အခန်း ၂၅၈
Vol. 26 Ch. 258
Chapter 258
လုအိမ်တော်၏ ညစာစားပွဲမှာ ယဲ့ရှောင်ရှောင်ကို ပြန်လည်ကြိုဆိုသည့်အနေဖြင့် သီးသန့်ပြင်ဆင်ပေးထားခြင်းဖြစ်၍ အလွန်ပင်ခမ်းနားလှပေသည်။
“ဒီနေ့ည ဒီမှာပဲ အိပ်ပါလား ရှောင်ရှောင် ၊ အိမ်မှာ သမီးလိုတာတွေ အကုန်ရှိတယ်၊ ဧည့်သည်အိပ်ခန်းကိုလည်း သေသေချာချာ သန့်ရှင်းရေးလုပ်ထားပြီးသားပါ”
ယွင်ချန်းရှို့သည့် ယဲ့ရှောင်ရှောင်ကို အလွန်သဘောကျပါသည်။ ဤကဲ့သို့ ချွေးမကောင်းလေးကို ရှာတွေ့ထားသည့်အတွက် သူမ၏ အသုံးမကျသည့်သား အလွန်ကံကောင်သည်ဟု ဆိုရမည်။
မကြာမီ ရှောင်ရှောင်လည်း ဘွဲ့ရတော့မည်ဖြစ်၍ သူတို့နှစ်ဦး၏ ကိစ္စကို အမြန်ဆုံး အတည်ပြုပေးချင်နေပါပြီ။
ယွင်ချန်းရှို့သည် လုဟန်ချွမ်ကထက် အသက် ၁ နှစ်သာ ပိုကြီးသည့် တူဖြစ်သူအကြောင်းကို မကြာခဏ တွေးမိတတ်သည်။ ထိုတူ၏ သားလေးမှာ အသက် ၂ နှစ်ပင် ပြည့်ပါပြီ။
သူမ မြေးချီရဖို့ စိတ်မလောသေးသော်လည်း သားဖြစ်သူကို အမြန်ဆုံး အခြေတကျရှိစေချင်ပါသည်။
“ဒီနေ့ညတော့ သမီးအိမ်ပြန်အိပ်လိုက်ပါ့မယ် ဒေါ်လေး၊ မနက်ဖြန်မှ ပြန်လာခဲ့မယ်နော်”
ယဲ့ရှောင်ရှောင်သည် ဘာမှကြိုတင်ပြင်ဆင်ထားခြင်းမရှိသည့်အတွက် လုအိမ်တော်တွင် အိပ်စက်ရမည်မှာ အနည်းငယ် စိမ်းသက်သက် ဖြစ်နေပါသည်။
ယွင်ချန်းရှို့: “ဟုတ်ပါပြီကွယ်၊ ဒါပေမယ့် မနက်ဖြန်တော့ သေချာပေါက် ပြန်လာခဲ့နော်”
“ဟုတ်ကဲ့”
ထို့နောက်ပိုင်းတွင် ယဲ့ရှောင်ရှောင်သည် မိသားစုဝင်များနှင့် သူငယ်ချင်းအပေါင်းအသင်းများကိုပါ တဖြည်းဖြည်း ဆက်သွယ်ခဲ့ပါသည်။ ထို့ကြောင့် တရုတ်နိုင်ငံသို့ သူမ ပြန်ရောက်နေသည့်အကြောင်းကို သိရှိသူ ပိုပို၍ များပြားလာခဲ့သည်။
ယဲ့ချန်းနင်သည်လည်း ပေကျင်းမြို့၌ စက်ရုံတစ်ခု တည်ထောင်နိုင်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပါပြီ။ သို့သော် လက်ရှိအချိန်တွင် တောင်ပိုင်း၌သာ အချိန်အများဆုံးပေးပြီး နေထိုင်ရပါသေးသည်။
“ရှောင်ရှောင်! နင်ပြန်ရောက်နေပြီပေါ့ ဟုတ်လား၊ ငါ့ကို ခဏစောင့်ဦးနော်၊ ရက်ပိုင်းလောက်နေရင် ငါပေကျင်းကို လာခဲ့မယ်”
ယဲ့ရှောင်ရှောင်က မေးသည်။
“တတိယအစ်ကို အလုပ်ကိစ္စတွေ အဆင်ပြေရဲ့လား၊ သမီးတို့မိသားစုကော အခြေအနေ ဘယ်လိုရှိလဲ”
ယဲ့ချန်းနင်က ရှင်းပြသည်။
“ငါတို့မိသားစုက အဆင်ပြေပါတယ်၊ ခြောက်လတစ်ခါလောက် အဘိုး၊ အဘွားတွေကို ဆေးရုံမှာ ကျန်းမာရေး သွားစစ်ပေးဖို့ အဖေ့ကို ပြောထားတယ်၊ အားလုံး ကျန်းကျန်းမာမာပဲ၊ ငါ့အခြေအနေက ပိုတောင်ကောင်းသေးတယ်”
“သိပါတယ်၊ သမီးဖုန်းဆက်တာတောင် ချက်ချင်း မကိုင်နိုင်ဘူးဆိုတော့”
“ဪ ငါက အိမ်သိပ်မကပ်နိုင်ဘူးလေ၊ ငါတို့ရှောင်ရှောင်လေး ဘယ်လိုပုံစံဖြစ်သွားပြီလဲ ရက်ပိုင်းလောက်နေမှ သေချာကြည့်ပါဦးမယ်”
ယဲ့ရှောင်ရှောင်က ကျီစယ်သည်။
“အရင်ကအတိုင်းပါပဲ၊ နိုင်ငံခြားသွားတာနဲ့ ဆံပင်တွေ ရွှေဝါရောင်ပြောင်းပြီး မျက်လုံးတွေ ပြာလာမှာမှ မဟုတ်တာ”
ယဲ့ချန်းနင်က ချေပသည်။
“အဲ့တာဆိုရင်တော့ ငါ့ညီမက အလှဆုံးဖြစ်နေတုန်းပဲပေါ့”
မောင်နှမနှစ်ယောက်သား စကားအနည်းငယ် ဆက်ပြောပြီးနောက် ဖုန်းချခဲ့ကြပါသည်။
ယဲ့ရှောင်ရှောင်သည် ရမ်သဲ့ထန်၌ နေ့တိုင်း အလုပ်သွားလုပ်ခဲ့သည်။
နေ့လယ်ခင်းအချိန်များတွင် တစ်ခါတရံ စုန့်ကွမ်းကျင့်၏ အိမ်သို့ သွားရောက်ပြီး တစ်ခါတရံ လုအိမ်တော်သို့ သွားရောက်တတ်ပါသည်။ နှစ်ဖက်စလုံး စိတ်ကျေနပ်မှုရှိစေရန် တစ်လှည့်စီ သွားလည်ပြီး အဖော်ပြုနေရခြင်းပင် ဖြစ်သည်။
ဆေးရုံကိုလည်း ယဲ့ရှောင်ရှောင် နှစ်ခေါက်လောက် ထပ်သွားကြည့်ခဲ့ပါသေးသည်။
ဗိုလ်ချုပ်ကြီးချန်း၏ ကျန်းမာရေးမှာ အတော်ကောင်းမွန်နေပြီဖြစ်ပြီး ဂရုတစိုက် နေထိုင်မည်ဆိုပါက အသက်ရှည်ရှည် နေနိုင်ပါလိမ့်မည်။
ယဲ့ရှောင်ရှောင် ပြန်ရောက်လာသည်ဟု သတင်းကြားပြီးနောက် ပိုင်မုန့်အန်းတစ်ယောက် ချက်ချင်းရောက်ချလာသည်။
“ရှောင်ရှောင်! နင်ဘာလို့ စောကြီး ပြန်လာတာလဲ၊ ချူးယွင်ရှောင်ရဲ့စာထဲမှာတော့ စာသင်နှစ်စမှ ပြန်လာရမှာလို့ ရေးထားတာကို”
ယဲ့ရှောင်ရှောင်သည် ပိုင်မုန့်အန်းကို ကြည့်ကာ ကျီစယ်လိုက်ပါသည်။
“နင်တို့နှစ်ယောက်လည်း ရေမြေတွေခြားနေတာတောင် အချစ်မပျက်နိုင်ကြသေးဘူးပေါ့ ဟုတ်လား”
ပိုင်မုန့်အန်း ရှက်သွေးဖြာသွားပြီး ဆံပင်များကို ဆော့ကစားရင်း ပြန်ပြောလိုက်သည်။
“အဲ့လိုလည်း မဟုတ်ပါဘူး၊ ငါတို့က တရားဝင်တောင် မတွဲရသေးဘူး၊ ဒီတိုင်း စာပဲပို့ဖြစ်ကြတာပါ”
ယဲ့ရှောင်ရှောင်က ဆက်ကျီစယ်သည်။
“နိုင်ငံခြားရောက်နေတာတောင် အဆက်အသွယ်မပြတ်နိုင်ဖြစ်နေကြတာ ဒီပြန်လာရင် နင်တို့နှစ်ယောက်ကို ခွဲတောင် ခွဲလို့ရပါတော့မလား”
ပိုင်မုန့်အန်းက ပါးပြင်နှစ်ဖက်ကို လက်ဖြင့်အုပ်လျက် ယဲ့ရှောင်ရှောင်ရှေ့တွင် ဝင်ထိုင်လိုက်သည်။
“အဲ့လိုဖြစ်စရာလား၊ ငါကအဲ့လောက် မလွယ်ပါဘူးနော်”
ယဲ့ရှောင်ရှောင် မျက်ခုံးပင့်သွားသည်။
စက္ကန့်ပိုင်းပင် မကြာလိုက်ဘဲ ပိုင်မုန့်အန်း စိတ်မထိန်းနိုင်သဖြင့် မေးမြန်းလိုက်ပါသည်။
“ငါ့ဘက်က အရင်ဖွင့်ပြောလိုက်ရင် သူလက်ခံမယ်ထင်လားဟင်၊ ပြီးတော့ နိုင်ငံခြားမှာ ချူးယွင်ရှောင် နိုင်ငံခြားသူလေးတွေနဲ့တော့ မတွဲခဲ့ပါဘူးနော်”
ယဲ့ရှောင်ရှောင်က အာမခံသည်။
“အဲ့တာတော့ စိတ်ချလို့ရတယ်၊ ငါတို့အတန်းခေါင်းဆောင်ကြီးက ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ်ပဲ၊ လူတိုင်းကို တရင်းတနှီးဆက်ဆံတာ မဟုတ်ဘူး”
ပိုင်မုန့်အန်း သက်ပြင်းချလိုက်သည်။
“အဲ့တာဆို အနည်းဆုံးတော့ ငါစိတ်အေးရတာပေါ့”
ယဲ့ရှောင်ရှောင်: “အဲ့တာတောင် နင်က မလွယ်ဘူးလို့ ပြောရဲသေးတယ်နော်”
ပိုင်မုန့်အန်း တခစ်ခစ် ရယ်မောလိုက်သည်။
“ငါက နင့်လိုမျိုး နတ်သမီးလေးလို လှနေတာမှ မဟုတ်တာ၊ ငါ့မှာသာ နင့်လိုရုပ်ရည်မျိုးရှိရင် သူများတွေ လာပိုးပန်းမှာကို ထိုင်စောင့်နေရုံပဲလေ၊ ဒါပေမယ့် ငါ့မှာအဲ့လိုယုံကြည်မှုမျိုးမှ မရှိတာ”
အမှန်တွင် ပိုင်မုန့်အန်းမှာ ရုပ်ဆိုးသော မိန်းကလေးမဟုတ်ပေ။ သူမ၏ အနည်းငယ် ဂျစ်ကန်ကန်နိုင်သော စရိုက်ကြောင့်သာ ယောက်ျားလေးအများစုက သူမ၏ အလှတရားကို မမြင်နိုင်ခြင်း ဖြစ်ပါသည်။
ပိုင်မုန့်အန်းမှာ ကြည့်မိလေလေ ပိုမိုစွဲမက်စရာကောင်းလေလေဖြစ်သည့် ဆွဲဆောင်မှုရှိသော မိန်းကလေးမျိုးပင်။
ယဲ့ရှောင်ရှောင်သည် ပိုင်မုန့်အန်းအား စိုက်ကြည့်ရင်း လေးလေးနက်နက် ပြောလိုက်ပါသည်။
“နင့်ကိုယ်နင် ယုံကြည်မှုရှိစမ်းပါ၊ ရုပ်လှတာကို နေရာတိုင်းမှာ ရှာလို့ရတယ်၊ စိတ်လှတဲ့လူကတော့ တစ်သန်းပုံမှ တစ်ပုံလောက်ပဲရှိတာ၊ အဲ့တာကြောင့် ရုပ်ရည်က အရေးအကြီးဆုံး မဟုတ်ပါဘူး”
ပိုင်မုန့်အန်း အနည်းငယ် အားတက်သွားသော်လည်း နှုတ်မှ ဆုတောင်းလိုက်မိသည်။
“အဲ့တာဆိုလည်း နေရာတိုင်းမှာ ရှာလို့ရတယ်ဆိုတဲ့ ရုပ်ရည်မျိုးလေး ငါ့ကို ကောင်းကင်ဘုံက ပေးသနားရင် ကောင်းမှာပဲ”
ယဲ့ရှောင်ရှောင်က သူမ၏ နဖူးကို တောက်ကာ ပြောလိုက်သည်။
“နင်ကတော့ ကယ်မရတော့ဘူး”
“ခုတလော ငါ့မိဘတွေက ငါ့ကို သူတို့စီစဉ်ပေးထားတဲ့လူတွေနဲ့ ထပ်တွေ့ပေးဖို့ ကြံနေကြတာ၊ ငါကတော့ ငါ့မှာရည်းစားရှိတယ်လို့ ပြောလိုက်ပြီ၊ ငါ့ရည်းစားက နိုင်ငံခြားမှာ ကျောင်းတက်နေတာမို့လို့ လောလောဆယ်တော့ ပြန်လာနိုင်ဦးမှာ မဟုတ်ဘူးလို့ ပြောထားတယ်၊ အဲ့တာကြောင့် ငါချူးယွင်ရှောင်ကို မဖြစ်မနေပိုင်ဆိုင်ရမှ ဖြစ်မှာနော်”
ပိုင်မုန့်အန်း၏ မိဘများသည် သမီးဖြစ်သူကို သင့်တော်သည့်လူများနှင့် မကြာခဏ မိတ်ဆက်ပေးတတ်သော်လည်း အိမ်ထောင်ပြုဖို့ကိုတော့ အတင်းအကျပ် ဖိအားမပေးကြပေ။
မဟုတ်ပါက လွန်ခဲ့သည့် ၂ နှစ်အတွင်း သူမ အိမ်ထောင်ကျသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ပိုင်မုန့်အန်းသည် တစ်ဦးတည်းသောသမီးဖြစ်၍ မိဘများ၏ အလိုလိုက်ခြင်းကို အပြည့်အဝ ရရှိထားပါသည်။
ထို့ကြောင့်လည်း ယခုကဲ့သို့ သွက်လက်ချက်ချာပြီး ဂျစ်ကန်ကန်နိုင်သည့် စရိုက်မျိုး ရှိနေခြင်း ဖြစ်ပါလိမ့်မည်။
“တကယ်လို့ အတန်းခေါင်းဆောင်က လက်မခံရင်ကော”
ပိုင်မုန့်အန်းက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
“အဲ့တာဆိုရင်တော့ ငါ့ဘက်ကပဲ ဆက်ကြိုးစားရမှာပေါ့”
ယဲ့ရှောင်ရှောင် အားပေးအားမြှောက်ပြုလိုက်သည်။
“ဖိုက်တင်း!”
ပိုင်မုန့်အန်းသည် ယဲ့ရှောင်ရှောင်ပြန်လာသည့် အထိမ်းအမှတ်အနေဖြင့် ခမ်းနားသော ကြိုဆိုပွဲတစ်ခု ကျင်းပသင့်၊ မကျင်းပသင့် စဉ်းစားနေပါသည်။
ယဲ့ရှောင်ရှောင်က ကန့်ကွက်လိုက်သည်။
“မလိုဘူးနော်၊ ငါလည်း အလုပ်တွေမအားဘူး၊ သူငယ်ချင်းတွေ တကယ်ဆုံချင်တယ်ဆိုရင် ချူးယွင်ရှောင် ပြန်လာတဲ့အထိ စောင့်လိုက်တာ ပိုကောင်းမယ်၊ အဲ့တာဆို သူ့ကိုပါ ခေါ်လာဖို့ အကြောင်းပြချက်ရသွားတာပေါ့”
“ဟုတ်သားပဲ! ငါဘာလို့ မစဉ်းစားခဲ့မိပါလိမ့်”
ယဲ့ရှောင်ရှောင်ကို ကြည့်သော ပိုင်မုန့်အန်း၏ အကြည့်များ လုံးဝ ပြောင်းလဲသွားခဲ့ရသည်။
“ရှောင်ရှောင်၊ နင်က ဉာဏ်နီဉာဏ်နက် အရမ်းများတာပဲ၊ အဲ့တာကြောင့်လည်း လုဟန်ချွမ်ရဲ့အသည်းကို ဖမ်းစားနိုင်ခဲ့တာနေမှာ”
ယဲ့ရှောင်ရှောင်: “…”
ယဲ့ချန်းနင်သည် ရှန်ဟိုင်းမြို့သို့ အရင်ဆုံးသွားရောက်ခဲ့ပြီး ရှန်ဟိုင်းမှ ပေကျင်းသို့ လေယာဉ်စီးလာခဲ့ပါသည်။
ယဲ့ချန်းနင်၏ အင်္ကျီအိတ်ကပ်ထဲတွင် အုတ်ခဲအရွယ်မျှရှိသော လက်ကိုင်ဖုန်းကြီးတစ်လုံးကို ထည့်ထားပြီး ဘေးတွင်လည်း ခရီးဆောင်အိတ်များကို ကူညီသယ်ဆောင်ပေးနေသည့် လက်ထောက်တစ်ယောက် ပါလာသည်။
သူသည် တစ်နေ့ထက်တစ်နေ့ ပိုမိုရင့်ကျက်တည်ငြိမ်လာခဲ့ပြီး ဝတ်စားဆင်ယင်မှုပိုင်းတွင်လည်း ယခင်ကလို အရောင်အသွေး စုံလင်လှသော အင်္ကျီများကို မဝတ်ဆင်တော့ဘဲ တည်ကြည်လေးနက်သော လူကြီးလူကောင်းစတိုင်မျိုးကိုသာ ပြောင်းလဲ ဝတ်ဆင်လာခဲ့သည်။
သူ့မျက်နှာပေါ်တွင်လည်း ယခင်ကကဲ့သို့ အပေအတေစရိုက်မျိုး မပေါ်လွင်တော့ဘဲ လုပ်ငန်းရှင်စစ်စစ်တစ်ဦးနှင့် ဆင်တူနေတော့သည်။
သို့သော် သူ့ကို သူ့ပါးစပ်ကို ဟလိုက်သည်နှင့် စရိုက်အမှန်က ချက်ချင်း ပေါ်လာပါသည်။
“ရှောင်ရှောင်! နင့်အစ်ကိုကို မြန်မြန်လာဖက်စမ်းပါ! ငါနင့်ကို သတိရလွန်းလို့ သေတော့မှာပဲ!”
ယဲ့ရှောင်ရှောင်လည်း ယဲ့ချန်းနင်ကို ပြေးဖက်လိုက်သည်။
“တတိယအစ်ကိုကတော့ တစ်ခါတွေ့လိုက်တိုင်း ပိုပိုပြီး ချမ်းသာလာတာပဲနော်၊ အောင်မြင်တဲ့ သူဌေးကြီးတစ်ယောက်နဲ့ လုံးဝတူသွားဖို့ ဘီယာဗိုက်တစ်လုံးပဲ လိုတော့တယ်”
ယဲ့ချန်းနင်က ချေပသည်။
“အဲ့တာဘာစကားလဲ၊ နင့်အစ်ကိုက ဘယ်တော့မှ ဘီယာဗိုက်ထွက်လာမှာ မဟုတ်ဘူး”
ယဲ့ချန်းနင်သည် ယဲ့ရှောင်ရှောင်ကို ခေါင်းအစ ခြေအဆုံး အကဲခတ်လျက် ပြောလိုက်သည်။
“ထင်တဲ့အတိုင်းပဲ ငါတို့ရှောင်ရှာင်လေး အရွယ်ရောက်လာပြီပဲ”
ယဲ့ရှောင်ရှောင်: “သမီးအရပ်လည်း ပိုရှည်လာတယ်လေ”
“သွားကြစို့၊ အိမ်အရင် ပြန်ကြမယ်”
ယဲ့ချန်းနင်က အကြံပြုသည်။
“ငါပေကျင်းမှာ အိမ်တစ်လုံးဝယ်ထားတယ်၊ ငါ့အိမ်ကို အရင်သွားကြည့်ကြမလား”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်သဘောတူလိုက်သည်။
“ဟုတ်ကဲ့”
ယဲ့ချန်းနင်သည် သူ့လက်ထောက်နှင့် ယဲ့ရှောင်ရှောင်တို့ကို မိတ်ဆက်ပေးလိုက်သည်။
“သူက ကျန့်နန်တဲ့၊ ကားသော့ကို သူ့သာပေးလိုက်၊ သူက လမ်းကျွမ်းတယ်”
ယဲ့ရှောင်ရှောင်သည် တတိယအစ်ကိုဘေးတွင် ရပ်နေသည့် အရပ်ရှည်ရှည်နှင့်လူကိုကြည့်ကာ ခေါင်းညိတ်နှုတ်ဆက်လိုက်ပါသည်။
ကျန့်နန်သည် ခရီးဆောင်အိတ်များကို ကားပေါ်အရင်တင်လိုက်ပြီး ယဲ့ချန်းနင်၏ တန်ဖိုးကြီးဗီလာအိမ်ထံသို့ ဦးတည်မောင်းနှင်လာခဲ့သည်။
၎င်းကို တန်ဖိုးကြီးဗီလာအိမ်ဟု ခေါ်ဆိုရခြင်းမှာ ယဲ့ချန်းနင် ဝယ်ယူထားသည့် အိမ်သည် လက်ရှိအချိန်တွင် အလွန်နာမည်ကြီးသည့် သူဌေးအိမ်ရာတစ်ခုတွင် တည်ရှိနေခြင်းကြောင့်ပင်။
ထိုအိမ်ရာ၌ ဗီလာအိမ်ကြီးများသာ ရှိကြပြီး သာယာလှပသော ပတ်ဝန်းကျင်၊ ပြည့်စုံကြွယ်ဝသော အသုံးအဆောင်များ၊ ကိုယ်ပိုင်ဥယျာဉ်များနှင့် ကျန်ဝန်းလှသော မြက်ခင်းပြင်ကြီးများလည်း ပါရှိသည်။
အိမ်ထဲသို့ လှမ်းဝင်လိုက်သည်နှင့် ဗီလာအိမ်ကြီးထဲတွင် အိမ်တော်ထိန်းတစ်ဦးပင် အဆင်သင့်ရှိနေသည်ကို ယဲ့ရှောင်ရှောင်မြင်လိုက်ရပါသည်။
“တတိယအစ်ကိုက တကယ်တော်တာပဲ၊ သမီးလာကြိုဖို့တောင် မလိုဘူး”
ယဲ့ချန်းနင်က ယဲ့ရှောင်ရှောင်၏ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်သည်။
“နင်နားမလည်ပါဘူးဟာ၊ ငါက ကြွားလုံးမထုတ်ချင်ပေမယ့် ဒီလိုသူဌေးအသိုင်းအဝိုင်းထဲ ဝင်ရောက်ချင်ရင် နည်းနည်းပါးပါး ဟိတ်ဟန်ထုတ်ပြတတ်ရတယ်၊ မဟုတ်ရင် တို့ကို သူများတွေ အထင်သေးသွားမှာပေါ့”
ပေကျင်းမြို့တွင် ယဲ့ချန်းနင် ပထမဆုံး အခြေချခဲ့စဉ်အချိန်ကက အခြားသူများ၏ ဝိုင်းဝန်းဖယ်ကျဉ်မှုကို အမှန်တကယ် ခံခဲ့ရဖူးပါသည်။
နောက်ပိုင်းတွင် ဆရာကြီးစုန့်ကွမ်းကျင့်၏ ကူညီထောက်ပံ့ပေးမှုကြောင့်သာ အခြေအနေများ တဖြည်းဖြည်း တိုးတက်လာခဲ့ခြင်းဖြစ်သည်။
၃ နှစ်တာဟူသည့်အချိန်ကာလအတွင်း ယဲ့ချန်းနင်၏ ပိုင်ဆိုင်မှုသည် သန်းပေါင်းဆယ်နှင့်ချီပြီး တိုးပွားလာခဲ့သည်။
ထို့ကြောင့် စီးပွားရေးလောကထဲသို့ ခြေစုံပစ်ကာ အရဲတဝံ့ ဝင်ရောက်ခဲ့ကြသူများအနက် ယဲ့ချန်းနင်မှာ အားလုံး၏ စံပြပုဂ္ဂိုလ်ပင် ဖြစ်နေလေတော့သည်။