 345
Chapter 345
ကျိုးထျန်းကို လုပ်ကြံရန် ကြံစည်မှုအား ယခုနှစ်၏ အကြီးမားဆုံးသော အမှုကြီးအဖြစ် သတ်မှတ်လိုက်ကြသည်။
အစိုးရသက်တော်စောင့်တပ်ဖွဲ့များအပြင် အခြားသော အထူးဌာနများသည်လည်း ရှန်ဟိုင်းသို့ အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။
မာကျန်းဟယ်မှာ ရှီးရှန်းမှ ဖြစ်သော်လည်း ပထမဆုံး ပြစ်မှုကျူးလွန်ရာနေရာမှာ ရှန်ဟိုင်းဖြစ်သဖြင့် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုလုံး ဤနေရာ၌ပင် အခြေစိုက် စခန်းချထားခဲ့သည်။
ဖမ်းဆီးခေါ်ဆောင်ခြင်း ခံထားရပြီးဖြစ်သော မာကျန်းဟယ်အား လေယာဉ်ဖြင့် ရှန်ဟိုင်းဗဟိုချုပ်နှောင်ရေးစခန်းသို့ ပို့ဆောင်လိုက်ကြသည်။
သူ့အပေါ် ဆက်ဆံမှုမှာ သာမန်ရာဇဝတ်မှုသံသယရှိသူများထက် များစွာ သာလွန်လှရာ သူ့အတွက် သီးသန့် အချုပ်ခန်းငယ်တစ်ခု ရှိရုံသာမက ဤအဖိုးကြီးတွင် "ထောင်ဖောက်ရန်" ကြံစည်မည့် ကြံရာပါများ ရှိနေမည်ကို စိုးရိမ်သဖြင့် အစိုးရသက်တော်စောင့်တပ်ဖွဲ့ဝင် နှစ်ဦးက နေ့ညမပြတ် အလှည့်ကျ စောင့်ကြပ်နေခဲ့ကြသည်။
ပြည်တွင်း၌ သေနတ်ပစ်ခတ်မှုများ လုပ်ဆောင်ရန် နိုင်ငံခြားကြေးစားစစ်သားများကိုပင် ငှားရမ်းရဲခဲ့သူ ဖြစ်သဖြင့် ဤကဲ့သို့သောလူမျိုး မလုပ်ရဲသည့်အရာ ဟူ၍ မရှိချေ။
အဖွဲ့အစည်းအနေဖြင့် ထိုသို့သော တန်ပြန်တိုက်ခိုက်မှုမျိုးကို သဘာဝကျစွာပင် သတိထားရပေလိမ့်မည်။
ဆေးသုတ်အကာအကွယ်ဖလင်အသစ် စကပ်ထားသည့် သူ၏ S680 ကားအသစ်စက်စက်ပေါ်တွင် ထိုင်နေရင်း ကျိုးထျန်းသည် ရဲဘော်အချို့၏ လိုက်ပါမှုနှင့်အတူ ရှန်ဟိုင်းမြို့၏ အဝေးပြေးမိုးပျံလမ်းမကြီးများအတိုင်း မောင်းနှင်လာခဲ့သည်။
သူက နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်များကို တွေးတောရင်း အနားယူရန် မျက်လုံးများကို မှိတ်ထားလိုက်သည်။
မာကျန်းဟယ်မှာ သူ လုံးဝ လွှတ်ပေး၍မရသော လူတစ်ယောက် ဖြစ်သည်။
ဤတစ်ကြိမ်တွင် ထိုလူ သေဒဏ်ကျခံရမည်မှာ သေချာသော်လည်း အစိုးရသက်တော်စောင့်တပ်ဖွဲ့များက လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ရန် လပေါင်းများစွာ သို့မဟုတ် နှစ်ချီ၍ပင် ကြာမြင့်နိုင်ပေသည်။
သူ လုံးဝ မစောင့်ဆိုင်းနိုင်ပေ....။
ထို့ပြင် တရားဝင် ကွပ်မျက်ခြင်း ခံရသည်နှင့် မိမိကိုယ်တိုင် လက်ဖြင့် သတ်ပစ်လိုက်ခြင်းကြားတွင် ကြီးမားသော ကွာခြားချက် ရှိနေသည်။
တစ်ခုက စိတ်သက်သာရာရစေရုံမျှသာ ဖြစ်နိုင်သော်လည်း အခြားတစ်ခုကမူ အမှန်တကယ်ပင် အာသာပြေစေနိုင်သည်။
သူသည် မကောင်းမှုကို တရားမျှတမှုဖြင့် တုံ့ပြန်ရန် ယုံကြည်သူ ဖြစ်သည်။
ရန်ကြွေးရှိလျှင် ပြတ်ပြတ်သားသား ရှင်းလင်းရပေလိမ့်မည်။
မေဘက်ခ် ကားပေါ်ရှိ နှိပ်နယ်ပေးသော ထိုင်ခုံက သူ့ခန္ဓာကိုယ်ကို စိတ်လျှော့စေခဲ့သော်လည်း သူ၏ စိတ်နှလုံးထဲတွင်မူ မကောင်းသော စွမ်းအင်များ ပြည့်နှက်နေခဲ့သည်။
ယခုအခါ သူက ထိုမကောင်းသော စွမ်းအင်များ၏ အရင်းအမြစ်ကို ဖြတ်တောက်ရန် သွားရောက်ခြင်း ဖြစ်သည်။
အစိုးရသက်တော်စောင့်တပ်ဖွဲ့၏ ခေါင်းဆောင်သည် ဤတစ်ကြိမ် ရှန်ဟိုင်းသို့ လာရောက်ပြီးနောက် သူ့ထံသို့ ဖုန်းနံပါတ် သီးသန့် ပေးထားခဲ့သည်။
သူက ကြိုတင်ဆက်သွယ်ထားခဲ့သဖြင့် သူ၏ ယာဉ်တန်း ရောက်ရှိလာသောအခါ အစိုးရသက်တော်စောင့်တပ်ဖွဲ့ဝင် အနည်းငယ်က ဝင်ပေါက်တွင် အသင့်စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
အကြောင်းရင်းတစ်ခုမှာ သူ့ကို လမ်းညွှန်ရန် ဖြစ်ပြီး အခြားတစ်ခုမှာမူ သူ့ရဲဘော်များကို တားဆီးရန် ဖြစ်သည်။
၎င်းတို့က ကျိုးထျန်းတစ်ဦးတည်းကိုသာ အတွင်းသို့ ဝင်ရောက်ခွင့် ပြုခဲ့ကြသည်။
ချုပ်နှောင်ရေးစခန်း၏ စင်္ကြံလမ်းမှာ ရှည်လျားပြီး အေးစက်လှရာ ကမ္ဘာပေါ်ရှိ မကောင်းမှုအပေါင်းကို အေးခဲစေနိုင်မည့်အတိုင်း ဖြစ်နေခဲ့သည်။
သို့မဟုတ်ပါကလည်း ဤနေရာရှိ လူတိုင်းမှာ ပုံမှန်ထက် ထူးဆန်းစွာ တိတ်ဆိတ်နေကြသဖြင့် လူသားတို့၏ နွေးထွေးမှု ကင်းမဲ့နေသလို ခံစားရစေကာ အဲကွန်းကို အလွန်အမင်း လျှော့ချထားသဖြင့် ပိုမို၍ပင် စိမ့်အေးနေခဲ့သည်။
စင်္ကြံလမ်း၏ အဆုံးတွင် သီးသန့်အခန်းတစ်ခန်း ရှိနေခဲ့သည်။
အခြားအခန်းများတွင်မူ တံခါးများ၌ သံတိုင်များ ရှိနေကြသဖြင့် အတွင်းရှိ အကျဉ်းသားများကို ကျိုးထျန်း ကောင်းစွာ မြင်တွေ့နိုင်သည်။
အချို့က စိတ်ဓာတ်ကျနေကြပြီး အချို့ကမူ မကျေနပ်ချက်များ ပြည့်နှက်နေသော်လည်း ထုတ်မပြရဲကြချေ။
ဤအခန်းတွင်မူ ထူထဲသော သံမဏိတံခါးကြီး ရှိနေခဲ့သည်။
တောက်ပနေအောင် ပွတ်တိုက်ထားသော သံတိုင်းများမှာ ဤတံခါးနောက်ကွယ်တွင် ပိတ်လှောင်ထားသည့် ရာဇဝတ်မှုများ၏ ကြီးလေးမှုကို ကိုယ်စားပြုသည့် တံဆိပ်အလား ထင်မှတ်ရသည်။
တံခါးဝရှိ အစိုးရသက်တော်စောင့်တပ်ဖွဲ့ဝင်များက အလေးပြုလိုက်ကြပြီး သော့ကိုထုတ်ကာ သံမဏိတံခါးကို ဖွင့်လှစ်ပေးလိုက်ကြသည်။
သော့ဖွင့်သံ ကျိန်းစပ်စပ်ကြီးက ကျိုးထျန်းကို မျက်မှောင်ကုပ်သွားစေခဲ့သည်။
တံခါးမှာ အနည်းဆုံး စင်တီမီတာ အနည်းငယ်ခန့် ထူထဲလှရာ သန်မာသော လူငယ်နှစ်ဦးက အားစိုက်၍ ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်ရသည်။
ကျိုးထျန်းက တံခါးဝတွင် ငြိမ်သက်စွာ မတ်တပ်ရပ်နေခဲ့ရင်း တံခါးပွင့်လာသည်နှင့်အမျှ ဖြည်းဖြည်းချင်း ပေါ်ထွက်လာသော လူကို စိုက်ကြည့်နေခဲ့သည်။
အစိုးရသက်တော်စောင့်တပ်ဖွဲ့ဝင် အနည်းငယ်က အရင် ဝင်ရောက်သွားကြပြီး လက်ထိပ်များကို ထုတ်ကာ မာကျန်းဟယ်၏ လက်များကို စားပွဲပေါ်ရှိ သံကွင်းများနှင့် တွဲချည်လိုက်ကြပြီးနောက် မြဲမြံမှု ရှိမရှိ သေချာစေရန် ပြင်းထန်စွာ ဆွဲလှုပ်ကြည့်လိုက်ကြသည်။
"မစ္စတာကျိုး မင်းမှာ တစ်ဆယ့်ငါးမိနစ် အချိန်ရပါမယ်။ စောင့်ကြည့်ကင်မရာတွေကို ပိတ်ထားပေးပါတယ်"
အစိုးရသက်တော်စောင့်တပ်ဖွဲ့ဝင်တစ်ဦးက သူ့ထံသို့ လျှောက်လှမ်းလာပြီး မည်သည့်ခံစားချက်မျှမရှိသော မျက်နှာထားဖြင့် ပြောလိုက်သည်။
"သံသယရှိသူကို ဒဏ်ရာရအောင် မလုပ်ပါနဲ့။ ငါတို့ကို အခက်အခဲ မဖြစ်စေပါနဲ့"
"နားလည်ပါတယ်၊ စိတ်မပူပါနဲ့"
ကျိုးထျန်းက ပြုံး၍ သဘောတူလိုက်သည်။
သူ့တွင် အတိုင်းအတာ ရှိသည်။
ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုလော။
သူသည် ထိုမျှအထိ အောက်တန်းကျသော အရာမျိုးကို ပြုလုပ်မည်မဟုတ်ချေ။
သူက လူမိုက်တစ်ယောက် မဟုတ်ရာ စကားလုံးများဖြင့် ရှင်းလင်းနိုင်ပါလျက်နှင့် ဘာကြောင့် လက်ပါရပါမည်နည်း။
"ဒါပေမဲ့ မင်းတို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ယောက်ကို အရင် လွှတ်ထားပေးတာ ပိုကောင်းလိမ့်မယ်"
"မင်း သေချာလို့လား" သူ့ကို ခေါ်ဆောင်လာသည့် အစိုးရသက်တော်စောင့်တပ်ဖွဲ့ဝင်က စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"ငါ လက်ပါမှာ မဟုတ်ဘူးလို့ ပြောပြီးပြီပဲ၊ ဒါပေမဲ့ လူက အသက်ကြီးလာတဲ့အခါကျရင် စိတ်လှုပ်ရှားမှုတွေကို မခံနိုင်တော့ဘူးလေ။ ဒါကြောင့် အလန့်တကြား မဖြစ်ရအောင် ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းပါတယ်"
ကျိုးထျန်း၏ ရိုးသားလှသော မျက်နှာထားကြောင့် ထိုလူများ တောင့်တင်းသွားခဲ့ကြရသည်။
"အထက်လူကြီးတွေက ဒီကောင်က အလွန်အကျွံ မလုပ်သရွေ့ သူလုပ်ချင်တာ လုပ်ပါစေလို့ ညွှန်ကြားထားတာ"
"ဒါပေမဲ့ အခုကြည့်ရတာတော့ သူက ငါတို့ကို ပြဿနာရှာဖို့ စီစဉ်နေတာပဲ"
ထိုလူများက အချင်းချင်း ကြည့်လိုက်ကြပြီး ဝေခွဲမရစွာဖြင့် ပြောလိုက်ကြသည်။
"ငါတို့ မင်းနဲ့အတူ လိုက်ဝင်လို့ ရမလား"
"ဟင့်အင်း မဖြစ်ဘူး"
ကျိုးထျန်းက သူ ပြောမည့်စကားများကို မည်သူ့ကိုမျှ မကြားစေချင်ချေ။
သို့သော် ၎င်းတို့၏ ပျက်ယွင်းနေသော မျက်နှာများကို မြင်ရသောအခါ သူ အလျှော့ပေးလိုက်သည်။
"ဒီလိုလုပ်လေ ငါ တံခါးကို ဖွင့်ထားပြီး စကားပြောမယ်၊ ဒါပေမဲ့ မင်းတို့အားလုံး ငါနဲ့ ဝေးဝေးမှာ နေပေးကြပါ"
"ကောင်းပါပြီ ၁၅ မီတာ အကွာအဝေးဆိုရင်ော ဘယ်လိုလဲ"
"ရပါတယ်"
ထိုအဖွဲ့က ချက်ချင်း သဘောတူလိုက်ကြပြီး သက်ပြင်းတစ်ချက်ကို အသာချလိုက်ကြတော့သည်။
သူက ပုခုံးတွန့်ပြလိုက်ရင်း အချုပ်ခန်းငယ်လေးအတွင်းသို့ လျှောက်လှမ်းသွားခဲ့ပြီး အနားသတ်များ အနည်းငယ် ပျက်စီးနေသော စားပွဲတွင် ထိုင်ချလိုက်သည်။
"မင်္ဂလာပါ မစ္စတာမာ ငါတို့ နောက်ဆုံးတော့ တွေ့ကြပြီပေါ့"
ကျိုးထျန်းက သူ၏ ညာဘက်လက်ကို ကမ်းပေးလိုက်ရင်း ပြုံးရွှင်စွာ ပြောလိုက်သည်။
"အော် မင်း အခု လက်ဆွဲနှုတ်ဆက်ဖို့ အဆင်ပြေတဲ့ အခြေအနေမှာ မရှိဘူးဆိုတာ ငါ မေ့သွားတယ်၊ တောင်းပန်ပါတယ်"
ကျိုးထျန်းက စားပွဲပေါ်တွင် မြှုပ်နှံထားသည့် သံကွင်းကို လှမ်းပုတ်လိုက်ရာ စူးရှသော သံသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဟဲဟဲ မင်း ကံကောင်းပါတယ် ကောင်လေး"
မာကျန်းဟယ်၏ အသံမှာ ဟောင်းနွမ်းနေသော စက္ကူဖတ်ကဲ့သို့ ခြောက်သွေ့ပြီး ကြမ်းတမ်းလှသည်။
"မဆိုးပါဘူး၊ မင်းနဲ့မတူတာကတော့ မင်းရဲ့ ကံတရားက ပုံမှန်ပါပဲ"
"ငါ့ရဲ့ သနားစရာကောင်းတဲ့ အခြေအနေကို လာကြည့်တာလား"
"ဒါက ငါ့ရဲ့ အဓိက ရည်ရွယ်ချက် မဟုတ်ပေမဲ့ မင်းရဲ့ လက်ရှိ အခြေအနေက ငါ့ကို တကယ်ပဲ ပျော်ရွှင်စေပါတယ်"
ကျိုးထျန်းက အလွန်ပင် ရိုးသားစွာ ပြောဆိုလိုက်သည်။
ယခုအခါ သူသည် မာကျန်းဟယ်နှင့် ဟန်ဆောင်နေရန် မလိုအပ်တော့ချေ။
"ဟားဟားဟား ဒါက စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ၊ ဟန်ဆောင်တတ်သူတစ်ယောက် မဟုတ်ဘူးပေါ့"
အဖိုးကြီးက အနည်းငယ် ရယ်မောလိုက်ပြီးနောက် နောက်ဆုံးတွင် သူ့ထံသို့ ခေါင်းမော့ကြည့်လိုက်သည်။
"လုပ်ပြီးသားက လုပ်ပြီးသားပဲ၊ မှားတာက မှားတာပဲ၊ ငါ နောင်တမရဘူး" သူက ထပ်လောင်း ပြောကြားလိုက်သည်။
"သေချာပေါက် မင်း နောင်တရမှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ မင်းရဲ့ စိတ်ထဲမှာ ငါက မင်းရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးခဲ့သူ ဖြစ်လို့ သေသင့်တယ်လို့ ထင်နေတာကိုး"
"ဒါပေမဲ့ အဲဒါက ငါသာ မဟုတ်ခဲ့ရင်ကောလို့ မင်း တစ်ခါလောက် တွေးဖူးလား"
"ငါ မဟုတ်ခဲ့ရင်ကော ဘာဖြစ်လဲ၊ ငါ ဖြစ်ခဲ့ရင်ကော ဘာဖြစ်လဲ၊ အခုအချိန်မှာ ထူးခြားမှု ရှိလို့လား"
"သေချာပေါက် ရှိတာပေါ့၊ ဒါကြောင့်လည်း ငါ ဒီနေ့ ဒီကို လာခဲ့တာပဲ၊ ငါ မင်းကို ဇာတ်လမ်းတစ်ပုဒ် ပြောပြမယ်"
ကျိုးထျန်းက စားပွဲကို သူ၏ လက်ချောင်းများဖြင့် တောက်လိုက်ရင်း အပေါ်သို့ မော့ကြည့်ကာ ခဏမျှ စဉ်းစားလိုက်သည်။
"ငါ ဘယ်ကနေ စရမလဲ။ ဟုတ်ပြီ အဖိုးကြီးတစ်ယောက်ရဲ့ သားဖြစ်သူ မတော်တဆ သေဆုံးခဲ့တဲ့ အကြောင်းကနေ စကြတာပေါ့"
မတော်တဆ သေဆုံးခြင်းအကြောင်းကို ပြောလိုက်သောအခါ မာကျန်းဟယ်၏ လက်ထိပ်ခတ်ထားသော လက်များမှာ သိသိသာသာ တင်းကျပ်သွားခဲ့ပြီး စားပွဲကို အပြင်းအထန် ဆုပ်ကိုင်လိုက်မိသည်။
"သားဖြစ်သူ သေဆုံးသွားခဲ့တဲ့ အဖိုးကြီးတစ်ယောက် ရှိတယ်"
"သူက စိတ်နှလုံး ကြေကွဲခဲ့ရပေမဲ့ သူ့တွင် သူ့မိန်းမနဲ့ ညီဖြစ်သူ ရှိနေသေးတယ်၊ သူတို့ကလည်း သူ့ရဲ့ မိသားစုဝင်တွေပဲပေါ့"
"အဲ့ဒီအဖိုးကြီးက တောင်ပေါ်မှာ ရွှေငွေရတနာ အမြောက်အမြားကို မြှုပ်နှံထားခဲ့ပြီး အဲဒါတွေကို သူ့သားအတွက် ချန်ထားခဲ့ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပေမဲ့ အခုတော့ သူ့သား မရှိတော့တဲ့အတွက် သူ့မိန်းမကို ချန်ထားပေးဖို့ စီစဉ်ခဲ့တယ်"
"ဒါပေမဲ့ သူ့မိန်းမက ဒီလောက် ကြီးမားတဲ့ ပိုင်ဆိုင်မှုတွေကို မကာကွယ်နိုင်ဘဲ ပြင်ပလူတွေရဲ့ ခိုးယူခြင်းကို ခံရမှာ စိုးရိမ်တဲ့အတွက် သူ့ညီကို သူ့မရီးကို ကူညီ စောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့တယ်"
"သူက သူ့ညီကို ပြောခဲ့တယ် 'မင်း ငါ့ရဲ့ ရတနာတွေကို သေချာ စောင့်ကြည့်ပေးပါ၊ ငါ မင်းကို နှစ်တိုင်း ဆုလာဘ်အနေနဲ့ ရွှေတစ်ပြား ပေးမယ်' တဲ့"
"ဒါပေမဲ့ သူ မသိခဲ့တာကတော့ ညီဖြစ်သူက သနားစရာကောင်းတဲ့ ရွှေတစ်ပြားကို မလိုချင်ဘဲ ရတနာအားလုံးကို လိုချင်နေခဲ့တာပဲ"
ထို့နောက် စကားကို ခဏရပ်လိုက်ပြီး မာကျန်းဟယ်ကို စိုက်ကြည့်လိုက်ရာ အခြားတစ်ဖက်လူ၏ မျက်လုံးများမှာ ယခင်နှင့်မတူဘဲ ပြောင်းလဲသွားခဲ့ပြီး တစ်စုံတစ်ခုကို အပြင်းအထန် တွေးတောနေသည့်အတိုင်း အရောင်များ ဖြတ်ပြေးနေခဲ့သည်။
"ဒါပေမဲ့ အစ်ကိုဖြစ်သူက ရတနာတွေကို သူ့မိန်းမအတွက် ချန်ထားချင်တာဖြစ်ပြီး သူကတော့ ဝေစု မရနိုင်ဘူးလေ၊ အဲဒီတော့ သူ ဘာလုပ်ရမလဲ"
"ရိုးရှင်းပါတယ်။ ညီဖြစ်သူက သူ့သားကို သတ်ခဲ့တဲ့ လူသတ်သမားကို ရှာတွေ့ပြီလို့ ပြောလိုက်တာကြောင့် အစ်ကိုဖြစ်သူက တရားခံဖြစ်သူနဲ့အတူ သေဆုံးသွားခဲ့ပြီး ရတနာတွေက သူ့လက်ထဲကို ရောက်ရှိလာခဲ့တော့တယ်"
"ပြီးတော့ သူ့မရီးကတော့ နှစ်စဉ် ပေးတဲ့ အကြွေစေ့အနည်းငယ်လေးနဲ့တင် သနားစရာကောင်းတဲ့ ဘဝကို ဖြတ်သန်းရတဲ့သူ ဖြစ်သွားခဲ့ရတယ်"
"ဇာတ်လမ်းကတော့ ဒါပါပဲ။ မင်း ဘယ်လိုထင်လဲ"
ကျိုးထျန်းက ပြုံးလျက် မေးလိုက်သည်။
သို့သော်လည်း မာကျန်းဟယ်ကမူ သူ၏ ခေါင်းကိုသာ ဖြည်းဖြည်းချင်း ခါယမ်းနေခဲ့မိပြီး သူ့မျက်လုံးများထဲတွင်မူ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။