အခန်း ၂၅၄
Vol. 26 Ch. 254
Chapter 254
ဆေးရုံထဲတွင် စုန့်ကွမ်းကျင့်နှင့် အထူးကုဆရာဝန်ကြီးများစွာက ယဲ့ရှောင်ရှောင်ကို စောင့်မျှော်နေကြပါသည်။
သူမ လေယာဉ်ဆိုက်ရောက်မည့်အချိန်ကို အသေးစိတ် သိရှိလိုက်ရသည်နှင့် ဆေးရုံအုပ်ကြီးသည် အသေးစိတ်ကျပြီး ဘေးကင်းစိတ်ချရသော ကုသမှုအစီအစဉ်တစ်ခုကို ရေးဆွဲရန် အထူးကုဆရာဝန်ကြီးများအဖွဲ့ကို ချက်ချင်းပင် စုဝေးစေခဲ့သည်။
ယဲ့ရှောင်ရှောင် ရောက်ရှိလာသည်နှင့် ဗိုလ်ချုပ်ကြီး ချန်းကျွင်းလွေ့ကို ချက်ချင်းစတင်ကုသပေးနိုင်ပါလိမ့်မည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင် ဆေးရုံသို့ ရောက်ရှိလာသောအခါ အညောင်းအညာဖြေဖို့ပင် အချိန်မရခဲ့ပေ။
ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များစွာနှင့် ဆွေးနွေးတိုင်ပင်ပြီးနောက် အလွန် ကြီးလေးလှသည့် တာဝန်တစ်ခုကို သူမ လွှဲပြောင်းယူခဲ့တော့သည်။
ရှောင်ရှောင့်ကို မြင်လိုက်ရသောအခါ စုန့်ကွမ်းကျင့် မျက်ရည်များဝဲသွားမိသော်လည်း သူစိမ်းများ၏ ရှေ့တွင် ငိုဖို့ မသင့်တော်သဖြင့် သူမ၏ ပခုံးကိုသာ ခပ်ဖွဖွဆုပ်ကိုင်ကာ ပြောလိုက်သည်။
“နင်ပြန်ရောက်လာတာ ဝမ်းသာပါတယ်၊ လာခဲ့ ဗိုလ်ချုပ် ချန်းကျွင်းလွေ့ရဲ့ ကုသမှုအစီအစဉ်ကို ငါအသေးစိတ် ပြောပြမယ်”
ယဲ့ရှောင်ရှောင်သည် ဆေးမှတ်တမ်းများကို ဦးစွာ လှန်ကြည့်ခဲ့သည်။
အနောက်တိုင်းဆေးပညာကုထုံးများက လမ်းဆုံးရောက်ရှိနေခြင်းကြောင့်သာ မဟုတ်လျှင် ဆေးရုံက တရုတ်ရိုးရာ အပ်စိုက်ကုထုံးဘက်သို့ မြှားဦးလှည့်လာစရာအကြောင်း မရှိပေ။
ဗိုလ်ချုပ်ချန်းကျွင်းလွေ့၏ အခြေအနေက အမှန်တကယ်ပင် စိုးရိမ်ရပါသည်။ ခန္ဓာကိုယ်၏ လုပ်ဆောင်ချက်များ ကျဆင်းနေပြီး နှလုံးတွင် သွေးထောက်ပံ့မှု မလုံလောက်သဖြင့် အသက်ရှူရခက်ခဲပြီး အချိန်မရွေး အသက်ရှူကျပ်ကာ သေဆုံးသွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ဤအပ်စိုက်ကုထုံးမှာလည်း ဆေးကုသမှုနောက်တစ်ဆင့်သို့ မတက်လှမ်းမီ အဘိုးအို၏ အသက်ရှူနှုန်းများကို တည်ငြိမ်စေရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်။
သို့သော် အဘိုးအိုမှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်၍ သာမန်ဆရာဝန်များက အပ်စိုက်ကုသဖို့ မဝံ့မရဲဖြစ်နေကြပါသည်။
ယဲ့ရှောင်ရှောင်သည် နိုင်ငံခြားသို့ ၂ နှစ်တာ အပျော်သွားရောက်ခဲ့ခြင်း မဟုတ်ပေ။ တရုတ်တိုင်းရင်းဆေးပညာအား နေ့စဉ် လေ့လာသင်ယူပြီး သုတေသနပြုလုပ်ခဲ့သည့်အပြင် အနောက်တိုင်းဆေးပညာကိုလည်း ဆက်လက်လေ့လာခဲ့ပါသည်။
တရုတ်ရိုးရာနှင့် အနောက်တိုင်း ဆေးပညာရပ်နှစ်ခုကို စနစ်တကျ ပေါင်းစပ်ထားသည့် ကုထုံးဖြစ်၍ လက်ရှိအချိန်တွင် ဤတာဝန်နှင့် ယဲ့ရှောင်ရှောင်ထက် ပိုမိုကိုက်ညီမည့်လူ မရှိနိုင်တော့ပေ။
ယဲ့ရှောင်ရှောင်သည် အဘိုးအို၏ နာတာရှည်ရောဂါအချို့ကို ပြန်လည်စစ်ဆေးပြီး ဆေးရုံက ပံ့ပိုးပေးထားသည့် ကုသမှု အစီအစဉ်ကိုလည်း ကြည့်ရှုလိုက်သည်။
လက်ရှိအခြေအနေအရ ထိုကုသမှုအစီအစဉ်မှာ သမာရိုးကျဆန်လွန်းသည်။ ထိုအစီအစဉ်ကို ယဲ့ရှောင်ရှောင်အနေဖြင့် ပိုမိုကောင်းမွန်လာအောင် အဆင့်မြှင့်တင်ပေးနိုင်စွမ်းရှိသော်လည်း သူစိမ်းများက မယုံကြည်ကြမည်ကို စိတ်ပူမိပါသည်။
ထို့ကြောင့် သူမ၏အတွေးများကို ယာယီရုတ်သိမ်းလိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောဆိုလိုက်သည်။
“ကျွန်မအတွက်တော့ ဘာပြဿနာမှ မရှိဘူး၊ အခုချက်ချင်း ကုသမှုကို စတင်လို့ရပါတယ်”
သူမ၏ စကားအဆုံးသတ်သည်နှင့် အစည်းအဝေးအခန်းတံခါး ပွင့်သွားခဲ့သည်။
“အခြေအနေမကောင်းတော့ဘူး! ဗိုလ်ချုပ်ကြီးချန်း ရုတ်တရက် အသက်ရှူရပ်သွားပြီ!”
အစည်းအဝေးခန်းတစ်ခန်းလုံး ပွက်လောရိုက်သွားပြီး ဆရာဝန်များအားလုံး လူနာခန်းသို့ အပြေးသွားခဲ့ကြရသည်။
ရုတ်တရက်အသက်ရှူရပ်သွားခြင်းကို ကုသဖို့ အချိန်အပိုင်းအခြားမှာ ၄ မိနစ်မှ ၆ မိနစ်ခန့်သာရှိပြီး ထိုအချိန် ကျော်လွန်သွားပါက လူနာအတွက် အလွန်အန္တရာယ်များနိုင်သည်။
ဗိုလ်ချုပ်ကြီး ချန်းကျွင်းလွေ့သည် နိုင်ငံတော်အတွက် ထူးချွန်ပြောင်မြောက်စွာ အမှုထမ်းဆောင်ပေးခဲ့သော သူရဲကောင်းတစ်ဦးဖြစ်ရာ သူအန္တရာယ် တစ်စုံတရာဖြစ်ပွားသွားမည်ကို မည်သူကမှ မလိုလားကြပေ။
ယဲ့ရှောင်ရှောင်သည် သူမ၏ ဆေးသေတ္တာကို ထုတ်ယူကာ ခရီးဆောင်အိတ်ကို စုန့်ရှောင်းကွမ်လက်ထဲ အပ်ထားခဲ့လိုက်ပါသည်။
“ကျွန်မ သွားကြည့်လိုက်ဦးမယ်၊ ကူညီပေးနိုင်တာများ ရှိမလားလို့ပါ”
ဆေးရုံအုပ်ကြီးကလည်း သူမကို မတားဆီးခဲ့ပေ။ ယခုချိန်တွင် စစ်ဗိုလ်ချုပ်ကြီး၏ ကံကြမ္မာကိုသာ အားကိုးရပါတော့မည်။
ယခုတစ်ကြိမ်မှ မကယ်တင်နိုင်လျှင် ယခင်က ဆွေးနွေးတိုင်ပင်ထားသည့် အစီအစဉ်များအားလုံး သဲထဲရေသွန်ဖြစ်သွားပြီး ဆေးရုံအုပ်ကြီးဖြစ်သည့် သူကိုယ်တိုင်လည်း တာဝန်ခံရလိမ့်မည်။
ယဲ့ရှောင်ရှောင်သည် အဆင့်မြင့် VIP လူနာခန်းရှေ့သို့ ရောက်ရှိလာခဲ့ပါသည်။ အခန်းထဲတွင် ဆေးဝန်ထမ်းများက နှလုံးနှိုးဆွစက်များကို အသုံးပြုကာ လူနာကို အရေးပေါ် ကယ်တင်နေကြလေပြီ။
သို့သော် ၅ မိနစ်ကြာသည့်တိုင်အောင် လူနာမှာ သတိရလာမည့် လက္ခဏာ မပြသေးပေ။
ဆေးရုံအုပ်ကြီး၏ မျက်နှာလည်း တဖြည်းဖြည်း ဖြူရော်လာပါပြီ။
ယဲ့ရှောင်ရှောင်က ဝင်ရောက်ကမ်းလှမ်းလိုက်သည်။
“ကျွန်မ အပ်စိုက်ကုထုံးနဲ့ စမ်းသပ်ကြည့်လို့ရမလားဟင်”
ဆေးရုံအုပ်ကြီး ပြန်မဖြေနိုင်မီမှာပင် ဘေးနားတွင်ရပ်နေသည့် ဆရာဝန်တစ်ဦးက ပြောလိုက်သည်။
“နှလုံးနှိုးဆွစက်နဲ့တောင် ဘာမှထူးမလာတာ အပ်စိုက်ကုထုံးနဲ့က ဘာထူးခြားနိုင်မှာလဲ… ပြီးတော့ အခုက အရေးပေါ်ကယ်ဆယ်ရေးလုပ်နေတာ၊ အကယ်၍ မင်းရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကြောင့် မတော်တဆတစ်ခုခု ဖြစ်သွားရင် ဘယ်သူက တာဝန်ယူမှာလဲ”
ထိုဆရာဝန်၏ စကားက ကျိုးကြောင်းဆီလျော်မှုရှိသဖြင့် ယဲ့ရှောင်ရှောင် စိတ်မဆိုးခဲ့ပေ။
အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာသော်လည်း လူနာက မည်သည့်တုံ့ပြန်မှုမှ မပြသသေးသဖြင့် ဆေးရုံအုပ်ကြီးအား သူမ ပွင့်ပွင့်လင်းလင်း လှည့်ပြောလိုက်သည်။
“အပ်စိုက်ကုထုံးကို အခုချက်ချင်း အောင်မြင်နိုင်ခြေက ၈၀ ရာခိုင်နှုန်းရှိမယ်၊ နောက်ထပ် ၂ မိနစ်လောက် နှောင့်နှေးကြန့်ကြာသွားမယ် ဆိုရင်တော့ အောင်မြင်နိုင်ခြေက ၂၀ ရာခိုင်နှုန်းထိ လျော့ကျသွားလိမ့်မယ်”
ဆေးရုံအုပ်ကြီး ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
“ကြိုးစားကြည့်လိုက်ပါ ကျောင်းသူယဲ့”
“ဆေးရုံအုပ်ကြီး! ဒီလောက်အရေးကြီးတဲ့တာဝန်ကို ဘွဲ့တောင်မရသေးတဲ့ ကျောင်းသူတစ်ယောက်လက်ထဲ ဘာလို့ စိတ်ချလက်ချ အပ်လိုက်ရတာလဲ၊ သူ့အပ်စိုက်ကုထုံးက ဘယ်လောက်ပဲကောင်းကောင်း လက်တွေ့ကုသမှုအတွေ့အကြုံ ဘယ်လောက်ရှိနိုင်မှာမို့လို့လဲ၊ သူ့မှာ ဘာပစ္စည်းမှလည်း မရှိဘဲ လူနာရဲ့အခြေအနေကို ဘယ်လိုလုပ် အကဲခတ်နိုင်မှာလဲ”
ဒေါက်တာမာသည် ပေကျင်းမြို့ ပင်မဆေးရုံကြီး၏ နှလုံးခွဲစိတ်အထူးကုဆရာဝန်တစ်ဦးဖြစ်ပြီး ပုံမှန်အားဖြင့် အလုပ်အပေါ် အလွန်တရာမှ စေ့စပ်သေချာသူဖြစ်သည်။
ဆေးရုံအုပ်ကြီး၏ ဆုံးဖြတ်ချက်ကို ကြားလိုက်ရသောအခါ ဆေးရုံအုပ်ကြီးသည် မသိနားမလည်သေးသော တက္ကသိုလ်ကျောင်းသူလေးတစ်ဦးအပေါ် အပြစ်ပုံချဖို့ ကြံစည်နေခြင်းဖြစ်မည်ဟု ဒေါက်တာမာ ယူဆလိုက်မိသဖြင့် ယခုလို စိတ်တိုဒေါသထွက်စွာ ကန့်ကွက်နေရခြင်း ဖြစ်ပါသည်။
ဆေးရုံအုပ်ကြီးက သက်ပြင်းချရင်း ရှင်းလင်းလိုက်သည်။
“နောက်ဆုံးရလဒ်က ဘာပဲဖြစ်ဖြစ် ဆေးရုံအုပ်ဖြစ်တဲ့ ကျုပ်ပဲ တာဝန်ယူပါ့မယ်၊ အရင်က ကုသမှုတွေက ထိရောက်မှု သိပ်မရှိလို့ အခုဆိုရင် ဗိုလ်ချုပ်ကြီးက အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေနဲ့ပါ ရင်ဆိုင်နေရပြီ၊ ကြိုမမြင်နိုင်တဲ့ ကံတရားပေါ်မှာပဲ ပုံအပ်ထားမယ့်အစား ကျုပ်ကတော့ ကျောင်းသူယဲ့အပေါ် ယုံကြည်လိုက်ချင်တယ်”
အမှန်စင်စစ် ယဲ့ရှောင်ရှောင်ကို ဆေးရုံအုပ်ကြီး ယခုကဲ့သို့ အကြွင်းမဲ့ ယုံကြည်နေရခြင်းမှာ သူမသည် ဆရာကြီး စုန့်ကွမ်းကျင့်၏ တပည့်ရင်းခေါက်ခေါက် ဖြစ်နေခြင်းကြောင့်ပင်။
ဆေးရုံအုပ်ကြီး ငယ်စဉ်က လူတစ်ဦးအား ဆရာကြီးစုန့် အပ်စိုက်ကုထုံးဖြင့် ကယ်တင်ပေးခဲ့သည်ကို ကံအကြောင်းလှစွာဖြင့် မျက်မြင်တွေ့ခဲ့ဖူးပါသည်။
ထိုအပ်စိုက်ကုထုံးမှာ အလွန်ပင် ဆန်းကြယ်လှပြီး သေလူကိုပင် ပြန်လည်ရှင်သန်လာစေသည့် အစွမ်းသတ္တိမျိုး ရှိပေသည်။
ထိုစဉ် လူနာခန်းထဲရှိ နှလုံးခုန်နှုန်းတိုင်းစက်ထံမှ ရှည်လျားသည့် အချက်ပေးသံကြီးထွက်ပေါ်လာခဲ့ရာ အခန်းတွင်းရှိ အရေးပေါ်ကယ်ဆယ်ရေးလှုပ်ရှားမှုများအားလုံး ရုတ်ခြည်း ရပ်တန့်သွားခဲ့တော့သည်။
ယဲ့ရှောင်ရှောင် ဆက်လက်မစောင့်ဆိုင်းနိုင်တော့ပေ။
တံခါးကို တွန်းဖွင့်ကာ အရေးပေါ်ကယ်ဆယ်ရေး အခန်းတွင်းသို့ တန်းတန်းမတ်မတ် ဝင်လာခဲ့သည်။ အတွင်းထဲမှ ဆရာဝန်များကလည်း သူမကို မတားဆီးခဲ့ကြပေ။
မျဉ်းဖြောင့်တစ်ကြောင်းတည်းဖြစ်သွားသည့် ဖန်သားပြင်ကို ကြည့်ရင်း ဗိုလ်ချုပ်ကြီးချန်းအား ကယ်တင်ဖို့ မဖြစ်နိုင်တော့ဟု အားလုံး ယူဆခဲ့ကြပါသည်။
ယဲ့ရှောင်ရှောင်သည် သူမ၏ ဆေးသေတ္တာထဲမှ ငွေအပ်များကို ထုတ်ယူကာ ဗိုလ်ချုပ်ကြီး၏ ခန္ဓာကိုယ်ရှိ အကြောမှတ်များတွင် ခပ်မြန်မြန်ပင် စိုက်သွင်းလိုက်သည်။
သူမ၏ လက်ချောင်းသွယ်သွယ်လေးများက လျင်မြန်စွာ လှုပ်ရှားနေပြီး အတိမ်အနက်မှန်ကန်စွာ စိုက်သွင်းနိုင်ခဲ့သည်။
ဤလှုပ်ရှားမှုများကို အကြိမ်ပေါင်း သောင်းနှင့်ချီ၍ လေ့ကျင့်ထားခဲ့ခြင်းဖြစ်၍ သူမ၏ ကြွက်သားမှတ်ဉာဏ်အတွင်း နက်နက်ရှိုင်းရှိုင်း စွဲထင်နေခဲ့ပါပြီ။
အခြားဆရာဝန်တစ်ဦးသာ အပ်စိုက်ကုသပေးရမည်ဆိုလျှင် အမှန်တကယ် အပ်မစိုက်ခင် အကြောမှတ်ရှာဖွေရုံနှင့်ပင် အချိန်အတော်များများ ကုန်ဆုံးသွားလိမ့်မည်။
သို့သော် ယဲ့ရှောင်ရှောင်တွင် မှတ်ဉာဏ်ကောင်းသည့် ပါရမီပါရုံသာမက တရုတ်တိုင်းရင်း ဆေးပညာကို ၂ ဘဝစာ လေ့လာဖူးသဖြင့် လူတိုင်းထက် ပိုမိုကျွမ်းကျင်တတ်မြောက်နေပါသည်။
ထို့ကြောင့် သူမ၏ အပ်စိုက်လှုပ်ရှားမှုများမှာ ပြတ်သားလွန်းလှပြီး တစ်စက္ကန့်မျှပင် နှောင့်နှေးခြင်း မရှိခဲ့ချေ။
“ဘာမှအသုံးမဝင်တော့ပါဘူး၊ ဗိုလ်ချုပ်ကြီးက…”
“မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာ ဌာနတွေကို အသိပေးအကြောင်းကြားသင့်တယ်၊ မကြာခင် သတင်းသမားတွေပါ ရောက်လာကြတော့မယ်”
ယဲ့ရှောင်ရှောင်၏ လုပ်ရပ်များကို အခြားသူများက အသုံးမဝင်သော အချည်းနှီးကြိုးစားမှုဟုသာ ယူဆခဲ့ပါသည်။
သို့သော် ယဲ့ရှောင်ရှောင်သည် အာရုံအနည်းငယ်ပင် မပျက်ယွင်းခဲ့ဘဲ အပ်စိုက်ကုထုံးအပေါ်တွင်သာ အာရုံစိုက်ထားခဲ့သည်။
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က ယဲ့ရှောင်ရှောင်ကို ဗိုလ်ချုပ်ကြီးဘေးမှ ဆွဲခေါ်ဖို့ ပြင်ဆင်လိုက်သည်။
သို့သော် သူ့လက်နှင့် ယဲ့ရှောင်ရှောင်ကို မထိနိုင်ခင်မှာပင် နှလုံးခုန်နှုန်းတိုင်းစက်ထံမှ တိုတောင်းသော အချက်ပေးသံအချို့ ထွက်ပေါ်လာခဲ့ပြီး ဖန်သားပြင်ပေါ်တွင်လည်း လှိုင်းတွန့်မျဉ်းလေးများ တဖျပ်ဖျပ် ပြန်လည်ပေါ်ပေါက်လာတော့သည်။
“ဘုရားရေ… သေလူအသက်ပြန်ရှင်လာတာပဲ”
လူ့ခန္ဓာကိုယ်သည် သေဆုံးသယောင်ဖြစ်သွားသည့် အခြေအနေသို့ ခေတ္တရောက်ရှိသွားနိုင်ပါသည်။ ခေတ်မီဆေးပညာရပ်တွင်မူ ဦးနှောက်သေဆုံးခြင်းသည်သာ အသက်ဝိညာဉ်ချုပ်ငြိမ်းမှုကို ဆုံးဖြတ်သည့် စံနှုန်းအစစ်အမှန် ဖြစ်သည်။
ယဲ့ရှောင်ရှောင်သည် အရေးအပေါ်ကယ်ဆယ်ရေးအတွက် အရေးကြီးလှသော အချိန်ကာလကို အမိအရ အသုံးချနိုင်ခဲ့ပြီး အပ်စိုက်ကုထုံးဖြင့် အကြောမှတ်များကို လှုံ့ဆော်ကာ ဗိုလ်ချုပ်ကြီးချန်း၏ နှလုံးကို ပြန်ခုန်လာစေရန် အောင်မြင်စွာ ကုသပေးနိုင်ခဲ့ပါသည်။
ဗိုလ်ချုပ်ကြီး၏ အသံရှူသံမှာလည်း တဖြည်းဖြည်းနှင့် ပြန်လည်တည်ငြိမ်လာခဲ့သည်။
အရေးပေါ်အခန်းထဲရှိ လူများအားလုံး အိပ်မက်ဆိုးတစ်ခုမှ နိုးထလာသကဲ့သို့ အသိစိတ်ပြန်ကပ်သွားကြသည်။ သို့သော် ယဲ့ရှောင်ရှောင်၏ အပ်စိုက်သမှုက မပြီးဆုံးသေးသဖြင့် မည်သူမှ စကားဝင်မပြောရဲကြပေ။
တံခါးဝတွင် ရပ်ကြည့်နေသော ဆေးရုံအုပ်ကြီးလည်း ရင်ဘတ်ထဲမှအလုံးကြီးကျကာ အသက်ဝဝ ရှူနိုင်သွားတော့သည်။ ဤနေရာတွင် တာဝန်ကြီးကြီးမားမားယူထားရ၍ ဖိအားအများဆုံးလူက သူပဲ မဟုတ်ပါလား။
မကြာသေးခင်ကမှ မခံမရပ်နိုင်ဖြစ်ကာ ကန့်ကွက်ဆန့်ကျင်နေခဲ့သော ဒေါက်တာမာသည်လည်း အခန်းထဲတွင် ဖြစ်ပျက်နေသည့် ဖြစ်ရပ်များကို မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။
‘တရုတ်တိုင်းရင်းဆေးပညာဆိုတာ တကယ်မှော်ဆန်တာပဲ…’
နာရီဝက်ခန့်အကြာတွင် ဗိုလ်ချုပ်ကြီးချန်းသည် ဘေးကင်းလုံခြုံသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပါပြီ။
ယဲ့ရှောင်ရှောင်သည် ဗိုလ်ချုပ်ကြီး၏ ကိုယ်ပေါ်မှ ငွေအပ်အားလုံးကို ပြန်လည်နုတ်ယူလိုက်ပြီး လူနာခန်းအပြင်ဘက်သို့ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
နာရီဝက်ခန့်ကြာသော သေမင်းနှင့် အားပြိုင်မှုက နာရီ ၂၀ ကြာသော လေယာဉ်ခရီးစဉ်ထက် ပို၍ပင် အားအင် ကုန်ခမ်းရပါသည်။
အထူးသဖြင့် အပ်စိုက်ကုသနေစဉ်အတွင်း လက်ကောက်ဝတ်ကို အလွန်အားပြုကာ ထိန်းချုပ်ထားရသဖြင့် သူမ၏ လက်နှစ်ဖက်စလုံး အလွန်နာကျင်ကိုက်ခဲနေပါပြီ။
ရောဂါဝေဒနာကို ကုသပေးခြင်းဆိုသည်မှာလည်း အမှန်တွင် အလုပ်ကြမ်းနှင့် မခြားနားလှပေ။
ယဲ့ရှောင်ရှောင် လက်တွေ့ပြသလိုက်သည့် စွမ်းရည်များကြောင့် ပင်မဆေးရုံကြီးရှိ အထူးကုကြီးများအားလုံး မှင်သက်သွားခဲ့ရသည်။
ယဲ့ရှောင်ရှောင်သည် သာမန်ကျောင်းသူလေးတစ်ဦးအဖြစ်မှ ဆေးရုံရှိ လူတိုင်းနှင့် ဂုဏ်ဒြပ်ချင်းတူညီသည့် ဒေါက်တာယဲ့အဖြစ်သို့ ချက်ချင်းပင် ပြောင်းလဲသွားခဲ့တော့သည်။
ယဲ့ရှောင်ရှောင် လူနာခန်းထဲမှ ပြန်ထွက်လာသောအခါ ဆေးရုံအုပ်ကြီးမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ဘာလုပ်ရမှန်းပင် မသိတော့ချေ။
ကျေးဇူးတင်လွန်းသဖြင့် သူမကို ပွေ့ဖက်လိုက်ချင်သော်လည်း တစ်ဖက်က မိန်းမပျိုလေးတစ်ဦးဖြစ်နေ၍ သင့်တော်မည် မဟုတ်ပေ။ ထို့ကြောင့် ကြံရာမရသည့်အဆုံး လက်ခုပ်လက်ဝါးတီးကာသာ ချီးကျူးလိုက်တော့သည်။
“တော်တယ်! သိပ်တော်တယ်ကွာ!”