အခန်း ၃၄၇
Vol. 35 Ch. 347
Chapter 347
သူ၏ သတိစိတ်များ ဝေဝါးပျောက်ကွယ်လုနီးပါး ဖြစ်နေသော်လည်း တစ်ဖက်လူကို အတင်းအကျပ် စိုက်ကြည့်နေဆဲ ဖြစ်သည်။
"မင်း အရာအားလုံးကို ရရှိသွားပြီးပြီပဲ၊ ငါ အရှုံးပေးတယ်လို့ပဲ သတ်မှတ်ပေးပြီး ငါ့ကို လွှတ်ပေးလို့ မရဘူးလား"
သူ၏ စိတ်နှလုံး အနက်ရှိုင်းဆုံးတွင်မူ ဤအရာမှာ လုံးဝ မဖြစ်နိုင်ကြောင်း သူ ကောင်းစွာ သိသည်။
နိုင်ငံတော်၏ ဥပဒေဆိုသည်မှာ ကလေးကစားစရာ မဟုတ်ရာ မည်သူမျှ လှုပ်ခါ၍မရချေ။
သို့သော်လည်း သူ၏ အသက်ရှင်သန်လိုသည့် ရုန်းကန်မှုနှင့် သူ၏ ဇနီးသည်ကို နောက်တစ်ကြိမ် ပြန်လည် တွေ့မြင်လိုသည့် အာသာဆန္ဒကြောင့် သူသည် မိမိတစ်သက်လုံးတွင် တစ်ခါမျှ မညွတ်တွဲဖူးသော ကျောရိုးကို ညွတ်တွဲလိုက်ရင်း အရှုံးပေးကာ ကရုဏာသက်ရန် တောင်းပန်တိုးလျှိုးလိုက်မိသည်။
ထိုမဖြစ်နိုင်သော မျှော်လင့်ချက်လေးနှင့် လဲလှယ်ရန်အတွက်သာ ဖြစ်သည်။
သို့သော် ထိုအချိန်တွင် ကျိုးထျန်းက မတ်တပ်ရပ်လိုက်ပြီး သူ့ဘေးနားသို့ လျှောက်လှမ်းလာကာ အနည်းငယ် ကိုယ်ကို ကိုင်းညွတ်၍ မာကျန်းဟယ်၏ နားနားသို့ ကပ်ကာ ပြောလိုက်သည်။
"ဟင့်အင်း မင်း အရှုံးပေးစရာမလိုသလို ငါကလည်း မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး"
ဤစကားလုံးများက ထိုအဖိုးကြီးကို တစ်ကိုယ်လုံး တုန်ရင်သွားစေခဲ့ရပြီး တစ်စုံတစ်ခုမှာ လုံးဝ အစိတ်စိတ်အမြွှာမြွှာ ပြိုလဲပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရသည်။
ယင်းက သူ၏ နောက်ဆုံးသော မျှော်လင့်ချက် ဖြစ်နိုင်သကဲ့သို့ မိမိကိုယ်မိမိ အမြဲတမ်း မှန်ကန်နေခဲ့သည်ဟူသော မာန်မာနလည်း ဖြစ်နိုင်ပေသည်။
ခုနကတင် သားရဲတွင်းကဲ့သို့ အေးစက်လှသော အချုပ်ခန်းထဲတွင် ထိုင်နေရပြီး လက်ထိပ်များ ခတ်ထားခြင်း ခံရသည့်တိုင်အောင် သူသည် ခေါင်းကို မော့၊ ရင်ကိုကော့ထားဆဲ ဖြစ်ပြီး ပြင်းထန်သော အရှိန်အဝါများကို ထုတ်ဖော်နေခဲ့သေးသည်။
သို့သော် ယခုမူ ထိုအရှိန်အဝါများမှာ လုံးဝ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ထိုအရှိန်အဝါများက မူလက သူ၏ သာမန်လူသား ခန္ဓာကိုယ်ကို ဖောက်ထွင်း၍မရသော တံတိုင်းကြီးတစ်ခုပီပီ ကာကွယ်ပေးထားခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ စစ်မှန်သော မာကျန်းဟယ်မှာ ဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့သော ထိုအရှိန်အဝါများအောက်မှ အတင်းအကျပ် ခွာထုတ်ခြင်း ခံလိုက်ရပြီး ပုပ်ပွပျက်စီးနေသော အခွံစုတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။
ထိုသို့ ဖြစ်နေသည့်တိုင်အောင် ကျိုးထျန်းသည် သူ့ကို လွှတ်ပေးရန် အစီအစဉ် လုံးဝ မရှိချေ။
"မင်း အရှုံးပေးစရာမလိုသလို မင်းရဲ့ တောင်းပန်မှုကိုလည်း ငါ မလိုအပ်ဘူး"
"ဘာလို့လဲဆိုတော့ မင်း တစ်ခုခုကို အထင်မှားနေပုံရလို့ပဲ"
ကျိုးထျန်းက သူ၏ နားနားတွင် စကားလုံးတစ်လုံးချင်းစီကို တည်ငြိမ်အေးစက်သော လေသံဖြင့် သေသေချာချာ ပြောကြားလိုက်သည်။
"မာခွန်း သေဆုံးရတာက ငါနဲ့ လုံးဝ မသက်ဆိုင်ဘူးလို့ ငါ တစ်ခါမှ မပြောခဲ့ဖူးဘူးနော်"
ထိုသို့ ပြောကြားပြီးနောက် သူက ကိုယ်ကို ပြန်မတ်လိုက်ပြီး သူ၏ အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြန်လည် ပြင်ဆင်လိုက်ကာ လုံးဝ ဆွံ့အမှင်တက်နေသော မာကျန်းဟယ်ကို ကြည့်၍ ပြုံးပြလိုက်သည်။
တစ်ချိန်တည်းမှာပင် သူက သူ၏ လက်နှစ်ဖက်ကို မြှောက်လိုက်သည်။
လက်တစ်ဖက်က လက်သီး ဆုပ်လိုက်ပြီး အခြားလက်တစ်ဖက်ကမူ လက်ဝါး ဖြန့်လိုက်သည်။
ထို့နောက် လက်သီးဖြင့် လက်ဝါးကို ပြင်းထန်စွာ ဆောင့်ထုလိုက်သည်။
"ဘုန်း”
ကျိုးထျန်းက သူ၏ ပါးစပ်ဖြင့် ပေါက်ကွဲသံကို တုပလိုက်သည်။
သူ၏ လှုပ်ရှားမှုများနှင့် အသံများကြောင့် ထိုအဖိုးကြီးသည် လွန်ခဲ့သော လအနည်းငယ်ခန့်က ရှီးရှန်းရှိ ဒေသခံရဲစခန်းတွင် မြင်တွေ့ခဲ့ရသော အဝေးပြေးလမ်းမကြီး၏ စောင့်ကြည့်ကင်မရာ မှတ်တမ်းကို သေသေချာချာ ပြန်လည် မြင်ယောင်လာခဲ့ရသည်။
သူ့သား မောင်းနှင်လာခဲ့သော ကားမှာ ထိုလက်သီးကဲ့သို့ ဖြစ်ပြီး လက်ဝါးကဲ့သို့သော အဝေးပြေးလမ်းမကြီး၏ လမ်းခွဲကို အရှိန်အဟုန်ဖြင့် ဝင်ရောက် တိုက်မိခဲ့ခြင်း ဖြစ်သည်။
"အား"
စူးရှလှသော အော်ဟစ်သံကြီးတစ်ခုက ရှည်လျားလှသော စင်္ကြံလမ်းမကြီးအတိုင်း ပဲ့တင်ထပ်သွားခဲ့ရာ ခြေထောက်တွင် ထောင်ချောက်မိနေသော တောဝံပုလွေတစ်ကောင်၏ အော်ဟစ်သံနှင့်ပင် တူလှသည်။
ထိုအသံထဲတွင် နာကျင်မှုများအပြင် စိမ့်အေးဖွယ်ကောင်းသော ရူးသွပ်မှုများလည်း ပါဝင်နေခဲ့သည်။
ဖူး။
ထိုင်ခုံပေါ်တွင် ထိုင်နေရင်း မာကျန်းဟယ်သည် သူ၏ ပါးစပ်ထဲမှ သွေးအမြောက်အမြားကို အပြင်းအဟုန်ဖြင့် အန်ထုတ်လိုက်ရာ တစ်ခန်းလုံးကို နီရဲသော ကြယ်ပွင့်များ ပြည့်နှက်နေသည့် ကမ္ဘာတစ်ခုအဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။
သွေးများမှာ တစ်မီတာကျော်အထိ ပန်းထွက်သွားခဲ့သည်။
ယင်းတို့မှာ သူ၏ ပါးစပ်၊ ရင်ဘတ်၊ စားပွဲခုံနှင့် ကြမ်းပြင် စသည့် နေရာအနှံ့အပြားတွင် ပူပြင်းလှသော သွေးများဖြင့် စွန်းထင်းသွားခဲ့ရသည်။
သို့သော် မာကျန်းဟယ်မှာ မေ့လဲမသွားခဲ့ဘဲ အော်ဟစ်၍ ရယ်မောလိုက်တော့သည်။
"ဟားဟားဟား ဟားဟားဟား ဝူးဝူးဝူး ဟဲဟဲဟဲ"
သို့သော် စက္ကန့်အနည်းငယ်မျှ ရယ်မောပြီးနောက် သူက သူ၏ ခေါင်းဖြင့် စားပွဲခုံကို အပြင်းအထန် စတင် ဆောင့်ထုလိုက်ရာ ကျယ်လောင်လှသော အသံကြီးများနှင့်အတူ သရဲတစ္ဆေများ ငိုကြွေးသံကဲ့သို့သော အသံများ ထွက်ပေါ်လာခဲ့သည်။
"ဝါး အင့်အင့်အင့် ဝါး"
သူ၏ အမူအရာများနှင့် ခံစားချက်များမှာ ကွန်ပျူတာ ပရိုဂရမ်တစ်ခု ပျက်စီးသွားသကဲ့သို့ အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။
ဤဆူညံသံကြီးကြောင့် အခြားသော အကျဉ်းသားများမှာလည်း ကျောချမ်းဖွယ်ရာ ခံစားလိုက်ကြရသည်။
တကယ်ကို ကြောက်စရာကောင်းတဲ့ ပြစ်မှုပဲ။
လူတစ်ယောက်ကို လူမဆန်၊ သရဲမဆန်တဲ့ အခြေအနေမျိုး ရောက်အောင် လုပ်ဆောင်နိုင်သည်လော....။
သို့သော် ဤအရာအားလုံးကို ဖြစ်ပေါ်စေခဲ့သော ကျိုးထျန်းကမူ နောက်သို့ လှည့်ပင်မကြည့်ဘဲ အချုပ်ခန်းထဲမှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
"ကျန်တာတွေကိုတော့ မင်းတို့ဘက်ကပဲ ဆောင်ရွက်လိုက်ပါတော့။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေကို မြန်မြန် လွှတ်လိုက်ဦး"
"အော် အော် ကောင်းပါပြီ”
မီတာ ၁၅ အကွာတွင် မတ်တပ်ရပ်နေခဲ့ရင်း ၎င်းတို့နှစ်ဦး စကားပြောသည်ကို စောင့်ကြည့်နေခဲ့သော အစိုးရသက်တော်စောင့်တပ်ဖွဲ့ဝင်မှာ အချိန်အတော်ကြာ ဆွံ့အသွားခဲ့ပြီးမှ ပြန်လည် တုံ့ပြန်နိုင်ခဲ့သည်။
ဤကျိုးထျန်းဆိုသည်မှာ ဘယ်လိုလူမျိုးပါလိမ့်။
စကားလုံး အနည်းငယ်လေးဖြင့်ပင် ကြံ့ခိုင်လှသော လူတစ်ယောက်ကို သွေးအန်သွားစေရုံတင်မကဘဲ သူ၏ လက်ရှိ အခြေအနေကို ကြည့်ရသရွေ့ ထိုလူကို လုံးဝ ရူးသွပ်သွားအောင် လုပ်ဆောင်လိုက်ပုံရသည်။
၎င်းမှာ တကယ်ကို ကြောက်စရာကောင်းပြီး ကောက်ကျစ်လွန်းလှသည်။
အရေးကြီးဆုံးကတော့ သူ အတွင်းသို့ မဝင်ရောက်မီကပင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ကြိုတင် အသင့်ပြင်ခိုင်းထားခဲ့ခြင်း ဖြစ်ရာ ယခုအခါတွင် အမှန်တကယ်ပင် အသုံးပြုလိုက်ရပြီ ဖြစ်သည်။
ဆိုလိုသည်မှာ သူသည် ဤအရာများ ဖြစ်ပျက်လာလိမ့်မည်ကို ကြိုတင်၍ ကောင်းစွာ သိရှိနေခဲ့ခြင်း ဖြစ်သည်။
မိစ္ဆာကောင်ပဲ၊ တကယ့်ကို မိစ္ဆာကောင်ပဲ။
အကယ်၍ ဤလူသာ မိစ္ဆာကောင် မဟုတ်ခဲ့လျှင် မိစ္ဆာကောင်ထက်ပင် ပိုမို ကြောက်စရာကောင်းပေလိမ့်မည်။
‘ဟင့်အင်း ငါ ဤအကြောင်းကို အထက်လူကြီးတွေဆီ ချက်ချင်း အစီရင်ခံရမယ်၊ ငါ ဒီတာဝန်ကို အလကားနေရင်း ခေါင်းခံလို့မဖြစ်ဘူး’
အစိုးရသက်တော်စောင့်တပ်ဖွဲ့ဝင်များ၏ စိုက်ကြည့်နေသော အကြည့်များကို ဂရုမစိုက်ဘဲ ကျိုးထျန်းသည် အချုပ်ခန်းဧရိယာထဲမှ တစ်ဦးတည်း လျှောက်လှမ်း ထွက်ခွာလာခဲ့သည်။
ပြင်ပတွင်မူ မူလက တိမ်ထူနေခဲ့သော ကောင်းကင်ကြီးမှာ ယခုအခါတွင် အလွန်ပင် ကြည်လင်နေခဲ့ပြီး လမင်းကြီးမှာလည်း ကောင်းကင်ယံထက်တွင် အထင်အရှား ပေါ်ထွက်နေခဲ့သည်။
သူ၏ စိတ်ခံစားချက်မှာလည်း ရာသီဥတုကဲ့သို့ပင် များစွာ လန်းဆန်းတောက်ပသွားခဲ့ရသည်။
"ငါက မကောင်းမှုကို တရားမျှတမှုနဲ့ တုံ့ပြန်တာပဲ။ ငါ မင်းကို သတ်လို့မရရင်တောင် မင်းကို ရူးသွားအောင် လုပ်နိုင်တာပဲလေ"
"ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ ဒီလောက်အထိ စိတ်ပျက်စရာကောင်းတဲ့ သတင်းအမြောက်အမြားကို ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ဘူး"
"မာကျန်းဟယ် ငါတို့ကြားက ရန်ကြွေးတွေ အားလုံး ကျေအေးကြပြီပေါ့"
"နောက်ဘဝကျရင် မင်းနဲ့ လုံးဝ မဆုံတွေ့ရစေနဲ့တော့"
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းပြလိုက်ရာ အစောင့်ဖြစ်သူက ကားကို မောင်းနှင်လာခဲ့သည်။
သူ့အတွက် ကားတံခါး ဖွင့်ပေးနေသော သက်တော်စောင့်ကို ဖြတ်ကျော်သွားရင်း သူက အချုပ်နှောင်ရေးစခန်း၏ တံခါးမကြီးကို နောက်ဆုံးအကြိမ်အဖြစ် လှည့်ကြည့်လိုက်သည်။
ထို့နောက် သူက ပြုံးလိုက်ရင်း ကားထဲသို့ ဝင်ထိုင်လိုက်တော့သည်။
ရန်ကြွေးကတော့ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သော်လည်း လုံးဝ ပြီးဆုံးသွားခြင်းမျိုးတော့ မဟုတ်သေးချေ။
အဘယ်ကြောင့်ဆိုသော် ကွယ်ရာကနေ မြှောက်ထိုးပင့်ကော်လုပ်ခဲ့သူမှာ မာကျန်းဟယ်တစ်ဦးတည်း မဟုတ်သောကြောင့် ဖြစ်သည်။
ယခုအခါ ပြည်ပတွင် ၂၀.၅ ဘီလီယံ ကျော်ဖြင့် သူ၏ မိသားစုနှင့်အတူ ပြန်လည် ဆုံတွေ့နေမည့် ထိုကောင်ကို သူ လွှတ်ပေးရန် အစီအစဉ် လုံးဝ မရှိချေ။
သို့သော် သူသည် ကတိတည်သော လူတစ်ယောက် ဖြစ်သည်။
စာချုပ်ချုပ်ဆိုပြီးနောက် ထိုလူ၏ ဇနီးနှင့် သားသမီးများမှာ ကမ်းခြေသို့ ဘေးကင်းစွာ ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သလို ယနေ့တိုင်အောင် ၎င်းတို့၏ ခရီးစဉ်မှာ အမှန်တကယ်တော့ တစ်မျိုးတစ်ဖုံအားဖြင့် အကျယ်ချုပ်သဘောမျိုး ဖြစ်နေသည်ကို မသိရှိကြသေးချေ။
သို့သော် သူ မလောချေ။
မာကျန်းရှန်းမှ ဤမျှအထိ များပြားသော ငွေကြေးအမြောက်အမြားကို အသုံးပြုပြီး ဘာတွေ ဆက်လုပ်မလဲဆိုတာကို သူ စောင့်ကြည့်ချင်သေးသည်။
ကားထဲတွင် ထိုင်နေရင်း ယာဉ်တန်းမှာ ထျန်းရှီးဟွေ ဆီသို့ ဦးတည်မောင်းနှင်လာခဲ့သည်။
မစ္စတာဟုန်နှင့် သူ၏အဖွဲ့မှာ စားသောက်ဆိုင်သို့ ရောက်ရှိနေကြပြီ ဖြစ်သလို ယနေ့တွင် မုယန်နှင့် ကျောက်ရှင်းတို့လည်း လုံးဝ လွတ်လပ်သွားခဲ့ကြပြီ ဖြစ်သဖြင့် အတူတကွ စားသောက်ကာ ဤကိစ္စ ပြီးဆုံးသွားခြင်းကို ဆင်နွှဲကြပေလိမ့်မည်။
ဘဝဆိုသည်မှာ တိုတောင်းလှရာ ပျော်ရွှင်နိုင်သမျှ ပျော်ရွှင်ထားရပေမည်။
ကျိုးထျန်းသည် ထျန်းရှီးဟွေ၏ ဖန်သားပြင်နံရံများ ရှိသော ခေါင်မိုးထပ်သို့ ရောက်ရှိလာသောအခါ သူ၏ သူငယ်ချင်းများကို မြင်တွေ့လိုက်ရသည်။
မုယန်၏ မျက်နှာထားမှာ ပြောင်းလဲခြင်းမရှိသော်လည်း သူမ၏ အဝတ်အစားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လက်ချောင်းများက သူမ၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုများကို ဖော်ပြနေခဲ့သည်။
ကျောက်ရှင်းကမူ သူမ၏ နှုတ်ခမ်းကို အပြင်းအထန် ကိုက်ထားခဲ့သဖြင့် သွားရာများပင် ထင်ဟပ်နေခဲ့ရသည်။
"ဟူး" ကျိုးထျန်း သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း လူတိုင်းကို ကြည့်ကာ ထိုအမျိုးသမီးနှစ်ဦးကို ပြောလိုက်သည်။
"ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်လုံး အေးဆေးဖြစ်သွားကြပြီ။ အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ"
"ဟေး...."
ကျောက်ရှင်း ဝမ်းသာအားရဖြင့် ခုန်ထရပ်လိုက်ပြီး မုယန်ကို ဖက်ကာ အော်ဟစ် အောင်ပွဲခံလိုက်တော့သည်။
"ငါတို့ ဘယ်လောက်တောင် စိုးရိမ်နေခဲ့ရလဲဆိုတာ နင် သိရဲ့လား။ ပြီးတော့ ဖုန်းဂိမ်းတွေပဲ ဆော့နေရလို့ ပျင်းစရာကောင်းလိုက်တာလည်း လွန်ပါရော"
ကျောက်ရှင်းက မုယန်ကို ပြန်ချပေးရင်း ညည်းညူလိုက်သည်။
"ပြီးတော့ မုယန်က ဂိမ်းဆော့တာ တကယ်ကို ညံ့လွန်းလို့ ငါတို့ အသင်းဖော်တွေရဲ့ ဆဲဆိုတာကို အမြဲတမ်း ခံခဲ့ရသေးတယ်"
"ဒါ့အပြင် နင် ငါ့ကို အိမ်ထဲမှာ ဒီလောက်အထိ အကြာကြီး ပိတ်လှောင်ထားခဲ့လို့ ငါ့ရဲ့ အလုပ်အမြောက်အမြား ဆုံးရှုံးခဲ့ရတယ်၊ နင် အဲဒါတွေကို လျော်ကြေးပေးရမယ်နော်၊ လိမ်လို့မရဘူး"
ငွေကြေးအကြောင်းကို ပြောလိုက်သောအခါ ကျောက်ရှင်းမှာ ချက်ချင်းပင် အားအင်များ ပြည့်နှက်သွားခဲ့ပြီး လက်နှစ်ဖက်ကို ခါးထောက်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။
သို့သော်လည်း သူမ၏ မျက်လုံးများထဲမှ ပြေလျော့မှုနှင့် နွေးထွေးမှုများက သူမ၏ ဟန်ဆောင်မှုများကို ဖော်ပြနေခဲ့သည်။
သူမသည် မိမိကိုယ်မိမိ ရန်သူတစ်ယောက်အလား အတင်းအကျပ် သရုပ်ဆောင်နေခြင်းသာ ဖြစ်သည်။
"ကောင်းပါပြီ၊ မင်းရဲ့ ဆုံးရှုံးမှုအားလုံးကို ငါ လျော်ကြေးပေးပါ့မယ်။ မင်း ကြိုက်တဲ့ စျေးနှုန်းကိုသာ ပြောလိုက်ပါ"
ကျိုးထျန်းက ထိုမိန်းကလေးနှစ်ဦးကို သူတို့၏ ထိုင်ခုံများဆီသို့ သဘောထားကြီးစွာဖြင့် ဆွဲခေါ်လာခဲ့သည်။
"ဟဲဟဲ မစ္စကျောက်၊ ကြိုက်တဲ့စျေးနှုန်းကိုသာ အများကြီး တောင်းလိုက်စမ်းပါ။ မင်းတို့ရဲ့ သူဌေး ကျိုးက မကြာခင်မှာ ဘီလျံနာတစ်ယောက် ဖြစ်တော့မှာလေ"
သူဌေး ဟုန်က သူ၏ ဗိုက်ကို ပုတ်ရင်း ရယ်မောလိုက်ကာ ဤဇာတ်လမ်းကို သဘောကျနေသည့်အတိုင်း ကြည့်နေခဲ့သည်။
"အာ”
"ဘီလျံနာတစ်ယောက် ဟုတ်လား”
"ရှင်တို့ နောက်နေတာ မဟုတ်ပါဘူးနော်"
ကျောက်ရှင်းက မုယန်၏ လက်ကို လှမ်းဆွဲလိုက်ပြီး သူဌေး ဟုန် ပြောနေသည်မှာ အတည်ဟုတ်မဟုတ် အတည်ပြုရန်အတွက် စိုက်ကြည့်လိုက်မိသည်။
သို့သော် မုယန်ကမူ သူ၏ ခေါင်းကိုသာ ဖြည်းဖြည်းချင်း ခါယမ်းပြနိုင်ခဲ့သည်။
သူသည် ကျိုးထျန်း၏ ငွေရှာသည့် နည်းလမ်းများနှင့် ပတ်သက်၍ အမှန်တကယ်ပင် ဘာမှ မသိရှိချေ။
"လောင်ဟုန်ရာရာ လျှောက်ပြီး ကမောက်ကမ မလုပ်စမ်းပါနဲ့။ သူမက ငွေမက်တဲ့ ကောင်မလေးမို့လို့ တကယ်ကြီး အများကြီး တောင်းလိမ့်မယ်"