အခန်း ၂၅၁
Vol. 26 Ch. 251
Chapter 251
နိုင်ငံခြားတက္ကသိုလ်များရှိ အဆောင်များ၏ အခြေအနေမှာ လုဟန်ချွမ်ပြောခဲ့သည့်အတိုင်းပင် အမှန်တကယ် ဆိုးရွားလှပါသည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင်သည် အဆောင်တွင်တစ်ပတ်ခန့်သာ အောင့်အည်းသည်းခံ နေထိုင်ခဲ့ပြီး အပြင်တွင်ငှားနေဖို့ အိမ်ခန်းစတင်ရှာဖွေလေတော့သည်။
သို့သော် ကျောင်းနှင့်နီးကပ်ပြီး ဘေးကင်းလုံခြုံသည့်နေရာကို ရှာဖွေဖို့ဟူသည်မှာ အလွန်ပင် ခဲယဉ်းလွန်းပါသည်။
နောက်ပိုင်းတွင် ချူးယွင်ရှောင်သည်လည်း ကျောင်းပြင်ပတွင် နေထိုင်လိုကြောင်း ပြောကြားလာကာ ယဲ့ရှောင်ရှောင်ကို ကူညီရှာဖွေပေးခဲ့သည်။
နောက်ဆုံးတွင် ကျောင်းနှင့် အနည်းငယ်ဝေးကွာသော်လည်း အိမ်ငှားခသက်သာသည့် အိမ်တစ်လုံးကို သူတို့နှစ်ဦး ရှာတွေ့ခဲ့ကြပါသည်။
ဤခရီးစဉ်တွင် လိုက်ပါလာကြသည့် အခြားကျောင်းသားများမှာ ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ မဟုတ်ကြသော် လည်း ဤခေတ်အခါက တရုတ်နိုင်ငံ၏ အထွေထွေစီးပွားရေးအခြေအနေအရ နိုင်ငံခြားသို့ လာရောက်ရာတွင် တစ်ယောက်လျှင် နိုင်ငံခြားငွေ ၅၀ ခန့်သာ အနိုင်နိုင် လဲလှယ်ယူဆောင်လာခဲ့ကြပါသည်။
သို့သော် ဤနေရာတွင် အိမ်ငှားခမှာ တစ်လလျှင် ၃၀ နီးပါး ရှိ၍ အခြားသူများအတွက် အလွန်ခက်ခဲသည့် ပမာဏပင် ဖြစ်ပေသည်။
ယဲ့ရှောင်ရှောင်ကမူ ထိုအိမ်ကို အလွန်သဘောကျမိပါသည်။ နှစ်ထပ်အိမ်လေးဖြစ်ကာ ပထမထပ်တွင် အခန်း ၂ ခန်း၊ ဒုတိယထပ်တွင် အခန်း ၃ ခန်း ပါရှိသည်။
အိမ်ရှင်အမျိုးသမီးက ထိုအိမ်တွင် မနေထိုင်သဖြင့် လွတ် လွတ်လပ်လပ်လည်း ရှိလှသည်။ ယဲ့ရှောင်ရှောင်သည် ၂ နှစ် စာချုပ်ကို အရင်ဆုံးချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်ပါသည်။
ဤနေရာတွင် သူမတစ်ဦးတည်းနေရမည်ဆိုလျှင်ပင် ကိစ္စမရှိပေ။ သူမ၏ ဘေးကင်းလုံခြုံမှုကသာ အရေးအကြီးဆုံးဖြစ်ပါသည်။
သို့သော် ချူးယွင်ရှောင်တို့ လာရောက်နေထိုင်မည်ဆိုပါကလည်း ယဲ့ရှောင်ရှောင်အနေဖြင့် အိမ်လခတောင်းခံရန် စိတ်ကူးမရှိပေ။
“အိမ်လခကို ငါပဲတာဝန်ယူလိုက်မယ်၊ နင်က အချက်အ ပြုတ်နဲ့ သန့်ရှင်းရေးပိုင်းကို တာဝန်ယူပေးလို့ရမလား”
ထိုကဲ့သို့ ပင်ပန်းရသည့် တာဝန်များက အတန်းခေါင်းဆောင်နှင့် အကိုက်ညီဆုံးဖြစ်လိမ့်မည်ဟု ယဲ့ရှောင်ရှောင် တွေးမိပါသည်။
ချုးယွင်ရှောင်ကလည်း မဆိုင်းမတွ လက်ခံသည်။
“ရတာပေါ့၊ ငါ့တာဝန်သာ ထားလိုက်”
“အဲ့တာဆို ကျားယုကိုပါ အတူတူလာနေမလားလို့ သွားမေးလိုက်ဦးမယ်”
အချိန်တစ်ပတ်ခန့် အတူတူဖြတ်သန်းပြီးနောက် ကျားယုကို ယဲ့ရှောင်ရှောင် အတော်လေး သဘောကျလာခဲ့ပါပြီ။
အိမ်ကိုလည်း ငှားရမ်းပြီးပြီဖြစ်၍ မည်သူမှ လာရောက်နေထိုင်ခြင်းမရှိလျှင် အခန်းလွတ်များက နှမြောစရာကောင်းပေလိမ့်မည်။ မိမိတို့နှင့် မရင်းနှီးသော တိုင်းတစ်ပါးမြေသို့ ရောက်ရှိနေခြင်းဖြစ်၍ တစ်ဦးကိုတစ်ဦး ဖေးမကူညီပေးသင့်ပါသည်။
ယဲ့ရှောင်ရှောင်သည် အခြားကျောင်းသားများကို သိရှိသော်လည်း အလွန်တရာ ရင်းနှီးကျွမ်းဝင်ခြင်း မရှိသဖြင့် လတ်တလောတွင်တော့ အတူတူနေရန် ဖိတ်ခေါ်ဖို့ အစီအစဉ် မရှိသေးပေ။
--- --- ---
ယဲ့ရှောင်ရှောင် နိုင်ငံခြားသို့ ထွက်ခွာသွားသောအခါ စိတ်အထိခိုက်ရဆုံးလူမှာ လုဟန်ချွမ်ပင်။ ဒုတိယနေရာကိုတော့ ရမ်သဲ့ထန်သို့ ရောက်ရှိလာသည့် လူနာများက ဆွတ်ခူးသွားပါသည်။
ယဲ့ရှောင်ရှောင်ကို အားကိုးတကြီးဖြင့် လာရောက်ရှာဖွေကြသည့် လူနာအချို့မှာ ဒေါက်တာယဲ့တစ်ယောက် နိုင်ငံခြားသို့ ပညာတော်သင်ထွက်သွားပြီဖြစ်ကြောင်း ကြားသိရသော အခါ စိတ်ဓာတ်အလွန်ကျသွားခဲ့ရသည်။
ဆရာကြီး စုန့်ကွမ်းကျင့်ကိုယ်တိုင် လာရောက်ကုသပေးခါမှသာ ထိုလူနာအဖွဲ့ စိတ်ကျေနပ်မှု ရရှိသွားကြပါသည်။
စုန့်ကွမ်းကျင့်က ညည်းတွားသည်။
“ငါတို့ ရမ်သဲ့ထန်မှာ ရှောင်ရှောင်မရှိလို့ တကယ်မဖြစ်ဘူးပဲ”
မန်နေဂျာမာက ခေါင်းညိတ်ထောက်ခံသည်။
“အမှန်ပဲ၊ ရှောင်ရှောင်ရှိရင် အစစအရာရာ ကူညီပေးတာဆိုတော့ ဆရာကြီးလည်း မပင်ပန်းရဘူးပေါ့”
စုန့်ကွမ်းကျင့်၏ အသက်အရွယ်မှာ တစ်နေကုန် ဆေးခန်းထိုင်ဖို့ မသင့်တော်တော့ပေ။
“ရှောင်ရှောင်ပြန်လာတာနဲ့ ရမ်သဲ့ထန်ကို သူ့လက်ထဲ လွှဲပြောင်းပေးလိုက်တော့မယ်”
ဤကဲ့သို့နေ့ရက်မျိုး တစ်နေ့နေ့တစ်ချိန်ချိန်တွင် ရောက်ရှိလာလိမ့်မည်ဟု မန်နေဂျာမာ ကြိုတင်မျှော်မှန်းထားပြီးသား ဖြစ်သော်လည်း ဆရာကြီးစုန့်ကွမ်းကျင့်သည် ဤမျှ ကြီးမားသော မိသားစုအမွေအနှစ် လုပ်ငန်းကြီးတစ်ခုလုံးကို သွေးမတော်သားမစပ်သူတစ်ဦး၏ လက်ထဲသို့ အလွယ် တကူ လွှဲပြောင်းပေးအပ်မည်ဟု ဆိုသောအခါ သူအလွန် အံ့အားသင့်ခဲ့ရပါသေးသည်။
စုန့်ကောရှမ့်ကမူ ဆရာကြီးစုန့်ကွမ်းကျင့်နှင့် တစ်ဖက်လူတို့ သဘောတူညီထားသည့် သဘောတူညီချက်ကိုသာ ပို၍ အလေးထားပါသည်။
“ဆရာကြီးက ရှောင်ရှောင်ကို အခုလို ထွက်သွားခွင့်ပြုလိုက်တော့ သူပြန်လာတဲ့အခါ ဆေးပညာစွမ်းရည်တွေ တိုးတက်မလာခဲ့ရင် ဘယ်လိုလုပ်မလဲ”
စုန့်ကွမ်းကျင့်သည် စုန်ကောရှမ့်၏ ဆိုလိုရင်းကို နားလည်သော်လည်း ထိုအလောင်းအစားကို သူဂရုမစိုက်တော့ပါ။
“ရလဒ်က ဘာပဲဖြစ်ဖြစ် ဒီပွဲမှာ ငါနိုင်သွားပြီလို့ ခံစားနေရတယ်”
“ဆရာကြီး ဒီလိုတွေးနိုင်တာ ဝမ်းသာပါတယ်”
စုန့်ကောရှမ့်သည် ဆရာကြီးတစ်ယောက် စိတ်ထဲမှ အစွဲအ လမ်းများကို စွန့်လွှတ်နိုင်ပြီး လက်ရှိဘဝကိုသာ အေးအေးချမ်းချမ်းနေနိုင်ဖို့ မျှော်လင့်မိပါသည်။
ယဲ့ရှောင်ရှောင်သည် ဆရာကြီး၏ရင်ထဲမှ အစွဲအလမ်းများကို အကုန်ဖြေဖျောက်ပေးနိုင်ခဲ့ပုံရသည်။ ထိုမိန်းကလေးကို တပည့်အဖြစ် လက်ခံခဲ့ခြင်းမှာ ဆရာကြီးအတွက် အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုပင် ဖြစ်ခဲ့တော့သည်။
တစ်ဖက်တွင်မူ လုဟန်ချွမ်သည် အချစ်ရေးခရီးလမ်းတွင် ခေတ္တအနားယူနေရသော်လည်း အလုပ်တာဝန်များကိုမူ ဆက်လက်ထမ်းရွက်နေရပါသေးသည်။
ယဲ့ရှောင်ရှောင် နိုင်ငံခြားသို့ ထွက်သွားပြီး သိပ်မကြာမီမှာပင် လုဟန်ချွမ်သည်လည်း အနောက်ပိုင်းဒေသများသို့ သွားရောက်ဖို့ တာဝန်ကျလာခဲ့သည်။
ဤခေတ်ကာလတွင် အနောက်ပိုင်းဒေသများရှိ ပတ်ဝန်းကျင်အခြေအနေမှာ အလွန်အမင်း ဆိုးရွားကြမ်းတမ်းလှသဖြင့် ပုံမှန်တပ်ဖွဲ့များပင်လျှင် ထိုဒေသတွင် သတိထားလှုပ်ရှားကြရသည်။
မူလက ထိုတာဝန်ကို လုဟန်ချွမ်အား ပေးအပ်ဖို့ အထက်က အစီအစဉ်မရှိခဲ့ကြသော်လည်း တာဝန်ဖြင့်သွားရမည့် အရပ်က အလွန်ခက်ခဲကြမ်းတမ်းပြီး တာဝန်ထမ်းဆောင်ရမည့် အချိန်ကာလမှာလည်း အလွန်ရှည်ကြာမည်ဖြစ်ကြောင်း ကြားသိရသောအခါ လုဟန်ချွမ်ကိုယ်တိုင်က ထိုတာဝန်ကို လိုလိုလားလားဖြင့် တောင်းဆိုခဲ့ပါသည်။
လုဟန်ချွမ်၏ ခိုင်မာပြတ်သားသော စိတ်ဓာတ်ကိုမြင်ပြီး တပ်မမှူးကလည်း အရေးကြီးလှသော ထိုတာဝန်ကို သူ့လက်ထဲသာ ယုံကြည်စိတ်ချစွာ အပ်နှံခဲ့တော့သည်။
စစ်တပ်ဝင်းအတွင်း ယဲ့ရှောင်ရှောင် နိုင်ငံခြားသို့ ထွက်ခွာသွားသည့်သတင်းကို ကြားသိသူအချို့ ရှိကြသည်။
ဥပမာအားဖြင့် ယခင်က လုဟန်ချွမ်ကို အသည်းအသန်ပိုးပန်းဖူးသည့် ချန်းမင်ဆိုလျှင် သူ့နားပြန်ကပ်ဖို့အခွင့်အ ရေး ရှာဖွေချင်ခဲ့ပါသည်။
သို့သော် လုဟန်ချွမ်တစ်ယောက် ပေကျင်းမြို့မှ ထွက်ခွာသွားပြီဟူသော သတင်းကိုသာ သူမ ကြားခဲ့ရသည်။
မည်သည့်နေရာသို့ ထွက်သွားကြောင်း၊ မည်သည့်တာဝန်ကို ထမ်းဆောင်နေရကြောင်း စသည်တို့မှာ စစ်တပ်၏ထိပ်တန်းလျှို့ဝှက်ချက်များဖြစ်ကြ၍ ချန်းမင် မစုံစမ်းနိုင်ခဲ့ပေ။
ချန်းမင်၏ နောက်ဆုံးလက်ကျန် မျှော်လင့်ချက်လေး ပြိုလဲသွားခဲ့ရသည်။
မိဘများက အိမ်ထောင်ပြုဖို့ အမြဲမပြတ် ဖိအားပေးနေသဖြင့် နောက်ဆုံးတွင် လူကြီးချင်း စီစဉ်ပေးသည့် တွေ့ဆုံမှုမှတဆင့် အိမ်ထောင်ဖက်တစ်ဦးကိုသာ ရွေးချယ်ခဲ့ရတော့သည်။
သူတို့နှစ်ဦး၏ အိမ်ထောင်ရေးမှာ မိသားစုချင်းအကျိုးတူစီးပွား ပေါင်းစပ်လိုက်သည့် သဘောပင်ဖြစ်သည်။ ထိုအမျိုးသားမှာလည်း ဆေးပညာအသိုင်းအဝိုင်းမှဖြစ်ကာ လက်ထပ်ပြီးလျှင် ချန်းမင်အနေဖြင့် ထိုလူ့မိသားစု၏ ဆေးရုံတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်၍ သူမအတွက် အကျိုးမယုတ်လှပါ။
ထိုလူ့အပေါ် ချန်းမင်သံယောဇဉ်မရှိသည့်အပြင် သူမ နှစ်သက်သဘောကျသည့် လူမျိုးမဟုတ်သော်ငြား အနည်း ဆုံးတော့ သူမ၏ ဘဝကို ပိုမိုသာယာ ကောင်းမွန်စေပါလိမ့်မည်။
မင်္ဂလာပွဲနေ့ရက်သို့ ရောက်ရှိသောအခါ ချန်းမင်တစ်ယောက် အတိတ်ကို မျက်ရည်များဖြင့်သာ နှုတ်ဆက်ခဲ့တော့သည်။
ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့၏အကြောင်းကို တိတ်တ ဆိတ် အမြဲစောင့်ကြည့်နေတတ်သည့် အခြားသူများမှာမူ ဟောက်မိသားစုနှင့် ရှုမိသားစုတို့ဖြစ်ကြသည်။
ရှုကျမ့်ဝမ်နှင့် ဟောက်ယန်ယန်တို့ လက်ထပ်ခဲ့ကြသည်မှာ ၆ လကျော်ပင် ကြာခဲ့ပါပြီ။
သူတို့နှစ်ဦး၏ အိမ်ထောင်ရေးမှာ အခြားသော ဇနီးမောင်နှံများကဲ့သို့ပင် တည်ငြိမ်အေးချမ်းသော်လည်း စိတ်အားထက်သန်မှုများတော့ လစ်ဟင်းလှပေသည်။
ယနေ့တွင် ဟောက်ယန်ယန်နှင့် ရှုကျမ့်ဝမ်တို့ စစ်တပ်ဝင်းထဲသို့ ပြန်ကာ မိသားစုနှင့် ညစာအတူသုံးဆောင်ဖို့ စီစဉ်ထားပါသည်။
ယခုတလော ဟောက်ယန်ယန်တစ်ယောက် ရှုအိမ်တော်သို့ သွားရောက်ကာ ယောက္ခမဖြစ်သူနှင့် တွေ့ဆုံရမည်ကို အလွန်ကြောက်ရွံ့နေမိသည်။ တွေ့ဆုံလိုက်တိုင်း ယောက္ခမဖြစ်သူက ကလေးမြန်မြန်ယူဖို့ ဖိအားပေးနေခြင်းကြောင့်ပင်။
သူမတွင် အစိုးရဝန်ထမ်းအလုပ်ဟူ၍ ပုံသေမရှိသော်လည်း အထည်ဆိုင်လေးတစ်ခုကို ဖွင့်လှစ်ထားပြီး လစဉ်ဝင်ငွေအတန်အသင့် ရရှိနေခဲ့ပါပြီ။
သူမ၏ လက်ရှိဘဝအခြေအနေကို အလွန်ကျေနပ်မိသော် တစ်ခုတည်းသော စိတ်ညစ်စရာဟူ၍ ကိုယ်ဝန် မရရှိနိုင်သေးခြင်းပင်။
ယခုညစာစားပွဲတွင်မူ ကျောက်ဟုံရှားက ထူးထူးခြားခြား မြေးချီချင်သည့် ကိစ္စကို မပြောတော့ဘဲ အခြားကိစ္စတစ်ခုကိုသာ ပြောကြားခဲ့သည်။
“ယဲ့ရှောင်ရှောင် နိုင်ငံခြားထွက်သွားတယ်လို့ ငါ ကြားတယ်၊ ဟိုမှာ တော်တော်ကြာကြာနေမှာထင်တယ်၊ သူပြန်လာတဲ့အခါကျရင် လုမိသားစုကကောင်လေးလည်း တခြားတစ်ယောက် ရနေလောက်ပြီ”
ကျောက်ဟုံရှား ထိုစကားပြောရဲခြင်းမှာ အိမ်တွင် ရှုကျမ့်လီ ရှိမနေခြင်းကြောင့်ပင်။
သူမ၏သားအငယ်ဆုံးသာ အိမ်တွင်ရှိနေပါက ဒေါသပေါက် ကွဲကာ ထသောင်းကျန်းလိမ့်မည်။
ရှုကျမ့်လီသည် နိုင်ငံတော်အတွင်းရှိ ထိပ်သီးတက္ကသိုလ်တစ်ခုဖြစ်သော ဟွာချင်းတက္ကသိုလ်တွင် သင်္ချာမေဂျာဖြင့် တက်ရောက်ခွင့်ရရှိခဲ့ပါသည်။
လက်ရှိတွင် ရှုကျမ့်လီသည် စစ်သင်တန်းဆင်းနေရသဖြင့် အိမ်သို့ပြန်မလာနိုင်သေးပေ။
ဟောက်ယန်ယန် အံ့အားသင့်စွာ မေးမြန်းလိုက်သည်။
“တကယ်လား၊ သူတို့နှစ်ယောက်ကြားက သံယောဇဉ်ခိုင်မြဲရင်တော့ အဲ့လောက်လွယ်လွယ်နဲ့ လမ်းမကွဲလောက်ပါဘူး”
ကျောက်ဟုံရှားက ချေပသည်။
“အဲ့လိုကိစ္စမျိုးတွေကို ဘယ်သူက ပုံသေပြောနိုင်မှာလဲ၊ လုဟန်ချွမ်က မိန်းမယူဖို့ အလျင်မလိုဘူးဆိုရင်တောင် သူ့မိသားစုက ဒီတိုင်းထိုင်ကြည့်နေမှာတဲ့လား”
ထို့နောက် စကားလမ်းကြောင်းကို ရုတ်တရက်ကြီးလွှဲကာ သူမပြောလိုက်သည်။
“နင်တို့နှစ်ယောက်လည်း မြန်မြန်လှုပ်ရှားကြတော့လေ၊ လက်ထပ်ထားတာ တော်တော်ကြာနေပြီ၊ ဘာလို့ ကိုယ်ဝန်က မရသေးတာလဲ၊ မနက်ဖြန် ဆေးရုံမှာ ဆေးသွားစစ်ကြည့်ကြမလား ယန်ယန်”
ဟောက်ယန်ယန်သည် အကူအညီတောင်းခံသည့် မျက်လုံးများဖြင့် ရှုကျမ့်ဝမ်ကို လှမ်းကြည့်လိုက်သော်လည်း ခင်ပွန်းဖြစ်သူကမူ သူ့မိခင်၏ စကားကို ထောက်ခံသည့်ဟန်ဖြင့် ငြိမ်သက်နေပါသည်။
ထို့ကြောင့် ဟောက်ယန်ယန်တစ်ယောက် အားတင်းကာသာ ပြုံးပြလိုက်ရသည်။
“ဒီလိုကိစ္စမျိုးတွေဆိုတာ လောလို့မှမရတာ အမေရယ်၊ သမီးတို့က ငယ်ပါသေးတယ်၊ ကျမ့်ဝမ်ရဲ့ အလုပ်အကိုင်ကလည်း အခုမှ တက်လမ်းပွင့်ခါစရှိသေးတာ၊ သမီးလည်း ကိုယ်ပိုင်ဆိုင်လေးကို အချိန်ပေးနေရသေးလို့ပါ”
ကျောက်ဟုံရှားက အနည်းငယ် မကျေမနပ်ဖြစ်နေသေးသော်လည်း ရှုကောချန့်က အမြန်ဝင်ပြောလိုက်သည်။
“ကလေးတွေက ငယ်သေးတယ်လေကွာ၊ အဲ့လောက်ကြီး လောစရာမလိုပါဘူး”
လက်ထပ်ပြီး နှစ်နှစ်ကျော် သုံးနှစ်လောက်အထိ ကလေးမရသေးမှသာ စိုးရိမ်သင့်ပြီး လက်ရှိအချိန်တွင် သားသမီး မထွန်းကားသေးခြင်းမှာ ပုံမှန်သာ ဖြစ်ပါသည်။
ကျောက်ဟုံရှားလည်း ထိုကိစ္စကို ယာယီ ဘေးဖယ်ထားလိုက်ရပြီး ဟောက်ယန်ယန်၏ လုပ်ငန်းအကြောင်းကိုသာ ပြောင်း လဲမေးမြန်းခဲ့ပါသည်။
မူလက ချွေးမဖြစ်သူအတွက် အလုပ်အကိုင်ကောင်းကောင်းတစ်ခု ရှာဖွေပေးဖို့ သူမ ရည်ရွယ်ထားသော်လည်း ဟောက်ယန်ယန်ကမူ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်ချင်သည်ဟုသာ ဆိုခဲ့ပါသည်။
အခြေမတည်ငြိမ်သည့် ကိုယ်ပိုင်လုပ်ငန်းဟူသည်မျိုးကို ကျောက်ဟုံရှား အထင်မကြီးလှပေ။
ဟောက်ယန်ယန်မှာ အလုပ်အကိုင်အကြောင်းပြောရသော အခါ ပိုမိုစိတ်အားထက်သန်လာသည်။
“သမီးဆိုင်က မကြီးပေမယ့် အခုဆိုရင် တစ်လကို ဝင်ငွေ ယွမ် ၇၀၀ ကနေ ၈၀၀ အထိ ပုံမှန်ဝင်နေပြီလေ”
“အဲ့လောက် အများကြီးရတာလား”
ကျောက်ဟုံရှား အလွန်အံ့အားသင့်သွားခဲ့သည်။ အဝတ်အ စားလေးရောင်းရုံဖြင့် ဤမျှအထိ ဝင်ငွေကောင်းလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပါ။
ထို့ကြောင့် ကိုယ်ပိုင်လုပ်ငန်းအား စွန့်လွှတ်လိုက်ဖို့ ဟောက်ယန်ယန်ကို ထပ်မံဖိအားမပေးနိုင်တော့ဘဲ ကျောက်ဟုံရှား နှုတ်ဆိတ်သွားခဲ့ရတော့သည်။