← Chapters

အခန်း ၂၆၁

Vol. 27 Ch. 261

အခန်း ၂၆၁

Vol. 27 Ch. 261

Chapter 261

ယဲ့ရှောင်ရှောင်သည် အနားသို့ ပြေးသွားပြီး မိဘနှစ်ပါးအား နွေးနွေးထွေးထွေး ပွေ့ဖက်လိုက်ပါသည်။

“ရှောင်ရှောင်၊ သမီးပြန်လာလို့ အားလုံးဝမ်းသာနေကြတာ၊ သမီးအစ်ကိုကြီးတို့ အိမ်မှာ အရင်သွားနားရအောင်”

ယဲ့ရှောင်ရှောင်: “ဟုတ်ကဲ့ပါ”

မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့နှစ်ဦးစလုံးသည် ယခင်က ကျန့်နန်နှင့် ဆုံဖူးသဖြင့် သူ့ကို သူစိမ်းတစ်ယောက်သဖွယ် သဘောမထားဘဲ အိမ်သို့ နွေးနွေးထွေးထွေး ဖိတ်ခေါ်ခဲ့ပါသည်။

ယဲ့ချန်းချင့်သည် ကောင်တီမြို့တွင် အိမ်ဝင်းကျယ်ကြီးတစ်ခုကို အပိုင်ဝယ်ယူထားပါသည်။

လူကြီးသူမများနှင့် ကလေးသူငယ်များ နေထိုင်ရန် ပိုမိုလွယ်ကူ အဆင်ပြေစေဖို့အတွက် သာမန်တိုက်ခန်းထက် ဤကဲ့သို့ အိမ်ဝင်းကြီးတစ်ခုကို ရွေးချယ်ဝယ်ယူလိုက်ရခြင်း ဖြစ်သည်။

ယဲ့ချန်းချင့်၏ လက်ရှိ ငွေကြေးအခြေအနေနှင့်သာဆိုလျှင် နောက်ထပ် အိမ်ခြံမြေအနည်းငယ်ကို အလွယ်တကူ ဝယ်ယူနိုင်စွမ်း ရှိပါသည်။ သို့သော်လည်း ဤခေတ်ကာလတွင် လူတို့သည် အိမ်ခြံမြေများဝယ်ယူ၍ ရင်နှီးမြှုပ်နှံရကောင်းမှန်း မသိကြသေးခြင်းကြောင့် လက်တွန့်နေရခြင်း ဖြစ်သည်။

“အစ်ကိုကြီးက သတ္တုတွင်းမှာပဲ အလုပ်လုပ်နေတုန်းလား”

မြောင်စွေ့ဖန်း: “ဟုတ်တယ်၊ အဲ့မှာပဲ”

သို့သော်လည်း သူမ၏ သားကြီးဖြစ်သူ မည်သည့်ကိစ္စများဖြင့် အလုပ်များနေရသည်ကို မြောင်စွေ့ဖန်း ကိုယ်တိုင်လည်း အသေးစိတ် သေသေချာချာ မသိလှပေ။

အိမ်ပြန်ရောက်သောအခါ ကျန်းရွှယ်က အနံ့အရသာနှင့် ပြည့်စုံလှသော လဟင်းလျာများစွာကို အဆင်သင့် ချက်ပြုတ်ပြင်ဆင်ထားပါသည်။

“ရှောင်ရှောင်၊ လက်ဆေးပြီး စားကြရအောင်”

ယခုအိမ်ဝင်းက ယခင်အိမ်ထက် များစွာ ပိုကျယ်ဝန်းပြီး မြို့ဗဟိုနှင့်လည်း နီးကပ်မှု ရှိသဖြင့် သွားရေးလာရေး အလွန် အဆင်ပြေလှပေသည်။

ဤနေရာသည် ပတ်ဝန်းကျင်အနေအထား အလွန်ကောင်းမွန်သဖြင့် နောင်တစ်ချိန်တွင် ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းများ ကျိန်းသေပေါက် ချမှတ်ခံရမည့် နေရာတစ်ခု ဖြစ်လာလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ခံစားမိသည်။

“အရသာရှိတာတွေ အများကြီးချက်ပေးထားလို့ ကျေးဇူးတင်ပါတယ် အစ်မ”

ကျန်းရွှယ်က ပြုံးသည်။

“ဘာတွေ ကျေးဇူးတင်နေတာလဲ၊ အားလုံးက မိသားစုတွေပဲကို၊ ရှောင်ရှောင် နိုင်ငံခြားမှာ ဝိတ်တော်တော် ကျသွားတယ်နော်”

မြောင်စွေ့ဖန်းက ထောက်ခံသည်။

“ဟုတ်ပ၊ ဒီတစ်ခါ အိမ်မှာကြာကြာနေပြီး ဝိတ်ပြန်တက်အောင် လုပ်ပေးရမယ်”

ယဲ့ရှောင်ရှောင် ပစ္စည်းများကို နေရာချပြီးနောက် လက်ဆေးလိုက်သည်။

“အမေ၊ ကျောင်းပြန်ဖွင့်တော့မှာမို့လို့ သမီးတစ်ပတ်လောက်ပဲ နေနိုင်မှာ”

ထိုစကားကို ကြားသောအခါ မြောင်စွေ့ဖန်း အနည်းငယ် စိတ်မကောင်းဖြစ်သွားပါသည်။

“ကျောင်းတွေတောင် ပြန်ဖွင့်တော့မှာလား”

ကျန်းရွှယ်က ပန်းကန်နှင့် တူများကို ထုတ်ရင်း ကျန့်နန်ကိုလည်း ဝင်ထိုင်ဖို့ ဖိတ်ကြားလိုက်သည်။

“ကျောင်းဖွင့်ရင် ရှောင်ရှောင် အလုပ်ရှာရတော့မှာမလား၊ တက္ကသိုလ်ကျောင်းသားတွေကို အစိုးရကတာဝန်ယူပြီး အလုပ်နေရာ စီစဉ်ပေးမှာမလား”

ယဲ့ရှောင်ရှောင် ရှင်းပြလိုက်သည်။

“အရင်ဆုံး အလုပ်သင်အနေနဲ့ လပိုင်းလောက် ဝင်လုပ်ရဦးမယ်၊ နောက်နှစ် ဒီလိုအချိန်ဆိုရင် ဘွဲ့ရတော့မှာလေ”

ထို့အပြင် ယဲ့ရှောင်ရှောင် သေချာစဉ်းစားဆုံးဖြတ်ထားပြီးပါပြီ။ ဘွဲ့ရပြီးနောက် အလုပ်ခွင်ချက်ချင်း ဝင်ဦးမည် မဟုတ်ဘဲ ဘွဲ့လွန်သင်တန်းဝင်ခွင့်စာမေးပွဲများ ဖြေဆိုပါဦးမည်။

မြောင်စွေ့ဖန်းက အစီအစဉ် စဆွဲလေသည်။

“အဲ့တာဆို အိမ်က ကြက်တွေ၊ ဘဲတွေ သွားယူပြီး သမီးအတွက် ချက်ပြုတ်ပေးလိုက်ဦးမှပါ”

ကျန်းရွှယ်က ဝင်ပြောသည်။

“ရွာကို အပင်ပန်းခံပြီး ပြန်စရာလိုလို့လား အမေရဲ့၊ သမီးတို့အိမ်မှာလည်း အဆင်သင့်ရှိပြီးသားပဲဟာကို၊ အိမ်မှာ အကောင်တွေ အရမ်းများနေပြီလို့တောင် သမီးတွေးနေတာ”

ယဲ့ရှောင်ရှောင် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ သူမ အိမ်ပြန်လာတိုင်း အိမ်တွင် မွေးထားသည့် ကြက်များ၊ ဘဲများ၊ ငန်းများမှာ ငြိမ်းငြိမ်းချမ်းချမ်း မနေနိုင်ကြပေ။

“ဒါနဲ့ ပေါင်ချန်းလေးနဲ့ ပေါင်ယွမ်တို့ကို မတွေ့မိပါလား၊ သူတို့အတွက် လက်ဆောင်တွေတောင် ယူလာသေးတယ်”

ထိုလက်ဆောင်များမှာ ပေကျင်းမြို့မှ ဝယ်ယူလာသည့် ကလေးများအကြား အလွန်ရေပန်းစားနေသော စနိကာဖိနပ်လေးများ ဖြစ်ကြသည်။ ကလေးနှစ်ယောက်၏ ခြေထောက်ဆိုဒ်ကို ယဲ့ရှောင်ရှောင် မသိနိုင်သဖြင့် ယဲ့ချန်းနင်က ကူရွေးပေးခဲ့ပါသည်။

ကျန်းရွှယ်က ပြန်ဖြေသည်။

“အဲ့မျောက်မင်းနှစ်ကောင်က ယဲ့မိန်တို့အိမ်မှာ သွားဆော့နေကြတယ်လေ၊ ရပ်ကွက်ထဲမှာလည်း သူငယ်ချင်းတွေအများကြီး ရထားတော့ နေ့တိုင်းဆော့ပဲဆော့နေကြတာ အိမ်တောင်မနည်းပြန်ခေါ်ရတယ်”

မြောင်စွေ့ဖန်းက ယဲ့ရှောင်ရှောင်၏ ပန်းကန်ထဲ ကြက်ပေါက်တစ်ချောင်းထည့်ပေးလိုက်ပြီး ကျန့်နန်၏ ပန်းကန်ထဲကိုလည်း ကြက်ပေါက်တစ်ချောင်း ထည့်ပေးလိုက်ပါသည်။

“ရထားအကြာကြီး စီးရတော့ သမီးတို့နှစ်ယောက် ခရီးပန်းလာကြမှာပေါ့၊ စားစရာရှိတာ စားပြီး အခန်းထဲဝင်နားကြ၊ အခန်းတွေကို အမေတို့ သန့်ရှင်းရေး လုပ်ထားပြီးသား”

နွေရာသီဖြစ်သော်ငြား ပိုင်ချွမ်ကောင်တီတွင် အအေးမြဆုံးနှင့် သက်တောင့်သက်သာအရှိဆုံး ကာလလည်း ဖြစ်သည်။ ဆောင်းဦးရာသီရောက်သောအခါ အပူချိန်များ အဆမတန် ကျဆင်းသွားပါလိမ့်မည်။

ထို့ကြောင့် ဤနေရာလေးသည် နွေရာသီအပန်းဖြေရန်အတွက် အလွန်ကောင်းမွန်လှသည့် အပန်းဖြေစခန်းလေး တစ်ခုသဖွယ် ဖြစ်နေတော့သည်။

ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပါသည်။ နေ့လယ်စာစားသောက်ပြီးလျှင် သူမ အမှန်တကယ် အနားယူဖို့ လိုအပ်နေသည်။

ယောင်းမ၏ လက်ရာက အလွန်အရသာရှိလှသဖြင့် ယဲ့ရှောင်ရှောင်သည် ပုံမှန်နှင့်မတူဘဲ ထမင်းနှစ်ပန်းကန် ကုန်အောင် စားနိုင်ခဲ့လေသည်။ နောက်နောင် နိုင်ငံခြားသို့ ထပ်မသွားတော့ဖို့လည်း စိတ်ထဲမှ ဆုံးဖြတ်ချက် ချလိုက်မိတော့သည်။

ကျန်းရွှယ်မှာ အလွန်အံ့အားသင့်ခဲ့ရသည်။ အိမ်တွင် အသုံးပြုသော ထမင်းပန်းကန်များသည် အလွန်ကြီးမားပြီး ယခင်ကလည်း ရှောင်ရှောင် ထမင်း ၂ ပန်းကန် ကုန်အောင်စားသည်ကို သူမ မမြင်ဖူးပေ။ အစားအသောက်ကို နှမြော၍ ချွေတာခဲ့ခြင်း မဟုတ်ဘဲ သူမကိုယ်တိုင်က မစားနိုင်ခဲ့ခြင်းကြောင့်ပင်။

ယဲ့ရှောင်ရှောင် စားသောက်နေပုံကို ကြည့်ရင်း မြောင်စွေ့ဖန်းလည်း အလွန် စိတ်မကောင်းဖြစ်သွားရသည်။ နိုင်ငံခြားဟူသည့်နေရာက အလွန်ခက်ခဲကြမ်းတမ်းသည့်နေရာတစ်ခု ဖြစ်ပေသည်။

နေ့လယ်စာစားသုံးပြီးနောက် အိမ်ဝင်းထဲတွင် ယဲ့ရှောင်ရှောင် ခေတ္တ လမ်းလျှောက်ကြည့်ခဲ့သည်။

အိမ်ဝင်းထဲရှိ အခန်းတစ်ခန်းကို ဧည့်ခန်းနှင့်တူအောင် ပြင်ဆင်ထားပြီး တီဗွီတစ်လုံး၊ ဆိုဖာတစ်လုံး၊ ကော်ဖီစားပွဲတစ်လုံးစသည်ဖြင့် သေသေချာချာ ပြင်ဆင်ထားပါသည်။

မိသားစု မီးဖိုချောင်တွင် ရေခဲသေတ္တာတစ်လုံးလည်း ရှိသည်။ သို့သော် ဆောင်းရာသီတွင်မူ ပစ္စည်းများကို အပြင်၌ ထားရှိလျှင်ပင် အေးခဲနေတတ်သဖြင့် ရေခဲသေတ္တာကို သုံးဖို့ လိုအပ်မည် မဟုတ်ချေ။

နွေရာသီတွင်တော့ အသားငါးများကို ရေခဲသေတ္တာထဲ ထည့်ကာ သိမ်းဆည်းထားနိုင်ပါသည်။ သို့သော် ဤခေတ်အခါတွင် မိသားစုအတော်များများက ဆင်းရဲနွမ်းပါးကြသဖြင့် အိမ်တွင် အသားငါး ပိုလျှံသည်ဟူ၍ မရှိတတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ဤပစ္စည်းများကို ကြည့်ခြင်းအားဖြင့် သူမအစ်ကိုကြီးတို့ မိသားစုမှာ လွန်ခဲ့သည့် ၂ နှစ်တာအတွင်း အလွန်ပြည့်စုံတိုးတက်လာမှန်း သိသာပါသည်။

ကျန်းရွှယ်နှင့် မြောင်စွေ့ဖန်းတို့ မီးဖိုချောင်ထဲတွင် ပန်းကန်များကို ဆေးကြောနေကြစဉ် အိမ်ထဲလျှောက်ကြည့်နေသည့် ယဲ့ရှောင်ရှောင်ကို လှမ်းမြင်လိုက်ရသည်။

“ရှောင်ရှောင်၊ အနောက်ဘက်အခန်းကို တစ်ချက်သွားကြည့်လိုက်ဦး၊ အဲ့တာ နင့်အတွက် စီစဉ်ပေးထားတဲ့အခန်းပဲ၊ လိုအပ်တာရှိရင် ပြောနော်၊ ကျန့်နန်ကတော့ အရင်တစ်ခေါက်က အိပ်ခဲ့တဲ့အခန်းမှာပဲ အိပ်လိမ့်မယ်၊ နင်တို့နှစ်ယောက် နားလိုက်ကြဦးလေ”

“ဟုတ်ကဲ့ပါ ယောင်းမ”

ယဲ့ရှောင်ရှောင်သည် ယောင်းမပြောသည့် အနောက်ဘက်အခန်းကို သွားကြည့်လိုက်ပါသည်။ အိမ်၏ အနောက်ခြမ်းတွင် စုစုပေါင်း အခန်း ၃ ခန်းပါရှိပြီး ယဲ့ရှောင်ရှောင်၏ အခန်းက မြောက်ဘက်အကျဆုံး အခန်းဖြစ်သည်။

အထဲတွင် အုတ်နီခဲအပူပေးကုတင်မရှိဘဲ သစ်သားကုတင်တစ်လုံး၊ ဗီရိုအကြီးကြီးတစ်လုံးနှင့် ပြူတင်းပေါက်ဘေးတွင် စားပွဲခုံတစ်လုံးတို့ ရှိကြသည်။

စားပွဲခုံတွင်ထိုင်လျက် ပြူတင်းပေါက်အပြင်ဘက်သို့ လှမ်းမျှော်ကြည့်လိုက်ပါက ဧရာမ မိုးမခပင်ကြီးတစ်ပင်ကို မြင်ရပေလိမ့်မည်။

အခန်း၏ အပြင်အဆင်မှာ ရိုးရှင်းသော်လည်း အလွန်ပင် စိတ်ကြည်နူးစရာ ကောင်းလှပေသည်။

အိမ်ရာခင်းနှင့် ခန်းဆီးလိုက်ကာ အားလုံးကို ပန်းပွင့်ပုံစံများပါသည့် အပြာနုရောင် ပိတ်စများဖြင့် ပြုလုပ်ပေးထားခြင်းဖြစ်၍ မိန်းကလေးတစ်ဦးအတွက် ပြင်ဆင်ပေးထားသည့် အခန်းဖြစ်မှန်း ချက်ချင်း သိသာပါသည်။

ကုတင်ပေါ်တွင် ခေါင်းအုံးများနှင့်အတူ အထူတစ်ထည်၊ အပါးတစ်ထည်ဖြင့် စောင်နှစ်ထည်ကိုလည်း ပြင်ဆင်ပေးထားသေးသည်။ ကျန်းရွှယ်က အစစအရာရာ လိုလေသေးမရှိအောင် စီစဉ်ပေးထားပါသည်။

ယဲ့ရှောင်ရှောင်သည် သူမ ယူဆောင်လာသည့်အဝတ်အစားများကို ခရီးဆောင်အိတ်ထဲမှ ထုတ်ကာ ဗီရိုထဲတွင် ချိတ်ထားလိုက်သည်။ ထိုအခါ အခန်းလေးမှာ ပို၍ပင် သက်ဝင်သွားတော့သည်။

ယဲ့ရှောင်ရှောင် တံခါးဘောင်တွင်မှီလျက် မီးဖိုချောင်ထဲသို့ လှမ်းအော်လိုက်ပါသည်။

“သမီးသဘောကျတယ် ယောင်းမ! ဘာမှ မလိုဘူးနော်!”

သူမ၏ အသံကိုကြားပြီး ကျန်းရွှယ်ကလည်း ပြန်အော်ပြောလိုက်သည်။

“ဟုတ်ပြီ ဟုတ်ပြီ!”

မြောင်စွေ့ဖန်းက ကျီစယ်သည်။

“ဘယ်သူအသံပိုကျယ်လဲ ပြိုင်နေကြတာလား”

ကျန်းရွှယ်လည်း အနည်းငယ် ရှက်သွေးဖြာသွားပါသည်။

သို့သော် အိမ်တွင် ကလေးတစ်ယောက် ရှိနေသည့်အခါမှသာ အိမ်လေးက ပိုမို၍ စည်ကားသက်ဝင်လာတတ်သည်ကိုတော့ ငြင်းဆန်မရပေ။ ရှောင်ရှောင်နှင့် ကလေးငယ်နှစ်ဦး အိမ်တွင်မရှိကြသည့် အချိန်များ၌ မိသားစုဝင်များမှာ စကားအလွန်နည်းကြပါသည်။

ယောင်းမဖြစ်သူကို အသိပေးပြီးနောက် ယဲ့ရှောင်ရှောင် အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ထို့နောက် ကုတင်ပေါ်တွင် လှဲလျောင်းကာ စောင်အပါးလေးကို ခြုံလျက် အိပ်စက်အနားယူလိုက်တော့သည်။

သူမ မိနစ် ၄၀ ခန့် အိပ်စက်ခဲ့ပြီး အိပ်ရာနိုးလာသောအခါ အပြင်တွင် လမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။

“ရှောင်ရှောင် အပြင်သွားမလို့လား၊ အပြင်မှာ နည်းနည်း ပူသေးတယ်နော်”

နေ့လယ် ၂ နာရီ ၃ နာရီအထိ ရာသီဥတုက အနည်းငယ် ပူပြင်းတတ်ပါသည်။ သို့သော် နေဝင်ချိန်ရောက်သည်နှင့် အေးမြလာတော့မည်ဖြစ်သည်။

“ရပါတယ်၊ သမီးနေသားကျနေတဲ့ နေရာထက်စာရင်တော့ ဒီရာသီဥတုက အများကြီး ပိုအေးနေပါပြီ”

ယဲ့ရှောင်ရှောင် အပြင်သို့ ထွက်ဖို့ ပြင်လိုက်စဉ် ကျန့်နန်ကလည်း အတူလိုက်လာဖို့ အသင့်ပြင်နေပါသည်။

“အစ်ကိုကျန့်နန် အိမ်မှာပဲ နားပါ၊ ဒီနားတစ်ဝိုက်မှာတော့ ဘာအန္တရာယ်မှ မရှိလောက်တော့ဘူး”

ကျန့်နန်က ခေါင်းခါသည်။

“မဖြစ်ဘူး၊ ငါ့တာဝန်က နင့်ကို ကာကွယ်ဖို့ပဲ”

ယဲ့ရှောင်ရှောင်: “…”

‘တတိယအစ်ကိုက အဲ့လိုပြောလိုက်တာလား၊ တောင်ပိုင်းက လူတွေက တော်တော်ခေါင်းမာတာပဲ’

ယဲ့ရှောင်ရှောင်လည်း ရွေးချယ်စရာမရှိတော့ဘဲ ကျန့်နန်ကို မြောက်ပိုင်းဒေသရှိ ရှုခင်းများအား လိုက်လံပြသသည်ဟု သဘောထားလျက် ခေါ်ဆောင်လာခဲ့ရတော့သည်။

ပိုင်ချွမ်ကောင်တီမှာ အလွန်ကျယ်ဝန်းလှသည် မဟုတ်သဖြင့် ခြေကျင်လျှောက်ရုံမျှဖြင့် တစ်မြို့လုံးကို လည်ပတ်နိုင်ပါသည်။

ယဲ့ရှောင်ရှောင်သည် ကျန့်နန်ကို လူငယ်ဆံပင်ညှပ်ဆိုင်သို့ ခေါ်လာခဲ့ပါသည်။

ဆိုင်ထဲသို့ ဝင်လိုက်သာအခါ ဗိုက်ပူပူနှင့် အမျိုးသမီးတစ်ဦးက ကတ်စတမ်မာတစ်ဦးကို ဆံပင်ဒီဇိုင်းများ မိတ်ဆက်ပေးနေသည့် မြင်ကွင်းအား ယဲ့ရှောင်ရှောင် မြင်လိုက်ရလေသည်။

ယဲ့ရှောင်ရှောင်က လှမ်းခေါ်လိုက်သည်။

“အာ့နီ၊ ကိုယ်ဝန်ကြီးနဲ့ အလုပ်တွေလုပ်နေတုန်းပဲလား”

ကျန်းအာ့နီတွင် ကိုယ်ဝန် ၅ လ ရှိနေပါပြီ။ ဆံပင်ညှပ်ဆိုင်သို့ နေ့တိုင်းလာတတ်သည် ဆိုသော်လည်း ဆိုင်တွင် ဝန်ထမ်းများရှိသဖြင့် ဘေးမှ လမ်းညွှန်အကြံပြုပေးဖို့သာ လိုအပ်သည်။

ယဲ့ရှောင်ရှောင် ဝင်လာသည်ကို မြင်သောအခါ ကျန်းအာ့နီသည် လက်ထဲရှိ ကြော်ငြာစာစောင်ကို ဝန်ထမ်းတစ်ဦးထံသို့ လွှဲပေးလိုက်ပြီး ယဲ့ရှောင်ရှောင်ထံသို့ ချက်ချင်း လျှောက်လာခဲ့တော့သည်။

“ဖြည်းဖြည်းလာပါ”

ယဲ့ရှောင်ရှောင် သူမကို တွဲပေးကာ ထိုင်ခုံတွင် အတူတူ ထိုင်လိုက်ပါသည်။

ယဲ့ရှောင်ရှောင် နိုင်ငံခြားထွက်သွားသည့်အကြောင်းကို ရွာသားများထံမှ ကျန်းအာ့နီ ကြားခဲ့ရပါသည်။ သို့သော် သူမထံသို့ တကူးတကရောက်ရှိလာလိမ့်မည်ဟုတော့ ထင်မှတ်မထားခဲ့ပေ။

“နင်… ဆံပင်လာညှပ်တာလား၊ နင့်ဆံပင်တွေ ဒီလောက်လှတာကို ညှပ်ပစ်မလို့ဆိုရင် ငါအသည်းကွဲရမှာနော်”

ယဲ့ရှောင်ရှောင်: “မဟုတ်ပါဘူး၊ နင့်ဆီ ဒီတိုင်းလာလည်တာ”

“နိုင်ငံခြားက အပြီးတိုင်ပြန်လာတာလား၊ ဒါမှမဟုတ် ပြန်သွားရဦးမှာလား”

“လောလောဆယ်တော့ ထပ်မသွားဖြစ်တော့ဘူး၊ အခုက အလုပ်သင်ဆင်းဖို့ ပြင်ဆင်နေတာလေ”

ယဲ့ရှောင်ရှောင်၏ ငယ်ရွယ်နုပျိုပြီး လှပနေသည့် အသွင်အပြင်ကို ကြည့်ရငသ်း ကျန်းအာ့နီရင်ထဲ အလွန် မနာလိုအားကျ ဖြစ်သွားမိပါသည်။

“နင်က အိမ်ထောင်မပြုရသေးတော့ ပိုပိုပြီး လှလာလိုက်တာနော်”

All Chapters