အခန်း ၂၅၅
Vol. 26 Ch. 255
Chapter 255
ယဲ့ရှောင်ရှောင်သည် ဆေးရုံအုပ်ကြီးအား ခေါင်းညိတ်ပြလိုက်သည်။
“လောလောဆယ်တော့ ဗိုလ်ချုပ်ကြီးချန်းရဲ့ အခြေအနေက စိတ်ချရတဲ့အဆင့်ကို ရောက်သွားပါပြီ၊ ကုသမှုအစီအစဉ်ကို ကျွန်မ တစ်ချက်လောက် ထပ်သွားကြည့်လိုက်ဦးမယ်နော်”
ထိုအခါမှသာ ဆေးရုံအုပ်ကြီးသည် ယဲ့ရှောင်ရှောင် နိုင်ငံခြားမှ ပြန်ရောက်ခါစရှိသေးသည်ကို သတိရသွားတော့သည်။
“ဒေါက်တာယဲ့ အရင်သွားနားလိုက်ပါဦး၊ ခုနက ဒေါက်တာယဲ့ ကယ်လို့သာပဲ၊ ဆရာကြီးစုန့်ရဲ့ တပည့်ပီသပါပေတယ်၊ ဆေးပညာစွမ်းရည်ကတော့ အံ့မခန်းပဲ”
ယဲ့ရှောင်ရှောင် သေချာစဉ်းစားကြည့်လိုက်သည်။
ဆေးရုံကြီး၏ အနီးအနားတွင် အမေဖြစ်သူ ခွဲစိတ်ကုသမှုခံယူစဉ်က သူမ ဝယ်ယူပေးထားသည့် တိုက်ခန်းတစ်ခန်း ရှိသဖြင့် ချက်ချင်းပြောင်းရွှေ့နေထိုင်နိုင်ပါသည်။
လေဆိပ်မှ ဆေးရုံသို့ တန်းတန်းမတ်မတ်လာခဲ့ရပြီး အထုပ် အပိုးများကိုပင် မဖြည်ရသေးဘဲ အလွန်ပင်ပန်းရသော အရေးပေါ် ကယ်ဆယ်ရေးကိုပါ ဆက်တိုက်ဆောင်ရွက်ခဲ့ရသဖြင့် ယဲ့ရှောင်ရှောင် အလွန်ခြေကုန်လက်ပန်းကျနေပါပြီ။
“အဲ့တာဆိုရင်တော့ ကျွန်မ အိမ်အရင်ပြန်လိုက်ပါဦးမယ်နော်”
ပြဿနာတစ်စုံတရာရှိလာခဲ့လျှင် သူမကို ဖုန်းဖြင့်ဆက်သွယ်နိုင်ဖို့အတွက် ဆေးရုံအုပ်ကြီးအား ဖုန်းနံပါတ် ပေးထားခဲ့လိုက်ပါသည်။
ထို့နောက် စုန့်ရှောင်းကွမ်နှင့် စုန့်ကွမ်းကျင့်တို့ကို ယဲ့ရှောင်ရှောင် သွားရှာခဲ့ပြီး သုံးယောက်သား အိမ်သို့အတူတူ ပြန်လာခဲ့သည်။
“ဒီအိမ်ကို သန့်ရှင်းရေးကြိုမလုပ်ထားဘူးဆိုပေမယ့် အဲ့လောက်ကြီးလည်း ညစ်ပတ်မနေပါဘူး”
စုန့်ကွမ်းကျင့် အိမ်ထဲသို့ ဝင်လာရင်း ပြောလိုက်ကာ ယဲ့ရှောင်ရှောင်အား သန့်ရှင်းရေးကူလုပ်ပေးဖို့ ပြင်လိုက်ပါသည်။
စုန့်ရှောင်းကွမ်က သူ့လက်ထဲမှ ကြက်မွေးကိုအမြန်ယူလိုက်သည်။
“ကျွန်တော်လုပ်လိုက်ပါ့မယ် ဆရာကြီး”
ယခင်က မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ ခေတ္တ လာရောက်နေထိုင်သွားပြိးကတည်းက ဤတိုက်ခန်းမှာ လူမနေဘဲ အလွတ်အတိုင်း ရှိနေခဲ့ပါသည်။
သူတို့မပြန်မီက ကုတင်နှင့် ဆိုဖာများကို ဖုန်ကာအဝတ်များဖြင့် သေသေချာချာ ဖုံးအုပ်သွားခဲ့ကြသည်။ ထို့ကြောင့် ယဲ့ရှောင်ရှောင် ဖုန်ကာအဝတ်များကို ဆွဲခွာလိုက်သည့်အခါတွင် ပရိဘောဂများအားလုံး လုံးဝသန့်ရှင်းစင်ကြယ်နေသည်ကို တွေ့လိုက်ရပါသည်။
“ခဏလောက် ထိုင်နားပါဦး ဆရာကြီး၊ လေဝင်လေထွက်ကောင်းအောင် သမီးပြူတင်းပေါက်တွေ သွားဖွင့်လိုက်ဦးမယ်”
သူမနှင့် စုန့်ရှောင်းကွမ်တို့ အတူတူသန့်ရှင်းရေးလုပ်ခဲ့ကြသဖြင့် တစ်အိမ်လုံး နာရီဝက်အတွင်း သန့်ရှင်းသပ်ရပ်သွားခဲ့ပါသည်။
စုန့်ကွမ်းကျင့်က ပြောသည်။
“ရှောင်ရှောင်၊ ခဏလောက်အိပ်လိုက်ဦးလေ၊ ဒေါ်လေးရှုကို ဟင်းတွေချက်ပြီး လာပို့ပေးဖို့ ဖုန်းဆက်လိုက်မယ်”
ယဲ့ရှောင်ရှောင် ဗိုက်မဆာသေးသော်လည်း အနည်းငယ်တော့ အိပ်ငိုက်နေပါသည်။
“ဟုတ်ကဲ့ပါ ဆရာကြီး၊ ဆရာကြီးနဲ့ အစ်ကိုရှောင်းကွမ်တို့လည်း နားနားနေနေ နေကြပါ၊ သမီး ခဏလောက် အိပ်လိုက်ဦးမယ်”
ယဲ့ရှောင်ရှောင် အားနာမနေတော့ဘဲ အိပ်ခန်းထဲသို့ ဝင်သွားခဲ့ပါသည်။ စုန့်ကွမ်းကျင့်နှင့် စုန့်ရှောင်းကွမ်တို့ကမူ ကားသော့များကိုယူဆောင်ကာ အပြင်သို့ ခေတ္တထွက်သွားကြသည်။
ယဲ့ရှောင်ရှောင် အိပ်ရာနိုးလာချိန်တွင် အိမ်ထဲ စားစရာသောက်စရာများဖြင့် ပြည့်နှက်နေသည်ကို မြင်လိုက်ရလေသည်။ ဒေါ်လေးရှုကလည်း ချက်ပြုတ်ရန်အတွက် ကုန်ပစ္စည်းမျိုးစုံကို ယူဆောင်လာခဲ့သည်။
မီးဖိုချောင်ထဲတွင် ဆူညံနေသဖြင့် ချက်ပြုတ်လက်စဖြစ်မှန်း သိသာသည်။
ယဲ့ရှောင်ရှောင် အိပ်ရာနိုးလာပြီးနောက် ပိုပင်ပန်းနွမ်းနယ်သွားသလို ခံစားလိုက်ရသည်။ သူမ ငယ်ရွယ်နေသေး၍ ကံကောင်းသည်ဟု ဆိုရပါမည်။
မွှေးပျံ့နေသော ဟင်းရနံ့များနောက်ကို လိုက်၍ ယဲ့ရှောင်ရှောင် အိပ်ခန်းထဲမှ ထွက်လာခဲ့တော့သည်။
“ဒေါ်လေးရှု၊ သမီးအတွက်ချက်ပြုတ်ပေးဖို့နဲ့ ဒီအထိ လာရတာ အလုပ်များပါတယ်”
အိပ်ချင်မူးတူးနှင့် အိပ်ရာထလာသည့် ရှောင်ရှောင်ကို ကြည့်ရင်း ဒေါ်လေးရှုက ပြုံးကာ ပြောလိုကသ်ည်။
“ဘာအလုပ်မှ မများပါဘူးကွယ်၊ ရှောင်ရှောင်က တကယ်ပိုပိုပြီး လှလာတာပဲ၊ နိုင်ငံခြားသွားပြီးတော့ ကိုယ်ရောင်ကိုယ်ဝါတွေပါ ပြောင်းကုန်ပြီ”
ယဲ့ရှောင်ရှောင် “သမီး လူကြီးဖြစ်လာလို့လေ ဒေါ်လေးရဲ့”
ဒေါ်လေးရှုက ခေါင်းညိတ်သည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ်၊ မိန်းကလေးတစ်ယောက် အရွယ်ရောက်လာတဲ့ကာလအတွင်း ၁၈ ခါတိတိ ပြောင်းလဲတတ်တယ်တဲ့၊ ပြောင်းလဲလာတိုင်းလည်း ပိုပိုပြီးလှလာတတ်တာလေ”
စကားအနည်းငယ် ပြောပြီးနောက် ဒေါ်လေးရှုသည် ညှော်နံ့များမိမည်စိုး၍ ယဲ့ရှောင်ရှောင်အား မီးဖိုချောင်နှင့် ဝေးဝေးတွင် နေခိုင်းလိုက်ပါသည်။
ယဲ့ရှောင်ရှောင်လည်း ဧည့်ခန်းထဲတွင် သွားထိုင်ကာ စုန့်ကွမ်းကျင့်နှင့်စကားပြောပြီး ညစာကို စောင့်ဆိုင်းနေလိုက်သည်။
ဧည့်ခန်းထဲရှိ စားပွဲပေါ်တွင်လည်း စုန့်ရှောင်းကွမ်နှင့် စုန့်ကွမ်းကျင့်တို့ ယူဆောင်လာသည့် သစ်သီးမျိုးစုံဖြင့် ပြည့်နှက်နေပါသည်။
“ဒီအိမ်မှာနေရတာ ဘာမှပြည့်ပြည့်စုံစုံ မရှိလှဘူး၊ ငါတို့အိမ်ဝင်းမှာနေရတာလောက် အဆင်ပြေမှာ မဟုတ်ဘူးနော်”
စုန့်ကွမ်းကျင့်သည် ယဲ့ရှောင်ရှောင်ကို သူ့အိမ်တွင်သာ လာရောက်နေထိုင်စေချင်ပါသည်။
ယဲ့ရှောင်ရှောင်အတွက်မူ မည်သည့်နေရာမှာပဲ နေထိုင်ရပါစေ ပြဿနာမရှိလှပေ။
နေ့ဘက်တွင် ဆေးရုံ၌သာ အချိန်ကုန်ရဆုံးမည်ဖြစ်၍ ဤတိုက်ခန်းကို ညအိပ်ဖို့အတွက်သာ ရည်ရွယ်ထားပါသည်။ နေ့လယ်စာ၊ ညစာများကိုလည်း အပြင်တွင်သာ ထွက်စားဖို့ ရည်ရွယ်ထားသည်။
အိမ်တွင် ရေသန့်စနစ်ရှိပြီး လျှပ်စစ်မိးရရှိလျှင် သူမအတွက် လုံလောက်ပါပြီ။
“ဒီမှာ ရက်နည်းနည်းလောက် ခဏနေလိုက်ဦးမယ်၊ ဗိုလ်ချုပ်ကြီးချန်း သက်သာသွားမှ သမီးပြန်လာခဲ့ပါ့မယ်”
“နင်က ဘေးကနေ ပံ့ပိုးကူညီပေးဖို့ပဲ တာဝန်ရှိတာနော်၊ အစောပိုင်းအဆင့်မှာ လဝက်လောက် အပ်စိုက်ကုသပေး လိုက်ရင် လုံလောက်ပြီ၊ ကျန်တဲ့ ခွဲစိတ်ကုသမှုကိုတော့ ဆေးရုံကပဲ တာဝန်ယူရမှာ”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ၂ နှစ်တာ ကာလအတွင်း နိုင်ငံခြား၌ သင်ယူခဲ့ရသည့် ပညာရပ်များအကြောင်းကို ဆရာကြီးနှင့် စတင်ဆွေးနွေးခဲ့ပါသည်။
“ခွဲစိတ်ကုသမှုကဏ္ဍမှာလည်း သမီးတော်တော်လေးကျွမ်း ကျင်နေပါပြီ၊ နည်းစနစ်တွေအများကြီး သင်ယူလာခဲ့ရတယ်”
တရုတ်တိုင်းရင်းဆေးပညာတွင်လည်း ထိုကဲ့သို့ နည်းစနစ်များ ရှိသော်ငြား ရှေးခေတ်က ထိုပညာများကို နက်နက်နဲနဲ သုတေသနမပြုလုပ်ခဲ့ကြပေ။
နိုင်ငံခြားတွင်ရှိနေစဉ်ကာလအတွင်း ယဲ့ရှောင်ရှောင်သည် တရုတ်တိုင်းရင်းဆေးပညာကို ဆက်လက်သင်ယူခဲ့ရုံသာ မကဘဲ အခြားသော ဆေးပညာရပ်များကိုပါ သင်ယူနိုင်ခဲ့ပါသည်။
စုန့်ကွမ်းကျင့်က သူမကို မေးခွန်းအချို့ မေးမြန်းကာ စမ်းသပ်စစ်ဆေးကြည့်လိုက်သည်။ ယဲ့ရှောင်ရှောင်လည်း မေးခွန်းအားလုံးကို ချောချောမွေ့မွေ့ ဖြေဆိုနိုင်ရုံသာမက မိမိ၏ ကိုယ်ပိုင်အမြင်များကိုပါ ထုတ်ပြောနိုင်ခဲ့သည်။
“မဆိုးပါဘူး၊ နင့်ကို နိုင်ငံခြားသွားခွင့်ပေးလိုက်တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ၊ အနည်းဆုံးတော့ အခုဆိုရင် ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းရှိနေပြီလေ”
ယဲ့ရှောင်ရှောင်တွင် ယခင်ကလည်း ထိုကဲ့သို့ စွမ်းရည်မျိုးရှိနေသည်ဆိုသော်ငြား ဘေးတွင် ဆရာကြီးများနှင့် ပါမောက္ခများ အချိန်ပြည့်ရှိနေသဖြင့် မိမိ၏ စွမ်းရည်ကို အပြည့်အဝ ထုတ်မပြနိုင်ခဲ့ပေ။
တစ်ဦးတစ်ယောက်တည်း ရပ်တည်ရသောအခါမှသာ သူမ၏ စွမ်းရည်နှင့် ပါရမီများကို အပြည့်အဝ ထုတ်ပြနိုင်ခဲ့ပါသည်။
ညစာစားပြီးနောက် စုန့်ရှောင်းကွမ်နှင့် စုန့်ကွမ်းကျင့်တို့ ပြန်ဖို့ ပြင်ကြသည်။ မပြန်မီ ဒေါ်လေးရှုက အိုးခွက်ပန်းကန်များကို သေသေချာချာ ဆေးကြောပေးခဲ့ပါသည်။
“ဆရာကြီး၊ မနက်ဖြန် မနက်စာစားပြီးတာနဲ့ သမီးဆေးရုံကို တန်းလာခဲ့မယ်နော်”
စုန့်ကွမ်းကျင့်က ခေါင်းညိတ်သည်။
“မနက်ဖြန် ဆေးရုံမှာ တွေ့ကြမယ်”
စုန့်ရှောင်းကွမ်ကမူ အခြားအလုပ်များ ရှိသေးသဖြင့် ဆေးရုံသို့ မသွားဖြစ်လောက်ပေ။
လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း ဟွာရုန်ကုမ္ပဏီသည် အဆမတန်ပိုမိုကြီးမားလာခဲ့ပါသည်။ ယဲ့ရှောင်ရှောင် ဖန်တီးထားသည့် ထုတ်ကုန်အသစ်များကို အားကိုးပြီး ပေကျင်းမြို့တွင် အကြီးမားဆုံး အလှကုန်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုကြီးဖြစ်လာခဲ့သည်။
လက်ရှိအချိန်တွင် စုန့်ရှောင်းကွမ်သည် ကုမ္ပဏီသူဌေးကြီးစင်စစ် ဖြစ်နေခဲ့လေပြီ။
ယဲ့ရှောင်ရှောင်လည်း ထိုကုမ္ပဏီကို တစ်ဝက်တိတိ ပိုင်ဆိုင်ပါသည်။ စုန့်ကွမ်းကျင့် ရင်းနှီးမြှုပ်နှံထားသည့် အရင်းအနှီးများကိုလည်း ပြန်လည်ရရှိခဲ့သည်မှာ ကြာခဲ့လေပြီ။
ဆရာတစ်ဦးအနေဖြင့် တစ်ပြားတစ်ချပ်မှ မဆုံးရှုံးခဲ့သလို တပည့်များကလည်း တစ်နေ့ထက်တစ်နေ့ အစွမ်းအစ ပိုမိုကြီးမားလာကြသည်။
ယဲ့ရှောင်ရှောင်သည် အလှကုန်ပစ္စည်းအသစ်များကို သုတေ သနပြုရသည့် တာဝန်မှလွဲ၍ အခြားသော အလုပ်တာဝန်များကို စုန့်ရှောင်းကွမ်လက်ထဲသာ ယုံကြည်စိတ်ချစွာပေးအပ်ထားပါသည်။
စုန့်ကွမ်းကျင့်တို့ကို နှုတ်ဆက်ပြီးနောက် ယဲ့ရှောင်ရှောင် အိမ်တွင်တစ်ယောက်တည်း စာအုပ်အနည်းငယ် ဖတ်ရှုခဲ့သည်။
သူမ ပြန်ရောက်နေသည့်အကြောင်း သူငယ်ချင်းများကို အသိပေးဖို့ အသင့်မဖြစ်သေးပါ။ ထို့ကြောင့် လာမည့် လဝက်လောက်အထိ မည်သည့် လူမှုရေး လှုပ်ရှားမှုတွင်မှ ပါဝင်နိုင်ဦးမည် မဟုတ်ချေ။
လုဟန်ချွမ်တစ်ယောက် တာဝန်ဖြင့် ပေကျင်းမှ ထွက်ခွာသွားရမှန်း ယဲ့ရှောင်ရှောင်သိပါသည်။ သို့သော် ပြန်လည်ရောက်ရှိလာခြင်း ရှိ၊ မရှိကိုမူ မသိရသေးပေ။
ထိုတာဝန်၏ ကြာမြင့်ချိန်မှာ အလွန်ပင် ရှည်လျားလွန်းပါသည်။ သူမထံ လစဉ်ငွေများ ပုံမှန်လွှဲပေးနေသော်လည်း လုဟန်ချွမ်နှင့် ပတ်သက်သည့် သတင်းအစအနများကိုမူ လုံးဝမကြားခဲ့ရချေ။
လက်ရှိအလုပ်တာဝန်များကို ပြီးဆုံးအောင်ဆောင်ရွက်ပြီးမှ လုအိမ်တော်သို့ သတင်းသွားမေးဦးမည်ဟု ယဲ့ရှောင်ရှောင် ဆုံးဖြတ်လိုက်ပါသည်။
နောက်တစ်နေ့မနက်တွင် ဆေးရုံသို့ ယဲ့ရှောင်ရှောင် စောစီးစွာ ရောက်ရှိလာခဲ့သည်။
ဗိုလ်ချုပ်ကြီးချန်း၏ သားနှင့် ချွေးမဖြစ်သူတို့လည်း ရောက်ရှိနေကြပြီး ယဲ့ရှောင်ရှောင်ကို အတောမသတ်နိုင်အောင် ကျေးဇူးတင်နေကြပါသည်။
ယဲ့ရှောင်ရှောင်ကမူ အချိန်ဆွဲမနေဘဲ ဆေးသေတ္တာလေးကို ကိုင်ဆောင်လျက် ဗိုလ်ချုပ်ကြီးချန်းအတွက် အပ်စိုက်ကုသမှုကို စတင်ခဲ့ပါသည်။
ယခုတစ်ခါတွင်မူ အပ်စိုက်ကုသနေစဉ်အချိန်အတွင်း ဗိုလ်ချုပ်ကြီးချန်း သတိရှိနေသဖြင့် ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို သိသိသာသာ ခံစားခဲ့ရသည်။
နာရီဝက်ခန့်ကြာသောအခါ ဗိုလ်ချုပ်ကြီးချန်း ပါးစပ်ပွင့်လာပြီး ယနေ့အတွက် ပထမဦးဆုံးသော စကားကို ဆိုလိုက်သည်။
“ကျေး… ကျေးဇူးတင်ပါတယ်”
ချန်းကျွင်းလွေ့သည် အသက် ၇၀ ကျော်ပြီဖြစ်ကာ ငယ်စဉ်က ပင်ပန်းခက်ခဲသည့် ဒဏ်များကို လွန်လွန်ကျူးကျူး ခံစားခဲ့ရခြင်းကြောင့် သူ့ခန္ဓာကိုယ်မှာ အလွန်အမင်း အားနည်းချို့တဲ့နေပါသည်။
တစ်ချိန်က ကမ္ဘာကြီးကို လှုပ်ခါစေခဲ့သော စစ်ဗိုလ်ချုပ်ကြီးမှာ ယခုဆိုလျှင် အရိုးပေါ်အရေတင်သည်အထိ ပိန်လှီနေခဲ့လေပြီ။
“ရပါတယ်ရှင်၊ ဒါတွေက ဆရာဝန်တစ်ယောက်ရဲ့ တာဝန်ပါပဲ”
ဗိုလ်ချုပ်ကြီး၏သားဖြစ်သူ ချန်းဖုန်းထိုက်က ရှေ့သို့ အပြေးအလွှားရောက်လာကာ ပြောလိုက်သည်။
“အဖေ စကားပြောနိုင်ပြီလား!”
ဗိုလ်ချုပ်ကြီးချန်းက သားဖြစ်သူကို တည်တည်ငြိမ်ငြိမ်ကြည့်ကာ မှာကြားလိုက်သည်။
“ငါက အသက်ကြီးနေပြီ၊ အမှားအယွင်းတစ်ခုခုဖြစ်သွားခဲ့ရင် ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့၊ ငါအသက်ရှင်ခဲ့ရတဲ့ အချိန်တွေက လုံလောက်ပါပြီ”
ချန်းဖုန်းထိုက်မှာ အသက် ၄၀ ဝန်းကျင်ရှိနေပြီဖြစ်သော် လည်း သူ့အဖေရှေ့တွင် ကလေးတစ်ဦးပမာငိုယိုနေပါသည်။
“အဖေ ဘာမှ မဖြစ်စေရပါဘူးဗျာ၊ ကျွန်တော်တို့ နိုင်ငံရဲ့ အနှစ် ၅၀ ပြည့် စစ်ရေးပြအခမ်းအနားကို ကြည့်ရဦးမယ်လေ”
ချန်းကျွင်းလွေ့က ပြုံးလျက် မေးလိုက်သည်။
“အခုက ဘယ်နှခုနှစ်လဲ”
“၁၉၈၇ လေ အဖေ”
ချန်းကျွင်းလွေ့ “အဲ့တာဆိုရင်တော့ ငါစောင့်နိုင်တော့မှာ မဟုတ်လောက်ဘူး၊ ဒါမေပယ့် နေမင်းကတော့ နေ့ရက်တိုင်း ပုံမှန် ထွန်းလင်းတောက်ပနေဦးမှာပဲ၊ မင်းတို့မျိုးဆက်တွေက ငါတို့ခေတ်ကထက် အဆပေါင်းများစွာ ပိုပိုပြီး ထူးချွန်ထက် မြက်လာကြမှာပါ”’
၁၉၈၇ ဟူသော ခုနှစ်ကိုကြားပြီး ယဲ့ရှောင်ရှောင်လည်း ခေတ္တ မှင်သက်သွားမိသည်။ သူမ ဤကမ္ဘာသို့ ရောက်ရှိလာသည်မှာ ၄ နှစ်ပင် ပြည့်ခဲ့ပါပြီ။
သူမသည် ယခုနှစ်တွင် တက္ကသိုလ်နောက်ဆုံးနှစ်သို့ ရောက်ရှိနေပြီဖြစ်ရာ အချိန်များကာ အမှန်တကယ် အကုန်မြန်လွန်းသည်။
ဆေးကျောင်းသားများက တစ်နှစ်အပို တက်ရခြင်းကြောင့်သာမဟုတ်လျှင် သူမ ဘွဲ့ရနေလောက်ပြီ ဖြစ်သည်။
ယဲ့ရှောင်ရှောင် အပ်များကို သိမ်းဆည်းလိုက်ပြီး သားအဖနှစ်ယောက်အား လွတ်လွတ်လပ်လပ် စကားပြောခွင့် ပေးလိုက်ကာ အပြင်သို့ ပြန်ထွက်လာခဲ့သည်။
လူနာခန်းအပြင်ဘက်တွင် သခင်မဝူက စောင့်ဆိုင်းနေသည်။
“ဒေါက်တာယဲ့၊ ကျွန်မတို့အဖေကို ကုသပေးဖို့အတွက်နဲ့ နိုင်ငံခြားကနေ တကူးတက ပြန်လာရတယ်လို့ ကြားမိပါတယ်၊ ပြီးတော့ မနေ့က အဖေ့ကို သေမင်းလက်ကနေ ပြန်ခေါ်ပေးနိုင်ခဲ့တာလည်း ဒေါက်တာယဲ့ပဲ မဟုတ်လား၊ ကျွန်မတို့ ဘယ်လိုကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး၊ ဒါကျွန်မတို့ရဲ့ အိမ်ဖုန်းနံပါတ်နော်၊ နောက်နောင် အကူအညီလိုအပ်တာရှိရင် အချိန်မရွေး အာမနာတမ်း ဆက်သွယ်လိုက်ပါ”