အခန်း ၂၅၆
Vol. 26 Ch. 256
Chapter 256
သခင်မဝူသည် ဗိုလ်ချုပ်ကြီးချန်း၏ ချွေးမဖြစ်ပြီး အလွန်ထက်မြက်သည့် အမျိုးသမီးတစ်ဦးဖြစ်ပါသည်။
သူမသာ ရုပ်ဝတ္ထု လက်ဆောင်ပစ္စည်းတစ်ခုခုပေးဖို့ ကြိုးစားလျှင် ယဲ့ရှောင်ရှောင် ငြင်းဆန်နိုင်မှန်း သိသဖြင့် ဖုန်းနံပါတ်သာ ပေးခဲ့လိုက်သည်။
ထိုသို့ ပြုလုပ်လိုက်ခြင်းအားဖြင့် ကျေးဇူးဆပ်ရုံကျသည်သာမက မိသားစုနှစ်စု၏ ဆက်ဆံရေးကိုပါ ပိုမိုနီးစပ်သွားစေပါလိမ့်မည်။ ယဲ့ရှောင်ရှောင်ကဲ့သို့ ဆေးပညာပါရမီရှင်တစ်ဦး၏ အကူအညီကို နောက်နောင်လည်း သူမတို့ လိုအပ်လာနိုင်သည်။
ယဲ့ရှောင်ရှောင်သည်လည်း သခင်မဝူ၏ ရည်ရွယ်ချက်ကို နားလည်ရိပ်မိသဖြင့် ဖုန်းနံပါတ်ကို လက်ခံလိုက်သည်။
သခင်မဝူသည် ယဲ့ရှောင်ရှောင်နှင့် စကားခေတ္တဆက်ပြောခဲ့ပြီး အချိန်ရလျှင် သူမတို့အိမ်သို့ အထူးဧည့်သည်အဖြစ် လာရောက်လည်ပတ်နိုင်ကြောင်းကိုပါ တဖွဖွ ပြောကြားခဲ့ပါသည်။
ယဲ့ရှောင်ရှောင်လည်း အပြုံးဖြင့် ခေါင်းညိတ်ခဲ့သည်။
“ဒါဆို ဒေါက်တာယဲ့ကို မနှောင့်ယှက်တော့ဘူနော်၊ လုပ်စရာရှိတာ ဆက်လုပ်ပါ”
အမှန်စင်စစ် ယဲ့ရှောင်ရှောင်တွင် အခြားအရေးကြီးတာဝန်များ မရှိသေးပေ။ ထို့ကြောင့် အားလပ်ချိန်၌ တရုတ်တိုင်းရင်းဆေးပညာဌာနရှိ စွန်းကျန့်ယောင်ကို သွားရောက်တွေ့ဆုံခဲ့ပါသည်။
“ရှောင်ရှောင်၊ နိုင်ငံခြားမှာ နေခဲ့ရတာ ဘယ်လိုအခြေအနေရှိလဲ၊ တခြားသူတွေကော အဆင်ပြေရဲ့လား”
ပါမောက္ခစွန်းသည် သူ့ကျောင်းသားများအတွက် အလွန်စိုးရိမ်ပူပန်နေပါသည်။
ယဲ့ရှောင်ရှောင် ခေတ္တစဉ်းစားလိုက်ပြီး မိမိနှင့် ဆက်ဆံရေး အတန်အသင့်ကောင်းမွန်သော ကျောင်းသားအချို့၏ အကြောင်းကိုသာ ပြောပြလိုက်သည်။ ကျန်ကျောင်းသားများ၏ အကြောင်းကိုမူ သူမ သိပ်မသိလှပေ။
နိုင်ငံခြားရောက် ပညာဖလှယ်ကျောင်းသားများအဖွဲ့သည် လစဉ်လတိုင်း စုဝေးပွဲများ ကျင်းပလေ့ရှိသော်လည်း ယဲ့ရှောင်ရှောင်ကမူ အပေါင်းအသင်း လိုက်လံရှာဖွေတတ်သော လူမျိုး မဟုတ်ပေ။
လူတိုင်းကလည်း သူမနှင့် ရင်းနှီးကျွမ်းဝင်အောင် မလုပ်နိုင်ကြသဖြင့် သူမ၏ မိတ်ဆွေအသိုင်းအဝိုင်းမှာ အမြဲတမ်း လူ သုံးလေးယောက်နှင့်သာ ရပ်တန့်နေတတ်ပါသည်။
စွန့်ကျန့်ယောင်သည် သူမ ပြောပြသော နိုင်ငံခြားမှ လူနေမှုဘဝအခြေအနေများကို သေချာနားထောင်ခဲ့သည်။
“အားလုံးဘေးကင်းကင်းနဲ့ ရှိနေရင် လုံလောက်ပါပြီ၊ နိုင်ငံခြားမှာနေရတာ ကြောက်စရာကောင်းတယ်မလား၊ ဟိုက ပြည်သူ့လုံခြုံရေးတွေက တို့ပေကျင်းနဲ့တော့ ဘယ်ယှဉ်နိုင်ပါ့မလဲ”
ဤခေတ်အခါက တရုတ်နိုင်ငံတွင်လည်း ခါးပိုက်နှိုက်သူခိုးကြမ်းပိုးများ သောင်းကျန်းခဲ့သည်ဆိုသော်ငြား ပေကျင်းတွင်မူ လုံခြုံရေးအတန်အသင့် တင်းကျပ်ပါသည်။
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
“အပြင်ကို တစ်ယောက်တည်း မထွက်ရဲကြဘူးလေ”
ယဲ့ရှောင်ရှောင်သည် ပုံမှန်အားဖြင့် ကျောင်းတွင်ရှိမနေလျှင် အိမ်တွင်သာ စာဖတ်နေလေ့ရှိသည်။
ရှော့ပင်းမောများတွင် ဈေးဝယ်ထွက်သည့်အကြိမ်အရေအတွက်ကလည်း လက်ချိုးရေနိုင်ပါသည်။ ထို့အပြင် အပြင်ထွက်တိုင်း သူငယ်ချင်း အပေါင်းအပါများနှင့်သာ စုဖွဲ့သွားလာလေ့ရှိသည်။
နိုင်ငံခြားရှိ ပစ္စည်းများမှာ အဆမတန် ဈေးကြီးလွန်းသဖြင့် ယဲ့ရှောင်ရှောင်တွင် ငွေမရှားသော်လည်း ထိုပစ္စည်းများအပေါ် စိတ်ဝင်စားမှုမရှိခဲ့ချေ။
“အစုအဖွဲ့လိုက် သွားရတာမို့လို့ တော်သေးတာပေါ့၊ ဒါမှတစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်နိုင်မှာလေ”
ကျန်ကလေးများပါ ဘေးကင်းလုံခြုံကြကြောင်း ကြားသိရသဖြင့် စွန်းကျန့်ယောင် စိတ်သက်သာရာ ရမိပါသည်။
နောက်တစ်လနေလျှင် ကျန်ရှိသည့် ကျောင်းသားများ အားလုံးပါ ပြန်ရောက်လာကြပါတော့မည်။ သူတို့အားလုံးသည်လည်း ယဲ့ရှောင်ရှောင်ကဲ့သို့ပင် ပိုမိုရင့်ကျက်တည်ငြိမ်လာကြမည်ဟု စွန်းကျန့်ယောင် အပြည့်အဝ ယုံကြည်ထားသည်။
စွန်းကျန့်ယောင်သည် ယဲ့ရှောင်ရှောင်ကို ရုံးခန်းထဲတွင် သက်သက်သာသာနေဖို့ ပြောလိုက်သည်။
“ရောက်လက်စနဲ့ နင့်ပညာတွေ ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာ စမ်းသပ်ကြည့်ကြတာပေါ့”
ဤသို့ဖြင့် ယဲ့ရှောင်ရှောင်လည်း ထိုနေရာတွင်ထိုင်ကာ စွန်းကျန့်ယောင်နှင့်အတူ လူနာများကို ဝိုင်းဝန်းကြည့်ရှု စစ်ဆေးပေးခဲ့ရပါသည်။
ဆရာကြီး စုန့်ကွမ်းကျင့် ရောက်ရှိလာသည့်အချိန်မှ အလုပ်ပြီးဆုံးသွားကြလေသည်။
“ပါမောက္ခစွန်း၊ ကျုပ်တပည့်ကို ဒီလိုပေါ်တင်ကြီး ခိုင်းစားနေတာ နည်းနည်းတရားလွန်တယ် မထင်ဘူးလား”
စွန်းကျန့်ယောင်က နှာခေါင်းပွတ်လျက် ဆိုသည်။
“စိတ်မဆိုးပါနဲ့ ဆရာကြီးစုန့်ရယ်၊ ကျုပ်က ကျောင်းသူယဲ့ကို ဒီတိုင်း ပညာစမ်းနေတာပါ၊ ဘယ်ဆိုးလို့လဲ၊ ခင်ဗျားတပည့် ကျောင်းသူယဲ့ရဲ့ ပညာရည်က လုံးဝ ခိုင်မာနေပြီ”
စုန့်ကွမ်းကျင့်က မျက်စပစ်လျက် ပြောလိုက်သည်။
“ဟင်း… အိမ်ပြန်ပြီး သွားနားလိုက်တော့ ရှောင်ရှာင်”
အဘိုးအိုနှစ်ဦး ကတောက်ကဆဖြစ်နေသည်ကို ကြည့်ရင်း ယဲ့ရှောင်ရှောင် ခေါင်းသာခါမိတော့သည်။
“ဘွဲ့တောင်မရသေးတဲ့အချိန် အခုလို အလုပ်သင်အခွင့်အရးရတာ သမီးအတွက် ပိုကောင်းတာပေါ့ ဆရာကြီးရဲ့”
စုန့်ကွမ်းကျင့်က ရည်မှန်းချက် နည်းပါးလှသော ယဲ့ရှောင်ရှောင်ကို စိတ်ပျက်လက်ပျက်ကြည့်ရင်း ပြောလိုက်သည်။
“ရှောင်ရှောင်၊ နေရာတိုင်းမှာ သဘောကောင်းလွန်းနေရင် တစ်ချိန်ကျ အနိုင်ကျင့်ခံရလိမ့်မယ်နော်၊ လုပ်ငန်းခွင်ထဲကို ဒီလိုစိတ်နဲ့ ဝင်သွားရင် လူတိုင်းက နင့်ကို ခိုင်းစားကြလိမ့်မယ်”
စွန်းကျန့်ယောင်က အခွင့်အရေးကို အမိအရယူကာ ဝင်ပြောလိုက်သည်။
“အဲ့တာဆို ခင်ဗျားတပည့်ကို ကျုပ်တို့ဌာနမှာပဲ အလုပ်သင် လာဆင်းခိုင်းလိုက်ပါလား၊ ကျုပ်တို့ဌာနမှာ လူအင်အား လိုနေတာနဲ့ အတော်ပဲပေါ့”
စုန့်ကွမ်းကျင့်က ငေါက်လိုက်သည်။
“ဆုတောင်းလိုက်လေ၊ ခင်ဗျားတို့ ဆေးရုံက အဆင့်မြင့်ဆေးရုံဆိုပေမယ့် ကျုပ်တပည့်ကို ခင်ဗျားတို့ထက် ပိုသာတဲ့ နေရာတွေကတောင် အလုအယက် အလိုရှိနေကြတာ”
ထို့အပြင် ရမ်သဲ့ထန်ကလည်း ယဲ့ရှောင်ရှောင် လာရောက်ဦးဆောင်ပေးမည့် အချိန်ကို စောင့်ဆိုင်းနေဆဲပင်။ ရှောင်ရှောင့်အတွက် အလုပ်အကိုင်အခွင့်အလမ်း မရှားလှပါ။
စွန်းကျန့်ယောင်ကလည်း သူ့ဆေးရုံအပေါ် အပြည့်အဝ ယုံကြည်မှုရှိသည်။
“ကျုပ်တို့ဆေးရုံက အကျိုးခံစားခွင့်တွေ မနည်းတဲ့ ထိပ်တန်းဆေးရုံကြီးပါဗျ၊ ကျုပ်တို့ဆေးရုံမှာ ရှောင်ရှောင် ပညာရည်လာသွေးနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ”
ယဲ့ရှောင်ရှောင်ကမူ အလုပ်သင်ကိစ္စများကို စဉ်းပင်မစဉ်းစားရသေးချေ။
မူလအစီအစဉ်များအရဆိုလျှင်တော့ ရမ်သဲ့ထန်သို့ သွားရောက်ဖို့သာ များပါသည်။
ဤဘဝတွင် ဆေးပညာကို လေ့လာဆည်းပူးခဲ့ခြင်းမှာ တရုတ်တိုင်းရင်းဆေးပညာအဆင့်အတန်းကို မြှင့်တင်နိုင်ရန်နှင့် အတိတ်ဘဝက နောင်တများကိုလည်း အစားထိုး ကုစားရန်အတွက် ဖြစ်ပါသည်။
သို့သော်လည်း ဤဆေးရုံကြီးတွင် အလုပ်လာလုပ်ဖို့ကလည်း မဖြစ်နိုင်သည်တော့ မဟုတ်လှပေ။ ဘွဲ့ပင်မရသေးဘဲ ဆေးရုံကြီးများက သူမကို အလုအယက်လိုချင်နေကြသည်မှာ မကြုံစဖူး ဖြစ်ရပ်တစ်ခုပင်။
အဘိုးအိုနှစ်ဦး ဆက်လက်ငြင်းခုံနေစဉ် ယဲ့ရှောင်ရှောင် တိတ်တိတ်လေး လစ်ထွက်လာခဲ့တော့သည်။
ယဲ့ရှောင်ရှောင်သည် ပေကျင်းမြို့ ပင်မဆေးရုံကြီးသို့ ၂ ပတ်တိတိ ပုံမှန် လာရောက်ခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ချန်းကျွင်းလွေ့၏ ကျန်းမာရေးအခြေအနေ ရာနှုန်းပြည့် တည်ငြိမ်သွားသည်နှင့် နောက်ဆက်တွဲ ခွဲစိတ်ကုသမှုများကို ဆေးရုံ၏ အထူးကုများကသာ တာဝန်ယူ ကိုင်တွယ်ရမည်ဖြစ်သည်။
ယဲ့ရှောင်ရှောင်သည် အထူးကုဆရာဝန်ကြီးများ၏ တိုင်ပင်ဆွေးနွေးပွဲများတွင်လည်း ပါဝင်ခဲ့ပြီး ဆေးရုံအုပ်ကြီးသည် သူမ၏ အကြံပြုချက်များကို လေးလေးနက်နက် ထည့်သွင်းစဉ်းစားပေးခဲ့ပါသည်။
သူမသည် တရုတ်တိုင်းရင်းဆေးပညာတွင် ခိုင်မာသော အခြေခံအုတ်မြစ်ရှိရုံသာမက၊ အနောက်တိုင်းဆေးပညာကိုပါ နက်နက်နဲနဲ နားလည်ထားသူတစ်ယောက်ဖြစ်သည်။
ထိုကဲ့သို့ ပါရမီမျိုးက ရှားပါးလွန်းသဖြင့် ယဲ့ရှောင်ရှောင်ကို သူတို့၏ ဆေးရုံတွင်ခေါ်ထားဖို့ ကျိန်းသေပေါက် ကြိုးစားရပါမည်။
“ကျွန်မဒီမှာ ဘာမှလုပ်စရာမရှိတော့ဘူးဆိုတော့ ပြန်လိုက်ပါဦးမယ် ဆေးရုံအုပ်ကြီး၊ ဒီရက်ပိုင်းအတွင်း ကျွန်မကို အထူးတလည် ဂရုစိုက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်”
ဆေးရုံအုပ်ကြီးကျန်းသည် နေ့စဉ်နေ့တိုင်း သူမကို ဆေးရုံထမင်းစားဆောင်သို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ကာ နေ့လယ်စာကျွေးမွေးခဲ့ပါသည်။
အမှန်တွင် ဆေးရုံအုပ်ကျန်းသည် ထိုပါရမီရှင် မိန််းကလေးနှင့် ရင်းနှီးမှုရယူပြီး သူမထံမှ ဆေးပညာဗဟုသုတအချို့ကို ဖလှယ်လိုခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ယဲ့ရှောင်ရှောင်ကမူ သူ့ကို နေ့လယ်စာအတူစားဖော်တစ်ဦးဖြစ်သာ သဘောထားခဲ့ရာ ဆေးရုံအုပ်ကျန်းမှာ သနားစရာကောင်းနေတော့သည်။
ဆေးရုံအုပ်ကျန်းက ဆိုသည်။
“ကျောင်းတွေလည်း ပြန်မဖွင့်သေးဘူးဆိုတော့ ကျောင်းသူယဲ့ ဆေးရုံမှာ ဆက်နေချင်တယ်ဆိုရင် အချိန်မရွေး လာခဲ့လို့ ရတယ်နော်၊ ပြီးတော့ ကျောင်းဖွင့်တာနဲ့ အလုပ်သင်ဆင်းဖို့ နေရာတွေ ရွေးချယ်ရတော့မယ်မလား၊ ငါတို့ဆေးရုံက မင်းတို့ တက္ကသိုလ်နဲ့ လက်တွဲထားပြီးသားမို့လို့ မင်းအလုပ်သင်ဆင်းမယ့်နေရာ ရွေးချယ်တဲ့အခါ ငါတို့ဆေးရုံကို ဦးစားပေးပြီး စဉ်းစားပေးပါနော်”
သူ့လေသံမှာ အလွန်ပင် လေးနက်လှပါသည်။
ယဲ့ရှောင်ရှောင် ဇဝေဇဝါဖြစ်သွားသည်။
“ဒါပေမယ့် ကျွန်မို့ ဘယ်မှာအလုပ်သင်ဆင်းရမလဲဆိုတာကို တက္ကသိုလ်က ရွေးချယ်ပေးတာ မဟုတ်ဘူးလား၊ အရင်နှစ်တွေတုန်းက စီနီယာအစ်မတွေဆိုရင် တခြားဒေသတွေကိုပါ သွားရတာ”
“…”
ဆေးရုံအုပ်ကျန်း ပြောစရာစကား ပျောက်ဆုံးသွားသည်။
စည်းမျဉ်းစည်းကမ်းများအရဆိုလျှင် သူမ ပြောသည်မှာ မမှားသော်လည်း ထူးချွန်ထက်မြက်သည့် ကျောင်းသားများကိုမူ အကောင်းဆုံးသော နေရာများသို့သာ အမြဲတမ်း ဦးစားပေးပို့ဆောင်လေ့ ရှိကြပါသည်။
ထို့အပြင် မိမိတို့ဆေးရုံနှင့် ကျင့်ဟွာတက္ကသိုလ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု မရှိလျှင်ပင် ယဲ့ရှောင်ရှောင်ကို ရရှိရန်အတွက် အလုပ်သင်နေရာတစ်ခုကို ဖြစ်အောင် ဖန်တီးပေးမည်မှာ အသေအချာပင်ဖြစ်သည်။
“အခုလောလောဆယ်တော့ ပြောဖို့ စောပါသေးတယ်၊ အချိန်တန်မှပဲ ထပ်ပြီး ဆွေးနွေးကြတာပေါ့”
ဆေးရုံအုပ်ကျန်းသည် ယဲ့ရှောင်ရှောင်အား အပြုံးဖြင့် နှုတ်ဆက်လိုက်ပါသည်။
သူအရာရာကို ကြိုတင်တွက်ဆထားပြီးပါပြီ။ ပါမောက္ခစွန်းကလည်း သူတို့ဆေးရုံတွင် ရှိနေပြီး သူသည် ယဲ့ရှောင်ရှောင်၏ ဆရာတစ်ဦးဖြစ်သဖြင့် ထိုအဆက်အသွယ်ကို အသုံးချလိုက်လျှင် သူမကို ခေါ်ဆောင်နိုင်ဖို့ မခက်ခဲနိုင်ပေ။
ဆေးရုံအုပ်ကြီး၏ အကြံအစည်များကို မသိနိုင်သည့် ယဲ့ရှောင်ရှောင်ကမူ ဆေးရုံမှ ဇဝေဇဝါဖြစ်သော စိတ်ခံစားချက်ဖြင့် ထွက်ခွာလာခဲ့တော့သည်။
သူမလက်ထဲတွင်လည်း ဆေးရုံအုပ်ကြီးက ရှင်းပေးလိုက်သော ဆေးကုသမှု စရိတ်များ ပါလာသည်။
ဤတစ်ကြိမ်တွင် သူမကို အထူးတလည်ဖိတ်ကြားထားသော ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ထားခဲ့ကြသဖြင့် အဖိုးအခကလည်း များပြားလှပါသည်။
ဆေးရုံအုပ်ကြီးက ထိုငွေများကို ကြည်ကြည်ဖြူဖြူပင် ပေးအပ်ခဲ့သည်။ သူမသည် ဗိုလ်ချုပ်ကြီးချန်းကို သေမင်း၏ လက်ထဲမှ အောင်အောင်မြင်မြင် ပြန်လည်လုယူပေးနိုင်ခဲ့သူဖြစ်ရာ နှစ်ဦးနှစ်ဖက်စလုံး အကျိုးအမြတ် ရရှိခဲ့ကြပါသည်။
ယဲ့ရှောင်ရှောင်သည် သူမ၏ ကားကို သွားရောက်ယူဆောင်ဖို့ လိုအပ်နေသည်။
နိုင်ငံခြားသို့ မထွက်ခွာမီက သူမ၏ ကားကို လုဟန်ချွမ်လက်ထဲ အပ်ထားခဲ့ပါသည်။ လုဟန်ချွမ်ကလည်း ထိုကားကို ရှန်းချင့်၏ လက်ထဲ တစ်ဆင့်ပြန်လည်အပ်နှံထားခဲ့သည်။
လုဟန်ချွမ်၏ သူငယ်ချင်းအုပ်စုထဲတွင် ရှန်းချင့်ထက် ကားအကြောင်းင်းပိုနားလည်သူဟူ၍ မရှိပေ။ ထို့ကြောင့် တရုတ်နိုင်ငံသို့ ယဲ့ရှောင်ရှောင် ပြန်ရောက်နေသည့်အကြောင်းကို စုန့်မိသားစုအပြင် ရှန်းချင့်ပါ သိရှိသွားခဲ့ပါသည်။
“ခယ်မလေး၊ နင်ပြန်လာတာကို အစ်ကိုလု မသိလောက်သေးဘူးမလား”
ယဲ့ရှောင်ရှောင်ကိုမြင်သောအခါ ရှန်းချင့်တစ်ယောက် ထင်ယောင်ထင်မှားဖြစ်နေသည်ဟုပင် ခံစားလိုက်ရသည်။
သူမနှင့် တစ်ကြိမ်နှစ်ကြိမ်သာ တွေ့ဖူးသော်လည်း သူမ၏ အသွင်အပြင်ကို တစ်သက်လုံး မေ့နိုင်မည် မဟုတ်ပေ။
ယဲ့ရှောင်ရှောင်: “သူ မသိသေးဘူး၊ ကျွန်မ အရေးတကြီး လုပ်စရာလေးတွေရှိလို့ စောစောပြန်လာတာပါ”
ရှန်းချင့်သည် ယဲ့ရှောင်ရှောင်လက်ထဲ ကားသော့များ ပြန်အပ်လိုက်သည်။
“နင့်ကားကို ဂိုထောင်ထဲမှာ သေချာသိမ်းပေးထားပြီး သန့်ရှင်းရေးပုံမှန်လုပ်ပေးထားလို့ လုံးဝ အသစ်အတိုင်းပဲနော်”
ထို့နောက် ယဲ့ရှောင်ရှောင်၏ အနားသို့ကပ်ကာ လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် တီးတိုး ပြောလိုက်သည်။
“ငါတို့အစ်ကိုလုက အနောက်မြောက်ပိုင်းကို ရောက်နေတာ၊ ပထမတော့ သူ့တာဝန်က ၂ နှစ်မပြည့်ခင် ပြီးဆုံးပြီး အိမ်ပြန်လာလို့ ရမှာကို မတော်တဆမှု အသေးစားလေးဖြစ်သွားလို့ ဟိုမှာ နောက်ထပ် ၁ နှစ်လောက် ထပ်နေရနိုင်တယ် သိလား”
ရှန်းချင့် ပြောရင်းဆိုရင်း ဟားတိုက်ရယ်မောချင်မိသည်။
လုဟန်ချွမ်သည် မူလက သူ့ကောင်မလေး နိုင်ငံခြားသို့ ထွက်ခွာသွားသဖြင့် စိတ်ဖြေသိမ့်ရန် ထိုတာဝန်ကို ထမ်းဆောင်ခဲ့ခြင်း ဖြစ်သော်ငြား ယခုသူ့ကောင်မလေး ပြန်လည်ရောက်ရှိလာချိန်တွင်မူ ပြန်မလာနိုင်သည့်လူက သူဖြစ်နေလေပြီ။
ယဲ့ရှောင်ရှောင် မျက်တောင်တဖျပ်ဖျပ်ခတ်ကာ မေးလိုက်သည်။
“သူ့တာဝန်က အန္တရာယ်များလို့လားဟင်”