← Chapters

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂

Vol. 26 Ch. 252

Chapter 252

ကျောက်ဟုံရှားသည် ဟောက်ယန်ယန်ကို ချော့မော့ကာ ပြောဆိုလိုက်သည်။

“ကိုယ်ပိုင်လုပ်ငန်းလုပ်တာ ဘာအာမခံချက်မှ မရှိဘူးဆိုပေမယ့်လည်း ကျမ့်ဝမ်က အားကိုးရတော့ နင့်ဖာသာနင် ဒီလို အရံဆိုင် အသေးလေးတစ်ခုလောက်ဖွင့်ပြီး တစ်ဖက်တစ်လမ်းက ဝင်ငွေရှာတာလည်းကောင်းပါတယ်”

အမှန်တွင် ရှုမိသားစု၏ လူနေမှုအဆင့်အတန်းမှာ အခြားသော သာမန်မိသားစုများထက် များစွာ အဆင်ပြေချမ်းသာကြပြီးသား ဖြစ်ပါသည်။

ရှုကောချန့်နှင့် ကျောက်ဟုံရှားတို့ လင်မယားနှစ်ဦးစလုံး ပုံမှန်လစာဝင်ငွေများ ရရှိသည့်အပြင် အခြားသော လူမှုဖူလုံရေး ထောက်ပံ့ကြေးမျိုးစုံကိုပါ ပုံမှန်ရရှိကြသည်။

သို့သော်ငြားလည်း ငွေပိုငွေလျှံရှိသည်ကို မည်သူက မလိုချင်ဘဲ နေမည်နည်း။

ထို့ကြောင့် ဟောက်ယန်ယန်တစ်ယောက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေကောင်းကောင်းရှာနိုင်သည်ကို ကြားသိလိုက်ရသည်နှင့် ကျောက်ဟုံရှားမှာ ယခင်ကကဲ့သို့ ကိုယ်ပိုင်လုပ်ငန်းကို ပိတ်ပင်တားဆီးခြင်းမျိုး မရှိတော့ပေ၊။

သို့သော် စကားအဆုံးတွင် အရေးကြီးသည့်အကြောင်းအရာကို မဖြစ်မနေ သတိပေးခဲ့ပါသေးသည်။

“ဘာပဲဖြစ်ဖြစ် ကလေးတစ်ယောက်တော့ မြန်မြန်ယူမှဖြစ်မယ်၊ နင့်ခန္ဓာကိုယ်မှာ ပြဿနာတစ်ခုခုရှိနေတာမျိုး မဖြစ်ရအောင် ဆေးရုံသွားပြီး သေသေချာချာ စစ်ဆေးကြည့်သင့်တယ်”

ဟောက်ယန်ယန်သည် စိတ်ဘဝင်မကျမှုများကို အတင်းချုပ်တည်းကာ ခေါင်းသာ ညိတ်ပြလိုက်ပါသည်။

ကျန်ရှိသည့် ညစာစားချိန်တစ်ချိန်လုံးမှာလည်း ဟောက်ယန်ယန်အတွက် ဖယောင်းတုံးကြီးများကို ဝါးနေသကဲ့သို့ မည်သည့်အရသာမှ မရှိတော့ဘဲ ပျင်းရိငြီးငွေ့စရာ ကောင်းလှပေတော့သည်။

ရှုအိမ်တော်မှ ပြန်လာသောအခါ ရှုကျမ့်ဝမ်ကို ဟောက်ယန်ယန် မကျေမနပ် မေးမြန်းလိုက်သည်။

“အမေက ကျွန်မကို ဆေးရုံခေါ်သွားချင်တယ်လို့ တတွတ်တွတ်ပြောနေတာ ရှင်ဘာလို့ ဝင်မကန့်ကွက်တာလဲ”

ရှုကျမ့်ဝမ်ကလည်း ကန့်ကွက်ဖို့ လိုအပ်သည်ဟု မခံစားမိပေ။

“အမေ့စိတ်ကို မင်းလည်းမသိတာ မဟုတ်ဘဲနဲ့၊ သူ့ဆန္ဒကို လိုက်လျောမပေးရင် ရှေ့လျှောက်အေးအေးချမ်းချမ်းနေရဖို့ စိတ်မကူးနဲ့တော့၊ ဒီတိုင်း ပုံမှန်ကျန်းမာရေးစစ်တယ်လို့ပဲ သဘောထားလိုက်ပေါ့”

ဟောက်ယန်ယန် ဒေါသထွက်သွားသည်။

“ပြီးတာပဲ! အဲ့တာဆို ကျွန်မတို့နှစ်ယောက်စလုံး သွားစစ်ကြတာပေါ့”

ရှုကျမ့်ဝမ်တွင်လည်း ပြဿနာတစ်ခုခုရှိနေနိုင်သည်ဟု သူမ သံသယဖြစ်မိသည်။ သူမတို့နှစ်ဦးစလုံး မည်သည့်အကာအကွယ်မှ အသုံးမပြုခဲ့ကြသဖြင့် ကလေးရဖို့ ဤမျှအထိ အချိန်ကြာမြင့်နေစရာ မလိုအပ်ပေ။

ဇနီးဖြစ်သူ၏ စကားကိုကြားပြီး ရှုကျမ့်ဝမ် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ငါ့မှာ ဘာပြဿနာရှိနိုင်မှာမို့လို့လဲ”

ဟောက်ယန်ယန်က ချေပသည်။

“ရှုကျမ့်ဝမ်၊ ရှင်က တက္ကသိုလ်ဘွဲ့ရပညာတတ်ကြီးဖြစ်ပြီး အဲ့လောက်တုံးအရသလား၊ ဒီလိုကိစ္စမျိုးမှာ ယောက်ျားကော၊ မိန်းမကော ဘယ်သူမဆိုပြဿနာရှိနေနိုင်တာ နားမလည်ဘူးလား”

ရှုကျမ့်ဝမ်သည် ဟောက်ယန်ယန်၏ လက်ကို လွှတ်ချပစ်လိုက်သည်။

“မင်းဖာသာမင်း မသွားချင်ရင်မသွားနဲ့၊ ငါ့ကိုတော့ လာဆွဲထည့်စရာမလိုဘူး”

ဟောက်ယန်ယန်သည် မိမိကို ပစ်ထားခဲ့ပြီး တစ်ယောက်တည်း ရှေ့မှထွက်ခွာသွားသော ရှုကျမ့်ဝမ်၏ ကျောပြင်ကို ငေးကြည့်ရင်း မျက်ရည်များ ဝဲတက်လာခဲ့သည်။

ရှုကျမ့်ဝမ် အဘယ်ကြောင့် ဤမျှသွေးအေးရက်စက်နေရသည်ကို သူမ နားမလည်နိုင်ပေ။ ယခင်ဘဝက အိမ်တွင်း အကြမ်းဖက်သည့် လူယုတ်မာလောက် မဆိုးရွားသော်လည်း ဤကဲ့သို့သော အိမ်ထောင်ရေးမှာ သူမမျှော်လင့်ထားသည့် အိမ်ထောင်ရေးမျိုး မဟုတ်သေးပေ။

သူမမျှော်လင့်ခဲ့သည်မှာ အပြန်အလှန်နားလည်မှုရှိပြီး သာယာလှပသည့် အိမ်ထောင်ရေးတစ်ခုသာဖြစ်ပါသည်။ ထိုကဲ့သို့သော အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်ဖို့ အဘယ့်ကြောင့် ဤမျှခက်ခဲနေရသည်ကို သူမ အမှန်တကယ် နားမလည်နိုင်တော့ပေ။

သူတို့နှစ်ဦးတည်း သီးသန့်အိမ်တွင် ပြောင်းရွှေ့နေထိုင်စဉ်ကတည်းက မကြာခဏ စကားများခဲ့ရသည်။ စကားများသည့် အကြိမ်တိုင်းလည်း ဟောက်ယန်ယန်ဘက်မှ တောင်းပန်မှသာ ပြန်အဆင်ပြေသွားတတ်ပါသည်။

ယခုတစ်ခေါက်တွင်မူ ရက်ပေါင်းများစွာကြာသည်အထိ ဟောက်ယန်ယန် ပြန်မတောင်းပန်ခဲ့သဖြင့် သူတို့နှစ်ဦးအကြားမှ အခြေအနေမှာ သောင်မတင်ရေမကျ အေးစက်စက် ဖြစ်နေတော့သည်။

ရက်အနည်းငယ်အကြာတွင် ဟောက်ယန်ယန်သည် အထည်အသစ်များကို သွားရောက်ယူဆောင်ဖို့ လိုအပ်သဖြင့် အိမ်မှစောစီးစွာ ထွက်ခဲ့ပါသည်။ အလုပ်များအားလုံးပြီးဆုံးချိန်တွင် ညနေ ၄ နာရီပင် ထိုးနေလေပြီ။

ဆိုင်တံခါးကို သေသေချာချာ သော့ခတ်ပြီးနောက် ဟောက်ယန်ယန် အိမ်ပြန်ဖို့ပြင်လိုက်သည်။

စိတ်ထဲတွင်လည်း ယနေ့ည ရှုကျမ့်ဝမ် ကြိုက်တတ်သည့် ဟင်းလျာများကို ချက်ပြုတ်ပေးရမည်ဟု တွေးတောနေမိပါသည်။ စကားများရန်ဖြစ်ထားသည်ဆိုဦးတော့၊ သူမ၏ အိမ်ထောင်ရေးကို မပြိုကွဲစေချင်သေးပေ။

ထိုစဉ် ဘေးနားမှ လူရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး ဟောက်ယန်ယန်ထံသို့ ပြေးလာကာ သူမကို အတင်းချုပ်နှောင်ပြီး ဆိုင်ဘေးရှိ လမ်းကြားလေးထဲသို့ ဆွဲခေါ်သွားပါသည်။

“အွန်း---!!”

ပြန်ပေးသမားတစ်ဦးနှင့် ကြုံနေရသည်ဟု ထင်မှတ်လျက် ဟောက်ယန်ယန် အသည်းအသန် ရုန်းကန်လေတော့သည်။

“ယဲ့ယန်ယန်၊ ငါနင့်ကို လိုက်ရှာနေတာ တော်တော်ကြာပြီ၊ နင်တော်တော် ပြေးနိုင်တာပဲ”

လီသဲ့ရှု၏ ကောက်ကျစ်ယုတ်မာသော အသံကို ဟောက်ယန်ယန် နားနှင့်ဆက်ဆက်ကြားလိုက်ရသည်။

ဤသက်ရှိအိပ်မက်ဆိုးကြီး၏ အသံကြောင့် ဟောက်ယန်ယန်၏ အတိတ်က မှတ်ဉာဏ်များ ပြန်လည်နိုးထလာကာ ပိုမိုကြမ်းတမ်းစွာ ရုန်းကန်မိတော့သည်။ ထိုအသံဆိုးကြီးကို သူမ သေသည်အထိ မေ့ပျောက်နိုင်လိမ့်မည် မထင်ပေ။

လီသဲ့ရှု၏ ခြေထောက်တစ်ဖက်ကို အားဖြင့် ဆောင့်နင်းလိုက်ရာ လီသဲ့ရှုတစ်ယောက် နာကျင်လွန်းသဖြင့် စူးစူးရှရှအော်ဟစ်ပြီး လက်ကို လွှတ်ပေးလိုက်ရသည်။

သူ့လက်မှ လွတ်သွားသည့်စက္ကန့်ပိုင်းအတွင်းမှာပင် ဟောက်ယန်ယန်သည် လီသဲ့ရှု၏ လက်ကောက်ဝတ်ကို အငြှိုးအတေးကြီးစွာဖြင့် ဖိကိုက်ပစ်လိုက်တော့သည်။

ထို့နောက် လီသဲ့ရှုဟန်ချက်ပျက်သွားသည်ကို အခွင့်ကောင်းယူကာ ဟောက်ယန်ယန် အလျင်အမြန် ထွက်ပြေးလာခဲ့တော့သည်။

ပြေးလွှားနေရင်း နောက်သို့တစ်ချက်လှည့်ကြည့်လိုက်ရာ စုတ်ပြတ်သပ်ပြီး ဖရိုဖရဲဖြစ်နေသည့် အခြေအနေနှင့် လီသဲ့ရှုကို မြင်လိုက်ရသည်။

“ဒီကောင်မ…!”

သူ့လက်မှ ဟောက်ယန်ယန် လွတ်မြောက်သွားလိမ့်မည်ဟု လီသဲ့ရှု လုံးဝ ထင်မှတ်မထားခဲ့ပေ။

သူ့နာကျင်မှုကို အောင့်အည်းသည်းခံရင်း မော့ကြည့်လိုက်ချိန်တွင် ဟောက်ယန်ယန်သည် လူစည်ကားသော လမ်းမကြီးပေါ်သို့ပင် ရောက်ရှိသွားပါပြီ။

လမ်းသွားလမ်းလာများက အလွန်များပြားသဖြင့် လီသဲ့ရှု ထပ်မံလှုပ်ရှားဖို့ ခက်ခဲသွားခဲ့လေပြီ။

အမှန်စင်စစ် ယနေ့တွေ့ဆုံမှုမှာ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ခဲ့ပါသည်။ ဇာတိမြို့တွင် အကြွေးရှင်များက လိုက်လံဖမ်းဆီးနေသဖြင့် လီသဲ့ရှု ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်။

ယခုဘဝတွင် လက်ထပ်ထားသည့် မိန်းမနှင့်လည်း ကွာရှင်းခဲ့ပြီးပါပြီ။ ထိုမိန်းမက သူ့ကို ကွာရှင်းစရိတ်အနေဖြင့် ‌လျော်ကြေးငွေ ယွမ် ၂,၀၀၀ ပေးခဲ့သဖြင့် လီသဲ့ရှု လိုလိုလားလား ကွာရှင်းပေးခဲ့ခြင်းဖြစ်သည်။

ထိုငွေနှင့်သာဆိုလျှင် ရွာတွင် နှစ်ပေါင်းများစွာတိုင်အောင် အေးအေးချမ်းချမ်း နေနိုင်ပါလိမ့်မည်။

သို့သော် လီသဲ့ရှုသည် ထိုငွေများကို အသုံးချလျက် ပေကျင်းမြို့တွင်‌ လာရောက်နေထိုင်ခဲ့သည်။။ အဓိကအားဖြင့် ယဲ့ယန်ယန်ကို ရှာဖွေဖို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါသည်။

သူမကို ရှာဖွေနေစဉ်အချိန်အတွင်းမှာလည်း အလကားသက်သက် အချိန်မဖြုန်းခဲ့ဘဲ အတိတ်ဘဝမှ မှတ်ဉာဏ်များကို အသုံးချကာ လုပ်ငန်းအသေးစားလေးများ ပြုလုပ်လျက် အချိန်အတိုင်းအတာတစ်ခုအထိ ဘဝကို အေးအေးလူလူဖြတ်သန်းနိုင်ခဲ့ပါသ်ည။

သို့သော် လောင်းကစားသမားတစ်ဦးဟူသည်မှာ မည်သည့်အခါမှ အကျင့်ဆိုးကို ဖျောက်ဖျက်၍ မရနိုင်ပေ။

လီသဲ့ရှုသည် မကြာမီမှာပင် လောင်းကစားစွဲသည့် ရောဂါဟောင်း ပြန်လည်ထကြွလာခဲ့ပြီး မိမိလက်ထဲရှိသမျှ ငွေအားလုံးကို လောင်းကစားဝိုင်းတွင် ပြောင်စင်အောင် ကစားပစ်ခဲ့ပါသည်။

ထို့ကြောင့် ကုန်တင်ကုန်ချ နေ့စားအလုပ်သမားဘဝဖြင့်သာ အလုပ်ကြမ်းများကို လုပ်ကိုင်ရင်း အသက်ဆက်မွေးခဲ့ရသည်။

နှစ်ရက်နား၊ သုံးရက်လုပ်စနစ်ဖြင့် ပေကျင်းမြို့တွင် ရှင်သန်နိုင်သည် ဆိုရုံမျှသာ ရှိတော့သည်။

ယနေ့အလုပ်ဆင်းသောအခါ လီသဲ့ရှုသည် ရင်းလည်းရင်းနှီး၊ ထူးလည်းထူးခြားနေသော လူတစ်ဦးကို မြင်ခဲ့ရပါသည်။

အတန်ကြာအောင် သေသေချာချာစိုက်ကြည့်ပြီးမှ ယခင်ဘဝက သူ့မိန်းမ ယဲ့ယန်ယန်ဖြစ်မှန်း အတည်ပြုနိုင်ခဲ့သည်။

သို့သော် ယခင်ဘဝက ယဲ့ယန်ယန်နှင့် ယခုဘဝ ယဲ့ယန်ယန်တို့၏ ကွာခြားချက်မှာ အလွန်ပင်ကြီးမားလွန်းပါသည်။

ယခင်ဘဝက ယဲ့ယန်ယန်သည် ကြမ်းတမ်းရှုပ်ပွနေသည့် ဆံပင်များ၊ ညစ်ပတ်ပေရေနေသည့် မျက်နှာတို့ဖြင့် နွမ်းဖတ်နေသော မုဆိုးမတစ်ဦး၏ ပုံစံမျိုးပင်ဖြစ်သည်။

သို့သော် လက်ရှိ ယဲ့ယန်ယန်ကမူ ဆံပင်ကို ခေတ်မီလှပစွာ ကောက်ထားပြီး၊ ဂါဝန်လှလှလေးတစ်ထည်ကို ဝတ်ဆင်ထားကာ ကိုယ်လုံးကိုယ်ပေါက်ကလည်း သွယ်လျလှပလွန်းပါသည်။ မြို့သူတစ်ဦး၏ ရောင်ဝါမျိုး အပြည့်အဝ ပေးစွမ်းနေလေသည်။

သူမ၏ ရုပ်ရည်က ထူးထူးခြားခြား လှပလွန်းသည်မဟုတ်သော်လည်း ‌ကျေးလက်တောရွာမှ မိန်းကလေးများနှင့် ယှဉ်လိုက်လျှင်တော့ အဆပေါင်းများစွာ ပိုသာလွန်ပါသေးသည်။

လီသဲ့ရှုသည် သူမထွက်လာသည့် အထည်ဆိုင်အား လှည့်ကြည့်လိုက်ပါသည်။ သူမကို ဤနေရာတွင်သာ ထပ်စောင့်နေမည်ဟု ဆုံးဖြတ်လိုက်သည်။

ဟောက်ယန်ယန်သည် လီသဲ့ရှု၏ အရိပ်အယောင်ကို မမြင်ရတော့သည့်တိုင်အောင် ထိတ်လန့်တုန်လှုပ်စွာဖြင့် အဝေးဆုံးသို့ ထွက်ပြေးလာခဲ့သည်။ ထို့နောက် လူစည်ကားသည့်နေရာတစ်ခုကို ရှာဖွေပြီးမှ အမောထိုင်ဖြေနိုင်ပါသည်။

‘လီသဲ့ရှုက ဘာလို့ဒီရောက်နေတာလဲ… ပြီးတော့ ငါ့ကို ‘ယဲ့ယန်ယန်’လို့ ခေါ်လိုက်တာလား၊ ငါ့ကို အဲ့နာမည်နဲ့ ဘယ်သူမှ မခေါ်ကြတာ တော်တော်ကြာနေပြီလေ! သူဘာလိုချင်တာလဲ!’

ယခုဘဝတွင် သူမနှင့် လီသဲ့ရှုတို့ လုံးဝ ပတ်သက်မှုမရှိခဲ့သည်မှာ သေချာပါသည်။

သို့သော် စောစောက လီသဲ့ရှု၏ ရူးမိုက်သော အပြုအမူများကို ကြည့်ခြင်းအားဖြင့် ယခင်ဘဝက လက်ထပ်ပြီးနောက် ခံစားခဲ့ရသည့် အိမ်တွင်းအကြမ်းဖက်မှု အိပ်မက်ဆိုးများကို ဟောက်ယန်ယန် တစ်ဖန်ပြန်လည် အမှတ်ရလာခဲ့သည်။

ဟောက်ယန်ယန် စိတ်အနည်းငယ်လျှော့ချလိုက်သောအခါ သူမ၏ စိုးရိမ်ပူပန်မှုများလည်း အနည်းငယ် ပျောက်ကွယ်သွားရသည်။

သူမသည် ယခင်ဘဝကလို ခိုကိုးရာမဲ့သည့် ယဲ့ယန်ယန် မဟုတ်တော့ပေ။ ပေကျင်းမြို့ကဲ့သို့ အဆက်အသွယ် ကျယ်ပြန့်လှသော နေရာတစ်ခုတွင် လီသဲ့ရှုကဲ့သို့ သာမန်ရွာသားတစ်ဦးကို ကိုင်တွယ်ဖို့ မခက်ခဲနိုင်ပါ။

စောစောက သူမစိတ်ချောက်ချားခဲ့ရခြင်းမှာလည်း ခန္ဓာကိုယ်မှ အလိုလျောက်တုံ့ပြန်မှုတစ်ခုသာဖြစ်ပါသည်။

ဟောက်ယန်ယန် အိမ်ပြန်ရောက်သောအခါ ရှုကျမ့်ဝမ် ပြန်မလာသေးပေ။ ထို့ကြောင့် အိမ်ကဖုန်းဖြင့် စစ်တပ်ဝင်းတွင် နေထိုင်သည့် ဟယ်ချောင်းရှန့်ထံသို့ ဖုန်းဆက်လိုက်ပါသည်။

“အမေ၊ သမီးအကူအညီတစ်ခုလောက် တောင်းချင်လို့၊ ဟိုတလောက သမီးအလုပ်လုပ်ရင်း ပြိုင်ဘက်တစ်ယောက်နဲ့ ကတောက်ကဆဖြစ်သွားလို့လေ… အဲ့တာ သမီးကို ကာကွယ်ပေးဖို့ လူနည်းနည်းလောက် လွှတ်ပေးလို့ရမလားဟင်”

ဤကဲ့သို့ ကိစ္စမျိုးမှာ ဟယ်ချောင်းရှန့်အတွက် စကားထဲပင် ထည့်ပြောစရာမလိုပေ။ ပေကျင်းမြို့တွင် ကျင်လည်ခဲ့သည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်၍ ဘော်ဒီဂတ်အနည်းငယ် ငှားရမ်းဖို့က အလွန်လွယ်ကူပါသည်။

ဟောက်ယန်ယန်၏ စကားကိုကြားသောအခါ ဟယ်ချောင်းရှန့်က ချက်ချင်းပြောလိုက်သည်။

“အခုပဲ စီစဉ်ပေးလိုက်မယ်၊ နင့်ပြဿနာကို သွားဖြေရှင်းရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ခေါင်းမော့ရင်ကော့ထား၊ ငါတို့မိသားစု ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမယ့် အပြုအမူမျိုး လုံးဝ မလုပ်နဲ့ ကြားလား”

ဟောက်ယန်ယန် ပြုံးကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အမေ၊ သမီးနားလည်ပါတယ်”

ဟယ်ချောင်းရှန့် အနည်းငယ်တော့ စိတ်ဝင်စားမိသည်။

“နင့်ရဲ့ ဘာမဟုတ်တဲ့ ဆိုင်လေးက ပြိုင်ဘက်တွေဘာတွေတောင်ရှိတယ်ပေါ့ ဟုတ်လား”

ဟောက်ယန်ယန်: “သမီးလုပ်ငန်းကို တိုးချဲ့ဖို့ စီစဉ်နေပါပြီ အမေရဲ့”

“အေးပါ၊ အဲ့တာဆိုလည်း ငါအရှက်မကွဲရအောင် အလုပ်ကြိုးစား၊ မနက်ဖြန်ကျရင် နင့်ဆီ ဘော်ဒီဂတ်နည်းနည်း လွှတ်ပေးလိုက်မယ်”

ဟောက်ယန်ယန် ကျေးဇူးထပ်တင်လိုက်သည်။

ဖုန်းချပြီးနောက် သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ကြောက်လန့်မှု စိုးစင်းမျှ မရှိတော့ချေ။ သူမ၏ လက်ရှိ အခြေအနေနှင့် အဆင့်အတန်းကို လီသဲ့ရှု လုံးဝ သိရှိထားမည်မဟုတ်ဟု ဟောက်ယန်ယန် အပြည့်အဝ ယုံကြည်ပါသည်။

ထို့အပြင် ယဲ့မိသားစုကလည်း သူမနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပေါက်ကြားစေမည် မဟုတ်ပေ။ ဆိုလိုသည်မှာ လီသဲ့ရှုနှင့် စာရင်းရှင်းဖို့ဟူသည်မှာ ထမင်းစားရေသောက်ရသကဲ့သို့ လွယ်ကူပေလိမ့်မည်။

ယခင်ဘဝက ခံစားခဲ့ရသမျှ ဒုက္ခအားလုံးအတွက် သူမကလဲ့စားပြန်ချေမည်။ သူမရှေ့မှောက်သို့ ထပ်မံ ရောက်ရှိမလာရဲတော့သည့်အထိ လီသဲ့ရှုအောင် ကောင်းကောင်းဆုံးမပေးပါမည်။

တစ်ဖက်တွင်မူ လီသဲ့ရှုသည် မိန်းမတစ်ယောက်၏ လုပ်စာကို အလကားထိုင်စားပြီး ချမ်းသာချင်နေသည့် သူ၏ မဟာအကြံအစည်ကြီး ပျက်စီးတော့မည်ကို မသိရှိဘဲ အိပ်မက်လှလှ မက်နေဆဲပင်။

နောက်တစ်နေ့တွင် ဟယ်ချောင်းရှန့် စီစဉ်ပေးထားသည့် ဘော်ဒီဂတ်များနှင့် ဟောက်ယန်ယန် သွားရောက် တွေ့ဆုံခဲ့သည်။

ဘော်ဒီဂတ် စုစုပေါင်း သုံးယောက်ရှိပြီး အားလုံးက အရပ်မြင့်မြင့်၊ ထွားထွားကျိုင်းကျိုင်းနှင့် ကိုယ်ခံပညာကို ကောင်းစွာ တတ်မြောက်ထားကြသူများဖြစ်ပါသည်။

ဟောက်ယန်ယန်သည် ထိုလူသုံးဦးကို သူမ၏ ဆိုင်ရှိရာထံသို့ လမ်းပြခေါ်ဆောင်လာခဲ့သည်။ သို့သော် ဆိုင်ရှေ့သို့ မရောက်မီ လူစုခွဲခိုင်းလိုက်ပြီး ခဏအကြာမှ သူမနောက်ကို ဆက်လိုက်လာဖို့ ညွှန်ကြားလိုက်သည်။

သေချာပါသည်။ လီသဲ့ရှုမှာ ဆိုင်ရှေ့တွင် ထီးထီးကြီး စောင့်မျှော်နေသေးသည်။

ဟောက်ယန်ယန်ကို တွေ့ရသည်နှင့် မနေ့ကလိုပင် ပြန်ပေးဆွဲဖို့ လီသဲ့ရှု ကြံစည်ထားပါသည်။ သူတို့နှစ်ဦး ပြောစရာစကားများစွာ ရှိနေသေးသည်။

လီသဲ့ရှုသည် ပစ်မှတ်ကို သေချာအကဲခတ်ကာ ခုန်အုပ်ဖို့ အသင့်ပြင်လိုက်လေတော့သည်။

All Chapters