← Chapters

အခန်း ၂၅၃

Vol. 26 Ch. 253

အခန်း ၂၅၃

Vol. 26 Ch. 253

Chapter 253

လီသဲ့ရှုသည် ဟောက်ယန်ယန်၏ လက်ကို အောင်အောင်မြင်မြင် ဖမ်းချုပ်နိုင်ခဲ့သော်လည်း ယခုတစ်ခေါက်တွင်မူ သူမ၏ မျက်နှာပေါ်၌ စိုးရိမ်ကြောက်လန့်မှု စိုးစင်းမျှရှိမနေပေ။

ထို့အစား သူ့ကို စေ့စေ့စိုက်ကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။

ထိုအပြုံးကြောင့် လီသဲ့ရှုရင်ထဲ နိမိတ်မကောင်းသော ခံစားချက်ကြီး ဖြစ်ပေါ်လာပါသည်။

ချက်ချင်းဆိုသလိုပင် ဟောက်ယန်ယန်၏ ဘော်ဒီဂတ်သုံးဦးက အရှိန်အဟုန်ဖြင့် ပြေးဝင်လာပြီး လီသဲ့ရှုအား မြေပေါ်သို့ အားဖြင့် လှဲချချုပ်ကိုင်ပစ်လိုက်သည်။

“အု---အွန်း!!!”

လီသဲ့ရှု အသည်းအသန် ရုန်းကန်သော်လည်း သန်မာထွားကျိုင်းသည့် ယောက်ျားကြီးသုံးဦးလက်မှ မည်သို့ လွတ်မြောက်နိုင်ပါမည်နည်း။

“ဒီကောင့်ကို ဘယ်လိုရှင်းလိုက်ရမလဲ မမလေး”

ဟောက်ယန်ယန်၏ နှုတ်ခမ်းပေါ်တွင် သွေးအေးရက်စက်သော အပြုံးတစ်ခုပေါ်လာသည်။

“သူ့ကိုဆိုင်ထဲခေါ်သွားပြီး ခြေထောက်တွေ ရိုက်ချိုးပစ်လိုက်၊ ပြီးရင် စိတ်ကျန်းမာရေးဆေးရုံဆီ ပို့လိုက်”

သူမသည် လီသဲ့ရှုကို အသက်ရှည်ရှည် နေစေချင်ပါသည်။ အသက်ရှင်နေသည့် ကာလပတ်လုံး ဆိုးရွားသည့် ဒုက္ခဆင်းရဲများကို နေ့စဉ်မပြတ် ခံစားစေရမည်။

ထိုအခါမှသာ ယခင်ဘဝက သူမ ခံစားခဲ့ရသမျှ အငြှိုးတရားများအတွက် ကလဲ့စားပြန်ချေနိုင်ပေလိမ့်မည်။

ပေကျင်းမြို့သည် နိုင်ငံတော်၏ အချက်အချာကျသော မြို့တော်ဖြစ်သော်လည်း ဤခေတ်အခါက လမ်းမများပေါ်၌ လုံခြုံရေးကင်မရာများကို အနှံ့အပြားတပ်ဆင်ထားခြင်း မရှိသေးပေ။

ထို့ကြောင့် မှောင်မိုက်ကျဉ်းမြောင်းသည့် လမ်းကြားလေးတစ်ခုထဲတွင် လူတစ်ဦးကို ရိုက်နှက်ညှင်းပန်းလျှင်ပင် တရားခံကို ရှာတွေ့ဖို့ ခဲယဉ်းပါလိမ့်မည်။

ဘော်ဒီဂတ်သုံးဦးသည်လည်း ညွှန်ကြားချက်ကို ရရှိပြီးနောက် စက္ကန့်ပိုင်းပင် မတွန့်ဆုတ်ဘဲ လီသဲ့ရှုကို ဆိုင်ထဲသို့ ဆွဲခေါ်ကာ ပါးစပ်ကို အုပ်ထားလိုက်ပြီး ရက်ရက်စက်စက် ထိုးကြိတ်ထုနှက်ကြလေတော့သည်။

“ကယ်… ကယ်ကြ---”

လီသဲ့ရှု၏ နာကျင်မှုအော်ဟစ်သံများအားလုံး လည်ချောင်းဝ၌ပင် ပြန်လည်နစ်မြုပ်သွားခဲ့ရသည်။ ခန္ဓာကိုယ်တစ်ခုလုံး ကြမ်းပြင်ပေါ်တွင် လိပ်ပြာလွင့်မတတ် တွန့်လိမ်နေခဲ့ရသည်။

သံပိုက်လုံးတစ်ချောင်းက သူ့ခြေထောက်များပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ကျရောက်လာရာ အစပိုင်းတွင် အလွန်စူးရှသည့် နာကျင်မှုများကို ခံစားခဲ့ရသော်ငြား အချိန်ကြာလာသည်နှင့်အမျှ မည်သည့်နာကျင်မှုမှ မခံစားရတော့ဘဲ ထုံကျင်သွားတော့သည်။

လီသဲ့ရှုတစ်ယောက် ကြမ်းပြင်ပေါ်တွင် ခွေးသေကောင်တစ်ကောင်ပမာ ခွေခွေလေး လဲနေခဲ့သည်။

ဟောက်ယန်ယန်၏ မျက်ဝန်းအစုံတွင် ရူးသွပ်သော အရိပ်အယောင်များ ထင်ဟပ်လာခဲ့သည်။ စုတ်ပြတ်သပ်နေသည့် လီသဲ့ရှု၏ အခြေအနေကို ကြည့်ရင်း သူမ အားရပါးရ ဟားတိုက်ရယ်မောလိုက်တော့သည်။

“သူ့ကို ခေါ်သွားပြီး ယွဲ့ယာရှန်း စိတ်ကျန်းမာရေးဆေးရုံကို ပို့လိုက်ကြ၊ အနှစ် ၅၀ စာအတွက် ကုန်ကျစရိတ်အားလုံးကို ငါအကြေ ချေပေးမှာမို့လို့ ဒီကောင့်ကို ‘အထူးတလည် ဂရုစိုက်ပေးဖို့’ ဆရာဝန်တွေကို သေချာမှာခဲ့ကြ”

ဘော်ဒီဂတ်သုံးဦး အမိန့်နာခံလိုက်ကြသည်။

“ဟုတ်ကဲ့ပါ မမလေး”

သို့သော် သူတို့သုံးဦးစလုံး၏ ရင်ထဲတွင်မူ ကြက်သီးမွေးညှင်းများ ဖြန်းခနဲ ထသွားမိပါသည်။ ဤမိန်းကလေးမှာ အလွန်ပင် ကြောက်စရာကောင်းလွန်းလှသည်။

ယွဲ့ယာရှန်း စိတ်ကျန်းမာရေးဆေးရုံဟူသည်မှာ မြို့ပြင်ရှိ တောင်နက်ကြီးတစ်ခုထဲတွင် တည်ရှိသည့် ဆေးရုံတစ်ခုဖြစ်ပြီး ထိုနေရာရှိ အဆောက်အအုံ စက်ပစ္စည်းများမှာ အလွန်အဆင့်မြင့်ပြီး ဝန်ထမ်းများကလည်း အလွန် ကျွမ်းကျွမ်းကျင်ကျင် ရှိကြပါသည်။

စိတ်ဝေဒနာရှင် အစစ်အမှန်များအတွက် အလွန်ကောင်းမွန်သော ကုသမှုူများကို ရရှိနိုင်ပေသည်။

တစ်ချိန်တည်းမှာပင် လုံခြုံရေးကလည်း တင်းကျပ်ပြီး ပြင်ပလောကနှင့် အဆက်အသွယ်လုံးဝ ပြတ်တောက်နေသည့် နေရာတစ်ခုဖြစ်၍ လူနာတစ်ဦးအနေဖြင့် အပြင်သို့ ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်သလောက် ရှိပါသည်။

ဤလူမှာ အမှန်တကယ်ရူးသွပ်နေခြင်း ဟုတ်၊ မဟုတ်ကို မသိနိုင်သော်လည်း ဘော်ဒီဂတ်သုံးဦးသည် သူ့အတွက် စိတ်မကောင်းဖြစ်သော မျက်လုံးများဖြင့်သာ ကြည့်မိကြတော့သည်။

လီသဲ့ရှုကို ဆွဲခေါ်သွားကြသည့်အခါမှသာ ဟောက်ယန်ယန် စိတ်အေးလက်အေး သက်ပြင်းချနိုင်ပါသည်။

ပိုင်ချွမ်ရွာမှ လူတစ်ဦးကို ပေကျင်းမြို့တွင် လာဆုံရလိမ့်မည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ပေ။ ထို့အပြင် သူမကို လီသဲ့ရှုလာရောက်ရှာဖွေရသည့် နောက်ကွယ်မှ အဓိပ္ပာယ်ကိုလည်း နားမလည်နိုင်သေးပါ။

‘ဧကန္တ သူလည်း…’

ဟောက်ယန်ယန် ခေါင်းကို အသည်းအသန် ခါယမ်းပစ်လိုက်သည်။

မဖြစ်နိုင်ပေ။ အကယ်၍သာ လီသဲ့ရှုလည်း ပြန်လည်မွေးဖွားလာသူတစ်ဦးဆိုလျှင် ဤကဲ့သို့ စုတ်စုတ်ပြတ်ပြတ် ဘဝမျိုးနှင့် နေထိုင်နေရစရာအကြောင်းမရှိပေ။

သူ့ဘဝ စုတ်ပြတ်နေချိန်တွင် အသိအကျွမ်းတစ်ဦးကို အမှတ်မထင် မြင်လိုက်ရသဖြင့် ခြိမ်းခြောက်အကျပ်ကိုင် ငွေညှစ်ဖို့ ကြံစည်နေခြင်းသာဖြစ်ပါလိမ့်မည်။

သူ့အတွက်စိတ်မကောင်းစရာမှာ သူမသည် ယခင်ဘဝကကဲ့သို့ နုံနုံအအ ကျေးလက်တောရွာသူ မဟုတ်တော့ခြင်းပင်။

လီသဲ့ရှုနှင့် စာရင်းရှင်းပြီးသောအခါ ဟောက်ယန်ယန်သည် အလုပ်ဆက်လုပ်ဖို့သာ အာရုံစိုက်ခဲ့ပါသည်။

ယခုတလော အဖြုတ်အတပ်လုပ်နိုင်သည့် ကော်လံဒီဇိုင်းအသစ်များပါရှိသော ကုန်ပစ္စည်းအသစ်များ ပေကျင်းသို့ ဝင်ရောက်လာခဲ့သည်။ ထိုကော်လံများက လူကြိုက်များပြီး အလွန်အရောင်းသွက်လှပါသည်။

သို့သော် ရောင်းလိုအားထက် ဝယ်လိုအားက များပြားနေသဖြင့် ထိုပစ္စည်းကို ထုတ်လုပ်သည့် ရင်းမြစ်အား ဟောက်ယန်ယန် သေသေချာချာစုံစမ်းဖို့ လိုအပ်နေလေပြီ။

ယခင်ဘဝက ထိုအင်္ကျီကော်လံဒီဇိုင်းများသည် ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ကာ ပြည်သူလူထုအတွက် အဆင်ပြေ သက်သာစေသည်ဟုဆိုလျက် အဝတ်အထည်ထုတ်ကုန်လောက၏ ကြီးမားသော တီထွင်ဆန်းသစ်မှုတစ်ခုအဖြစ် ရုပ်မြင်သံကြား သတင်းများတွင် ချီးကျုးဂုဏ်ပြုခဲ့ကြပါသည်။

နိုင်ငံတော်ကပင် ထောက်ခံအားပေးထားသော ထုတ်ကုန်တစ်ခုဖြစ်ရာ ထိုပစ္စည်းများကို ရောင်းချခြင်းအားဖြင့် ဝင်ငွေကောင်းကောင်းရရှိနိုင်မည်မှာ မလွဲဧကန်ပင်။

ဟောက်ယန်ယန် အနည်းအကျဉ်းမှတ်မိသော်လည်း မည်သည့်ခုနှစ်တွင် ရေပန်းစားလာသည်ကိုတော့ အတိအကျ မမှတ်မိပေ။

ထို့ကြောင့် ထိုအင်္ကျီကော်လံများက ပုံမှန်ထက် နှစ်ပေါင်းများစွာ စောစီးကာ ပေါ်ပေါက်လာခဲ့သော်လည်း ဟောက်ယန်ယန် သံသယမဖြစ်ခဲ့မိပါ။

ဟောက်ယန်ယန်သည် သူမ၏ စီးပွားရေးအင်ပါယာကို အားကြိုးမာန်တက် တည်ဆောက်နေသော်လည်း လက်ထဲရှိ အရင်းအနှီးများက နည်းပါးလွန်းပါသည်။ ထို့ကြောင့် တိုးတက်အောင်မြင်မှုနှုန်းကလည်း သိသိသာသာ နှေးကွေးနေသည်။

ဤနှစ်များအတွင်း ပေကျင်းမြို့၌ လမ်းဘေးဈေးသည်အရေအတွက်မှာ အဆမတန်များပြားလာခဲ့ရာ ၎င်းတို့ထဲတွင် ဝင်ရောက်နေရာယူဖို့ တဖြည်းဖြည်း ခဲယဉ်းလာနိုင်သည်။

ထို့အပြင် ရှုမိသားစုနှင့် ဟောက်မိသားစုတို့ကလည်း သူမကို လမ်းဘေးတွင် ဈေးရောင်းခွင့်ပြုကြမည် မဟုတ်ချေ။

ဟောက်ယန်ယန်သည် ဖြည်းဖြည်းနှင့် မှန်မှန်သာ လှုပ်ရှားမည်ဟု ဆုံးဖြတ်လိုက်ပါသည်။ သူမ၏ လုပ်ငန်းများကို တိုးချဲ့နိုင်ပြီး အောင်မြင်လာမည့် နေ့တစ်နေ့သို့ မလွဲဧကန် ရောက်ရှိလာလိမ့်မည်ဟု ယုံကြည်နေခဲ့တော့သည်။

--- --- --- --- ---

အချိန်သည် ကဆုန်ပေါက်နေသော မြင်းရိုင်းတစ်ကောင်ပမာ လျင်မြန်စွာ ရွေ့လျားနေခဲ့ပြီး နှစ်လများစွာကလည်း မြစ်ရေပြင်ကဲ့သို့ တသွင်သွင် စီးဆင်းသွားခဲ့ရာ ၂ နှစ်တာဟူသည့် အချိန်ကာလအပိုင်းအခြားမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်လွန်သွားခဲ့လေပြီ။

ပေကျင်းလေဆိပ်တွင် အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးသည် ခရီးဆောင်အိတ်ကို ကိုင်ဆွဲရင်း လေဆိပ်ထွက်ပေါက်သို့ ရောက်ရှိလာခဲ့ပါသည်။

မျက်နှာတွင် Mask တစ်ခုတပ်ထားသဖြင့် သူမ၏ မျက်နှာတစ်ဝက်ခန့်ကို ဖုံးအုပ်ထားသော်လည်း အထင်းသား မြင်နေရသည့် မျက်ဝန်းတစ်စုံမှာမူ ပြိုင်ဘက်ကင်းအောင် လှပလွန်းပါသည်။

ထို့အပြင် သွယ်လျသည့် ခန္ဓာကိုယ်၊ နှင်းပွင့်လေးများပမာ ဖြူဖွေးသည့် အသားအရေနှင့် ထင်ရှားတောက်ပသည့် ကိုယ်ရောင်ကိုယ်ဝါတို့ကို ပိုင်ဆိုင်ထားသည်။ သူမ၏ ရှည်လျားနက်မှောင်သော ဆံနွယ်များကလည်း အလှတရားကို တိုးပွားစေပါသည်။

လေဆိပ်ကို ဝင်ထွက်သွားလာနေကြသော ခရီးသည်များမှာ စိတ်မထိန်းနိုင်ဘဲ ထိုမိန်းကလေးအား တစ်ချက်နှစ်ချက် ခိုးကြည့်မိကြလေသည်။

အချိန်မှာ ဇွန်လဖြစ်ပြီး နိုင်ငံခြားသို့ သွားရောက်ပညာသင်ကြားနေသော ကျောင်းသားများ တရားဝင်ပြန်လာရမည့် အချိန်ထက် တစ်လတိတိပင် စောနေပါသေးသည်။

သို့သော် ယဲ့ရှောင်ရှောင် စောစီးစွာ ပြန်လာရသည့် အကြောင်းအရင်းတစ်ခု ရှိနေသည်။

လွန်ခဲ့သည့်နှစ်ရက်ခန့်က တရုတ်သံရုံးထံမှ မျှော်လင့်မထားသော ဖုန်းခေါ်ဆိုမှုတစ်ခုကို ယဲ့ရှောင်ရှောင် လက်ခံရရှိခဲ့သည်။

တရုတ်နိုင်ငံမှ ဝါရင့်စစ်ဗိုလ်ချုပ်ကြီးတစ်ဦးမှာ လက်ရှိတွင် အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေနှင့် ကြုံတွေ့နေရပါသည်။ ဆရာဝန်များစွာ၏ တိုင်ပင်ဆွေးနွေးမှုများအပြီးတွင် အပ်စိုက်ကုသရမည့် ကုထုံးတစ်ခုကို အစီအစဉ်ရေးဆွဲခဲ့ကြသည်။

သို့သော် လက်ရှိ နိုင်ငံတော်အတွင်း ဤမျှမြင့်မားသော အပ်စိုက်ကုသမှုမျိုးကို ဆောင်ရွက်နိုင်သူဟူ၍ စုန့်ကွမ်းကျင့် တစ်ဦးတည်းသာ ရှိသည်။

လက်ရှိတွင် စုန့်ကွမ်းကျင့်၏ ကျန်းမာရေးကလည်း မကောင်းလှသဖြင့် မည်သူ့ကိုမှ အပ်စိုက်ကုသပေးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် အာဏာပိုင်များက ယဲ့ရှောင်ရှောင်ကို သံရုံးမှတဆင့် ဆက်သွယ်ခဲ့ပြီး ထိုဝါရင့်စစ်ဗိုလ်ချုပ်ကြီး၏ ကုသမှုအဖွဲ့တွင် ပါဝင်ကူညီပေးရန် တောင်းဆိုခဲ့ကြပါသည်။

ယဲ့ရှောင်ရှောင်သည် ဩစတြေးလျတွင် စာမေးပွဲများအားလုံးကို ထူးထူးချွန်ချွန် အောင်မြင်ပြီးသားဖြစ်ရာ ကျန်ရှိနေသေးသည့် တစ်လမှာလည်း စုပေါင်းလှုပ်ရှားမှုအချို့တွင် ပါဝင်ရန်သာရှိပါသည်။

ဤကဲ့သို့ အခြေအနေထူးကြောင့် ယဲ့ရှောင်ရှောင် အိမ်စောစောပြန်နိုင်ဖို့ လျှောက်လွှာတင်ခဲ့သည်။

ကျောင်းကလည်း မဆိုင်းမတွဘဲ သဘောတူခဲ့ပြီး သူမ၏ ဘွဲ့လက်မှတ် သို့မဟုတ် သက်ဆိုင်ရာ အမှတ်စာရင်းများအပေါ် မည်သည့် ထိခိုက်မှုမှ ရှိနိုင်မည်မဟုတ်ကြောင်း အပြည့်အဝ အာမခံချက်ပေးခဲ့ပါသည်။

ယဲ့ရှောင်ရှောင် မပြန်မီ အိမ်သော့များကို ချူးယွင်ရှောင်လက်ထဲထည့်ပေးခဲ့ပြီး အချိန်ကျလျှင် အိမ်ရှင်အမျိုးသမီးလက်ထဲ ပြန်အပ်ပေးဖို့ တာဝန်ပေးခဲ့သည်။

အိမ်ငှားစာချုပ်ချုပ်ဆိုစဉ်က စက်တင်ဘာလအထိ ချုပ်ဆိုခဲ့ခြင်းဖြစ်သော်ငြား ကျန်ရှိနေသည့် နှစ်လတာအတွက် ယဲ့ရှောင်ရှောင် ဂရုမစိုက်ပါ။ အိမ်ရှင်အမျိုးသမီးက ငွေပြန်မအမ်းလျှင်ပင် သူမ စိတ်မဆိုးပေ။

အိမ်ငှားကိစ္စများကို အဆင်ပြေအောင် ဖြေရှင်းပြီးနောက် အမိနိုင်ငံတော်သို့ ခရီးဆောင်အိတ်တစ်လုံးဖြင့် သူမ ပြန်လာခဲ့ပါသည်။

ယဲ့ရှောင်ရှောင် လေဆိပ်ထဲမှ ထွက်လာသည်နှင့်တစ်ပြိုင်နက် စုန့်ရှောင်းကွမ်က သတိထားမိသွားပြီး လက်ပြကာ နှုတ်ဆက်လိုက်သည်။

၂ နှစ်တာကာလအတွင်း စုန့်ရှောင်းကွမ်မှာလည်း ပို၍ပင် ချောမောလာပြီး ယုံကြည်မှုများ ပြည့်ဝလာပါသည်။ ယဲ့ရှောင်ရှောင် မှတ်မိဖို့ပင် မနည်းကြိုးစားခဲ့ရသည်။

နိုင်ငံခြားသို့ သွားရောက်စဉ်က ကြားထဲတွင် အိမ်သို့အလည်ပြန်လာနိုင်သည်ဟု ဆိုသော်လည်း မျှော်လင့်မထားသည့် အခြေအနေအချို့ကြောင့် နှောင့်နှေးခဲ့ရသည်။ ထို့ကြောင့် ယဲ့ရှောင်ရှောင်တွင် ငွေအင်အားရှိနေသော်လည်း အိမ်သို့ ပြန်မလာဖြစ်ခဲ့ချေ။

“အစ်ကိုရှောင်းကွမ်! အစ်ကို့ကို ကျွန်မ အရမ်းသတိရနေတာ”

ယဲ့ရှောင်ရှောင်သည် သူမ၏ Mask ကိုချွတ်လျက် တောက်တောက်ပပ ပြုံးပြလိုက်ပါသည်။

စုန့်ရှောင်းကွမ်လည်း သူမကို ပြန်တွေ့ရသဖြင့် ဝမ်းသာမိသော်ငြား ထိန်းထိန်းသိမ်းသိမ်း ပြောလိုက်သည်။

“ငါတို့လည်း သတိရပါတယ်၊ အထူးသဖြင့် ဆရာကြီးပေါ့၊ နင့်အကြောင်းမပြောတဲ့နေ့ဆိုတာ မရှိဘူး၊ နင်ပြန်လာမယ်ဆိုတာသိတော့ အားလုံးထဲမှာ သူအပျော်ဆုံးပဲ”

စုန့်ရှောင်းကွမ်သည် ခရီးဆောင်အိတ်ကို ကားပေါ် ကူတင်ပေးခဲ့ပြီး ယဲ့ရှောင်ရှောင်အား ကားထဲဝင်ခိုင်းခဲ့သည်။ လမ်းတစ်လျှောက်လုံးလည်း သူတို့စကားပြောခဲ့ကြပါသေးသည်။

“ကျွန်မလည်း ဆရာကြီးကို အရမ်းသတိရနေတာ၊ အိမ်ချက်ဟင်းလျာတွေကိုလည်း လွမ်းတယ်”

ယဲ့ရှောင်ရှောင်သည် နိုင်ငံခြားတွင် ဆာလောင်မွတ်သိပ်မှုဒဏ်ကို အတော်လေး ခံစားခဲ့ရရှာသည်။

ထိုနေရာတွင် အစားအသောက်များက အဆင်ပြေသည်ဆိုသော်လည်း သူမတွင် စစ်မှန်သော တရုတ်လူမျိုးတို့၏ အစာအိမ် ရှိနေသဖြင့် တရုတ်ရိုးရာ အစားအသောက်များကိုသာ ခုံမင်နှစ်သက်ပါသည်။

ချူးယွင်ရှောင်၏ လက်ရာက မည်မျှပင် ကောင်းမွန်နေပါစေ အိမ်မှ ချက်ပြုတ်ပေးသည့် အစားအသောက်များကိုတော့ မှီနိုင်မည် မထင်ပေ။

ထို့အပြင် ချူးယွင်ရှောင်က အတန်းများတက်ရပြီး အလုပ်လည်းများသဖြင့် အချိန်ပြည့် ချက်ပြုတ်မပေးနိုင်ချေ။

စုန့်ရှောင်းကွမ်သည် သူမအနည်းငယ် ပြောင်းလဲသွားမှန်း စတွေ့ကတည်းက သတိပြုမိပါသည်။

“နင်တော်တော် ပိန်သွားတယ်နော်”

ယဲ့ရှောင်ရှောင် ဝမ်းနည်းပက်လက် ညည်းတွားလိုက်သည်။

“အစာငတ်ခဲ့တာကိုး!”

အမှန်တွင် ယဲ့ရှောင်ရှောင် အနည်းငယ် ပိန်ပါးသွားသည်ဆိုသော်ငြား အရပ်လည်း အနည်းငယ်ပိုရှည်လာပါသည်။

အသက် ၂ နှစ်လောက် ပိုကြီးလာခြင်းကြောင့်လား မသိသော်လည်း မျက်နှာပေါ်မှ ကလေးဆန်သော အဆီများ ပျောက်ကွယ်သွားပြီး မျက်နှာသွင်ပြင်က အချိုးကျကျ ပိုမိုထင်ရှားကာ ရင့်ကျက်လှပလာခဲ့ပါသည်။

“အိမ်ပြန်ရောက်တာနဲ့ နင်ကြိုက်တတ်တဲ့ ဟင်းလျာတွေအကုန်ချက်ခိုင်းလိုက်မယ်”

စုန်ရှောင်းကွမ်က ကတိပြုသည်။

သို့သော် ယခုလောလောဆယ်တွင်မူ စုန့်ရှောင်းကွမ်သည် ယဲ့ရှောင်ရှောင်ကို ‌ပေကျင်းမြို့ပင်မဆေးရုံကြီးသို့ ဦးစွာ ပို့ဆောင်ပေးခဲ့ပါသည်။

All Chapters