အခန်း ၂၆၇
Vol. 27 Ch. 267
Chapter 267
ကျင်းယုက ယဲ့ရှောင်ရှောင်၏ ခရီးဆောင်အိတ်များကို အထဲသို့ ကူညီ သယ်ဆောင်ပေးခဲ့သည်။
အထဲတွင် ဆေးခန်း၏ ညွှန်ကြားရေးမှူးနှင့် ယဲ့ရှောင်ရှောင်တွေ့ဆုံခဲ့ရသည်။
ဆေးခန်းတစ်ခုလုံးမှာ ဝင်းခြံငယ်လေးတစ်ခုသာဖြစ်ပြီး ဝန်ထမ်းကလည်း ၃ ဦးမျှသာ ရှိသဖြင့် တက္ကသိုလ်ရှိ ဆေးခန်းနှင့် မကွာခြားလှပေ။
ကျောက်ချွင်းဟွာဟု အမည်ရသည့် အသက် ၅၀ အရွယ် ညွှန်ကြားရေးမှူးတစ်ဦး၊ ယန်ကျွမ်းဟုအမည်ရသည့် အသက် ၃၀ အရွယ် ဆရာဝန်တစ်ဦးနှင့် လီကျန်းဟု အမည်ရသည့် အသက် ၂၅ နှစ်အရွယ် သူနာပြုတစ်ဦးတို့ ရှိကြသည်။
ယဲ့ရှောင်ရှောင်သည် အားလုံးကို ဖော်ဖော်ရွေရွေပင် မိတ်ဆက်စကား ဆိုခဲ့သည်။ ဒေါက်တာယန်ကျွမ်းမှလွဲ၍ ကျန်နှစ်ဦးမှာ ဆေးပညာသင်တန်း စနစ်တကျ တက်ရောက်ဖူးသူများ မဟုတ်ကြကြောင်း ယဲ့ရှောင်ရှောင် သိခဲ့ရပါသည်။
ညွှန်ကြားရေးမှူး ကျောက်ချွင်းဟွာသည် ကျေးလက်တောရွာ ဆရာဝန်တစ်ဦးသာဖြစ်ပြီး လီကျန်း၏ သူနာပြုပညာမှာလည်း ကိုယ်တိုင်လေ့လာထားသည့် အဆင့်မျှသာ ရှိသည်။
ယဲ့ရှောင်ရှောင်သည် ဤကဲ့သို့ ဆေးပညာရှင်များကို အထင်သေးလိုစိတ်မရှိသော်လည်း ဤနယ်မြေ၏ ဆေးဘက်ဆိုင်ရာ အခြေအနေကို မြင်တွေ့လိုက်ရချိန်တွင် အလွန်အံ့အားသင့်ခဲ့ရသည်ကိုတော့ ငြင်းဆန်၍ မရပေ။
ညွှန်ကြားရေးမှူး ကျောက်ချွင်းဟွာက ယဲ့ရှောင်ရှောင်ကို အဆောင်ထဲသို့ ခေါ်လာခဲ့ပါသည်။ ထိုအဆောင်သည် ဆေးခန်းနှင့် ဘေးချင်းကပ်လျက်တွင် တည်ရှိပြီး အလွန်သေးငယ်သည့် အိမ်ဝင်းလေးတစ်ခုပင် ဖြစ်ပေသည်။
ယခင်က ထိုနေရာတွင် လီကျန်းနှင့် ယန်ကျွမ်းတို့သာ နေထိုင်ကြသော်လည်း ယခု ယဲ့ရှောင်ရှောင်ပါ တိုးလာခဲ့ပါပြီ။ အခန်းလုံလုံလောက်လောက်ရှိသဖြင့် အခန်းများကို မျှဝေနေထိုင်စရာ မလိုအပ်ပေ။
သို့သော် အခန်းတိုင်းတွင် အိပ်စက်နိုင်သည့် ကုတင်တစ်လုံးမှအပ မည်သည့်ပစ္စည်းမှ မရှိသလောက်ပင်။
ကျောက်ချွင်းဟွာက ဆိုသည်။
“ဟိုရက်ပိုင်းကမှ ပြူတင်းပေါက်တွေနဲ့ အမိုးတွေကို သေချာပြုပြင်ထားတာ၊ အဲ့တာကြောင့် လေတိုးမှာ၊ မိုးယိုမှာ စိုးရိမ်စရာမလိုဘူး၊ ငါတို့စခန်းကို အလုပ်သင်ကျောင်းသားတစ်ယောက် ရောက်လာလိမ့်မယ်လို့ တကယ်ထင်မထားဘူး၊ ကြိုဆိုပါတယ် ကြိုဆိုပါတယ်!”
ကျောက်ချွင်းဟွာသည် ဤအလုပ်သင်လူငယ်လေးကို နွေးနွေးထွေးထွေးကြိုဆိုခဲ့သော်လည်း မျှော်လင့်ချက် သိပ်မထားခဲ့ပေ။
အလုပ်သင်ကျောင်းသားအများစုမှာ ပတ်ဝန်းကျင်ဒဏ်ကို ခံနိုင်ရည်မရှိကြဘဲ လအနည်းငယ်ကြာလျှင် ထွက်ခွာသွားလေ့ ရှိပါသည်။ အချို့ဆိုလျှင် တစ်လပင် မခံချေ။
“လောလောဆယ်တော့ ရဲဘော်ယဲ့ ဒီအခန်းမှာ နေလို့ရပါတယ်”
ဗလာကျင်းဖြစ်နေသော အခန်းလေးကိုကြည့်ရင်း ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်ပါသည်။
“ဟုတ်ကဲ့ပါ”
ကျောက်ချွင်းဟွာက ညွှန်ကြားချက်အချို့ ထပ်ပေးပြီးနောက် ဆေးခန်းသို့ ပြန်လည်ထွက်ခွာသွားပါသည်။
ယဲ့ရှောင်ရှောင်ကို အရင်ဆုံးအနားယူဖို့နှင့် ရက်အနည်းငယ်ကြာမှ အလုပ်တာဝန်များ စီစဉ်ပေးမည်ဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့သည်။
ကျင်းယုက ယဲ့ရှောင်ရှောင်၏ အထုပ်အပိုးများကို နေရာချပေးရင်း ဆိုလိုက်သည်။
“ရဲဘော်ယဲ့ ဒီမှာလိုအပ်တာတွေရှိရင် ကျွန်တော်မနက်ဖြန် ယူလာပေးမယ်လေ၊ ဒီနေရာနဲ့ အနီးဆုံး သမဝါယမဆိုင်ကို ကားနဲ့ တစ်နာရီမောင်းရတယ်”
အထက်အရာရှိများက ပေးအပ်ထားသည့်တာဝန်ဖြစ်၍ ကျင်းယု မပေါ့ဆရဲပေ။
ထိုအခါ ယဲ့ရှောင်ရှောင်က ငွေအနည်းငယ်ထုတ်လိုက်ပြီး ကျင်းယု၏ လက်ထဲ ထိုးထည့်ပေးလိုက်ပါသည်။
“အဲ့တာဆို ကျွန်မကို ဂွမ်းစောင် နှစ်ထည်… အဲ သုံးထည်လောက် ဝယ်ပေးပါလား”
ထိုဂွမ်းစောင်များကို ကုတင်ပေါ်တွင် အိပ်ရာခင်းအဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားပါသည်။ ဤနေရာတွင် သစ်သားကုတင်အလွတ်ကြီးတစ်လုံးသာ ရှိနေလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်မှတ်မထားခဲ့ပေ။ အခြေအနေများမှာ အလွန်ပင် ခက်ခဲဆင်းရဲလှပါသည်။
ကျင်းယုသည် လက်ထဲရောက်လာသည့် ပိုက်ဆံများကို ကြည့်ရင်း ဤမိန်းကလေးမှာ ငွေရှားသူမဟုတ်မှန်း ရိပ်စားမိသဖြင့် အကြံပြုလိုက်သည်။
“အဲ့တာဆို ဓာတ်ဘူးတွေ၊ ရေဆေးဇလုံတွေနဲ့ တခြားရိက္ခာတွေပါ ဝယ်လာခဲ့ရမလား၊ ကျွန်တော်လည်း တစ်ချက်လောက် လိုက်ကြည့်ပြီး လိုအပ်မယ်ထင်တာတွေ ဝယ်လာခဲ့ပါ့မယ်၊ ဒီနေရာမှာ လိုအပ်တဲ့ပစ္စည်းတွေကို ချက်ချင်းအစုံအလင် ရဖို့ ဆိုတာတော့ မလွယ်လောက်ဘူး”
ကျောက်ချွင်းဟွာက ဝန်ထမ်းများကို ဂရုမစိုက်ခြင်းကြောင့်မဟုတ်ဘဲ ဤဒေသတွင် ရိက္ခာပစ္စည်းများက အမှန်တကယ် ရှားပါး ပြတ်လပ်နေခြင်းကြောင့်ပင်။
မြို့ကြီးပြကြီးမှလူများက ကားမောင်းနိုင်ကြသည်နှင့် လူတိုင်းဝဝလင်လင် စားသောက်နိုင်ကြသည်ဟု မထင်မှတ်သင့်ပေ။
အနောက်မြောက်ပိုင်းဒေသသည် ပိုင်ချွမ်ရွာထက်ပင် ပိုမိုခေတ်နောက်ကျနေသော နေရာကြီးဖြစ်နေလေသည်။ အနည်းဆုံးတော့ ပိုင်ချွမ်ရွာတွင် လိုအပ်ချက်တစ်စုံတရာရှိပါက ကောင်တီမြို့ သို့မဟုတ် စုန့်လင်မြို့သို့ သွားရောက် ဝယ်ယူနိုင်ပါသည်။
နာလန်ကောင်တီတွင်မူ လေနှင့် သဲပွင့်များမှအပ မည်သည့်အရာမှ ရှိမနေချေ။
ဤနေရာသည် လူနေထူထပ်သည့် နေရာများနှင့် အနည်းငယ် ဝေးကွာပြီး မြို့ကြီးပြကြီးလည်း မဟုတ်၍ သယ်ယူပို့ဆောင်ရေးများခက်ခဲကာ ရိက္ခာများကလည်း ရှားပါးသဖြင့် အမှန်တကယ် ဆင်းရဲကျပ်တည်းလှသော နေရာဆိုးကြီး ဖြစ်နေလေတော့သည်။
ယဲ့ရှောင်ရှောင်က ကျေးဇူးတင်လိုက်သည်။
“အစ်ကို့ကို ဒုက္ခပေးမိသလို ဖြစ်နေပြီ၊ ကျေးဇူးအများကြီးတင်ပါတယ်”
ကျင်းယု: “ဘာဒုက္ခမှမဖြစ်ပါဘူး”
သူသည် အထက်လူကြီးပေးအပ်ထားသည့် တာဝန်ကို ထမ်းဆောင်နေခြင်းသာဖြစ်ပြီး သာမန်အချိန်ဆိုလျှင် စခန်းမှ ကားကိုပင် အပြင်သို့ ထုတ်မောင်းခွင့် ရရှိမည် မဟုတ်ချေ။
ကျင်းယုသည် ပိုက်ဆံများကို ယူဆောင်သွားပြီး မမှောင်ခင် ပစ္စည်းများကို အရောက်ပို့ဆောင်ပေးမည်ဟု ကတိပေးသွားပါသည်။
ယဲ့ရှောင်ရှောင်သည် အခန်းကို ဦးစွာ သန့်ရှင်းရေးလုပ်လိုက်သည်။ အခန်းထဲတွင် ဗီရိုတစ်လုံးပင် မရှိသဖြင့် ခရီးဆောင်အိတ်ထဲမှ ပစ္စည်းများကို ထုတ်ယူဖို့ အစီအစဉ်မရှိသေးပေ။
သန့်ရှင်းရေးလုပ်သည်ဟု ဆိုသော်လည်း သုံးစရာ ရေမရှိသဖြင့် တံမြက်စည်းသာ လှည်းနိုင်ပါသည်။
ဝင်းခြံငယ်လေးထဲတွင်မူ ဆံပင်တိုတိုနှင့် လီကျန်းက ယန်ကျွမ်းကို တံတောင်ဖြင့်တို့လျက် မေးလိုက်သည်။
“ဒီတစ်ယောက်ကော ဘယ်နှရက်ခံမယ်ထင်လဲ၊ အဲ့လို နုဖတ်အိစက်နေတဲ့ အသားအရေမျိုးနဲ့ဆိုရင် ကျွန်မတော့ အလွန်ဆုံး ၃ ရက်ပဲလို့ လောင်းရဲတယ်”
ဆေးခန်းတွင် အလုပ်တာဝန်များက နည်းပါးသဖြင့် လီကျန်းနှင့် ယန်ကျွမ်းတို့ ဂျူတီကျချိန်မဟုတ်လျှင် အဆောင်သို့ ပြန်၍ အနားယူနိုင်ပါ့သည်။
ယန်ကျွမ်းက စာအုပ်တစ်အုပ်ဖတ်နေပြီး လီကျန်းကို မသိချင်ယောင် ဆောင်ထားလေသည်။
“ရှင်စာပဲဖတ်နေတော့မှာလား၊ ဒီနေရာကြီးက တကယ်ထွက်သွားချင်နေတာလား”
တစ်ဖက်လူက မသိချင်ယောင်ဆောင်နေသည်ကို မြင်သောအခါ သူ့စာအုပ်ကို လီကျန်း လုယူလိုက်သည်။
ထိုအခါမှ ယန်ကျွမ်းသည် ဒေသခံလေသံဖြင့် စိတ်မရှည်စွာ ထအော်လိုက်တော့သည်။
“လီကျန်း! နင်ဘယ်တော့မှ ငြိမ်ငြိမ်နေမှာလဲ!”
သူ့အသံက အတော်လေးကျယ်လောင်သဖြင့် ယဲ့ရှောင်ရှောင်ပင် ကြားသွားကာ ပြူတင်းပေါက်မှ လှမ်းကြည့်လိုက်မိပါသည်။
ထိုနှစ်ဦးမှာ ငယ်ရွယ်သူများလည်း မဟုတ်တော့ဘဲ ကလေးများပမာ ကတောက်ကဆဖြစ်နေကြလေသည်။
ယန်ကျွမ်းသည် သူ့စာအုပ်ကို ပြန်လုယူကာ သူ့အခန်းထဲသူ ပြန်ဝင်သွားပါသည်။ ထိုအခါမှ လီကျန်းတစ်ယောက် ယဲ့ရှောင်ရှောင်၏ အခန်းဆီသို့ လျှောက်လာခဲ့လေသည်။
“ညွှန်ကြားရေးမှူးက နင့်ကို ဂရုစိုက်လိုက်ပါလို့ ငါ့ကိုမှာထားလို့၊ လိုအပ်တဲ့ပစ္စည်းတွေဘာတွေ ရှိလား”
ယဲ့ရှောင်ရှောင်း မေးလိုက်သည်။
“ဒီနားမှာ ရေဘယ်နားကရနိုင်မလဲဟင်”
ဤသည်မှာ ယဲ့ရှောင်ရှောင်အတွက် အရေးအကြီးဆုံးကိစ္စပင်။
လီကျန်းက ရှင်းပြသည်။
“ဒီမှာတော့ ရေသွားယူလို့ရတဲ့နေရာမရှိဘူး၊ မနက် ၈ နာရီတိုင်း စစ်တပ်က လွှတ်ပေးတဲ့ ရေတင်ကားရောက်လာပြီး တစ်ရက်စာလိုအပ်တဲ့ရေတွေကို လာပို့ပေးတယ်၊ လူတိုင်းက သတ်မှတ်ထားတဲ့ ပမာဏအတိုင်းပဲ ခွဲတန်းရကြတာ၊ နင့်အတွက်တော့ ခွဲတန်း မသတ်မှတ်ရသေးဘူး”
ယဲ့ရှောင်ရှောင်: “…”
လီကျန်းက ဆက်ပြောသည်။
“ဒါပေမယ့် ဒီနေ့အတွက် နင့်ကို ဒီတိုင်းပစ်မထားပါဘူး၊ နင်ရေဆာတယ်ဆိုရင် ငါ့ခွဲတန်းထဲကနေ မျှပေးလို့ရတယ်၊ ရေမှုတ်တစ်ခွက်ကို ပြား ၅၀ “
ယဲ့ရှောင်ရှောင်: “…”
စီးပွားရေးသောင်းကျန်းလှပေသည်။
ကန္တာရတွင် ရေက အလွန်အဖိုးတန်သည့်အရာဖြစ်၍ ယဲ့ရှောင်ရှောင်လည်း အပြစ်မဆိုဘဲ ၁၀ ယွမ် ထုတ်ပေးကာ ပြောလိုက်သည်။
“အဲ့တာဆို ၁၀ ယွမ်ဖိုး ဝယ်လိုက်မယ်နော်”
လီကျန်း မျက်လုံးများ အရောင်လက်သွားကာ သေသေချာချာ ရှင်းပြလိုက်ပါသည်။
“အခုလောလောဆယ်တော့ ငါ့မှာအဲ့လောက်အများကြီး မရှိသေးဘူးနော်၊ ဒါပေမယ့် ပိုက်ဆံကို ငါ့လက်ထဲ အပ်ထားလို့ရတယ်၊ နေ့တိုင်း ငါ့ခွဲတန်းကနေ ထုတ်ပေးမယ်”
ယဲ့ရှောင်ရှောင် ခေါင်းညိတ်လိုက်သည်။
“ရပါတယ်”
ယဲ့ရှောင်ရှောင် စိတ်ပြောင်းသွားမည်စိုးသဖြင့် လီကျန်းသည် ပိုက်ဆံများကို အိတ်ကပ်ထဲ အမြန်ထိုးထည့်လိုက်ပါသည်။
“အဲ့တာဆို သဘောတူလိုက်ပြီနော်၊ မနက်ဖြန် ရေကားလာတဲ့အခါကျရင် ငါခေါ်လိုက်မယ်”
ယဲ့ရှောင်ရှောင်က ထပ်မေးသည်။
“အဲ့တာဆို အစားအစာအတွက်ကော ဘယ်လိုစီစဉ်ပေးထားလဲ”
လီကျန်းက ရှင်းပြသည်။
“စခန်းမှာ ထမင်းစားဆောင်တစ်ခု ရှိတယ်၊ ကိုယ့်ထမင်းဘူးကိုယ်ယူပြီး သွားထုတ်ရုံပဲ၊ အစာအးစာအတွက်တော့ စိတ်ပူစရာမလိုဘူး၊ စိတ်ကြိုက်စားလို့ရတယ်”
ယဲ့ရှောင်ရှောင် စိတ်သက်သာရာရသွားပြီး သက်ပြင်းချမိသည်။ အနည်းဆုံးတော့ သူမကိုယ်တိုင် ချက်ပြုတ်ဖို့ မလိုအပ်ပေ။
လီကျန်းက သဘောပေါက်နားလည်သွားဟန်ဖြင့် မေးမြန်းလိုက်ပါသည်။
“နင်က ဆေးကျောင်းသူလား”
ယဲ့ရှောင်ရှောင်: “တရုတ်တိုင်းရင်းဆေးပညာ သင်ယူနေတာပါ”
လီကျန်း: “တရုတ်တိုင်းရင်းဆေးပညာဟုတ်လား၊ ဒီနေရာမှာ တာဝန်လာကျရတယ်လို့… နင်ဘယ်တက္ကသိုလ်က လာတာလဲ”
ယဲ့ရှောင်ရှောင်: “ကျင့်ဟွာတက္ကသိုလ်ပါ”
လီကျန်း စကားများ ထစ်ငေါ့သွားခဲ့သည်။
“ကျင့်ဟွာ…တက္ကသိုလ်… ကျင့်ဟွာ! ပေကျင်းမြို့က ကျင့်ဟွာကိုပြောတာလား”
ယဲ့ရှောင်ရှောင်စကားကို သူမ မယုံကြည်နိုင်ပေ။
“ဟုတ်ပါတယ်”
“အပိုတွေ မပြောစမ်းပါနဲ့ဟယ်၊ ကျင့်ဟွာတက္ကသိုလ် ကျောင်းသူတစ်ယောက်က ဒီလိုနေရာမျိုးကို ဘာလို့ ရောက်လာရမှာလဲ”
ယဲ့ရှောင်ရှောင်လည်း အကျယ်တဝံ့ ရှင်းပြမနေတော့ဘဲ ထင်ချင်သလိုသာ ထင်စေလိုက်တော့သည်။
၂ နာရီခန့် ကြာပြီးနောက် ကျင်းယုပြန်ရောက်လာပြီး ဂွမ်းစောင်များအပြင် အသုံးအဆောင်ပစ္စည်းများစွာကိုလည်း ယူဆောင်လာခဲ့သည်။
“ဒီအခန်းထဲမှာ တခြားပရိဘောဂတွေလည်း မရှိသေးဘူးနော်၊ ဖြစ်နိုင်ရင် ရဲဘော်ယဲ့အတွက် စားပွဲတစ်လုံးလောက် ရှာပေးဖို့ ညွှန်ကြားရေးမှူးကို အကူအညီတောင်းကြည့်ပါလား”
စားပွဲကဲ့သို့ ပရိဘောဂများက အရွယ်အစားကြီးမားသဖြင့် သူ့ကားပေါ်တွင် တင်ဆောင်လာနိုင်မည် မဟုတ်ချေ။ ထို့အပြင် ဒေသတွင်း သမဝါယမဆိုင်များတွင်လည်း စားပွဲရောင်းချခြင်း မရှိကြပေ။
သို့သော် ဤအခန်းထဲတွင် စားပွဲမရှိပါက ဘာလုပ်လုပ် အဆင်ပြေနိုင်မည်မဟုတ်ပါ။
“ကျေးဇူးအများကြီးတင်ပါတယ်”
ယဲ့ရှောင်ရှောင်သည် ကျင်းယုကို တစ်ခုခုလိုက်ကျွေးချင်သော်လည်း ဤနေရာတွင် မည်သည့်စားသောက်ဆိုင်မှ ရှိမနေပါ။ ထို့အပြင် ထမင်းစားဆောင်ကူပွန်များလည်း မရရှိသေးသဖြင့် ကျင်းယုအား ဧည့်ခံစရာနည်းလမ်းမရှိ ဖြစ်နေပါသည်။
ကျင်းယုကလည်း စားသောက်ဖို့ စိတ်ကူးမရှိချေ။
ယဲ့ရှောင်ရှောင်သည် ရထားပေါ်မှဆင်းသည်နှင့် ဤနေရာသို့ ချက်ချင်းလာခဲ့ရခြင်းဖြစ်ရာ အလွန်ပင်ပန်းနွမ်းနယ်နေပါလိမ့်မည်။
ထို့ကြောင့် ပစ္စည်းများကို နေရာချပေးပြီးနောက် ကျင်းယုသည် ယဲ့ရှောင်ရှောင်ကို နှုတ်ဆက်ကာ ချက်ချင်း ထွက်ခွာသွားတော့သည်။
“နောက်တစ်ခါတွေ့ရင် ကျွန်မ ကျိန်းသေပေါက် တစ်ခုခုလိုက်ကျွေးပါ့မယ်”
ကျင်းယုက အပြုံးဖြင့် ခေါင်းညိတ်လိုက်ပါသည်။
“ဟုတ်ကဲ့ပါ”
ကျင်းယုထွက်ခွာသွားသောအခါ ယဲ့ရှောင်ရှောင်သည် ဂွမ်းစောင်နှစ်ထည်ကို ကုတင်ပေါ်တွင် ဖြန့်ခင်းလိုက်ပြီး ပေကျင်းမှ သယ်ဆောင်လာသည့် အိပ်ရာခင်းကို အပေါ်မှ သပ်ရပ်စွာ ထပ်ခင်းလိုက်တော့သည်။