အခန်း ၂၆၄
Vol. 27 Ch. 264
Chapter 264
ပိုင်မုန့်အန်းနှင့် ချူးယွင်ရှောင်တို့ တရားဝင် ချစ်သူများဖြစ်သွားခဲ့ကြပါပြီ။
ယဲ့ရှောင်ရှောင် ထိုသတင်းကို ကြားသိရသည့်ချိန်တွင် စာသင်နှစ်သစ်လည်း စတင်နေလေပြီ။
ပိုင်မုန့်အန်းနှင့် ချူးယွင်ရှောင်တို့နှစ်ဦး တက္ကသိုလ်ကျောင်းဝင်းထဲသို့ အတူတူ ရောက်လာကြပြီး ယဲ့ရှောင်ရှောင်အား သွားတွေ့ခဲ့ကြသည်။
ပိုင်မုန့်အန်းက ဆိုသည်။
“ငါနင့်ကို ဘယ်လောက်ကျေးဇူးတင်လဲ သိစေချင်လို့ ငါကိုယ်တိုင် သတင်းလာပါးတာနော်”
ယဲ့ရှောင်ရှောင် ကျီစယ်လိုက်လေသည်။
“ငါ့ကို အသေးစိတ် ရှင်းမပြတော့ဘူးလား”
ပိုင်မုန့်အန်းတစ်ယောက် ရှက်သွေးဖြာလျက် မျက်နှာ နီမြန်းသွားခဲ့သည်။
“ဘာအသေးစိတ်မှ ရှင်းပြစရာမရှိပါဘူး၊ သူက ငါ့ကို နိုင်ငံခြားကနေ လက်ဆောင် ဝယ်လာပေးတယ်၊ ငါကလည်း သူ့ကို အပြင်မှာတစ်ခုခုလိုက်ကျွေးလိုက်တယ်၊ အဲ့မှာ သူငါ့ကို ဖွင့်ပြောလိုက်တာပဲ”
ယဲ့ရှောင်ရှောင် ပြုံးသွားသည်။
“လက်စသတ်တော့ ငါတို့အတန်းခေါင်းဆောင်ကြီးဘက်က ဖွင့်ပြောခဲ့တာကိုး”
ပိုင်မုန့်အန်း: “ငါလည်း ထင်မထားဘူး၊ ဘာပဲဖြစ်ဖြစ် ငါအရမ်းပျော်တယ်! ငါတို့မင်္ဂလာဆောင်တဲ့အခါကျရင် နင်ရှေ့ဆုံးဝိုင်းမှာ ထိုင်ရမယ်နော် ရှောင်ရှောင်”
ဤကောင်မလေး၏ စိတ်ကူးယဉ်နိုင်စွမ်းမှာ ကြောက်စရာပင် ကောင်းလှပါသည်။
ယဲ့ရှောင်ရှောင် ပြောလိုက်သည်။
“နင့်ကောင်လေးနဲ့ သွားပျော်လိုက်ဦးလေ၊ ငါလည်း အဆောင်ပြန်ရဦးမယ်”
ပိုင်မုန့်အန်း: “ငါက သူငယ်ချင်းထက် ချစ်သူကို ဦးစားပေးတာ မဟုတ်ဘူးနော်၊ နင့်ဘက်က သွားခိုင်းလို့သာ”
ယဲ့ရှောင်ရှောင်လည်း အလုပ်လုပ်စရာရှိသေးသဖြင့် ပိုင်မုန့်အန်းကို အမြန်မောင်းထုတ်လိုက်တော့သည်။
သူမ နေထိုင်ခဲ့သည့် အဆောင်ကြီးမှာ ယခင်ကအတိုင်းပင် ရှိနေပါသေးသည်။
၂ နှစ်တာကာလအတွင်း သူမ၏ အိပ်စင်လေးကို သေသေချာချာ ထိန်းသိမ်းထားပုံပေါ်သည်။ အပေါ်တွင်လည်း မည်သည့်ပစ္စည်းအပိုမှ တင်မထားကြပေ။
အခန်းထဲတွင် လီမိန့်ရူနှင့် ဝမ်ကျောင်းတို့မှအပ အားလုံး ရှိနေကြပါသည်။
ယဲ့ရှောင်ရှောင်အခန်းတံခါးဖွင့်ပြီး ဝင်လာသောအခါ ပထမတော့ အခန်းဖော်များအားလုံး ကြောင်စီစီ ဖြစ်သွားခဲ့ကြသည်။
နောက်ဆုံးတွင် ထန်ရှို့ရှို့ကသာ အရင်ဆုံး အော်ခေါ်လိုက်ပါသည်။
“ရှောင်ရှောင်!”
ရှားလီလည်း ယဲ့ရှောင်ရှောင်ကို အပြေးအလွှား သွားဖက်လိုက်သည်။
“နင်တကယ်ကြီး ပြန်လာပြီပဲ! ငါနင့်ကို မှတ်တောင် မမှတ်မိလိုက်ဘူး”
ယဲ့ရှောင်ရှောင်က ချေပသည်။
“အပိုတွေ ပြောပြန်ပြီ၊ ငါအရပ်နည်းနည်း ပိုရှည်လာရုံပဲ ရှိတာပါဟယ်၊ ဆံပင်လည်း နည်းနည်း ပိုရှည်လာတယ်”
ရှားလီက ယဲ့ရှောင်ရှောင်၏ မျက်နှာလေးကို ထိတွေ့လျက် ပြောလိုက်သည်။
“ပိုလှလာတာလည်း ထည့်ပြောဦးလေ”
ယဲ့ရှောင်ရှောင်ကမူ ထိုစကားများကို ကြားဖူးနေကျဖြစ်၍ အသားကျနေပါပြီ။
မူရင်းဝတ္ထု၏ ဇာတ်လမ်းက အလွန်ပြောင်းလဲသွားသော်လည်း သူမ၏ လရောင်ဖြူ ရောင်ဝါလေးကတော့ ကျန်ရှိနေသေးသည့် ပုံစံပင်။
နိုင်ငံခြားတွင် နေထိုင်ခဲ့သည့် ၂ နှစ်တာကာလအတွင်း သူမ အမှန်တကယ် ညှိုးနွမ်းသွားခြင်းမရှိဘဲ ဆန့်ကျင်ဘက်အနေဖြင့် ပိုပိုပြီး ထူးကဲလှပလာခဲ့ပါသည်။
“မြန်မြန်လာထိုင်! နင်ဘယ်တုန်းက ပြန်ရောက်တာလဲ၊ နိုင်ငံခြားမှာ ပျော်စရာကြီးလား၊ ဟိုမှာ ဘာတွေ သင်ခဲ့ရလဲ”
ယခင်က ပညာဖလှယ်ရေးအစီအစဉ်တွင် တရုတ်တိုင်းရင်းဆေးပညာမေဂျာမှ ကျောင်းသားနှစ်ဦးကို စေလွှတ်မည်ဟု ဌာနမှ ကြေညာခဲ့စဉ်က တစ်ကျောင်းလုံး အကြီးအကျယ် ပွက်လောရိုက်ခဲ့ရသည်။
တရုတ်တိုင်းရင်းဆေးကျောင်းသားများအနေဖြင့် နိုင်ငံခြားသို့ ပညာသွားရောက်သင်ယူဖို့ လုံးဝ မလိုအပ်ဟု လူအများစုက ထင်မှတ်ခဲ့ကြပါသည်။
သို့သော်လည်း တရုတ်တိုင်းရင်းဆေးပညာ ပါမောက္ခကြီးများမှာ နိုင်ငံတော်အဆင့် ဆေးပညာရှင်ကြီးများဖြစ်ကြပြီး ကျောင်းမှ ဖိတ်ကြားထားသော ဧည့်ပါမောက္ခများလည်း ဖြစ်ကြသဖြင့် ကျောင်းအုပ်ကြီးကိုယ်တိုင်ပင် လျစ်လျူမရှုရဲခဲ့ပေ။
နောက်ဆုံးတွင် စွန်းကျန့်ယောင်ကသာ တရုတ်တိုင်းရင်းဆေးပညာတွင် ပြင်ပခွဲစိတ်ကုသမှု ကဏ္ဍများလည်း ပါဝင်ကြောင်း၊ နိုင်ငံခြားသို့ သွားရောက်ခြင်းဖြင့် မိမိနိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုနှင့် ဆေးပညာအဆင့်အတန်းကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။
ထိုအခါမှသာ လူအများစုက လက်သင့်ခံနိုင်ခဲ့ကြလေသည်။
ယဲ့ရှောင်ရှောင်သည် နိုင်ငံခြားတွင် နေထိုင်စဉ်က ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်တချို့ကို အခန်းဖော်များအား အကျဉ်းချုန်း ပြန်ပြောပြလိုက်သည်။
“ကောင်းလိုက်တာ… ငါကော ဒီတစ်သက် နိုင်ငံခြားသွားခွင့်ရပါ့မလားမသိဘူး”
ယဲ့ရှောင်ရှောင်က အာမခံသည်။
“ကျိန်းသေပေါက် အခွင့်အရေးရလာမှာပါ”
နောင် နှစ် ၂၀ အကြာတွင် နိုင်ငံခြားသို့ သွားရောက်လည်ပတ်ခြင်းဟူသည်မှာ အလွန်ရိုးရှင်းသည့် ကိစ္စတစ်ခု ဖြစ်လာပြီး မည်သူမဆို ခရီးသွားအဖွဲ့မျိုးစုံတွင် အလွယ်တကူ စာရင်းပေးသွင်းနိုင်ပါလိမ့်မည်။
“နင်တို့လည်း ကျောင်းမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါ့ကို ပြန်ပြောပြဦးလေ၊ ငါနားထောင်ချင်တယ်”
ယခုချိန်တွင် ကျောင်းမှ သတင်းများကို မေးမြန်းမထားပါက နောက်ရက်အနည်းငယ်အတွင်း အနောက်မြောက်ပိုင်းသို့ ယဲ့ရှောင်ရှောင် သွားရောက်ရတော့မည်ဖြစ်၍ တက္ကသိုလ်ကျောင်းတော်ကြီးအတွင်းမှ သတင်းထူးများကို နားထောင်နိုင်မည့် အခွင့်အရေး ပို၍ပင် နည်းပါးသွားပါလိမ့်မည်။
ကျောင်းတွင်း အတင်းအဖျင်းများနှင့် ပတ်သက်လာလျှင် ရှားလီက သတင်းအစုံဆုံးဖြစ်၍ စိတ်ဝင်စားစရာကောင်းသည့် အကြောင်းအရာတချို့ကို ပြောပြလိုက်ပါသည်။
“ငါတို့ကျောင်းမှာ ဖျော်ဖြေပွဲတစ်ခုလို ပွဲမျိုး ကျင်းပပြီး ကျောင်းတွင်းအလှဆုံး ကောင်မလေးတစ်ယောက်ကို ရွေးချယ်ခဲ့ကြတာလေ၊ ငါပေမယ့် ငါ့အမြင်မှာတော့ နင့်လောက် ကြည့်မကောင်းပါဘူး၊ ခဏနေရင် နင်ကျောင်းထဲမှာ တစ်ပတ်လောက် ပတ်လျှောက်ပြလိုက်၊ ဒါမှ အဲ့ဒီ ပထမနှစ်နဲ့ ဒုတိယနှစ်ကျောင်းသားတွေ အလှတရားဆိုတာ ဘာလဲ နားလည်သွားကြမှာ”
ယဲ့ရှောင်ရှောင် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ရာ အလွန်အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းသည့်ပုံစံလေး ဖြစ်သွားသည်။
“ဂျူနီယာလေးတွေကို အခွင့်အရေးပေးလိုက်ပါဦး ရှားလီရယ်”
ထို့အပြင် ယဲ့ရှောင်ရှောင်သည် မိမိကိုယ်မိမိ လှပမှန်း သိသော်လည်း လူတစ်ဦးကို အကဲဖြတ်ရာတွင် အပြင်ပန်းကိုသာ ကြည့်ရှု၍ မဆုံးဖြတ်သင့်ကြောင်း နားလည်ထားပါသည်။
လူတစ်ဦးတွင် အရေးအကြီးဆုံးက ထိုသူ၏ အကျင့်စာရိတ္တနှင့် အသိပညာတို့ပင် ဖြစ်ကြသည်။ လူတစ်ဦးက မည်မျှပင် လှပနေပါစေ ကိုယ်နှုတ်အမူအရာ ကြမ်းတမ်းနေပါက ဆွဲဆောင်မှု လုံးဝ ရှိတော့မည် မဟုတ်ပေ။
“ဟုတ်ပါတယ်လေ၊ ငါတို့က ဘွဲ့လည်း ရတော့မှာဆိုတော့ ကလေးတွေနဲ့ ဖက်မပြိုင်တော့ပါဘူး”
ထို့နောက် ဝမ်ကျောင်း၏ အိပ်စင်ကို လက်ညှိုးထိုးပြကာ ရှားလီ ဆက်ပြောလိုက်သည်။
“ငါတို့အဆောင်မှာလည်း သတင်းထူးတွေရှိတယ်နော်”
ယဲ့ရှောင်ရှောင်လည်း အိပ်စင်ကို လှည့်ကြည့်ကာ မေးမြန်းလိုက်သည်။
“ဝမ်ကျောင်းက အဆောင်မှာ မနေတော့ဘူးလား”
ရှားလီ ရှင်းပြလိုက်သည်။
“မနှစ်ကတည်းက အဆောင်ကနေ ပြောင်းသွားတာလေ၊ အဲ့ကတည်းက ပြန်မလာတော့ဘူး၊ အခု ဝမ်ကျောင်း တော်တော် ဆိုးသွမ်းနေတာ သိလား၊ အဆိုတော်ဆိုတဲ့ သူ့ရည်းစားနဲ့ တစ်နေကုန်တစ်နေကန်း အချိန်ဖြုန်းတယ်၊ အတန်းတွေလည်း ပြေးတယ်၊ ဂီတနဲ့အနုပညာမေဂျာကို ပြောင်းဖို့တောင် ကြံနေတယ်လေ”
“အတန်းပိုင်ဆရာက သဘောတူလို့လား”
“အတန်းပိုင်ဆရာက သဘောတူရင်တောင် ဘာအသုံးဝင်မှာလဲ၊ ကျောင်းအုပ်ကြီးက လက်ခံမှာ မဟုတ်ဘူး၊ အခုလက်ရှိ သူ့အဆင့်နဲ့ဆိုရင် စာမေးပွဲအောင်ဖို့တောင် မနည်းကြိုးစားနေရတာ၊ မေဂျာပြောင်းခွင့်ကို လုံးဝ မအောင်နိုင်ဘူး၊ သူ့ကို ကျောင်းမထုတ်တာနဲ့တင် ကျောင်းက သက်ညှာပေးရာ ကျလွန်းနေပြီ”
ဝမ်ကျောင်းတစ်ယောက် ဤမျှ ပျက်စီးသွားလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်မှတ်မထားခဲ့ပေ။
သူမ၏ ကောင်လေးက အနုပညာရှင်တစ်ဦး ဖြစ်နေလျှင်ပင် ဝမ်ကျောင်းအနေဖြင့် မိမိ၏ အနာဂတ်ကို ထည့်သွင်းမစဉ်းစားဘဲ သူ့နောက်သို့ မျက်ကန်းတစ္ဆေမကြောက် လိုက်ပါနေခြင်းမှာ အဓိပ္ပာယ်မဲ့လှပါသည်။
ရှားလီက ပခုံးတွန့်ပြလိုက်သည်။
“ဘာပဲဖြစ်ဖြစ်ပါ၊ ငါတို့လည်း အလုပ်သင်တွေဆင်းရတော့မှာပဲ၊ ဘွဲ့လက်မှတ်ကို ချောချောမွေ့မွေ့ ရသွားမယ် ဆိုရင်တော့ သူ့အတွက် စိတ်ချရပါပြီ”
ထန်ရှို့ရှို့က လေးလံသော အသံဖြင့် ဝင်ပြောလိုက်သည်။
“ဝမ်ကျောင်းတစ်ယောက် အလုပ်သင်ကိစ္စကိုတောင် အလေးအနက်ထားမှာမဟုတ်ဘူးလို့ ငါခံစားနေရတယ်၊ အဲ့တာကြောင့် ဘွဲ့လည်းရပါ့မလား မသေချာဘူး”
ကျင့်ဟွာတက္ကသိုလ်သည် ကျောင်းသားတစ်ယောက်၏ စာမေးပွဲရမှတ်များနှင့် ပညာရေးစွမ်းဆောင်ရည်များကို အလွန် တန်ဖိုးထားသည့် ကျောင်းဖြစ်ပြီး ဘွဲ့လက်မှတ်ကို အလွယ်တကူ ထုတ်ပေးတတ်သည့် ကျောင်းမျိုး မဟုတ်ပေ။
ဝမ်ကျောင်း၏ အခြေအနေမျိုးနှင့်သာဆိုလျှင် နောက်ဆုံး၌ ဘွဲ့မရဘဲ ကျောင်းဆင်းလက်မှတ်မျှသာ ရရှိနိုင်ပြီး မည်သည့် လုပ်ငန်းခွင်၊ ကုမ္ပဏီကမှ ထိုကဲ့သို့သော အလုပ်သမားမျိုးကို ခန့်အပ်မည် မဟုတ်ပေ။
ဟယ်ကျင်းလည်း သက်ပြင်းချမိသည်။ အခန်းဖော်အတွက်သာမကဘဲ မိမိအတွက်ပါမိမိ စိတ်ဖိစီးနေရပါသေးသည်။
“ငါတို့လည်း ဘယ်နေရာမှာ တာဝန်ကျမလဲမသိဘူးနော်”
ရှားလီ: “ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေတယ်၊ ပေကျင်း ဒါမှမဟုတ် ပေကျင်းနဲ့ နီးတဲ့ အနီးနားဒေသတစ်ခုခုမှာပဲ ဖြစ်မှာပါ၊ ပတ်ဝန်းကျင်က အကောင်းကြီးမဟုတ်ရင်တောင် အဆိုးကြိးလည်း မဟုတ်လောက်ဘူး”
ယဲ့ရှောင်ရှောင်က ရှားလီ၏ လက်မောင်းကို တို့ကာ မေးလိုက်သည်။
“နင်တို့မှာ သတင်းကောင်းလေးဘာလေး ပြောစရာမရှိဘူးလား၊ နင်ကောင်လေးရပြီလား ရှားလီ”
ရှားလီတစ်ယောက် ခေါင်းကိုအုပ်လျက် စိတ်ပျက်လက်ပျက် ပြန်ပြောလိုက်ပါသည်။
“အဲ့အကြောင်း မပြောစမ်းပါနဲ့၊ ငါကျိန်စာတွေဘာတွေ သင့်နေတာများလား မသိဘူး၊ ဘာလို့ အခုထိ ရည်းစား မရသေးတာလဲ”
ယဲ့ရှောင်ရှောင်: “အဲ့လိုတော့ မဟုတ်လောက်ပါဘူးဟယ်”
ရှားလီတွင် အလွန်တရာ ထူးကဲလှသော အလှတရားမျိုး မရှိသော်ငြား သူမသည် ၁၉၈၀ ပြည့်နှစ်လွန်များ၏ တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည့်အပြင် ဆေးကျောင်းသူတစ်ဦးလည်း ဖြစ်ပေသည်။
သူမကဲ့သို့ မိန်းကလေးမျိုးပင် ရည်းစားမရနိုင်ပါက အခြားသူများ မည်သို့ ရှင်သန်နိုင်ပါတော့မည်နည်း။
ရှားလီက ညည်းတွားသည်။
“အတိုချုန်းပြောရရင်တော့ ငါ့မှာ ရည်းစားမရှိသေးဘူး၊ နင်တို့အသိထဲမှာ သင့်တော်တဲ့လူတွေဘာတွေရှိရင် ငါနဲ့ မိတ်ဆက်ပေးကြစမ်းပါဟယ်”
ထိုစကားကြားသောအခါ အခြားသူများလည်း တက်ကြွသွားကြပြီး သူမတို့၏ အသိအကျွမ်းများနှင့် ရှားလီကို စတင် မိတ်ဆက်ပေးလေတော့သည်။
ယဲ့ရှောင်ရှောင်သည်လည်း မကြာသေးခင်ကမှ စုံတွဲတစ်တွဲအတွက် အောင်အောင်မြင်မြင် အောင်သွယ်တော် လုပ်ပေးနိုင်ခဲ့သဖြင့် ယုံကြည်မှုများ ပြည်ဝနေပါသည်။
သူမအသိထဲ ရှားလီအတွက် ဈေးဗန်းခင်းပေးနိုင်မည့် လူပျိုလူလွတ် ရှိ၊ မရှိကို အသည်းအသန် စဉ်းစားကြည့်သော်လည်း လတ်တလောတွင် မည်သူ့ကိုမှ စဉ်းစား၍ မရသေးချေ။
“မလောပါနဲ့ဦး၊ ငါ့ကောင်လေးကို နင့်အတွက် ရှာခိုင်းလိုက်မယ်၊ သူတို့ စစ်တပ်ထဲမှာဆို လူပျိုလူလွတ်တွေ အများကြီးပဲ”
ရှားလီ သေသေချာချာစဉ်းစားလိုက်ပြီး ယဲ့ရှောင်ရှောင်အား ပွေ့ဖက်လိုက်ပါသည်။
“စစ်သားတွေကို ငါအကြိုက်ဆုံးပဲ! ငါအပျိုကြီးဘဝနဲ့ အရိုးမထုတ်ရဖို့ အခွင့်အရေး ရှိသေးတယ်ပေါ့၊ အဆောင်မှာ ရည်းစားမရှိတာဆိုလို့ ငါတစ်ယောက်တည်းပဲ ကျန်တော့လို့ ဝမ်းနည်းနေတာလေ”
ယဲ့ရှောင်ရှောင်သည် ရှားလီအား အပေါ်ယံ နှစ်သိမ့်စကား ပြောနေရုံမဟုတ်ဘဲ အလုပ်သင်ကာလပြီးချိန်မှ သူမ ရည်းစားမရသေးလျှင် ကျိန်းသေပေါက် အောင်သွယ်တော် လုပ်ပေးဖို့ ရည်ရွယ်ထားပါသည်။
“နင်တစ်ယောက်တည်းပဲ ကျန်တာ ဟုတ်ရဲ့လား၊ လီမိန့်ရူမှာ ရည်းစားရှိလို့လား”
ရှားလီ: “ရှိတာပေါ့၊ ငါတို့တွေအကုန်စုပြီး ညစာတောင် အတူတူစားပြီးကြပြီ၊ နင်က နိုင်ငံခြားသွားနေလို့ မသိတာ”
အခန်းထဲတွင် လီမိန့်ရူ မရှိသဖြင့် ရှားလီ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
“သူ့ကောင်လေးက ငါတို့ထက် အသက်ကြီးတယ်သိလား၊ ကျောင်းသားလည်း မဟုတ်ဘူး”
“အရင်က စစ်သင်တန်းမှာ သူနဲ့ချိန်းတွေ့နေတဲ့ တစ်နယ်တည်းသားချင်းဆိုတာကကော၊ သူတို့ အဆက်အသွယ် မရှိတော့ဘူးလား”
ရှားလီ: “ထူးတော့ထူးဆန်းတယ်၊ အဲ့တုန်းက စစ်သင်တန်းမှာဖြစ်သွားတဲ့ ပြဿနာက မသေးဘူးနော်၊ ဒါပေမယ့် အဲ့နောက်ပိုင်း သူတို့အဆက်အသွယ်လုပ်တာ ငါမတွေ့မိတော့ဘူး၊ ဒါပေမယ့် အခုတော့ အားလုံး အဆင်ပြေနေပါတယ်၊ သူ့လက်ရှိကောင်လေးရဲ့ ပညာရေးအဆင့်အတန်းက သိပ်မမြင့်ပေမယ့် လီမိန့်ရူကို အရမ်းဂရုစိုက်တယ်”
ယဲ့ရှောင်ရှောင် နားလည်မှုဖြင့် ခေါင်းညိတ်လိုက်ပြီး ထပ်မံ မမေးမြန်းတော့ပေ။ လီမိန့်ရူမရှိသဖြင့် သူမနောက်ကွယ်တွင် အတင်းပြောရာကျပါလိမ့်မည်။
ကျောင်းဖွင့်သည့် ပထမဆုံးနေ့ဖြစ်၍ အဆောင်နေသူများအားလုံး စုံစုံလင်လင် ပြန်လည်ရောက်ရှိနေကြလေပြီ။ ယဲ့ရှောင်ရှောင် ရောက်လာပြီး သိပ်ကြာမီမှာပင် လီမိန့်ရူနှင့် ဝမ်ကျောင်းတို့လည်း ရောက်ရှိလာကြပါသည်။