← Chapters

အခန်း ၂၅၇

Vol. 26 Ch. 257

အခန်း ၂၅၇

Vol. 26 Ch. 257

Chapter 257

“အန္တရာယ်များတယ်လို့တော့ မဟုတ်ပါဘူး၊ အနောက် မြောက်ပိုင်းမှာ အခြေအနေတွေ နည်းနည်းရှုပ်ထွေးနေတယ် ဆိုပေမယ့် စစ်မြေပြင်တော့ မဟုတ်ဘူးလေ၊ အစ်ကိုလုကလည်း အစွမ်းအစရှိတဲ့လူဆိုတော့ ဘာမှမဖြစ်လောက်ပါဘူး၊ ပတ်ဝန်းကျင်အခြေအနေကတော့ နည်းနည်းကြမ်းတာပေါ့”

ရှန်းချင့်က သူသိထားသော သတင်းအစအနအချို့ကို ပြောပြလိုက်ပါသည်။

ယဲ့ရှောင်ရှောင်း ခေါင်းညိတ်ကာ ကျေးဇူးတင်လိုက်ပါသည်။

“ဟုတ်ပါပြီ၊ ကျေးဇူးတင်ပါတယ်နော်”

ရှန်းချင့်က အားနာစရာမလိုကြောင်း အလျင်အမြန်ပြောလိုက်ပြီး သူမ မည်သည့်နေရာကို ဆက်သွားမည်ဖြစ်ကြောင်းကိုလည်း မေးမြန်းလိုက်ပါသည်။

“ကျွန်မ အလုပ်ကိစ္စတွေ ပြီးသွားပြီဆိုတော့ လုအိမ်တော်မှာ အဘိုးနဲ့ အဘွားတို့ကို သွားတွေ့မလားလို့”

“ဪ…”

ယဲ့ရှောင်ရှောင် အဘယ်ကြောင့် အချိန်မတိုင်မီ စောစောစီးစီး ပြန်လည်ရောက်ရှိလာရသည်ကို ရှန်းချင့် နားမလည်သော်လည်း လုမိသားစုထံ သွားရောက်လည်ပတ်ချင်ရသည့် အကြောင်းအရင်းကိုတော့ နားလည်နိုင်ပါသည်။

ဆိုလိုသည်မှာ သူ့ခယ်မအလှလေးနှင့် သူ့အစ်ကိုလုတို့၏ ဆက်ဆံရေး ခိုင်မာတည်မြဲနေဆဲပင်။

ယခင်က နိုင်ငံခြားသို့ သွားရောက်ပြီး အမိနိုင်ငံသို့ ပြန်မလာချင်တော့သည့် လူအချို့အကြောင်းကို သူကြားဖူးပါသည်။

ထို့ကြောင့် ယဲ့ရှောင်ရှောင် နိုင်ငံခြားသွားမည်ဟု ကြားခဲ့ရစဉ်က သူတို့နှစ်ဦး လမ်းခွဲတော့မည်ဟုပင် ရှန်းချင့် ထင်ခဲ့မိသည်။ ယခုမှ အစ်ကိုလုအစွမ်းအစ မသေးမှန်း သူနားလည်ခဲ့ရပါသည်။

ယဲ့ရှောင်ရှောင် ကားကိုယူဆောင်ပြီး ရှော့ပင်းမောတွင် လက်ဆောင်ပစ္စည်းအချို့ အရင်ဆုံးသွားဝယ်ကာ လုအိမ်တော်သို့ မောင်းနှင်လာခဲ့သည်။

နိုင်ငံခြားတွင်ရှိစဉ်ကလည်း လက်ဆောင်အချို့ ဝယ်ယူခဲ့ပါသေးသည်။ သို့သော် သူမတစ်ဦးတည်း မသယ်ဆောင်နိုင်သဖြင့် ချောပို့စနစ်ဖြစ်သာ ပို့ဆောင်ပေးခဲ့သည်။ နိုင်ငံခြားမှ တရုတ်နိုင်ငံသို့ ပစ္စည်းများ ရောက်ရှိဖို့ တစ်လခန့် အချိန်ယူရပါသည်။

လုအိမ်တော်သို့ ယဲ့ရှောင်ရှောင် ရောက်ရှိလာသောအခါ တိုက်ဆိုင်စွာဖြင့် အဘိုးလုနှင့် အဘွားလုတို့သာမကဘဲ လုဟန်ချွမ်၏ အမေပါ အိမ်တွင်ရှိနေပါသည်။

ယွင်ချန်းရှို့တစ်ယောက် ခြံဝင်းထဲတွင် ပန်းပင်များ ရေလောင်းနေစဉ် ယဲ့ရှောင်ရှောင်ကို ရုတ်တရက်မြင်လိုက်ရသေအာခါ မိမိမျက်လုံးကိုပင်မိမိ မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။

“ရှောင်ရှောင် သမီး! ဘယ်တုန်းက ပြန်ရောက်လာတာလဲ! ပြန်လာရမယ့်အချိန် မဟုတ်သေးဘူးမလား”

လွန်ခဲ့သည့် ရက်အနည်းငယ်က ယဲ့ရှောင်ရှောင် မကြာမီ ပြန်လာလိမ့်မည်ဟု ယွင်ချန်းရှို့ ခန့်မှန်းခဲ့သော်လည်း ဤမျှမြန်မြန်ဆန်ဆန် ပြန်ရောက်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ယဲ့ရှောင်ရှောင် လက်ဆောင်ပစ္စည်းများကို သယ်ဆောင်လျက် ခြံထဲဝင်လာခဲ့သည်။

“သမီး လုပ်စရာကိစ္စလေးတွေရှိလို့ စောစောပြန်လာခဲ့တာပါ ဒေါ်လေး”

ယွင်ချန်းရှို့သည် ယဲ့ရှောင်ရှောင်လက်ထဲမှ ပစ္စည်းများကို ကူသယ်ပေးရင်း မေးမြန်းလိုက်ပါသည်။

“အိမ်မှာတစ်ခုခုများ ဖြစ်လို့လား”

ထိုသို့သာဆိုလျှင် ဆွေမျိုးလောင်းများကို သူမအနေဖြင့် မဖြစ်မနေ ကူညီပေးရပါမည်။

ယဲ့ရှောင်ရှောင်: “အဲ့လို မဟုတ်ပါဘူး၊ အရေးကြီးကိစ္စတစ်ခုကြောင့် တက္ကသိုလ်က သမီးကို စောစောပြန်ခေါ်လိုက်တာ၊ ဟိုရက်ပိုင်းကမှ ဆေးရုံမှာ အလုပ်လုပ်နေရတာလေ၊ အခုအလုပ်တွေပြီးသွားလို့ ဒေါ်လေးတို့ဆီ လာလည်တာပါ”

သူတို့နှစ်ဦး ခြံထဲတွင် စကားပြောဆိုနေကြစဉ် အိမ်ထဲတွင် တီဗွီကြည့်နေသည့် အဘိုးလုက စကားသံများကြားသဖြင့် ပြူတင်းပေါက်မှ ခေါင်းပြူထွက်ကာ လှမ်းကြည့်လိုက်သည်။

ထို့နောက် ဇနီးဖြစ်သူကို အသံတိုးတိုးဖြင့် သတိပေးလိုက်ပါသည်။

“အဘွားကြီ၊ ရှောင်ရှောင် ပြန်လာပြီထင်တယ်”

မီးဖိုချောင်ထဲတွင် အလှပန်းများထိုးနေသည့် အဘွားလုလည်း အလွန်အံ့အားသင့်သွားပါသည်။

“တကယ်လား၊ နေဦး နေဦး ကျွန်မ သွားကြည့်လိုက်ဦးမယ်”

“ဖြည်းဖြည်းသွားဦး အဘွားကြီး”

အဘိုးလုက သတိလှမ်းပေးကာ သူကိုယ်တိုင်လည်း မတ်တပ်ထရပ်လိုက်သည်။

“ရှောင်ရှောင်!”

အဘွားလုသည် တံခါးဝမှနေ၍ ရှောင်ရှောင်အား လှမ်းခေါ်လိုက်ပါသည်။

“သမီးပြန်လာပြီ အဘွား”

အဘွားအို အလျင်စလို ပြေးလာရင်း ခလုတ်တိုက်လဲမည်ကို စိုးရိမ်သဖြင့် ယဲ့ရှောင်ရှောင်ကသာ ရှေ့သို့ ခပ်သွက်သွက် လျှောက်လာပြီး တွဲကူပေးလိုက်ပါသည်။

ယွင်ချန်းရှို့က လက်ဆောင်ပစ္စည်းများကို သယ်ဆောင်လျက် ပြောလိုက်သည်။

“အိမ်ထဲရောက်မှ စကားအေးအေးဆေးဆေး ပြောကြ”

အိမ်ထဲသို့ ဝင်လိုက်သည်နှင့် တံခါးဝတွင် စောင့်ကြိုနေသည့် အဘိုးလုကိုလည်း ယဲ့ရှောင်ရှောင် မြင်လိုက်ရသည်။

“အဘိုး”

“ဪ၊ ရှောင်ရှောင်ရဲ့အသံကိုကြားတာနဲ့ ငါမှတ်မိပါတယ်လို့”

အဘိုးလုမှာ သူ့အကြားအာရုံအကောင်းအတိုင်း ရှိနေသေးသည်ကို သဘောကျ ကျေနပ်သွားပါသည်။

“အဘိုးက နားကောင်းပြီးသားပါ”

ယဲ့ရှောင်ရှောင်ကလည်း အလိုက်တသင့် ချီးကျူးလိုက်သည်။

အဘိုးအဘွားနှစ်ဦးစလုံး ပျော်ရွှင်နေသည်ကိုမြင်ပြီး ယွင်ချန်းရှို့သည် ယဲ့ရှောင်ရှောင်ကို အဘိုးအဘွားတို့အား ခေတ္တအဖော်ပြုပေးထားဖို့ ပြောခဲ့လိုက်ပြီး အိမ်အကူများကို ဟင်းလျာအချို့ ချက်ပြုတ်ပြင်ဆင်ခိုင်းရန် မီးဖိုချောင်ထဲ ဝင်သွားခဲ့ပါသည်။

“ရှောင်ရှောင်၊ ဒီတစ်ခါတော့ ပြန်သွားစရာမလိုတော့ဘူးမလား”

အဘွားလုသည် ယဲ့ရှောင်ရှောင်ကို အမှန်တကယ် သတိရလွမ်းဆွတ်နေခဲ့ပါသည်။ ဤကလေးမလေးကို သူမ၏ မြေးအရင်းလေးတစ်ဦးပမာ ချစ်မြတ်နိုးပြီး ၂ နှစ်ကြာအောင် မတွေ့ဆုံခဲ့ရသဖြင့် သူမရင်ထဲ ဟာတာတာကြီး ဖြစ်ကျန်နေခဲ့သည်။

“သမီးဘယ်မှမသွားတော့ပါဘူး အဘွားရဲ့၊ အလုပ်သင်ဆင်းဖို့ ရှိတာကလွဲပြီး တခြားဘာတာဝန်မှ မရှိတော့ဘူး”

အဘွားလုက ဆိုသည်။

“အလုပ်သင်ကိစ္စကို အဘွားတို့မိသားစုက စီမံပေးလို့ရပါတယ်၊ တခြားဒေသတွေကို မသွားရအောင် ပေကျင်းက ဆေးရုံတစ်ခုခုမှာပဲ နေရာရအောင် စီစဉ်ပေးမယ်”

ယဲ့ရှောင်ရှောင်သည် မူလက ပေကျင်းမြို့တွင်သာ ဆက်လက်နေထိုင်ဖို့ ရည်ရွယ်ထားသော်လည်း လုဟန်ချွမ် အနောက်မြောက်ပိုင်းသို့ ရောက်ရှိနေသည်ဟု ရှန်းချင့်ထံမှ ကြားသိခဲ့ရပြီးနောက် အကြံတစ်ခု ရသွားခဲ့သည်။

“သမီးရဲ့ အလုပ်သင်ကိစ္စက လောစရာမလိုသေးပါဘူးအဘွားရဲ့”

“ဟုတ်ပါပြီ၊ အဲ့တာဆို နိုင်ငံခြားမှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်လေးတွေ အဘွားကို ပြန်ပြောပြပါဦး”

အဘွားလုသည် နိုင်ငံခြားသို့ ကိုယ်တိုင်ကိုယ်ကျ မရောက်ဖူးသော်လည်း နိုင်ငံတကာ ဧည့်ခံပွဲကြီးများသို့ တက်ရောက်ဖူးသူဖြစ်ပါသည်။

ငယ်စဉ်အခါက နိုင်ငံခြားသားမျိုးစုံနှင့်လည်း တွေ့ဆုံဖူးပြီး လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ နိုင်ငံခြားသားတိုင်းက တစ်ပုံစံတည်း တူညီကြသည်ဟု ထင်မှတ်ခဲ့ဖူးသည်။

ယဲ့ရှောင်ရှောင်ကလည်း စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရာအချို့ကို ပြောပြခဲ့ပါသည်။

နိုင်ငံခြားတွင် အတန်းများစတက်စဉ်က သူမတို့ကို ပညာဖလှယ်ကျောင်းသားများဖြစ်၍ အထင်အမြင်သေးကြသူများ ရှိခဲ့သည်။

နောက်ပိုင်းတွင် ယဲ့ရှောင်ရှောင်သည် နိုင်ငံခြားသားအတန်းဖော်တစ်ဦးကို အပ်စိုက်ပြီး တရုတ်တိုင်းရင်းဆေးပညာ၏ အစွမ်းအစကို လက်တွေ့ပြသခဲ့ပါသည်။

အကြောမှတ်အချို့ကို အပ်စိုက်ခံလိုက်ရပြီး စကားမပြောနိုင်တော့သည့် နိုင်ငံခြားသားအတန်းဖော်မှာ အရှေ့တိုင်းမှော်ပညာများဖြင့် ကျိန်စာတိုက်ခံရသည်ဟု ထင်မှတ်လျက် ကြောက်လန့်တကြားပင် ထငိုခဲ့သည်။

ယဲ့ရှောင်ရှောင် အပ်များကို ပြန်လည်ဖယ်ရှားပြီးသည့်တိုင်အောင် ထိုအတန်းဖော်မှာ နာရီဝက်ခန့်ကြာအောင် စကားကောင်းကောင်း မပြောနိုင်ခဲ့ပေ။

ထို့နောက်ပိုင်းတွင်မူ ယဲ့ရှောင်ရှောင်တို့အား မည်သူကမှ အထင်အမြင်မသေးရဲကြတော့ပါ။

နိုင်ငံခြားရှိ ဆရာဆရာမ အများစုကလည်း တရုတ်ကျောင်းသားများကို မျက်နှာသာမပေးကြသည့်အပြင် အချို့ဆိုလျှင် အမှတ်များကို ရည်ရွယ်ချက်ရှိရှိပင် နှိမ်ပေးတတ်ကြသေးသည်။

ပညာဖလှယ်ကျောင်းသားတစ်ဦး၏ ဘဝမှာ အတော်ပင် ခက်ခဲကြမ်းတမ်းလှသော်လည်း ပုံမှန်အတိုင်း မျှမျှတတ သင်ကြားပို့ချပေးသော ဆရာသမားကောင်းအချို့လည်း ရှိနေပါသေးသည်။

ထိုနေရာတွင် ၃ လခန့် ပညာသင်ယူပြီးနောက် ယဲ့ရှောင်ရှောင်၏ ရလဒ်များမှာ အမြဲတမ်း A အဆင့်သာ ရရှိနေသဖြင့် လူအချို့၏ အထင်အမြင်များ ပြောင်းလဲလာခဲ့ရသည်။

သို့သော် လူတို့၏ အစွဲအလမ်းများကို အချိန်တိုအတွင်း ပြောင်းလဲဖြစ်ဖို့ဟူသည်မှာ မဖြစ်နိုင်လှပေ။

ညစာအတွက် အားလုံးစီစဉ်ပြီးနောက် ယွင်ချန်းရှို့က စကားဝိုင်းထဲ ဝင်လာခဲ့သည်။

“ရှောင်ရှောင်တောင် ပြန်ရောက်နေပြီ၊ အဲ့ဒီကောင်စုတ် လုဟန်ချွမ်က ဘယ်ချောင်မှာ သွားပုန်းနေတာလဲ မသိဘူး”

အဘွားလုက အကြံပြုသည်။

“သူ့ကို တာဝန်ကနေစောစော ပြန်ခိုင်းလို့ရအောင် နည်းလမ်းတစ်ခုခု ရှာလိုက်ပါလား”

ယွင်ချန်းရှို့: “အဲ့တာ နောက်စရာကိစ္စမဟုတ်ဘူး အမေ”

အဘိုးလုကလည်း ဝင်ပြောသည်။

“သူက နိုင်ငံတော်က ပေးအပ်ထားတဲ့ တာဝန်ကို တရားဝင် ထမ်းဆောင်နေရတာလေ၊ ငါတို့က နိုင်ငံတော်ကို ပြဿနာ သွားရှာလို့မှ မရတာ၊ ပြီးတော့ သူလုံးဝ ပြန်မလာတော့မှာမှ မဟုတ်တာ၊ သတ်မှတ်ကာလ မပြည့်သေးလို့ ပြန်မလာနိုင်သေးတာ”

အဘွားလု အလွန်စိတ်ပျက်သွားရသည်။

ယဲ့ရှောင်ရှောင်က ဆိုသည်။

“ဟိုမှာ ပတ်ဝန်းကျင်အခြေအနေတွေ အရမ်းကြမ်းတယ်လို့ ကြားမိတယ်”

အဘွားလုက ထောက်ခံသည်။

“အမှန်ပဲ၊ တကယ်ကြောက်စရာကောင်းတဲ့ ဒေသပါ”

ယဲ့ရှောင်ရှောင် မေးလိုက်သည်။

“ဟိုမှာ ဆရာဝန်တွေဘာတွေ လိုအပ်ချက်ရှိလား၊ သမီးအဲ့မှာ အလုပ်သင်သွားဆင်းလို့ရတာပဲ”

ယဲ့ရှောင်ရှောင်၏ ကမ်းလှမ်းချက်ကို ကြားသောအခါ ဖြစ်နိုင်ခြေရှိသော်လည်း ယွင်ချန်းရှို့ ချက်ချင်း ငြင်းဆန်လိုက်ပါသည်။

“ရှောင်ရှောင်၊ သမီးလုံးဝ မသွားရဘူးနော်၊ ဟိုမှာ ဆရာဝန်လိုအပ်ချက် ရှိနိုင်တယ်ဆိုပေမယ့် ပတ်ဝန်းကျင်အခြေအနေက အရမ်းဆိုးရွားတာ၊ သမီးနိုင်ငံခြားမှာ နေခဲ့ရတာထက်တောင် ပိုပင်ပန်းလိမ့်မယ်၊ ပေကျင်းမှာပဲ ဆက်နေပါ၊ လနည်းနည်းလောက်နေရင် လုဟန်ချွမ် ပြန်လာလိမ့်မယ်”

အဘွားလုသည် ချွေးမဖြစ်သူနှင့် ရှောင်ရှောင်တို့ကို တလှည့်စီကြည့်လိုက်ပြီး နောက်ဆုံးတော့ ချွေးမဖြစ်သူဘက်ကသာ ဝင်ထောက်ခံလိုက်ပါသည်။

“ဟုတ်တယ် မသွားပါနဲ့ ရှောင်ရှောင်ရယ်”

ယဲ့ရှောင်ရှောင်က ဆိုသည်။

“သမီးတကယ် စဉ်းစားထားပြီးပါပြီ၊ ဘယ်လိုပဲဖြစ်ဖြစ် အလုပ်သင်ဆင်းမယ့် နေရာတစ်ခု ရှာရမှာဆိုတော့ ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်မလားလို့၊ လုဟန်ချွမ် ပြန်လာဖို့ကလည်း ကြာဦးမယ်လို့ သမီးကြားမိတယ်”

ယဲ့ရှောင်ရှောင်သည် စိတ်ကူးယဉ်ဆန်ဆန် ဆုံးဖြတ်ချက်ချနေခြင်းမဟုတ်ပေ။

လက်ရှိအချိန်တွင် အနောက်မြောက်ပိုင်းဒေသသည် အလွန်ပင် ဆင်းရဲနွမ်းပါးနေဦးမည်ကို သူမ ကောင်းစွာ သိရှိထားပြီး ဆင်းရဲဒုက္ခများကို အံတုရင်ဆိုင်ရန် အပြည့်အဝ ပြင်ဆင်ထားပါသည်။

ထိုနေရာသို့ သွားရောက်လျှင် လုဟန်ချွမ်နှင့် တွေ့ဆုံနိုင်ရုံသာမက သူမ၏ ဆေးပညာစွမ်းရည်များကိုလည်း မြှင့်တင်နိုင်ပေလိမ့်မည်။

ယွင်ချန်းရှို့က ဆိုသည်။

“အဲ့တာဆိုလည်း သူ့ကိုပဲ အမြန်ဆုံးပြန်ခေါ်ကြတာပေါ့၊ ပြန်မလာရင် ခြေထောက်ကို ချိုးပြီး ထမ်းသယ်လာခဲ့မယ်”

ယဲ့ရှောင်ရှောင်က အကြောင်းပြချက်ပေးသည်။

“သမီးရဲ့ အလုပ်သင်ကာလက လပိုင်းလောက်ပဲကြာမှာပါ ဒေါ်လေးရဲ့၊ ပြီးတော့ သမီးတို့တစ်ယောက်နဲ့တစ်ယောက် အကြာကြီး မတွေ့ဘဲနေရင် သမီးတို့ကြားက ဆက်ဆံရေးမှာ ပြဿနာတွေပေါ်လာနိုင်တယ်လေ”

ထိုစကားကိုကြားသည်နှင့် အဘွားလုက ချက်ချင်း ဝင်ပြောလိုက်သည်။

“အဲ့ဒီကောင် စိတ်ပြောင်းရဲပြောင်းကြည့်၊ အဘွားကူရိုက်ပေမးယ်”

ယဲ့ရှောင်ရှောင် လေးလေးနက်နက်ဆုံးဖြတ်ထားသည်ကို မြင်ပြီး ယွင်ချန်းရှို့လည်း အနည်းငယ် လိုက်လျောပေးလိုက်ရတော့သည်။

“အဲ့တာဆို အဲ့ဒီဒေသနဲ့ပတ်သက်တဲ့ သတင်းတွေ ဒေါ်လေး စုံစမ်းပေးပါ့မယ်၊ အဲ့ဒီကို သွားဖို့ စီစဉ်ပေးရတာတော့ လွယ်တယ်၊ ဒါပေမယ့် သမီးဒုက္ခခံစားရမှာကို ဒေါ်လေး မကြည့်ရက်လို့ပါ”

ယဲ့ရှောင်ရှောင် ပြုံးလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဒေါ်လေး၊ ဒါပေမယ့် လုဟန်ချွမ်ကိုတော့ ဒီအကြောင်း မပြောပါနဲ့နော်၊ သူသမီးကို လာခွင့်ပေးမှာ မဟုတ်လောက်ဘူး”

ထိုကိစ္စကို ကိုင်တွယ်ဖို့တော့ အနည်းငယ် ခဲယဉ်းနိုင်သည်ဟု ယွင်ချန်းရှို့ ခံစားလိုက်ရသည်။

သားဖြစ်သူအကြောင်းကို သူမကောင်းကောင်းနားလည်သဖြင့် သူသာ သိသွားလျှင် ယဲ့ရှောင်ရှောင်ကို လုံးဝ လာခွင့် ပြုမည်မဟုတ်ပေ။

ယဲ့ရှောင်ရှောင်က ထပ်ပြောသည်။

“ဒေါ်လေး မကူညီနိုင်ဘူးဆိုရင် သမီးတခြားသူတွေဆီမှာပဲ အကူအညီသွားတောင်းလိုက်ပါ့မယ်”

ရွေးချယ်စရာမရှိတော့သည့်အဆုံး ယွင်ချန်းရှို့ ကူညီပေးဖို့ သဘောတူလိုက်ရတော့သည်။

ဤကိစ္စသည် အာဏာအလွဲသုံစားလုပ်ပြီး အခွင့်ထူးခံ နည်းလမ်းရှာပေးခြင်းမျိုး ဖြစ်သည်ဟု သတ်မှတ်၍ မရနိုင်ပေ။

မည်သည့်မိသားစုက အာဏာကိုအလွဲသုံးစားလုပ်ကာ မိမိတို့၏ နုနုနယ်နယ် ချွေးမလောင်းလေးကို ခက်ခဲကြမ်းတမ်းသော ဒေသသို့ ပို့ဆောင်ပေးချင်ပါ့မည်နည်း။

All Chapters