အခန်း ၂၆၆
Vol. 27 Ch. 266
Chapter 266
တွေ့ဆုံပွဲ ပြီးဆုံးသွားသောအခါ တရုတ်တိုင်းရင်းဆေးမေဂျာမှ ကျောင်းသားများတွင် အတန်းချိန် မရှိကြပေ။
ကျန်းခိုင်နင်သည် အတန်းဖော်များအားလုံး နောက်ဆုံးအကြိမ်တွေ့ဆုံခြင်းဟု သဘောထားကာ တစ်ခုခုသွားစားကြမည်ဟု တဂျီဂျီ အကြံပြုသဖြင့် ယဲ့ရှောင်ရှောင်လည်း မတတ်သာဘဲ လိုက်ပါသွားခဲ့ရတော့သည်.
ကျန်းခိုင်နင်သည် အလွန်ရက်ရောပြီး သဒ္ဒါထက်သန်သည့်အပြင် အပေါင်းအသင်းများအပေါ် အလွန် သံယောဇဉ် ကြီးမားသူဖြစ်ပါသည်။
နောက်နောင် အတန်းဖော်များအားလုံး အခက်အခဲတစ်စုံတရာ ပေါ်လာခဲ့လျှင် သူ့ကို အကူအညီလာတောင်းနိုင်ကြောင်း၊ အားလုံးကို အစအဆုံး အစွမ်းကုန်ကူညီပေးသွားမည်ဖြစ်ကြောင်း ရင်ဘတ်ထုလျက် အခိုင်အမာ ပြောကြားလိုက်သည်။
အတန်းထဲရှိ ကျောင်းသားတိုင်းကလည်း သူနှင့် အလွန်ရင်းနှီးကြသဖြင့် သူ့စေတနာကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ကြပါသည်။
--- --- ---
စက်တင်ဘာလတွင် တက္ကသိုလ်မှ အလုပ်သင်တာဝန် အသိပေးစာများ တရားဝင်ကျလာခဲ့ပါသည်။
တစ်ဖက်တွင် ယွင်ချန်းရှို့သည် အစစအရာရာ စီစဉ်ထားပြီးပြီဖြစ်ကာ ယဲ့ရှောင်ရှောင်ကို ကြိုတင်အသိပေးထားပြီး ရိက္ခာမြောက်များစွာလည်း ပြင်ဆင်ပေးထားသည်။
လုဟန်ချွမ်က အနောက်မြောက်ပိုင်းတွင် တာဝန်ကျနေသည် ဆိုသော်ငြား နယ်စပ်ဒေသမဟုတ်ဘဲ နာလန်ဟုခေါ်သော နယ်မြေတစ်ခုတွင် ရောက်ရှိနေပါသည်။
အစိုးရက ထိုနယ်မြေတွင် သုတေသနအခြေစိုက်စခန်းတစ်ခု တရားဝင်တည်ဆောက်ထားပြီးသားဖြစ်ကာ လုဟန်ချွမ်ကလည်း ထိုနေရာတွင် လက်ရှိ ယာယီတာဝန်တစ်ခုကို ထမ်းဆောင်နေပါသည်။
ယာယီတာဝန်ဟုဆိုသော်ငြား အချိန် ၂ နှစ်မျှ ကြာမြင့်နေခဲ့ပြီဖြစ်ကာ နောင်တွင်လည်း အကန့်အသတ်မရှိ ထပ်မံ သက်တမ်းတိုးသွားနိုင်သည့် အလားအလာ ရှိနေလေသည်။
ယဲ့ရှောင်ရှောင်သည် ထိုနေရာ၏ မြေပုံနှင့် နယ်မြေအခြေအနေတို့ကို စုံစမ်းရှာဖွေကြည့်လိုက်သည်။
ထိုနယ်မြေတွင် သဘာဝပတ်ဝန်းကျင်အခြေအနေက မကောင်းလှသော်လည်း သုတေသနအခြေစိုက်စခန်းကို တည်ထောင်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်မျှ ရှိခဲ့ပြီဖြစ်ရာ အမျိုးမျိုးသော အခြေခံအဆောက်အအုံများ စုံစုံလင်လင် ရှိနေလောက်ပါပြီ။ ထို့ကြောင့် လူသူခေါင်းပါးသည့် နယ်မြေရိုင်းကြီးတစ်ခုတော့ မဖြစ်နိုင်ပေ။
သို့သော်လည်း ယဲ့ရှောင်ရှောင်၏ အလုပ်သင်တာဝန် အသိပေးစာကို မြင်လိုက်ရသည့်အခါ စွန်းကျန့်ယောင်တစ်ယောက် မိမိမျက်လုံးကိုမိမိ မယုံကြည်နိုင် ဖြစ်သွားခဲ့ရသည်။
‘ယဲ့ရှောင်ရှောင်ကို ပေကျင်းမြို့ ပင်မဆေးရုံကြီးမှာ တာဝန်ပေးမယ်လို့ ဆုံးဖြတ်ထားကြတာ မဟုတ်ဘူးလား!’
ထိုကိစ္စနှင့်ပတ်သက်၍ တိုင်ပင်ဆွေးနွေးဖို့အတွက် လွန်ခဲ့သည့် ရက်ပိုင်းကမှ သူ့ထံ ဆေးရုံအုပ်ကြီး ရောက်ရှိလာသေးသည်။
သို့သော် ထင်မှတ်မထားစွာဖြင့် ကျောင်းသူယဲ့ရှောင်ရှောင်သည် မည်သည့်အကြောင်းအရင်းကြောင့်မှန်း မသိဘဲ အနောက်မြောက်ပိုင်းဒေသတွင် တာဝန်ကျသွားခဲ့လေသည်။
ထို့ကြောင့် စွန်းကျန့်ယောင်သည် ကျောင်းအုပ်ကြီးအား သွားရောက်တွေ့ဆုံခဲ့ပြီး အမှားအယွင်းတစ်စုံတရာ ရှိ၊ မရှိ ပြန်လည်စစ်ဆေးစေခဲ့ပါသည်။
သူတို့၏ ကျင့်ဟွာတက္ကသိုလ်သည် အနောက်မြောက်ပိုင်းဒေသရှိ မည်သည့်ဆေးရုံနှင့်မှ လက်တွဲပူးပေါင်းထားခြင်း မရှိပေ။
ကျောင်းသားကျောင်းသူများကို ပေကျင်းမြို့၌ နေရာမပေးနိုင်လျှင်ပင် ပေကျင်းမြို့နီးနီး ကောင်းမွန်သော ဒေသများတွင် နေရာချပေးလေ့ရှိရာ အနောက်မြောက်ပိုင်းဒေသသို့ ကျောင်းသူယဲ့ရှောင်ရှောင် ရောက်ရှိသွားခြင်းသည် အလွန် အဓိပ္ပာယ် မဲ့လွန်းနေပါသည်။
သို့သော် ကျောင်းအုပ်ကြီးကမူ မည်သည့်အမှားအယွင်းမှ မရှိဘဲ အထက်မှ စီစဉ်ပေးခြင်းသာ ဖြစ်သည်ဟု ဆိုခဲ့ပါသည်။
ထို့ကြောင့် နောက်ဆုံးတွင် စွန်းကျန့်ယောင် ရွေးချယ်စရာ မရှိတော့ဘဲ ယဲ့ရှောင်ရှောင်ကို လူကိုယ်တိုင် ခေါ်ယူ မေးမြန်းခဲ့ရတော့သည်။
ယဲ့ရှောင်ရှောင်ကလည်း ထိုသတင်းကို ကြိုတင်ကြားသိပြီးသားဖြစ်၍ မအံ့ဩခဲ့ပေ။
“ကျေးဇူးတင်ပါတယ် ဆရာကြီး”
စွန်းကျန့်ယောင်က မေးသည်။
“နင်အနောက်မြောက်ပိုင်းကို သွားရမယ်ဆိုတာ သိနေတာလား၊ ကျောင်းအုပ်ကြီးက နင့်ကို ဒီက ဆေးရုံတစ်ခုခုမှာ နေရာပေးဖို့ စီစဉ်ထားတာကို”
ယဲ့ရှောင်ရှောင်: “ပင်မဆေးရုံကြီးက ဂုဏ်သရေရှိတဲ့ ဆေးရုံကြီးတစ်ခုဆိုတော့ အဲ့ဒီမှာ အလုပ်လုပ်ချင်တဲ့ ကျောင်းသားကျောင်းသူတွေ အများကြီး ရှိမှာပါ၊ သမီးကတော့ အနောက်မြောက်ပိုင်းမှာ ကိုယ်ရေးကိုယ်တာကိစ္စလေး ရှိလို့ မဖြစ်မနေ သွားရမှာမို့လို့ပါ”
ယဲ့ရှောင်ရှောင်၏ စကားကိုကြားပြီး ထိုဆုံးဖြတ်ချက်မှာ အလွန်စိတ်လိုက်မာန်ပါဖြစ်လွန်းသည်ဟု စွန့်းကျန်ယောင် ခံစားလိုက်ရသော်လည်း ထပ်မံကန့်ကွက်မှု မရှိတော့ချေ။
“ဒါဆို အလုပ်သင်ကာလပြီးသွားရင်ကော၊ ဘယ်မှာအလုပ်လုပ်မှာလဲဆိုတာ စဉ်းစားပြီးပြီလား”
“သမီး ဘွဲ့လွန်စာမေးပွဲဖြေဆိုပြီး ပညာဆက်သင်မှာပါ”
“…”
စွန်းကျန့်ယောင်၏ ရည်မှန်းချက်များ လုံးဝ ပျက်သုဉ်းသွားခဲ့ရပါပြီ။ ကံကောင်းစွာဖြင့် သူ့တွင် ချူးယွင်ရှောင်နှင့် ကျန်းလီချွမ်တို့ကဲ့သို့သော ထူးချွန်ထက်မြက်သည့် အခြားကျောင်းသားများ ကျန်ရှိနေသေးသည်။
--- --- ---
ယဲ့ရှောင်ရှောင်သည် အလုပ်သင်တာဝန် အသိပေးစာကို ရရှိလိုက်သည်နှင့် အနောက်မြောက်ပိုင်းဒေသသို့ ထွက်ခွာဖို့ စတင်ပြင်ဆင်တော့သည်။ အသိပေးစာပေါ်တွင် သတ်မှတ်ထားသည့် နောက်ဆုံးစာရင်းပေးသွင်းရက်မှာ စက်တင်ဘာလ ၂၅ ဖြစ်သည်။
ယဲ့ရှောင်ရှောင်သည် မြို့ထဲသို့ ရထားဖြင့် ဦးစွာ သွားရောက်ပြီး ထိုမှတစ်ဆင့် နာလန်ကောင်တီသို့ သွားရောက်ဖို့ နည်းလမ်းတစ်ခုခု ရှာဖွေမည်ဟု ဆုံးဖြတ်လိုက်သည်။
ယဲ့ရှောင်ရှောင် အလုပ်သင်ဆင်းရမည့်နေရာမှာ အနောက်မြောက်ပိုင်းဒေသတွင်ရှိနေမှန်း သိလိုက်ရသောအခါ အခြားသူများအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရတော့သည်။
ယဲ့ရှောင်ရှောင်သည် အလုပ်သင်တာဝန် အသိပေးစာများ ရရှိသည့် ပထမကျောင်းသားအသုတ်ထဲတွင် ပါဝင်သည်။ ထိုပထမအသုတ်တွင် ပါဝင်သူများမှာ အလွန်ကောင်းမွန်သည့် ဆေးရုံကြီးများတွင် တာဝန်ကျလေ့ ရှိကြရာ ယဲ့ရှောင်ရှောင်တစ်ဦးတည်းကွက်၍ အံ့အားသင့်စရာ ဖြစ်နေပါသည်။
တရုတ်တိုင်းရင်းဆေးမေဂျာရှိ အခြားကျောင်းသားများပင် နားမလည်နိုင်တော့ချေ။
ကျန်းခိုင်နင်က မေးသည်။
“ရှောင်ရှောင်၊ နင်တစ်ယောက်ယောက်နဲ့ ပြဿနာတွေ ဘာတွေတက်ထားတာတော့ မဟုတ်လောက်ပါဘူးနော်၊ အဲ့လောက်ဝေးတဲ့နေရာကြီးမှာ ဘာလို့ တာဝန်ကျတာလဲ၊ ငါတို့တက္ကသိုလ်က ဘယ်ကျောင်းသားမှ အဲ့နေရာကို မသွားရလောက်ဘူး”
ယဲ့ရှောင်ရှောင် တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။
“ငါ့ဘက်က တောင်းဆိုခဲ့တာပါ”
ကျန်းခိုင်နင် တုန်လှုပ်သွားလေသည်။
“နင်ရူးနေတာလား!”
ထို့နောက် ချူးယွင်ရှောင်ဘက်သို့ လှည့်ကာ သူပြောလိုက်သည်။
“အတန်းခေါင်းဆောင်ကြီး! သူ့အတွက် ဆေးညွှန်းတစ်ခုလောက် မြန်မြန်ရေးပေးစမ်းပါ!”
ချူးယွင်ရှောင်လည်း အနည်းငယ်ထူးဆန်းသည်ဟု ခံစားမိပါသည်။
“ဘယ်လိုကိစ္စမျိုးရှိလို့ အနောက်မြောက်ပိုင်းကို သွားမှဖြစ်မှာလဲ”
ယဲ့ရှောင်ရှောင်: “ငါသွားမယ့်နေရာက သာမန်လူတွေ သွားလို့ရတဲ့နေရာမဟုတ်ဘူး၊ ဒီလိုသွားလို့ရအောင် အဆက်အသွယ်တွေပါ နည်းနည်းအသုံးချလိုက်ရတယ်”
ကျန်းခိုင်နင်က ဝင်ပြောသည်။
“နင်တကယ် စိတ်မမှန်တော့ဘူးပဲ၊ တစ်နှစ်ပတ်လုံးနီးပါး သဲမုန်တိုင်းတွေတိုက်နေတဲ့နေရာမှာ ဘာသွားလုပ်မလို့လဲ၊ အဲ့မှာဆို နင်တစ်လတောင် နေနိုင်မှာ မဟုတ်ဘူးနော်”
ယဲ့ရှောင်ရှောင်: “ငါကြိုးစားမှာပေါ့”
ဆုံးဖြတ်ချက် အလွန်ခိုင်မာနေသည့် ယဲ့ရှောင်ရှောင်ကို ကြည့်ရင်း အတန်းဖော်များက တစ်ယောက်တစ်လှည့် ဖျောင်းဖျဖို့ ကြိုးစားကြပါသည်။
ကျန်းခိုင်နင်က ဆိုသည်။
“နင်ပြန်လာရင် နင့်မျက်နှာပေါ်မှာ နေလောင်ကွက်ကြီးတွေ စွဲသွားနိုင်တယ်နော်၊ ဒါမှမဟုတ် တစ်ကိုယ်လုံး နေလောင်ပြီး မီးသွေးလို မည်းတူးသွားလိမ့်မယ်”
ယဲ့ရှောင်ရှောင်: “ငါတို့ အလှကုန်ပစ္စည်းတွေကို နင်ယုံကြည်မှု ရှိစမ်းပါ၊ ပြီးတော့ စိတ်ချ၊ ဟိုရောက်သွားရင်တောင် ငါ့သုတေသနလုပ်ငန်းတွေကို ရပ်ထားမှာ မဟုတ်ဘူး၊ ဖော်မြူလာအသစ်ရတာနဲ့ နင့်ဆီ ပြန်ပို့ပေးလိုက်မယ်၊ အဲ့တာကြောင့် အဆက်အသွယ် မပြတ်စေနဲ့”
ကျန်းခိုင်နင် မျက်နှာသေကြီးနှင့် ပြောလိုက်သည်။
“အဆက်အသွယ် မပြတ်စေနဲ့ဟုတ်လား၊ နင်သာ ဟိုရောက်ရင် တစ်လောကလုံးနဲ့ အဆက်အသွယ် ပြတ်မသွားအောင် ကြိုးစားရမှာ”
သူမကို မဖျောင်းဖျနိုင်တော့သည့်အဆုံး ကျန်းခိုင်နင် လက်လျှော့လိုက်ရတော့သည်။
“နင်ဘယ်တော့သွားမှာလဲ၊ ငါဘူတာရုံကို လိုက်ပို့ပေးမယ်လေ”
ယဲ့ရှောင်ရှောင်: “အိမ်မှာ အထုပ်အပိုးပြင်ဆင်ပြီး တန်းသွားမှာ၊ နင့်အလုပ်တွေကိုပဲနင် အာရုံစိုက်ပါ၊ ငါ့ကို လိုက်ပို့ပေးစရာ မလိုဘူး”
ယဲ့ရှောင်ရှောင် မထွက်ခွာမီ သူမနှင့်ရင်းနှီးသူတိုင်းက သူမကို ရူးသွပ်သွားပြီဟု ထင်မှတ်ခဲ့ကြသည်။
ထို့အပြင် နွားသိုးကြီးတစ်ကောင်ပမာ ကြံ့ခိုင်လှသော သူမ၏ စိတ်ဓာတ်ကြောင့် မည်သူကမှ မဖျောင်းဖျနိုင်ခဲ့ကြပေ။
ဆရာကြီး စုန့်ကွမ်းကျင့်ပင် ယဲ့ရှောင်ရှောင် မထွက်ခွာမီ အမှာစကားအချို့သာ ပြောကြားနိုင်ပါသည်။
“ဟိုရောက်တာနဲ့ အိမ်ကို စာပို့နော်၊ နိုင်ထက်စီးနင်းလုပ်ခံရတာတွေ ဘာတွေရှိရင် မျိုသိပ်မထားနဲ့၊ နင့်ဆရာ ငါကိုယ်တိုင် လိုက်လာပြီး လာခေါ်မယ်”
ယဲ့ရှောင်ရှောင်သည် စုန့်ကွမ်းကျင့်ကို ပွေ့ဖက်ကာ ကျန်းမာရေး ဂရုစိုက်ဖို့ မှာကြားလိုက်ပါသည်။
“သမီးက လပိုင်းလောက်ပဲ သွားနေရမှာပါ ဆရာကြီးရဲ့၊ သိပ်မကြာဘူး”
“ဟိုမှာ နင့်ကို လာကြိုပေးမယ့်လူတော့ ရှိတယ်မလား”
“ဒေါ်လေးယွင်က အားလုံး စီစဉ်ပေးထားတယ်၊ သမီးဘူတာရုံကိုရောက်တာနဲ့ တစ်ယောက်ယောက် လာကြိုပေးလိမ့်မယ်”
ယဲ့ရှောင်ရှောင်သည် မူလက နာလန်စခန်းသို့ မိမိဖာသာ သွားရောက်ဖို့ ကြံရွယ်ထားသော်လည်း ယွင်ချန်းရှို့က လုံးဝ စိတ်မချနိုင်ပေ။ ထို့ကြောင့် ခရီးစဉ်အစအဆုံးကို လိုလေသေးမရှိအောင် စီစဉ်ပေးခဲ့သည်။
ထို့အပြင် လုဟန်ချွမ်ကိုလည်း ကြိုတင်ဆက်သွယ်ထားခြင်းမရှိသဖြင့် ယဲ့ရှောင်ရှောင် ရုတ်တရက်ကြီး ရောက်ချလာသည်ကို မြင်သောအခါ သူအလွန်ထိတ်လန့်သွားလိမ့်မည်ဟု ခန့်မှန်းမိပါသည်။
စုန့်ကွမ်းကျင့်ကဆိုသည်။
“ကောင်းပါပြီ၊ သွားတော့ သွားတော့၊ ဘူတာရုံကို နင့်အစ်ကိုရှောင်းကွမ် လိုက်ပို့ပေးလိမ့်မယ်”
ယဲ့ရှောင်ရှောင်: “ကုမ္ပဏီကိစ္စတွေကို အစစအရာရာ တာဝန်ယူပေးထားလို့ ကျေးဇူးတင်ပါတယ်နော် အစ်ကိုရှောင်းကွမ်၊ ထုတ်ကုန်အသစ်တွေအတွက် ဖော်မြူလာတွေကိုလည်း ကျွန်မ ထားခဲ့ပါတယ်၊ ပြဿနာတစ်ခုခုရှိရင် ကျွန်မဆီ စာပို့လို့ ရတယ်”
စုန့်ရှောင်းကွမ်: “နင်လည်း ဟိုရောက်ရင် ဂရုစိုက်ပါ”
ဤသို့ဖြင့် ယဲ့ရှောင်ရှောင်သည် အသိမိတ်ဆွေများအား နွေးနွေးထွေးထွေး နှုတ်ဆက်ပြီးနောက် အနောက်မြောက်ပိုင်းသို့ စတင် ထွက်ခွာခဲ့တော့သည်။
ခရီးစဉ်မှာ အလွန်တရာမှ ဝေးကွာလှပြီး ပေကျင်းမြို့မှ လုဟိုက်မြို့သို့ နာရီ ၃၀ ခန့် ရထားစီးရသည်။
ကံကောင်းစွာဖြင့် ယဲ့ရှောင်ရှောင်သည် အိပ်စင်တန်းမှ လိုက်ပါစီးနှင်းရမည်ဖြစ်သည်။ ထို့အပြင် နေ့စဉ်အသုံးအဆောင်ပစ္စည်းများစွာ ယူဆောင်လာရသဖြင့် အထုပ်အပိုးများကလည်း များပြားလှပါသည်။
နာလန်ကောင်တီ၏ သယ်ယူပို့ဆောင်ရေးစနစ်က တိုးတက်ကောင်းမွန်ခြင်း ရှိ၊ မရှိနှင့် ပစ္စည်းများကို အပြင်ထွက်ဝယ်ယူဖို့ လွယ်ကူခြင်း ရှိ၊ မရှိ မသိနိုင်သဖြင့် သူမ လိုအပ်သည့် ပစ္စည်းများကို တတ်နိုင်သမျှ များများ သယ်ဆောင်လာခဲ့ရပါသည်။
နာလန်သို့ ရောက်ရှိပြီး လိပ်စာအတိအကျသိရမှ သူမထံ ပစ္စည်းများ ပို့ဆောင်ပေးနိုင်ဖို့ အခြားသူများကို လိပ်စာ ပေးနိုင်မည် မဟုတ်ပါလား။
နာရီ ၃၀ ခန့်ကုန်လွန်ပြီး လုဟိုက်မြို့ဘူတာရုံသို့ ရောက်ရှိသောအခါ ယဲ့ရှောင်ရှောင် ရထားပေါ်မှ ဆင်းသက်နိုင်ခဲ့ပါသည်။
ဤအချိန်တွင် ရထားပေါ်၌လည်း ခရီးသည်အနည်းငယ်သာ ကျန်ရှိပါတော့သည်။ အလုပ်ကိစ္စတစ်စုံတရာမရှိဘဲ မည်သူကမှ ဤကဲ့သို့ ဝေးလံခေါင်ဖျားသည့် နေရာသို့ ပေါ့ပေါ့တန်တန် လာရောက်ကြမည်မဟုတ်မှန်း သိသာလှသည်။
ဘူတာရုံဝင်ပေါက်တွင် လူအနည်းငယ် ရပ်စောင့်နေပြီး ယဲ့ရှောင်ရှောင် တစ်ချက်ဝေ့ကြည့်လိုက်သည်နှင့် သူမကို လာရောက်ကြိုဆိုသည့်လူအား သတိထားမိခဲ့ပါသည်။
ထိုလူမှာ စစ်ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ယဲ့ရှောင်ရှောင် တစ်ခါမှ မမြင်ဖူးသည့် မျက်နှာမျိုး ရှိသည်။
“ကျွန်မက ယဲ့ရှောင်ရှောင်ပါ”
“တွေ့ရတာဝမ်းသာပါတယ်၊ ဒေါ်လေးယွင်က လာကြိုပေးဖို့ ကျွန်တော့်ကို တာဝန်ပေးထားလို့ပါ၊ ကျွန်တော့်နာမည် ကျင်းယုပါ”
တစ်ဖက်လူက ယဲ့ရှောင်ရှောင်နှင့် ယဉ်ယဉ်ကျေးကျေး လက်ဆွဲနှုတ်ဆက်ပြီး ခရီးဆောင်အိတ်များကို ကူသယ်ပေးခဲ့သည်။
“နာလန်စခန်းကို သွားမှာမလား၊ ကျွန်တော်ကားနဲ့လိုက်ပို့ပေးပါ့မယ်”
“ကျေးဇူးပါ”
ယဲ့ရှောင်ရှောင် ဘူတာရုံမှ ထွက်ခွာလာသောအခါ အပြင်ဘက်ရှိ လေထုက အတော်လေး ခြောက်သွေ့လို့နေပါသည်။
ကျင်းယုက မေးမြန်းလိုက်သည်။
“ဒီကနေ နာလန်စခန်းကို ရောက်ဖို့ ၅ နာရီလောက် မောင်းရမယ်၊ ဧည့်ဂေဟာတွေဘာတွေမှာ အရင်ဝင်နားဦးမလား”
ယဲ့ရှောင်ရှောင် အံ့အားသင့်သွားရလေသည်။
“အဲ့လောက်ဝေးတာလား”
ကျင်းယု: “ဒီဒေသက အဲ့လိုပါပဲ၊ နယ်မြေကျယ်ဝန်းပေမယ့် လူဦးရေအရမ်းနည်းပါးပြီး တစ်နေရာနဲ့ တစ်နေရာ တော်တော်ကွာဝေးတယ်လေ”
ယဲ့ရှောင်ရှောင် ဆုံးဖြတ်လိုက်သည်။
“အဆင်ပြေမယ်ဆိုရင်တော့ ခရီးဆုံးတဲ့အထိ တန်းမောင်းသွားလိုက်တာ ပိုကောင်းပါတယ်”
ကျင်းယုကလည်း မကန့်ကွက်ပေ။
“အဆင်ပြေပါတယ်”
ယခု မနက် ၉ နာရီအချိန် ရှိနေပြီဖြစ်ကာ နာလန်စခန်းသို့ ရောက်ရှိချိန်တွင် နေ့လယ် ၂ နာရီပင် ထိုးနေပါပြီ။
စခန်းဟုဆိုသော်လည်း အတွင်းပိုင်းက အလွန်ပင် ကြီးမားကျယ်ဝန်းလှသည်။ ဆေးခန်းမှာလည်း စခန်း၏ အပြင်ဘက်စည်းဝိုင်းအတွင်းတွင် တည်ရှိပါသည်။
ယဲ့ရှောင်ရှောင်သည် တက္ကသိုလ်မှ ထုတ်ပေးထားသည့် အလုပ်သင် ထောက်ခံချက် စာရွက်စာတမ်းများကို ထုတ်ပြလိုက်သည်။
ထိုစာရွက်စာတမ်းများကို သေသေချာချာစစ်ဆေးပြီးမှသာ ဝင်ပေါက်ရှိ လုံခြုံရေးတပ်သားများက သူမတို့ကို စခန်းတွင်းသို့ ဝင်ရောက်ခွင့် ပြုခဲ့ပါသည်။