အခန်း ၂၆၅
Vol. 27 Ch. 265
Chapter 265
ယဲ့ရှောင်ရှောင်သည် လီမိန့်ရူနှင့် ဝမ်ကျောင်းတို့ကိုပါ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
သူမ၏ အသုံးအဆောင်ပစ္စည်းများကို အဆောင်တွင် မထားရှိတော့သည့်အပြင် နောင်လည်း ဤအဆောင်တွင် ပြန်လာနေထိုင်ရန် အစီအစဉ်မရှိနိုင်တော့ပေ။
သို့သော် ရှားလီက သူမကို နွေးနွေးထွေးထွေး ဖိတ်ကြားလိုက်သည်။
“ဒီမှာပဲ အိပ်လိုက်ပါလားဟယ်”
ယဲ့ရှောင်ရှောင်က ငြင်းဆန်သည်။
“ကျောင်းနားက တိုက်ခန်းကိုပဲ ပြန်လိုက်တာ ပိုကောင်းပါတယ်”
ထန်ရှို့ရှို့က ဝင်ပြောသည်။
“ချက်ချင်းကြီး မပြန်နဲ့ဦးလေ၊ နင့်ကို ၂ နှစ်ကြာမှ ခဲရာခဲဆစ် ပြန်တွေ့ရတာကို၊ ငါတို့အားလုံးလည်း ဒီနေ့ ထွေထွေထူးထူး ဘာမှလုပ်စရာ မရှိကြဘူး၊ အပြင်ထွက်ပြီး တစ်ခုခုတော့ သွားစားသင့်တယ်”
ထန်ရှို့ရှို့၏ စကားက အဓိပ္ပာယ်ရှိသဖြင့် မည်သူမှ မကန့်ကွက်ခဲ့ကြပေ။
“ဟုတ်ပြီလေ၊ စားသောက်ဆိုင်ကောင်းကောင်းလေးတစ်ခုမှာ သွားစားကြစို့၊ ငါကျွေးပါ့မယ်”
ယဲ့ရှောင်ရှောင်လည်း သဘောတူလိုက်သည်။ သူမတွင် ငွေကြေးအမြောက်အများ ရှိနေသဖြင့် သူငယ်ချင်းများအပေါ် အလွန် ရက်ရောပါသည်။
နိုင်ငံခြားတွင် ရှိစဉ်ကပင် ငွေမရှားခဲ့သဖြင့် အမိမြေသို့ ပြန်ရောက်သောအခါ ပြောစရာပင် မလိုတော့ချေ။
ဝမ်ကျောင်းသည် ယဲ့ရှောင်ရှောင်ဝတ်ဆင်ထားသည့် ကော်လံပါ လက်တိုရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီတို့ကို မနာလိုအားကျသော မျက်လုံးများဖြင့် ကြည့်ကာ မေးမြန်းလိုက်သည်။
“နိုင်ငံခြားမှာ နေရတာ ဘယ်လိုနေလဲဟင်၊ ငါတို့နိုင်ငံထက် အများကြီး ပိုသာလား”
ယဲ့ရှောင်ရှောင်: “အတူတူလောက်ပါပဲ၊ ဟိုမှာတော့ မိုးမျှော်တိုက်ကြီးတွေ၊ ကားတွေ ပိုပေါတာပေါ့”
ဝမ်ကျောင်းက ထပ်မေးသည်။
“နင်အမှတ်တရ လက်ဆောင်တွေ အများကြီး ဝယ်မလာခဲ့ဘူးလား၊ နောက်ဆို နိုင်ငံခြားကို သွားရဖို့ အခွင့်အရေး မရလောက်တော့ဘူးလေ”
ယဲ့ရှောင်ရှောင်: “ငါ့ပစ္စည်းတွေနဲ့တင် သယ်ရတာခက်နေပြီမို့လို့ သိပ်မဝယ်ဖြစ်ခဲ့ဘူး”
ဝမ်ကျောင်း၏ အသွင်အပြင်ကို ယဲ့ရှောင်ရှောင် ယခုမှ သတိထားမိသွားသည်။
မတွေ့ရသည်မှာ ၂ နှစ်ခန့် ကြာပြီးနောက် ဝမ်ကျောင်း၏ ပုံစံမှာ နိုင်ငံခြားသွားသည့် ယဲ့ရှောင်ရှောင်ထက်ပင် နိုင်ငံခြား ပိုဆန်လာပါသည်။
နားရွက်ပေါ်တွင် အနက်ရောင် နားကပ်တစ်ခုကို ဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း ကျစ်ဆံမြီး အသေးလေးများစွာ ကျစ်ထားသည်။
ဤကဲ့သို့ ဖက်ရှင်မျိုးမှာ ၁၉၉၀ ပြည့်နှစ်လွန်များ၏ ဆန်းသစ်ဆန်းပြားသော ပတ်ဝန်းကျင်တွင် ပုံမှန်ဟု ခေါ်ဆိုနိုင်သော်လည်း လက်ရှိခေတ်တွင်မူ အလွန်ခေတ်ရှေ့ပြေးလွန်းနေပါသည်။
ဝမ်ကျောင်းက အခွင့်အရေးကို အသုံးမချတတ်သည့် ယဲ့ရှောင်ရှောင်အား အပြစ်တင်ကာ ဆက်ပြောလိုက်သည်။
“သွားစားမယ်ဆိုရင်လည်း စောစောသွားကြမယ်လေ၊ ညနေကျရင် ငါသွားစရာရှိသေးလို့”
ဟယ်ကျင်းက မေးသည်။
“နင်ဒီနေ့ည ဘာလုပ်စရာ ရှိသေးလို့လဲ၊ ဒီစာသင်နှစ်မှာ ငါတို့တွေ အလုပ်သင်ဆင်းရတော့မှာနော်၊ နင်လည်း အဆောင်ကို ပြန်လာပြီး ငါတို့နဲ့အတူ အဲ့ကိစ္စ ဆွေးနွေးဖို့ လုပ်ဦးလေ”
ဝမ်ကျောင်းက ချေပသည်။
“ငါကတော့ ပေကျင်းမှာပဲ သေချာပေါက် တာဝန်ကျမှာ၊ ကျောင်းက စီစဉ်ပေးစရာလည်းမလိုဘူး၊ ငါ့မိဘတွေကို စီစဉ်ခိုင်းလိုက်မယ်”
သူမ အဆက်အသွယ်ကို အသုံးချဖို့ ကြံစည်နေမှန်း သိသာပါသည်။
ဟယ်ကျင်းက စေတနာဖြင့် အကြံပြုသည်။
“နင့်မိဘတွေက စီစဉ်ပေးနိုင်တယ်ဆိုရင်တောင် နင့်မှာ တကယ့်ပညာ၊ တကယ့်အရည်အချင်းတွေ ရှိဖို့လိုသေးတယ်လေ၊ မဟုတ်ရင် လူနာကို ဆေးတောင် ကောင်းကောင်းထိုးမပေးတတ်ဘူးဆိုရင် ဘယ်သူက နင့်ကို ခွဲစိတ်ကုသမှုတွေအတွက် တာဝန်ယူခိုင်းရဲမှာလဲ”
ဝမ်ကျောင်းက ပေါ့ပေါ့တန်တန်ပင် ပြန်ပြောလိုက်သည်။
“အဲ့တာတွေ နင်တို့ တွေးပူစရာမလိုပါဘူးဟယ်၊ အချိန်တန်ရင် ငါ့ကို လမ်းညွှန်ပေးမယ့် ဆရာတစ်ယောက် ကျိန်းသေပေါ်လာမှာပဲ၊ လူနာကိုတော့ ဘယ်သူက ချက်ချင်း ခွဲစိတ်ခိုင်းမှာလဲ၊ ပြီးတော့ ဆေးထိုးတာတွေဘာတွေက သူနာပြုကျောင်းသားတွေရဲ့အလုပ်လေ၊ ငါနဲ့ဘာမှမဆိုင်ဘူး”
သူမအား ဖျောင်းဖျဖို့ မဖြစ်နိုင်တော့သည်ကို နားလည်သွားသဖြင့် ဟယ်ကျင်းမှာ ခေါင်းသာခါမိတော့သည်။
ယဲ့ရှောင်ရှောင်က အကြံပြုသည်။
“သွားကြရအောင်လေ၊ နင်တို့ရဲ့ အရေးပါတဲ့ပုဂ္ဂိုလ်တွေ အဆင်ပြေမယ်ဆိုရင်လည်း ခေါ်လာလို့ရတယ်နော်”
ထန်ရှို့ရှို့: “ကျောင်းဖွင့်ခါစမို့လို့ သူ့ဘော်ဒါတွေနဲ့ ပျော်ပါးနေတယ်၊ ငါ့ကို အချိန်ပေးနိုင်ဦးမှာ မဟုတ်ဘူး၊ ငါတို့ဖာသာပဲ သွားကြရအောင်”
ဟယ်ကျင်းကလည်း ဝင်ပြောသည်။
“ရှောက်မင်က ကျောင်းမှာမရှိတော့ဘူး၊ အလုပ်သင်စဆင်းနေပြီ”
လျို့ရှောက်မင်က စီနီယာကျောင်းသားတစ်ဦးဖြစ်မှန်း ယဲ့ရှောင်ရှောင် မေ့လျော့သွားခဲ့သည်။
“သူဘယ်မှာတာဝန်ကျတာလဲ၊ ပေကျင်းမှာပဲလား”
ဟယ်ကျင်း ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊ အဲ့တာကြောင့် ငါလည်း ပေကျင်းမှာပဲ နေနိုင်အောင် ကြိုးစားနေတာပေါ့”’
ကျောင်းတွင် ဟယ်ကျင်း၏ အမှတ်များမှာ ထိပ်တန်းအုပ်စုထဲ ပါဝင်သဖြင့် ပေကျင်းမြို့တွင်သာ အလုပ်သင်တာဝန်ကျနိုင်ခြေ အလွန်မြင့်ပါသည်။
ကျောင်းသားအများစုအတွက် ယခုအလုပ်သင်တာဝန်ကျသည့် နေရာသည် နောင်တစ်ချိန်ဘွဲ့ရသည့်အခါ တရားဝင် အလုပ်ခန့်အပ်ခံရမည့်နေရာ ဖြစ်လာတတ်သဖြင့် နေရာကောင်းကောင်းရဖို့အတွက် မိမိ၏ ကိုယ်ပိုင်အစွမ်းအစအပြင် အဆက်အသွယ်များကိုပါ အသုံးချဖို့ လိုအပ်ပါသည်။
ယဲ့ရှောင်ရှောင်က အားပေးသည်။
“နင်က စာတော်ပြီးသားဆိုတော့ အဆင်ပြေမှာပါ”
အခန်းဖော်များအားလုံး အသင့်ပြင်ဆင်ပြီးသွားကြပြီဖြစ်ရာ ကျောင်းပြင်ပသို့ အတူတူ ထွက်လာခဲ့ကြတော့သည်။
ယဲ့ရှောင်ရှောင် နိုင်ငံခြားသို့ ရောက်ရှိနေသည့် ၂ နှစ်တာ ကာလအတွင်း ကျောင်းအနီးအနားရှိ စားသောက်ဆိုင်ငယ်လေးများမှာ အကြီးအကျယ် ပြောင်းလဲသွားခြင်းမရှိဘဲ ဆိုင်အသစ်အနည်းငယ်ကိုပင် တွေ့ခဲ့ရပါသည်။
ထန်ရှို့ရှို့က သူမကို ကျောင်းဘေးနားရှိ လမ်းကြားလေးမှတစ်ဆင့် မမြင်ဖူးသည့် စားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်ဆောင်သွားသည်။
“ဒီဆိုင်ကို မနှစ်ကမှ ဖွင့်ထားကြတာလေ၊ ဆိုင်ပိုင်ရှင်ရဲ့ အချက်အပြုတ်စွမ်းရည်က အံ့မခန်းပဲ၊ သူတို့ဆီက ငါးပေါင်းဟင်းဆိုရင် ပြိုင်ဘက်ကင်းလို့ တစ်ကျောင်းလုံးမှာ နာမည်အမ်းကြီးတာ”
ဆိုင်ထဲတွင် အားလုံး နေရာယူပြီးနောက် ယဲ့ရှောင်ရှောင်သည် မီနူးကို လှမ်းယူလိုက်ပါသည်။
“နင်တို့မှာချင်တာ စိတ်ကြိုက်မှာကြနော်”
သူမကိုယ်တိုင်လည်း လွန်ခဲ့သည့် ၂ နှစ်အတွင်း နိုင်ငံခြားတွင် အစားအသောက် ဆင်းရဲခဲ့ရသမျှကို ယနေ့တွင် အရသာရှိလှသော ဟင်းလျာများကို အဝအပြဲ မှာယူစားသောက်ရင်း ပြန်လည်ကုစားဖို့ ရည်ရွယ်ထားပါသည်။
အစားအသောက်များကို စောင့်မျှော်ရင်း သူငယ်ချင်းများ စကားထပ်ပြောခဲ့ကြသည်။
ရှားလီက ညည်းတွားလိုက်လေသည်။
“အချိန်တွေ ကုန်တာမြန်လိုက်တာနော်၊ ၄ နှစ်ဆိုတဲ့အချိန်က ဘာမှန်းတောင်မသိလိုက်ဘူး၊ နင်တို့တွေကော ဘွဲ့လွန်သင်တန်းတွေ ဘာတွေ တက်ဖို့ စိတ်ကူးရှိသေးလား၊ ဒါမှမဟုတ် အလုပ်ခွင်တန်းဝင်ကြမှာလား”
ထန်ရှို့ရှို့: “ငါ့အတွက်တော့ အခြေအနေပေါ်မှာပဲ မူတည်တယ်၊ တာဝန်ကျတဲ့ အလုပ်သင်ဌာနက အဆင်မပြေဘူးဆိုရင် ဘွဲ့လွန်သင်တန်း ဆက်တက်မယ်”
ထန်ရှို့ရှို့၏ မိသားစုက ချမ်းသာကြွယ်ဝသဖြင့် ငွေရေးကြေးရေး ဖိအားမများလှပေ။
အခြားသူများကတော့ လုပ်ငန်းခွင်တန်းဝင်ဖို့သာ ဆုံးဖြတ်ကြပါသည်။
ဝမ်ကျောင်းက ပွစိပွစိ ပြောလိုက်သည်။
“အိမ်မှာနေရတာ ငါတကယ်ရူးချင်တယ်၊ အလုပ်အကိုင်ကောင်းကောင်းရတာနဲ့ ငါ့ဖာသာငါ တစ်ယောက်တည်း ထွက်နေတော့မယ်၊ ငါက အဲ့လိုလွတ်လပ်မှုမျိုးကို လိုချင်တာ”
အလုပ်ခွင်သို့ ဝင်ရောက်ဖို့ စိတ်အားအထက်သန်ဆုံးလူမှာ လီမိန့်ရူ ဖြစ်နိုင်သည်။ သူမသည် ဤကာလအတွင်း မွေးရပ်မြေသို့ လုံးဝ ပြန်မသွားခဲ့ပေ။
မိဘများက သူမထံသို့ စာအချို့ ပို့ဆောင်ခဲ့သော်လည်း ယခင်ကကဲ့သို့ ပေကျင်းမြို့အထိ လိုက်မလာရဲကြတော့ပါ။ လီမိန့်ရူသည် မိမိ၏ မိသားစုအသိုက်အမြုံကြီးထဲမှ အမြန်ဆုံး ရုန်းထွက်ပြီး သူမ၏မိသားစု ဘယ်သောအခါမှ ရှာမတွေ့နိုင်တော့မည့် အဝေးဆုံးနေရာသို့သာ ထွက်ခွာသွားချင်မိပါသည်။
ယဲ့ရှောင်ရှောင်: “ငါတော့ ဘွဲ့လွန်စာမေးပွဲဝင်ဖြေမယ်”
သို့သော် စာမေးပွဲအတွက် ပြင်ဆင်နေစဉ်ကာလမှာလည်း ရမ်သဲ့ထန်၌ ဆေးခန်းထိုင်ဦးမည်ဖြစ်၍ အလုပ်ခွင်ဝင်သည်ဟု သတ်မှတ်နိုင်ပါသည်။
အခန်းဖော်များအဖြစ် ၄ နှစ်ကြာ ခင်မင်လာခဲ့ကြသော်လည်း ယဲ့ရှောင်ရှောင်၏ မိသားစုနောက်ခံရာဇဝင်ကို မည်သူမှ အတိအကျ မသိကြသေးပေ။
သူမကိုယ်တိုင်က ကျေးလက်တောရွာမှ တက်လာသည်ဟု ဆိုသော်လည်း တက္ကသိုလ်သို့ရောက်ရှိစဉ်ကတည်းက သူမ ပြုလုပ်ခဲ့သည့် လုပ်ရပ်တိုင်းမှာ ကျေးရွာသူတစ်ဦး ပြုလုပ်နိုင်သည့် အရာများ မဟုတ်ကြပေ။
သူမတို့ စကားပြောနေစဉ် ဆိုင်ရှင်က ဟင်းလျာများ လာရောက်တည်ခင်းပေးခဲ့သည်။
ထန်ရှို့ရှို့က အကြံပြုသည်။
“ကျောင်းဖွင့်စရက်ဆိုတော့ အရက်မသောက်ကြနဲ့ဦးနော်၊ ဘွဲ့ရတဲ့အခါကျမှ အကုန်မှောက်တဲ့အထိ သောက်ကြမယ်”
ရှားလီက လက်မနှစ်ချောင်း ထောင်လျက် ထောက်ခံလိုက်သည်။
“စိန်လိုက်လေ”
--- --- ----
ပုံမှန်အားဖြင့် စာသင်နှစ်အစတွင် ဖတ်စာအုပ်များ ထုတ်ယူခြင်းနှင့် အတန်းအချိန်ဇယားများ ထုတ်ယူခြင်းတို့ကို ဆောင်ရွက်ရလေ့ရှိသည်။
သို့သော် ယခုနှစ်တွင်မူ ကျောင်းက ပဉ္စမနှစ် ဆေးကျောင်းသားများအတွက် တွေ့ဆုံပွဲတစ်ခု ကျင်းပပေးခဲ့ပါသည်။
ထိုတွေ့ဆုံပွဲတွင် ကျောင်းအုပ်ကြီးက နိုင်ငံခြား ပညာတော်သင်ကျောင်းသားများ ပြန်လည်ရောက်ရှိလာသည့်အကြောင်းနှင့် မကြာမီ စတင်တော့မည့် အလုပ်သင်တာဝန်များအကြောင်း မိန့်ခွန်း ပြောကြားခဲ့လေသည်။
“နောက်လထဲမှာ တက္ကသိုလ်က ကျောင်းသားကျောင်းသူတွေအတွက် အလုပ်သင်တာဝန်တွေ ခွဲဝေချမှတ်ပေးတော့မယ်၊ အားလုံးပဲ ဒီအလုပ်တွေကို အလေးအနက်ထားပြီး နောင်တစ်ချိန် တရားဝင် အလုပ်ခွင်ဝင်တဲ့အခါ ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်လာအောင်နဲ့ ကိုယ့်ရဲ့ ကိုယ်ရေးရာဇဝင်မှာ တန်ဖိုးရှိတဲ့ မှတ်ကျောက်တစ်ခု ဖြစ်လာအောင် ကြိုးစားကြဖို့ တိုက်တွန်းပါတယ်”
ကျောင်းအုပ်ကြီးက မိန့်ခွန်းပြောကြားပြီးသောအခါ ကျောင်းသားကျောင်းသူများအားလုံး အနည်းငယ် စိုးရိမ်ပူပန်သွားကြပါသည်။
တရုတ်တိုင်းရင်းဆေးမေဂျာမှ ကျောင်းသားအနည်းစုသာ တည်တည်ငြိမ်ငြိမ် ရှိကြသည်။
ချူးမြောင်က ယဲ့ရှောင်ရှောင်ကို စကားပင် လာပြောသေးသည်။
“ငါရမ်သဲ့ထန်မှာ အလုပ်သင် လာဆင်းလို့ရလား”
ယဲ့ရှောင်ရှောင်: “ရမယ်ထင်တာပဲ၊ ရမ်သဲ့ထန်က ပုဂ္ဂလိကဆိုပေမယ့် တရားဝင် လုပ်ငန်းလေ၊ အဲ့တာကြောင့် နင့်အလုပ်သင်လက်မှတ်မှာ ထောက်ခံချက်တံဆိပ်တုံး ထုပေးလို့ရပါတယ်”
ချူးမြောင် ဆုံးဖြတ်ချက် ချလိုက်သည်။
“အဲ့တာဆိုရင်တော့ ရမ်သဲ့ထန်မှာပဲ လာလုပ်ဖို့ ငါဆုံးဖြတ်လိုက်ပြီ၊ ဘွဲ့ရပြီးရင်လည်း အဲ့မှာပဲ ဆက်လုပ်မယ်”
ရမ်သဲ့ထန်တွင် ချူးမြောင်နှင့်အတူ အချိန်ပိုင်း အလုပ်လုပ်ကိုင်ခဲ့ကြသော အခြားကျောင်းသားများမှာ ရမ်သဲ့ထန်ကို နှစ်သက်သဘောကျကြသော်လည်း အစိုးရဆေးရုံကြီးများကို စွန့်လွှတ်ပြီး ပုဂ္ဂလိက လုပ်ငန်းတစ်ခုသို့ ဝင်ရောက်ဖို့ ဆုံးဖြတ်ရန် အလွန်ခက်ခဲနေပါသေးသည်။
အများစုသည် အပေါ်ယံတွင် ထုတ်ဖော်ကြွားဝါနိုင်သည့် နာမည်ကြီး အစိုးရဆေးရုံကြီးများသို့သာ သွားရောက်ရန် စိတ်အားထက်သန်နေကြသည်။
ယဲ့ရှောင်ရှောင်က ဆက်ပြောသည်။
“အဆင်ပြေတာပေါ့၊ နင်ဘွဲ့လွန်စာမေးပွဲတွေ ဖြေချင်သေးတယ်ဆိုလည်း အလုပ်လုပ်ရင်း ဖြေလို့ရတာပဲ၊ ပြီးတော့ စာမေးပွဲနဲ့ ပတ်သက်တဲ့ ကုန်ကျစရိတ်တွေအကုန်လုံးကို ရမ်သဲ့ထန်ကပဲ ထောက်ပံ့ပေးသွားလိမ့်မယ်”
ချူးမြောင်တည်တည်ငြိမ်ငြိမ် ခေါင်းညိတ်ပြလိုက်သော်လည်း ဘွဲ့လွန်စာမေးပွဲများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် မချရသေးပေ။
အမှန်တွင် ရမ်သဲ့ထန်၌ အချိန်ပိုင်းအလုပ်လုပ်ကိုင်ရင်းနှင့်ပင် တရုတ်တိုင်းရင်းဆေးဆရာကြီးများထံမှ ပညာရပ်များစွာကို ချူးမြောင် သင်ယူတတ်မြောက်ထားခဲ့ပါပြီ။
ဘွဲ့လွန်တက်ရောက်ရခြင်းမှာ သူ၏ ပညာရေးအဆင့်အတန်းကို မြှင့်တင်ရုံသာဖြစ်ပြီး လက်တွေ့အသိပညာ များများစားစား တိုးပွားလာနိုင်မည် မဟုတ်ချေ။
တွေ့ဆုံပွဲ အဆုံးသတ်သွားသောအခါ အတန်းရှိသည့် ကျောင်းသားများက သက်ဆိုင်ရာ အတန်းများကို ပြန်သွားကြပါသည်။
ကျန်းခိုင်နင်က ချူးမြောင်၏ ပခုံးကို လာဖက်ကာ ပြောလိုက်သည်။
“မိုက်တာပေါ့! မင်းလည်း ရမ်သဲ့ထန်မှာ အလုပ်လာလုပ်မယ်ဆိုရင် ငါတို့တွေ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်သွားတော့မှာ!”
ချူးမြောင်က သူ့ကို လက်ဖယ်ဖို့ မျက်နှာသေကြီးဖြင့် ပြောသဖြင့် ကျန်းခိုင်နင်လည်း စပ်ဖြီးဖြီးဖြင့် လက်ကို ပြန်ရုတ်သိမ်းလိုက်ရသည်။
ယဲ့ရှောင်ရှောင်လည်း ကျန်းခိုင်နင်ကို ကြည့်ကာ ပြောလိုက်သည်။
“နင်တော်တော်ပိန်သွားတာပဲ၊ အရင်ကလောက် ချစ်စရာမကောင်းတော့ဘူး”
ကျန်းခိုင်နင်က ချေပသည်။
“အဲ့တာ ဘာစကားကြီးလဲ၊ အခုမှ ငါ့ရဲ့အသွင်အပြင်က ယောက်ျားပီသပြီး ဆွဲဆောင်မှု ရှိသွားတာ၊ အရင်ပုံစံက ငါ့ရဲ့အတုအယောင် ပုံစံကြီးပါ”
ယဲ့ရှောင်ရှောင်: “…”
‘ဒီကောင် တော်တော်ယုံကြည်မှုလွန်ကဲလာတာပဲ’