← Chapters

အခန်း ၂၆၃

Vol. 27 Ch. 263

အခန်း ၂၆၃

Vol. 27 Ch. 263

Chapter 263

ယဲ့ရှောင်ရှောင်သည် ဖခင်ဖြစ်သူအား စိတ်သက်သာရာရစေမည့် အားပေးစကား အနည်းငယ် ဆိုလိုက်ပါသည်။

“အဖေ၊ ရွာက ပြည်သူ့စစ် စခန်းမှာ တပ်သားတွေကို လေ့ကျင့်ရေး ဆင်းပေးနေတုန်းပဲလား”

ဒေသတွင်း၌ ပြည်သူ့စစ်တပ်ရင်း ရှိနေသေးသည် ဆိုသော်ငြား နိုင်ငံတော်က ပြည်သူ့စစ်တပ်ဖွဲ့များကို တဖြည်းဖြည်းချင်း စတင်ဖျက်သိမ်းနေပြီဖြစ်ရာ ယဲ့ကျန်းကော်တစ်ယောက် ထိုနေရာတွင် တစ်သက်လုံး အလုပ်ဆက်လုပ်နေနိုင်မည် မဟုတ်ပေ။

ထိုအခါ ယဲ့ချန်းချင့်က ဝင်ပြောသည်။

“တို့ရွာက ပြည်သူ့စစ် တပ်ဖွဲ့တွေကိုလည်း မကြာခင် ဖျက်သိမ်းတော့မှာ၊ အခုဆို ရွာကနေ ကောင်တီမြို့ကို လေ့ကျင့်ရေးဆင်းဖို့ လူတစ်ယောက်စီပဲ လွှတ်ပေးလို့ ရတော့တယ်လေ”

ယဲ့ကျန်းကော်သည် အသက်အရွယ်အရ သက်လတ်ပိုင်းသာ ရှိသေးပြီး အိုမင်းရင့်ရော်ခြင်း မရှိသေးပေ။ သို့သော် လူငယ်ဟုတော့ သတ်မှတ်၍ မရတော့ပါ။

ပုံမှန်အားဖြင့် တောင်ယာကင်းလှည့်ခြင်းနှင့် ပြည်သူ့စစ် တပ်သားများကို လေ့ကျင့်ပေးရခြင်းတို့မှာ သူအလွန် ဝါသနာပါပြီး မြတ်နိုးရသည့် အလုပ်များ ဖြစ်ကြသည်။

အကယ်၍ ရွာက ပြည်သူ့စစ်အဖွဲ့ကိုသာ ဖျက်သိမ်းလိုက်မည်ဆိုပါက သူသေချာပေါက် စိတ်မကောင်းဖြစ်ရပေလိမ့်မည်။

“အဖေ့ရဲ့ စစ်တပ်အတွေ့အကြုံ၊ စွမ်းဆောင်ရည်တွေနဲ့ဆိုရင် စစ်တပ်ထဲမှာ စစ်ရေးနည်းပြအဖြစ် တာဝန်ထမ်းဆောင်လို့ ရတယ်လို့ လုဟန်ချွမ် ပြောဖူးတယ်၊ အဖေနဲ့ အမေတို့ သမီးနဲ့အတူ ပေကျင်းကို လိုက်ခဲ့ပါလားဟင်”

ယဲ့ကျန်းကော် ခေါင်းခါလိုက်သည်။

“ဘယ်ဖြစ်မှာလဲ၊ အိမ်မှာ နင့်အဘိုးအဘွားတွေ ရှိသေးတယ်၊ နောက်ကျရင်လည်း ရွာမှာပဲ အလုပ်အကိုင်တစ်ခုခု ရှာလို့ ရလောက်မှာပါ”

ယဲ့ကျန်းကော်သည် လက်ရှိတွင် သားသမီးများ ထောက်ပံ့ပေးထားသည့် ငွေများဖြင့် သက်တောင့်သက်သာ ထိုင်စားနေနိုင်ပြီဖြစ်သော်လည်း အိမ်တွင် အလုပ်မရှိဘဲ မနေတတ်ပေ။

သူစွမ်းဆောင်နိုင်သည့် အလုပ်တာဝန်များကို ထမ်းဆောင်နေရမှသာ သူ့ကိုယ်သူ အသုံးဝင်သည်ဟု ခံစားရစေပါသည်။

ယဲ့ချန်းချင့်သည်လည်း ဖခင်ဖြစ်သူအတွက် မြို့ထဲတွင် အလုပ်တစ်ခုခုရှာပေးဖို့ ကြိုးစားနေသည်။ သင့်တော်သည့် နေရာတစ်ခုခု ပေါ်လာပါက ဖခင်ဖြစ်သူအား ဝင်ရောက်လုပ်ကိုင်ဖို့ အကြံပြုပေးပါမည်။

ထိုအခါကျလျှင် ကလေးများကို စောင့်ရှောက်ဖို့ဟူသော အကြောင်းပြချက်ဖြင့် မြောင်စွေ့ဖန်းကိုပါ မြို့ပေါ်သို့ ခေါ်ဆောင်လာ၍ ရနိုင်သည်။ သူမကလည်း ငြင်းဆန်မည်မဟုတ်ပေ။

ယဲ့ရှောင်ရှောင်သည် အိမ်တွင် ၆ ရက်တိတိ နေထိုင်ခဲ့ပြီး ၇ ရက်မြောက်နေ့တွင် ပေကျင်းသို့ ရထားဖြင့် ပြန်ခဲ့ပါသည်။

မပြန်မီ မြောင်စွေ့ဖန်းက သမီးဖြစ်သူအတွက် အစားအသောက်များစွာကို ထည့်ပိုးပေးလိုက်သည်။

အရည်အသွေးမြင့် ချည်သားများကို အသုံးပြုလျက် အိမ်တွင် ကိုယ်တိုင် ရက်လုပ်ထားသော အဝတ်အစားများကိုပင် ထည့်သွင်းပေးလိုက်ပါသေးသည်။

အထုပ်အပိုးများကို ကျန့်နန်က ကူညီသယ်ဆောင်ပေးသဖြင့် ယဲ့ရှောင်ရှောင် ပင်ပန်းရမည် မဟုတ်ချေ။

“ရှောင်ရှောင်၊ အားတဲ့အချိန် ပြန်လာခဲ့ဦးနော်”

မိဘများကို ယဲ့ရှောင်ရှောင် နွေးနွေးထွေးထွေး နှုတ်ဆက်လိုက်ပါသည်။

“ဟုတ်ကဲ့ပါ၊ သမီးတို့ သွားတော့မယ်”

အပြန်ခရီးတွင်မူ မည်သည့်ပြဿနာမှ မဖြစ်ခဲ့ဘဲ အရာရာ ချောချောမွေ့မွေ့ ရှိခဲ့ပါသည်။

ပေကျင်းမြို့သို့ ဘေးကင်းကင်း ပြန်ရောက်လာသောအခါ ဘူတာရုံသို့ ယဲ့ချန်းနင်က လာကြိုသည်။

“အိမ်မှာ ပျော်ခဲ့ရဲ့လား”

ယဲ့ရှောင်ရှောင်: “ပျော်တာပေါ့၊ ဒီကိုတောင် ပြန်မလာချင်ဘူး၊ ဟိုမှာ အရမ်းနေလို့ကောင်းတာ”

ယဲ့ချန်းနင်: “အဲ့တာဆိုလည်း အိမ်မှာ ရက်နည်းနည်းလောက် ပိုနေခဲ့သင့်တာပေါ့၊ ကျောင်းတွေတောင် မဖွင့်သေးဘူး”

ယဲ့ရှောင်ရှောင်က ချေပသည်။

“ဘယ်သူပြောလဲ၊ ကျောင်းတွေ ပြန်ဖွင့်ဖို့ ဘယ်လောက်မှ မလိုတော့ဘူး၊ ပြီးတော့ အတန်းခေါင်းဆောင်တို့အဖွဲ့တွေ ပြန်ရောက်လာရင်လည်း သမီးသွားတွေ့ရဦးမယ်လေ”

ပညာတတ်ကြီးများ၏ အတွေးအခေါ်များကို လုံးဝ နားမလည်နိုင်တော့သည့် ယဲ့ချန်းနင်တစ်ယောက် ခေါင်းသာ ခါယမ်းမိတော့သည်။

“နင်အနောက်မြောက်ပိုင်းကို သွားတဲ့အခါကျရင် စတုတ္ထညီနဲ့တောင် တွေ့နိုင်တယ်”

“စတုတ္ထအစ်ကိုလည်း အနောက်မြောက်ပိုင်းကို ရောက်နေတာလား”

ယဲ့ချန်းနင်က ရှင်းပြသည်။

“အဲ့မှာ သူ့ပါမောက္ခနဲ့အတူ လေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး ပရောဂျက်တစ်ခုကို လုပ်နေတာ တော်တော်ကြာပြီလေ၊ တည်နေရာအတိအကျကိုတော့ ငါလည်း မသိဘူး၊ ချန်းရှန့်က ဘွဲ့လွန်သင်တန်းတွေ ဆက်တက်ဖို့ ပြင်ဆင်နေတာဆိုတော့ လာမယ့် နှစ်သစ်ကူးမှာ အိမ်တောင်ပြန်လာနိုင်ပါ့မလား မသိဘူး”

အနောက်မြောက်ပိုင်းဒေသသည် အလွန်ကျယ်ဝန်းလှသဖြင့် ယဲ့ချန်းရှန့်နှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံနိုင်လိမ့်မည်ဟု ယဲ့ရှောင်ရှောင် မထင်မိပေ။

“ဟိုရောက်မှ သမီး မေးကြည့်ပါဦးမယ်”

ယဲ့ချန်းနင်က ညွှန်ကြားသည်။

“ဟိုရောက်ရင် ငါ့ဆီကို စာချက်ချင်း ရေးပို့နော်၊ လိပ်စာပါ ပို့ပေးလိုက်၊ အဲ့တာမှ ငါနင့်ဆီ ပစ္စည်းတွေဘာတွေ ပို့ပေးလို့ ရမှာ”

“ဟုတ်ကဲ့ပါ”

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်၏ အိမ်တွင် အရင်ဆုံး နေ့လယ်စာသွားစားခဲ့ပြီး သူမ၏ ကိုယ်ပိုင်ကားဖြင့် အပြင်ထွက်လာခဲ့ပါသည်။

သူမနိုင်ငံခြားတွင်ရှိစဉ်က တရုတ်နိုင်ငံသို့ ပို့ဆောင်ထားသည့် ပစ္စည်းများလည်း ရောက်ရှိလာပြီဖြစ်သည်။ ထိုပစ္စည်းများကို ကျင့်ဟွာတက္ကသိုလ်ကျောင်းလိပ်စာြဖင့် ပို့ဆောင်ခိုင်းထားပါသည်။

တရားဝင်ကျောင်းပြန်ဖွင့်ဖို့ ရက်အနည်းငယ် လိုသေးသော်လည်း ကျောင်းဝင်းထဲတွင် ကျောင်းသားအတော်များများ ရောက်ရှိနေကြလေပြီ။‌

ယဲ့ရှောင်ရှောင်သည် ကျောင်းဝင်ပေါက်နားရှိ စာတိုက်ရုံးသို့ သွားရောက်မေးမြန်းကြည့်လိုက်ရာ သူမအမည်ဖြင့် ပါဆယ်ထုပ်ကြီး အမှန်တကယ် ရောက်ရှိနေပြီဖြစ်မှန်း သိလိုက်ရသည်။

ဤမျှ ကြီးမားသည့် ပါဆယ်ထုပ်ကြီးကို နိုင်ငံခြားမှ ပို့ဆောင်ရမည်ဆိုလျှင် ပို့ဆောင်ခနှင့်ပင် ယွမ်ရာနှင့်ချီပြိး ကုန်ကျနိုင်ပါသည်။

စာတိုက်ဝန်ထမ်းများက ထိုပါဆယ်ထုပ်ကြီးကို ယဲ့ရှောင်ရှောင်၏ ကားထဲ ကူသယ်ပေးခဲ့သော်လည်း အိမ်ပြန်ရောက်သောအခါ ယဲ့ရှောင်ရှောင် တစ်ဦးတည်းဖြင့် တိုက်ပေါ်သို့ သယ်ဆောင်နိုင်မည် မဟုတ်ပေ။

ထို့ကြောင့် ပါဆယ်ထုပ်ကြီးကို ဖွင့်ပြီး ပစ္စည်းများကို တစ်မျိုးချင်း သယ်ယူရတော့သည်။ အထဲတွင် ဂိမ်းစက်များနှင့် လက်ကိုင်အိတ်များစွာ ပါဝင်သည်။

လက်ကိုင်အိတ်များကို သူမ၏ မိသားစုထဲရှိ အမျိုးသမီးများအား လက်ဆောင်ပေးဖို့ ရည်ရွယ်ထားပါသည်။

ယဲ့ရှောင်ရှောင် ဤအိမ်ရာထဲသို့ ပြန်မလာသည်မှာကြာပြီဖြစ်ပြီး ပစ္စည်းများကို သယ်ယူနေစဉ် ရင်းနှီးနေသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။

ဝမ်ကျောင်း၏ ရည်းစားဟောင်း ဖန့်ခိုင်ရွှမ်ပင်။

ဖန့်ခိုင်ရွှမ်ကလည်း ယဲ့ရှောင်ရှောင်ကို မြင်သွားပါသည်။

“ယဲ့ရှောင်ရှောင်၊ ငါဘာကူညီပေးရဦးမလဲ”

ယဲ့ရှောင်ရှောင်: “မလိုတော့ပါဘူး ကျေးဇူးပါ၊ သယ်စရာပစ္စည်းတွေ ကုန်နေပြီ”

ဖန့်ခိုင်ရွှမ်နှင့် ဝမ်ကျောင်းတို့ အဆင်မပြေဘဲ လမ်းခွဲခဲ့ကြသော်လည်း ဝမ်ကျောင်း၏ အခန်းဖော်များနှင့်တော့ သူ့ဆက်ဆံရေးက ကောင်းမွန်နေပါသေးသည်။

ယဲ့ရှောင်ရှောင်ကမူ ဖန့်ခိုင်ရွှမ်ဘေးရှိ ကောင်မလေးကို အကဲခတ်နေသည်။ ထိုကောင်မလေးက ဖန့်ခိုင်ရွှမ်၏ လက်မောင်းကို ပွေ့ဖက်ထားပြီး အလွန်တရင်းတနှီးရှိပု့ရပါသည်။

ဖန့်ခိုင်ရွှမ်က မိတ်ဆက်ပေးသည်။

“ဒါငါ့ကောင်မလေး လျို့ဟယ်လေ”

လျို့ဟယ်မှာ ပိန်ပိန်ပါးပါးနှင့် ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက်ဖြစ်ပြီး ယဲ့ရှောင်ရှောင်ကို ပြုံးပြနေပါသည်။

ဖန့်ခိုင်ရွှမ်က မေးသည်။

“အဲ့တာဆို နင်နိုင်ငံခြားက ပြန်လာပြီပေါ့၊ တခြားသူတွေတော့ ဘာသတင်းမှ မကြားရသေးဘူးနော်”

ယဲ့ရှောင်ရှောင်: “ငါက အားလုံးထက် ရက်နည်းနည်းလောက်စောပြီး ပြန်လာတာပါ၊ သူတို့တွေလည်း ပြန်လာဖို့ သိပ်မကြာတော့ဘူး”

သူတို့နှစ်ဦးက အလွန်အမင်း ရင်းနှီးနေခြင်း မဟုတ်သဖြင့် ယဉ်ကျေးမှုအရ စကားအနည်းငယ် ပြောပြီးနောက် ယဲ့ရှောင်ရှောင် အိမ်ပေါ်တက်သွားခဲ့ပါသည်။

ဖန့်ခိုင်ရွှမ်ကလည်း သူ့ကောင်မလေးကိုခေါ်ပြီး သူငယ်ချင်းအိမ်တွင် ကျင်းပသည့် တွေ့ဆုံပွဲသို့တက်ရောက်ဖို့ ထွက်လာခဲ့လေသည်။

“ခုနက ကောင်မလေးက ဘယ်သူလဲ၊ ငါတို့ကျောင်းက အလှဆုံးကောင်မလေးထက်တောင် ပိုလှနေသေးတယ်နော်”

ဖန့်ခိုင်ရွှမ်၏ အင်္ကျီစကို ဆွဲကာ လျို့ဟယ် တီးတိုးမေးမြန်းလိုက်ပါသည်။

ကျောင်းက အလှဆုံးကောင်မလေးဟူသည်မှာ မနှစ်က ပထမနှစ်ကျောင်းသူလေးတစ်ယောက်ကို ရည်ညွှန်း ပြောဆိုခြင်းဖြစ်ပြီး ထိုကောင်မလေးမှာ အမှန်တကယ်လည်း အလွန်လှပပါသည်။

ဖန့်ခိုင်ရွှမ်က ရှင်းပြသည်။

“ယဲ့ရှောင်ရှောင်က နိုင်ငံခြားမှာ ၂ နှစ်လောက် ကျောင်းသွားတက်တာလေ၊ အဲ့တာကြောင့် နင်သူ့ကို မမြင်ဖူးတာပါ၊ သူက ငါနဲ့ နှစ်အတူတူပဲ၊ တရုတ်တိုင်းရင်းဆေးမေဂျာလေ”

လျို့ဟယ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဒီလောက်လှတဲ့ ကောင်မလေးမျိုး အခုမှတွေ့ဖူးတယ်၊ အသားကလည်း ဖြူစင်ဝင်းပနေတာပဲ၊ ဒါပေမယ့် အနောက်တိုင်းသားတွေလို ကြည့်မပျော်ရှုမပျော် ဖြူဆုပ်နေတာမျိုး မဟုတ်ဘူး”

ဖန့်ခိုင်ရွှမ် စိတ်ပျက်လက်ပျက် ခေါင်းခါယမ်းလိုက်သည်။

“မွေးရာပါ ပင်ကိုယ်အလှနေမှာပေါ့၊ နင်လည်း လှပါတယ်”

လျို့ဟယ်: “ငါလှမှန်း ငါသိပါတယ်၊ ဒါပေမယ့် ငါက လူလိုလှတာ၊ သူက နတ်သမီးလေးလို လှတာ”

သူတို့နှစ်ဦး ထိုအကြောင်းကို ဆက်မပြောကြတော့ဘဲ ခပ်လှမ်းလှမ်းသို့ ဆက်လျှောက်သွားခဲ့ကြပါသည်။

ဖန့်ခိုင်ရွှမ်သည် ယခုလက်ရှိ သူ့ကောင်မလေးကို အလွန်သဘောကျ နှစ်သက်မှု ရှိပါသည်။ ယခင် ဝမ်ကျောင်းနှင့်သာဆိုလျှင် စကားတစ်ခွန်း စပြောသည်နှင့် စိတ်ကောက်မသွားစေရန် စကားလုံးများစွာဖြင့် အပင်ပန်းခံပြီး ချော့မော့နေရပါဦးမည်။

ယဲ့ရှောင်ရှောင် အိမ်သို့ပြန်ရောက်သောအခါ သန့်ရှင်းရေးအနည်းငယ် လုပ်ခဲ့ရသေးသည်။

မွန်းလွဲပိုင်းတွင် လက်ဆောင်ပစ္စည်းများကို သေသေချာချာ ထုပ်ပိုးပြီး စာတိုက်မှတစ်ဆင့် ပို့ဆောင်လိုသည့် လူများထံ ပို့ဆောင်ပေးလိုက်တော့သည်။

စာတိုက်ဝန်ထမ်းများအားလုံးက ယဲ့ရှောင်ရှောင်ကို မှတ်မိနေကြပြီး ငွေကြေးအမြောက်အများကို အလွယ်တကူ သုံးစွဲနေသည်အား မြင်သောအခါ တက္ကသိုလ်မှ ဆရာမတစ်ဦးဖြစ်မည်ဟုပင် ထင်သွားကြပါသည်။

--- --- ---

ဩဂုတ်လအဆုံးတွင် ပညာဖလှယ်ကျောင်းသားများအားလုံး နိုင်ငံခြားမှ ပြန်လည်ရောက်ရှိလာကြပြီး စက်တင်ဘာလတွင် စာသင်နှစ်သစ် စတင်ပြီဖြစ်၍ ကျောင်းသားသစ်များ စာရင်းပေးသွင်းကြရပါသည်။

ချူးယွင်ရှောင်နှင့် အခြားသူများမှာ မတူညီသော လေယာဉ်ခရီးစဉ်များဖြင့် တစ်ယောက်ပြီးတစ်ယောက် ပြန်လည် ရောက်ရှိလာကြသည်။

ချူးယွင်ရှောင်သည် ယဲ့ရှောင်ရှောင်အား ဖုန်းဆက်ပြီး ဩစတြေးလျမှ အိမ်ကို အိမ်ပိုင်ရှင်ထံ သေသေချာချာ ပြန်လည် အပ်နှံခဲ့ပြီဖြစ်ကြောင်း အသိပေးခဲ့သည်။

ကျန်ရှိနေသည့် အိမ်ငှားခများကိုလည်း ယဲ့ရှောင်ရှောင်၏ သဘောအတိုင်း အိမ်ရှင်ထံမှ ပြန်လည်တောင်းယူခြင်း မပြုခဲ့ပေ။

ယဲ့ရှောင်ရှောင်လည်း ကျေးဇူးတင်စကား ဆိုလိုက်ပါသည်။

ချူးယွင်ရှောင်က ရယ်မောလိုက်သည်။

“အိမ်ငှားခတွေအကုန်လုံးကို နင်တစ်ယောက်တည်း ပေးထားတာ ဘာလို့ ငါ့ကို ကျေးဇူးတင်နေတာလဲ”

ယဲ့ရှောင်ရှောင်သည် အချိန်ရလျှင် တွေ့ဆုံဦးမည်ဟု ချိန်းဆိုလိုက်ပြီး ချူးယွင်ရှောင်အား အနားယူဖို့ တိုက်တွန်းလိုက်ပါသည်။

ချူးယွင်ရှောင်နှင့် ဖုန်းပြောပြီးသည်နှင့် ယဲ့ရှောင်ရှောင်သည် ပိုင်မုန့်အန်း၏ အလုပ်ထံ ဖုန်းဆက်ကာ သူမကို ဖုန်းလွှဲပြောင်းခိုင်းလိုက်သည်။

“ဘာဖြစ်လို့လဲ ရှောင်ရှောင်”

“အတန်းခေါင်းဆောင်ကြီး ပြန်ရောက်လာပြီ”

ပိုင်မုန့်အန်းတစ်ယောက် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

“တကယ်ကြီးလား!!! အဲ့တာဆို မနက်ဖြန် တစ်ရက်လောက် ခွင့်ယူပြီး နင်တို့နဲ့လာတွေ့မယ်”

ယဲ့ရှောင်ရှောင်က အကြံပြုသည်။

“အတန်းခေါင်းဆောင်မှာ အိမ်နဲ့ရာနဲ့ ရှိပါတယ်ဟယ်၊ သူ့ကို တွေ့ချင်ရင် သူ့ဆီပဲ တိုက်ရိုက်ဆက်သွယ်လိုက်ပေါ့”

ပိုင်မုန့်အန်း ရုတ်တရက် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။

“အဲ့တာဆို ငါ့ဘက်က ရှက်စရာကောင်းမနေဘူးလား”

ယဲ့ရှောင်ရှောင်က ချေပသည်။

“ဘာရှက်စရာရှိလို့လဲဟဲ့၊ နင်တို့နှစ်ယောက် ခင်မင်နေတာ ဘယ်လောက်ကြာနေပြီလဲ၊ ငါ့ကိုပါခေါ်ပြီး တတိယဘီးလေး လုပ်ခိုင်းမလို့လား”

တတိယဘီးဟူသည့် အဓိပ္ပာယ်ကို ပိုင်မုန့်အန်း အကြမ်းဖျင်း နားလည်သယောင်ယောင် ရှိပါသည်။

“အဲ့တာဆိုလည်း… ငါသူ့ကို ချိန်းကြည့်ပါဦးမယ်”

ဖုန်းပင်မဆက်ရသေးဘဲ ပိုင်မုန့်အန်း အလွန်စိတ်လှုပ်ရှားနေပါပြီ။

ယဲ့ရှောင်ရှောင်က အားပေးသည်။

“ဖိုက်တင်း! လုပ်သာလုပ်လိုက်၊ အတန်းခေါင်းဆောင်ကလည်း နင့်ကို သဘောကျတဲ့ပုံပါပဲ၊ ဘာမှကြောက်စရာ မလိုဘူး”

ယဲ့ရှောင်ရှောင်၏ အားပေးမှုအောက်တွင် ချူးယွင်ရှောင်အား ပိုင်မုန့်အန်း ဖုန်းဆက်လိုက်တော့သည်။

မူလက ချူးယွင်ရှောင် ငြင်းဆန်လိမ့်မည် သို့မဟုတ် လေသံက အနည်းငယ် သူစိမ်းဆန်နေလိမ့်မည်ဟု ပိုင်မုန့်အန်း ထင်မှတ်ထားခဲ့သည်။

သို့သော် သူမဘက်မှ တောင်းဆိုလိုက်သည်နှင့် ချူးယွင်ရှောင်က တုံ့ဆိုင်းခြင်းမရှိဘဲ ချက်ချင်းပင် သဘောတူ လက်ခံခဲ့ပါသည်။

“ငါလည်း နင့်ကို ပေးစရာရှိတာနဲ့ အတော်ပဲ”

ချူးယွင်ရှောင်က နူးညံ့သိမ်မွေ့စွာ ပြောလိုက်သည်။

ဖုန်းချပြီးနောက် ပိုင်မုန့်အန်းတစ်ယောက် ထီပေါက်သွားသည့်အလား ဝမ်းသာအားရဖြင့် ခုန်ပေါက်နေလေတော့သည်။

All Chapters