အခန်း ၂၆၀
Vol. 26 Ch. 260
Chapter 260
“နင် ရထားနဲ့ သွားမှာလား၊ ဒါမှမဟုတ် ကားနဲ့လိုက်ပို့ပေးဖို့ လူစီစဉ်ပေးရမလား”
ယဲ့ရှောင်ရှောင်: “ရထားနဲ့သွားတာ ပိုအဆင်ပြေမယ်ထင်တယ်”
ကားမောင်းသွားရလျှင် လမ်းတွင်မကြာခဏ အနားယူရသဖြင့် ရထားစီးသွားခြင်းထက် ပိုမိုကြန့်ကြာတတ်ပြီး တစ်ခုတည်းသော အားသာချက်ဟူ၍ လူမကျပ်ညပ်ခြင်းသာ ရှိပါသည်။
“နင်တစ်ယောက်တည်း သွားလို့အဆင်ပြေပါ့မလား၊ ရထားပေါ်မှာ သူခိုးတွေ၊ လူကုန်ကူးသမားတွေ ဒီလောက် ပေါများနေတာ၊ အထုပ်အပိုးတွေကို သေချာစောင့်ကြည့်ထား၊ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဦး”
ယဲ့ရှောင်ရှောင် မသွားရသေးမီမှာပင် ယဲ့ချန်းနင် အလွန်စိတ်ပူနေပါပြီ။
ညီမဖြစ်သူမှာ အလွန်လှပလွန်းသဖြင့် လမ်းခရီးတွင် လူကုန်ကူးသမားများနှင့် ကြုံတွေ့ရမည်ကို အလွန်စိုးရိမ် ပူပန်နေမိသည်။
ယဲ့ရှောင်ရှောင်က အာမခံသည်။
“စိတ်မပူပါနဲ့ အစ်ကိုရဲ့၊ သမီး အိပ်စင်တန်းလက်မှတ်ပဲ ဝယ်မှာပါ၊ တွဲခန်းထဲမှာ လူလေးယောက်ပဲ ရှိမှာ”
ယဲ့ချန်းနင်: “…”
‘အဲ့တာနဲ့ပဲ ဘေးကင်းလုံခြုံသွားပြီလား’
ယဲ့ချန်းနင်က ဆိုသည်။
“နင်နဲ့အတူ ပြန်ဖို့ လူယုံတော်တစ်ယောက်လောက် ထည့်ပေးလိုက်မယ်၊ ဘာပဲဖြစ်ဖြစ် ရွာမှာ ၄ - ၅ ရက်ပဲ နေမှာ မလား၊ နင်ပြန်လာတဲ့အချိန်ကျရင် ငါလည်းပေကျင်းမှာပဲ ရှိနေဦးမှာပဲ”
ယဲ့ချန်းနင်သာ ဤသို့ စီစဉ်မပေးလိုက်ရလျှင် သူစိတ်အေးနိုင်မည် မဟုတ်ပေ။
“ဘယ်သူ့ကို ထည့်ပေးမှာလဲ”
ယဲ့ချန်းနင်: “နင့်အစ်ကို ကျန့်နန်ကို ခေါ်သွားလိုက်၊ သူလည်း ငါတို့ဇာတိမြို့ကို ရောက်ဖူးတယ်”
“သူက အစ်ကို့ ဘော်ဒီဂတ် မဟုတ်ဘူးလား၊ သမီးနဲ့ လိုက်လာရင် အစ်ကိုတစ်ယောက်တည်း ဖြစ်ပါ့မလား”
“နင့်အစ်ကိုက လုပ်ကြံသတ်ဖြတ်သူတွေကို ကြောက်နေရတဲ့အဆင့် မဟုတ်သေးပါဘူး၊ ပြီးတော့ ဒါက ပေကျင်းမြို့လေ၊ တောင်ပိုင်းမှာမှ မဟုတ်တာ၊ တောင်ပိုင်းမှာဆိုရင်တော့ ငါတစ်ယောက်တည်း အပြင်တောင် ထွက်ရဲမှာ မဟုတ်ဘူး”
ဤသို့ဖြင့် ယဲ့ချန်းနင်သည် ယဲ့ရှောင်ရှောင်၏ အိမ်ပြန်ခရီးစဉ်အတွက် အစစအရာရာ စီစဉ်ပေးလိုက်ပြီး ရထားလက်မှတ်များကိုပါ ဖြတ်ပေးလိုက်တော့သည်။
ယဲ့ရှောင်ရှောင်သည် ကျန့်နန်နှင့် ရင်းနှီးကျွမ်းဝင်မှု သိပ်မရှိသေးပေ။ သူသည် အေးတိအေးစက်နိုင်ပြီး စကားလည်း အလွန်နည်းလှသည်။
သို့သော် သူ့လက်မောင်းပေါ်မှ တောင့်တင်းလှသော ကြွက်သားများနှင့် ထင်ရှားလှသော နားထင်ရိုးများကို ကြည့်ခြင်းအားဖြင့် ‘ကျန့်နန်’ဟူသည့် အမည်မှာ ကဗျာဆန်ပြီး လှပသော်ငြား သူ့ပုံစံနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်လို့နေပါသည်။
သူတို့နှစ်ဦး ရထားပေါ်သို့ တက်လိုက်ကြသောအခါ သူတို့၏ တွဲခန်းထဲတွင် လင်မယားနှစ်ယောက်ပါလာသည်ကို သတိထားမိသည်။ ဇနီးဖြစ်သူက ကလေးတစ်ယောက်ကို ရင်ခွင်ထဲတွင် ပွေ့ချီထားသည်။
ယဲ့ရှောင်ရှောင်နှင့် ကျန့်နန်တို့က တစ်ဖက်ခြမ်းတွင် နေရာယူလိုက်ကြသည်။ အိပ်စင်များတွင် ခန်းဆီးလိုက်ကာများ ကိုယ်စီပါရှိသဖြင့် ဆွဲပိတ်ထားလိုက်ပါက အတော်လေး လုံလုံခြုံခြုံရှိလှပေသည်။
ရထားပေါ်တက်ခါစ အချိန်တွင် အနည်းငယ်ပျင်းစရာကောင်းနေသဖြင့် ယဲ့ရှောင်ရှောင်သည် အိတ်ထဲမှ စာအုပ်တစ်အုပ်ထုတ်ကာ ခေတ္တ ဖတ်ရှုနေလိုက်သည်။
ညနေစောင်းသောအခါ သူတို့နှစ်ဦးစလုံး ထမင်းစားတွဲသို့ သွားရောက်ကာ ညစာသုံးဆောင်ခဲ့ကြသည်။
ပြန်ရောက်လာသည့်အခါ ကျန့်နန်သည် ယဲ့ရှောင်ရှောင်ကို အပေါ်ထပ်အိပ်စင်တွင် တက်အိပ်ဖို့ ပြောလိုက်ပါသည်။
အပေါ်အိပ်စင်သည် တက်ရဆင်းရသည်မှာ မလွယ်ကူသော်လည်း အောက်ထပ်အိပ်စင်ထက်စာလျှင်တော့ ပိုမို လုံခြုံမှု ရှိပါသည်။
အနည်းဆုံးတော့ သူခိုးတစ်ယောက်က တစ်စုံတစ်ခု ခိုးယူဖို့ ကြိုးစားလျှင် ခြေဖျားထောက်မှသာ အပေါ်အိပ်စင်ကို လက်လှမ်းမှီပါလိမ့်မည်။
ထို့အပြင် မည်သူကမှ မိမိကို ရုတ်တရက်ကြီး ဓားဖြင့် လာထိုးမည်မဟုတ်ပေ။ ကာကွယ်စောင့်ရှောက်မှုအပိုင်းတွင် ကျန့်နန်မှာ အမှန်တကယ် အတွေ့အကြုံရင့်ကျက်လှပေသည်။
ယဲ့ရှောင်ရှောင်က စိတ်ဝင်တစား မေးမြန်းလိုက်ပါသည်။
“အစ်ကိုကျန့်နန်၊ သမီးတတိယအစ်ကိုနဲ့ ဘယ်လိုဆုံခဲ့ကြတာလဲ”
ကျန့်နန်က ခပ်ပြတ်ပြတ် ပြန်ဖြေသည်။
“အကြွေးကိစ္စကြောင့်”
ယဲ့ရှောင်ရှောင်: “ဟင်”
ကျန့်နန်သည် ယခင်က ပြဿနာအချို့ကြောင့် ဘဝပျက်လုနီးပါးဖြစ်ခဲ့ရပြီး ကွမ်ချန်းမှ ထွက်ပြေးတိမ်းရှောင်လာခဲ့ရသည်။ သူ့အကြွေးများကို ယဲ့ချန်းနင် ကူဆပ်ပေးခဲ့ခြင်းကြောင့်သာ အသက်ဘေးမှ လွတ်မြောက်လာခဲ့ခြင်းပင်။
ထိုကျေးဇူးကြွေးကိုဆပ်ဖို့အတွက် ယခုကဲ့သို့ ယဲ့ချန်းနင်၏နောက်မှ ထပ်ကြပ်မကွာလိုက်ပါပြီး သစ္စာရှိရှိ ကာကွယ်စောင့်ရှောက်ပေးနေခြင်း ဖြစ်ပါသည်။
ယဲ့ရှောင်ရှောင်လည်း အစ်ကိုဖြစ်သူ၏ ကိစ္စများကို မစပ်စုတော့ဘဲ ခန်းဆီးလိုက်ကာကို ဆွဲပိတ်လိုက်တော့သည်။
ထိုကျန့်နန်ကတော့ သူမ၏ တတိယအစ်ကိုကို သစ္စာဖောက်မည့်လူ မဖြစ်နိုင်သည်မှာ သေချာသည်။ မူရင်းဝတ္ထုထဲတွင်လည်း ကျန့်နန်ဟူသည့်အမည်ကို ထည့်သွင်းရေးသားထားခြင်း မရှိချေ။
ကျန့်နန်သာ အနားတွင်ရှိနေပါက တတိယအစ်ကို ကျိန်းသေပေါက် ဘေးကင်းလုံခြုံလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ယုံကြည်မိသည်။
ခန်းဆီးလိုက်ကာနှစ်ခုအကြားတွင် အနည်းငယ်ဟနေသဖြင့် ထိုကြားထဲမှတဆင့် မျက်နှာချင်းဆိုင် အောက်ထပ်အိပ်စင်ကို ယဲ့ရှောင်ရှောင် လှမ်းမြင်နေရပါသည်။
မူလက ကလေးလေးကိုချီထားသည့် အမျိုးသမီးမှာ ယခု ကလေးငယ်ကို ဘေးတစ်ဖက်တွင်ချပြီး အိပ်စင်ဘောင်ကို မှီကာ အနားယူနေလေသည်။
ယဲ့ရှောင်ရှောင်ရင်ထဲ အနည်းငယ် ထူးဆန်းသွားခဲ့သည်။
သူမရင်ခွင်ထဲချီထားခဲ့သည့် ကလေးလေးမှာ အသက် ၁ နှစ် ၂ နှစ်မျှသာ ရှိနိုင်သော်လည်း ရထားပေါ်တက်လာသည့် အချိန်မှစ၍ အိပ်ပျော်နေပြီး ယခုချိန်ထိ အသံတစ်သံမှ ထွက်မလာသေးပေ။
ယဲ့ရှောင်ရှောင်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားခဲ့သည်။
‘လူကုန်ကူးသမားတွေများလား’
ထို့နောက် အပေါ်ထပ်အိပ်စင်တွင် အိပ်ပျော်နေသည့် အမျိုးသားကို ယဲ့ရှောင်ရှောင်လှမ်းကြည့်လိုက်သည်။
ထိုလူသည် ခန်းဆီးလိုက်ကာကို အကွက်စေ့အောင်ပိတ်ထားသဖြင့် အထဲကို လုံးဝ မမြင်ရပေ။ ယဲ့ရှောင်ရှောင် သေသေချာချာ စဉ်းစားမိလေလေ ရင်ထဲ ထူးဆန်းလာလေလေပင်။
သူမတစ်ဦးတည်းသာဆိုလျှင် အပြင်သို့ထွက်ကာ ပုန်းနေမိမည်ဖြစ်သော်လည်း ကျန့်နန်ကဲ့သို့ အစွမ်းအစရှိသူတစ်ဦး ပါလာသဖြင့် ယဲ့ရှောင်ရှောင် တစ်ခုခုလုပ်ဖို့ ဆုံးဖြတ်ကာ အိပ်စင်ပေါ်မှ အသာအယာ ဆင်းလာခဲ့ပါသည်။
“အစ်ကိုကျန့်နန်၊ သမီး ရေနွေးနည်းနည်းသွားယူလိုက်ဦးမယ်”
ကျန့်နန်လည်း အိပ်စင်ပေါ်မှထလာပြီး သူမလက်ထဲမှ ဓာတ်ဘူးကို ယူလိုက်သည်။
“ငါသွားလိုက်မယ်”
ကျန့်နန် ထွက်သွားသောအခါ ယဲ့ရှောင်ရှောင်သည် လွယ်အိတ်ကို ယူဆောင်လျက် သူ့နောက်မှ ချက်ချင်း လိုက်သွားခဲ့ပါသည်။
ထိုအခါ အောက်ထပ်အိပ်စင်တွင် ရှိနေသည့် အမျိုးသမီးက မျက်လုံးအနည်းငယ်ဖွင့်ကာ သူတို့နှစ်ဦးကို တစ်ချက်ခိုးကြည့်လိုက်သော်လည်း မည်သည့်စကားမှ မပြောခဲ့ပေ။
ရထားတွဲနှစ်တွဲကို ချိတ်ဆက်ထားသည့် လျှောက်လမ်းနေရာသို့ ရောက်ခါမှ ယဲ့ရှောင်ရှောင် တိုးတိုးလေး ဖွင့်ပြောလိုက်ပါသည်။
“အစ်ကိုကျန့်နန်၊ သမီးတို့ တွဲခန်းထဲက လူနှစ်ယောက်က နည်းနည်းထူးဆန်းနေသလိုပဲ၊ သူတို့ခေါ်လာတဲ့ ကလေးကလည်း တစ်ချိန်လုံး အိပ်ပျော်နေတာ အခုထိ မနိုးသေးဘူး”
အမှန်တွင် ထိုလင်မယားနှစ်ယောက် ပုံမှန်မဟုတ်သည်ကို ကျန့်နန်အစောကြီးကတည်းက ရိပ်မိခဲ့ပါသည်။ သို့သော် သူသည် သူတစ်ပါးကိစ္စကို ဝင်ပါတတ်သည့် သူတော်ကောင်းမျိုး မဟုတ်ပေ။
သူ၏ တစ်ခုတည်းသော တာဝန်က ယဲ့ရှောင်ရှောင်ကို ကာကွယ်ပေးဖို့သာဖြစ်သည်။ ထို့ကြောင့် ယဲ့ရှောင်ရှောင်သာ ထိုအကြောင်းကို ထုတ်မပြောခဲ့လျှင် မိမိကိစ္စမဟုတ်သည်ကို ကျန့်နန် ဝင်ပါနေမည် မဟုတ်ချေ။
“တွဲစောင့်ကို သွားရှာကြစို့၊ ရထားပေါ်မှာ ရဲတွေလည်းပါတယ်”
ကလေးကို လုယူပြီးခါမှ နားလည်မှုလွဲနေခြင်းဆိုလျှင် ရှက်စရာကောင်းပါလိမ့်မည်။
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပြီး ကျန့်နန်နှင့်အတူ ရထားတွဲစောင့်ကို သွားရှာခဲ့သည်။
ရထားပေါ်တွင် လူကုန်ကူးသမားများ ပါလာနိုင်သည်ဟု ကြားသိလိုက်ရသောအခါ ရထားတွဲစောင့်က ရထားပေါ်ရှိ ရဲအရာရှိများကို ချက်ချင်း ဆက်သွယ်လိုက်ပါသည်။
ရထားလက်မှတ်စစ်ဖို့ဟူသည့် အကြောင်းပြချက်ဖြင့် ထိုတွဲခန်းတံခါးကို သွားခေါက်ခဲ့ကြသည်။ ယဲ့ရှောင်ရှောင်နှင့် ကျန့်နန်တို့ကမူ ဘေးတစ်ဖက်တွင် ပုန်းကာ အခြေအနေကို စောင့်ကြည့်နေကြပါသည်။
ညမိုးချုပ်နေပြီဖြစ်၍ ရထားပေါ်ရှိ ခရီးသည်များအားလုံး အိပ်မောကြနေကြလေပြီ။ ရထားတွဲစောင့်က အချိန်အကြာကြီး တံခါးခေါက်ပြီးမှ တစ်စုံတစ်ယောက်က တံခါး လာဖွင့်ပေးခဲ့ပါသည်။
ပန်းပွင့်ပုံများ ပါသည့် အနွေးထည်ကို ဝတ်ဆင်ထားသည့် အမျိုးသမီးပင်ဖြစ်သည်။
“လက်မှတ်လေးတွေ ထုတ်ပြပေးလို့ရမလား”
အမျိုးသမီးသည် လက်မှတ်ကို ရှာဖွေမည့်ဟန်ဖြင့် အခန်းထဲ ပြန်ဝင်သွားခဲ့ပါသည်။ အပေါ်ထပ်အိပ်စင်တွင် အိပ်ပျော်နေသည့် အမျိုးသားကလည်း ချက်ချင်းထကာ လက်မှတ်ကို ရှာဖွေနေပါသည်။
တွဲစောင့်နှင် ရဲအရာရှိများက တွဲခန်းထဲသို့ ဝင်သွားခဲ့သည်။
ပြဿနာတစ်စုံတရာ ရှိလိမ့်မည်မဟုတ်ဟု ယဲ့ရှောင်ရှောင် ထင်မှတ်ထားခဲ့သော်လည်း မိနစ်ပိုင်းခန့်အကြာတွင် အထဲမှ ရုန်းရင်းဆန်ခတ် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
ထိုအမျိုးသားသည် တွဲခန်းထဲမှ ဇွတ်အတင်း တိုးဝှေ့ထွက်ပြေးလာပြီး ရထားတွဲ၏ အခြားတစ်ဖက်စွန်းသို့ အသည်းအသန် ပြေးသွားကာ မှန်ပြူတင်းပေါက်ကို ရိုက်ခွဲပြီး ရထားပေါ်မှ ခုန်ချဖို့ ကြံစည်နေလေသည်။
ရွေ့လျားနေသည့် ရထားပေါ်မှ ခုန်ချလိုက်လျှင် အသက်ဆုံးရှုံးနိုင်ခြေ မြင့်မှန်း ဦးနှောက်ရှိသူတိုင်း တွေးနိုင်ပါသည်။ ဤကဲ့သို့ စွန့်စားရဲနေသည်ကို ကြည့်ခြင်းအားဖြင့် သူအလွန်ကြီးလေးသည့် ပြစ်မှုတစ်ခုကို ကျူးလွန်ထားမှန်း သိသာသည်။
တွဲခန်းထဲတွင်မူ တွဲစောင့်နှင့် ရဲအရာရှိတစ်ဦးက အမျိုးသမီးကို ဖမ်းချုပ်ထားပြီး ကျန်အရာရှိက ကလေးငယ်ကို ပွေ့ချီကာ စကားပြောစက်ကို အသုံးပြုလျက် စစ်ကူတောင်းခံနေခဲ့သည်။
ထိုအမျိုးသား ပြူတင်းပေါက်မှ ခုန်ချပြီး ထွက်ပြေးဖို့ ကြံစည်နေသည်ကို မြင်ပြီး ကျန့်နန် ရုတ်တရက် လှုပ်ရှားလိုက်သည်။
သူသည် ထိုအမျိုးသားနောက်သို့ ခြေလှမ်း ၃ လှမ်းမျှဖြင့် အမီလိုက်ကာ ပြူတင်းပေါက်မှန်တွင် ပြားပြားကပ်သွားအောင် ရက်ရက်စက်စက် ဖိချပစ်လိုက်ပါသည်။
ကျန့်နင်သည် ပုံမှန်အားဖြင့် တည်တည်ငြိမ်ငြိမ်နေတတ်သော်လည်း တိုက်ခိုက်သည့်အခါတွင်မူ အလွန်ရက်စက်ကြမ်းကြုတ်သည့် အရိပ်အယောင်များ သူ့မျက်နှာပေါ်တွင် ပေါ်လွင်လာခဲ့သည်။
ဝံပုလွေတစ်ကောင်ကဲ့သို့ စူးရှလှသော အကြည့်များဖြင့် ထိုလူ့ကို စိုက်ကြည့်နေခဲ့ပါသည်။
အုန်းခနဲမြည်သံနှင့်အတူ ထိုလူသည် သူ့အပေါ် ဧရာမကျောက်တုံးကြီးတစ်တုံး ပြုတ်ကျလာသကဲ့သို့ ခံစားလိုက်ရသည်။ ရုန်းကန်ဖို့ မည်မျှပင် ကြိုးစားပါစေ အသုံးမဝင်ခဲ့ပေ။
“လခွီး! ဘယ်ကကောင်က သူများကိစ္စလာစွက်ဖက်နေတာလဲ၊ ငါ့ကို အခုချက်ချင်း လွှတ်စမ်း! မဟုတ်ရင် မင်းကို--”
“လွှတ်ပေးရမယ် ဟုတ်လား”
ကျန့်နန် လှောင်ပြုံးပြုံးလိုက်ပြီး ထိုလူ့ကို တစ်ဖက်သို့ ကိုင်ပေါက်ပစ်လိုက်သည်။
“ရတယ်လေ”
အမျိုးသားမှာ ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် လွင့်ထွက်သွားခဲ့ရပြီး ရဲအရာရှိ၏ ခြေဖျားရှေ့တည့်တည့်သို့ ဘုန်းခနဲ ပြုတ်ကျသွားခဲ့တော့သည်။
“မလှုပ်နဲ့!”
ရဲအရာရှိမှာ ထိုအမျိုးသားကို ချက်ချင်း လက်ထိပ်ခတ်လိုက်ပါသည်။
“ကျေးဇူးတင်ပါတယ် ရဲဘော်၊ ဒီနှစ်ယောက်က လူကုန်ကူးသမားတွေဖြစ်ဖို့များတယ်၊ သေသေချာချာ စစ်ဆေးမေးမြန်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်သွားလိုက်ပါ့မယ်”
ရဲအရာရှိက တရားခံဖမ်းဆီးရာတွင် ဝင်ရောက်ကူညီပေးခဲ့သည့် ကျန့်နန်အား ကျေးဇူးတင်လိုက်ပါသည်။
ကျန့်နန်က တည်တည်ငြိမ်ငြိမ်ပင် ခေါင်းညိတ်ပြလိုက်ပြီး ယဲ့ရှောင်ရှောင်နှင့်အတူ တွဲခန်းထဲ ပြန်ဝင်သွားခဲ့တော့သည်။
အမျိုးသမီးကိုကော၊ ကလေးငယ်ကိုပါ ရဲအရာရှိများ ခေါ်ဆာင်သွားကြသည်။ ကြမ်းပြင်ပေါ်တွင် ပြန့်ကြဲနေသည့် ပစ္စည်းများကို အမျိုးသမီးတွဲစောင့်တစ်ဦးက လာရောက် ရှင်းလင်းပေးသွားပါသည်။
ယဲ့ရှောင်ရှောင်နှင့် ကျန့်နန်တို့ ရထားပေါ်မှ ဆင်းဖို့ ပြင်လိုက်သောအခါ ရထားတွဲစောင့်က ရောက်လာပြီး အခြေအနေကို ရှင်းပြခဲ့သည်။
ထိုလူနှစ်ဦးမှာ အမှန်တကယ်ပင် လူကုန်ကူးသမားများဖြစ်ကြပြီး ထိုကလေးကိုလည်း အခြားဒေသတစ်ခုမှ ခိုးယူလာခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်၏ မိသားစုကို ရှာဖွေပေးဖို့အတွက် ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ဆက်သွယ်ထားသည်ဟု ဆိုခဲ့ပါသည်။
အမျိုးသမီးတွဲစောင့်က ရထားအမှတ်တံဆိပ်ကို ရိုက်နှိပ်ထားသည့် ကြွေခွက်နှစ်ခွက်ကို ယူဆောင်ပြီး သူတို့နှစ်ဦးအား လက်ဆောင်ပေးလိုက်သည်။
“အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်မတို့ ကလေးမိဘတွေကို အမြန်ဆုံး ရှာပေးလိုက်ပါ့မယ်”
ယဲ့ရှောင်ရှောင်လည်း ထိုကြွေခွက်များကို လက်ခံလိုက်ပါသည်။
“ကျေးဇူးပါ”
ထိုကြွေခွက်များမှာ လက်တွေ့အသုံးတည့်ပြီး ထူးခြားသော အထိမ်းအမှတ် အဓိပ္ပာယ်လည်း ရှိသဖြင့် ယဲ့ရှောင်ရှောင် အလွန်နှစ်သက်သဘောကျပါသည်။
ခွက်တစ်လုံးကို ကျန့်နန်၏ လက်ထဲသို့ အတင်း ထိုးထည့်ပေးလိုက်သော်လည်း သူ့မျက်နှာကမူ ထုံးစံအတိုင်း ခံစားချက်မဲ့နေလေသည်။
ကောင်တီမြို့သို့ ရောက်ရှိသောအခါ မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့ကို တွေ့ဆုံဖို့ ရွာအထိ ဆက်သွားရမည်ဟု ယဲ့ရှောင်ရှောင် ယူဆထားခဲ့သည်။
သို့သော် ဇနီးမောင်နှံနှစ်ဦးမှာ ရထားဘူတာရုံထွက်ပေါက်တွင် အစောကြီးကတည်းက သမီးဖြစ်သူကို လာရောက်စောင့်ဆိုင်းနေခဲ့ကြပါသည်။
သူတို့နှစ်ဦးသည် ခရီးသည်လူအုပ်ကြီးထဲ စိုးရိမ်ပူပန်စွာဖြင့် လှမ်းမျှော်ကြည့်နေကြရာ ယဲ့ရှောင်ရှောင်က ချက်ချင်းပင် တွေ့မြင်သွားတော့သည်။
“အဖေနဲ့ အမေ!”