← Chapters

အခန်း ၂၆၈

Vol. 27 Ch. 268

အခန်း ၂၆၈

Vol. 27 Ch. 268

Chapter 268

အနည်းငယ် သန့်ရှင်းသပ်ရပ်အောင် ပြင်ဆင်လိုက်ရုံမျှဖြင့် အခန်းငယ်လေးမှာ နေချင်စဖွယ်ဖြစ်ကာ နွေးထွေးမှု ရှိသွားတော့သည်။

ယဲ့ရှောင်ရှောင် ကုတင်ပေါ်တွင် စမ်းလှဲကြည့်လိုက်ရာ အလွန်နူးညံ့ပြီး သက်တောင့်သက်သာ ရှိလှပါသည်။

ဂွမ်းစောင်အသစ်စက်စက်များကို အိပ်ရာခင်းအဖြစ် သုံးစွဲခြင်းမှာ ဖြုန်းတီးရာကျသည်ဟု ထင်ရသော်လည်း ယဲ့ရှောင်ရှောင်သည် မာကျောနေသော သစ်သားပြင်ကြီးပေါ်တွင် မအိပ်စက်နိုင်သလို မိမိကိုယ်မိမိ ညှင်းပန်း နှိပ်စက်ဖို့လည်း စိတ်ကူးမရှိပေ။

ဂျုံခွံများဖြင့် ပြုလုပ်ထားသော ခေါင်းအုံးကို ခေါင်းအုံးစွပ်စွပ်လိုက်ပြီး ကုတင်ရင်းတွင် နေရာချလိုက်သည်။

အရာအားလုံး ပြင်ဆင်ပြီးချိန်၌ ယဲ့ရှောင်ရှောင် အလွန်ခြေကုန်လက်ပန်းကျနေပါပြီ။ ထိုစဉ် လီကျန်းက အချိန်ကိုက်ပင် ရေလာပို့ခဲ့သည်။

“ဒီရေပုံးကငါ့ဟာမို့လို့--- နေပါဦး နင့်အခန်းထဲ ဘာလို့ ပစ္စည်းတွေအများကြီး ရောက်လာတာလဲ!”

ယဲ့ရှောင်ရှောင်သည် အလုပ်သင်တာဝန်ဖြင့် ရောက်ရှိလာသူဖြစ်၍ သူမကို အခွင့်ထူးခံလူတန်းစားဖြစ်မည်ဟု လီကျန်း လုံးဝ ထင်မှတ်မထားချေ။

ယဲ့ရှောင်ရှောင်က အမှန်အတိုင်း‌ ဖြေလိုက်ပါသည်။

“ကျွန်မဝယ်ထားတာပါ”

လီကျန်းကလည်း အလွယ်တကူ လှည့်စားခံရမည့်လူမျိုး မဟုတ်ပေ။ ဤနေရာနှင့် အနီးဆုံးဟူသည့် သမဝါယမ အရောင်းဆိုင်ကပင် အလွန်ဝေးကွာလွန်းသည် မဟုတ်ပါလား။

လီကျန်း မယုံကြည်မှန်း မြင်သဖြင့် ယဲ့ရှောင်ရှောင် ထပ်ပြောလိုက်သည်။

“ကျွန်မကို ကားနဲ့လိုက်ပို့ပေးခဲ့တဲ့လူ ဝယ်ပေးသွားတာလေ”

လီကျန်းသည် ကျင်းယုကို မြင်လိုက်သော်လည်း ကားကိုတော့ မမြင်လိုက်ပေ။

သူမ စပ်စုသင့်သည့်ကိစ္စမဟုတ်မှန်း သိသဖြင့် ဆက်မမေးတော့ဘဲ အခန်းထဲတွင် ယဲ့ရှောင်ရှောင် ချပေးထားသည့် အနီရောင် ရေပုံးလေးထဲသို့ သူမရေပုံးထဲမှ ရေမုတ်ဖြင့် ၂ ခွက် ခပ်လျက် ထည့်ပေးလိုက်ပါသည်။

“ဒါ ၁ ယွမ်ဖိုးနော်၊ စစ်ကြည့်လိုက်ဦး”

ယဲ့ရှောင်ရှောင်: “…”

လီကျန်းက ထပ်ပြောသည်။

“ငါတို့အဆောင်ရဲ့ တောင်ဘက်မှာ မီးဖိုချောင်ခန်းရှိတယ်၊ တကယ်လို့ ရေနွေးကျိုသောက်ချင်တယ်ဆိုရင် အဲ့မှာ သွားကျိုသောက်လို့ရတယ်၊ ဒါပေမယ့် ဒီမှာ ထင်းကရှားလို့ မလိုအပ်ဘဲ သုံးလေ့ မရှိကြဘူး”

ဤနေရာ၏ ဆင်းရဲမွဲတေမှုက အံ့ဩစရာကောင်းလှပါသည်။

တောင်ပေါ်တွင်နေထိုင်လျှင် တောင်ကို မှီခိုအားထား၍ အသက်မွေးနိုင်သည်။ ပင်လယ်နားတွင် နေထိုင်လျှင် ပင်လယ်ကို အမှီပြု၍ အသက်မွေးနိုင်သည်။ သို့သော် ကန္တာရအနီးနားတွင် နေထိုင်လျှင်တော့ သဲမြေကိုသာ ဝါးစားရလိမ့်မည်။

အနည်းဆုံးတော့ ပိုင်ချွမ်ရွာတွင် သားငါးများ အမဲလိုက်နိုင်ပြီး ထင်းမီးများ ပေါပေါများများ သုံးနိုင်သေးသည်။

ယဲ့ရှောင်ရှောင်မှာ သူမတို့ ရွာအိမ်ကလေး၏ ခြံထဲတွင် အမြဲလိုလို ပုံထားတတ်သည့် ထင်းပုံလေးကို ရုတ်တရက်ကြီး လွမ်းဆွတ် သတိရသွားခဲ့တော့သည်။

“အဲ့တာဆို ရေတွေဘာတွေ ချိုးဖို့ကော ဘယ်လိုလုပ်ရမလဲ”

လီကျန်းက သူမကို ဂြိုဟ်သားတစ်ဦးပမာ စိုက်ကြည့်လိုက်သည်။

“ရေတွေ ဒီလောက်ရှားနေတာကို နင်က ရေချိုးချင်သေးတယ်ပေါ့၊ ရေပတ်သာ တိုက်စမ်းပါ၊ ငါဆို ၆ လနေမှ တစ်ခါလောက်ပဲ ရေသေချာချိုးတာ”

ဤနေရာသို့ ရောက်ရှိလာချိန်မှစ၍ ယဲ့ရှောင်ရှောင် အံ့အားသင့်တုန်လှုပ်ခဲ့ရသည့်အကြိမ်ပေါင်း မနည်းတော့ချေ။ သို့သော် သူမသည် အရှိတရားကို အလွယ်တကူ နားလည်လက်ခံနိုင်သူဖြစ်ပါသည်။

သဲကန္တာရဖြစ်နေလျှင်ပင် ရေပိုက်လိုင်းများဖြင့် ရေသန့်ရရှိအောင် စီမံပေးနိုင်သည့် ၂၁ ရာစုအား ယဲ့ရှောင်ရှောင် တန်ဖိုးထားတတ်ခဲ့ပါပြီ။

“ကျွန်မ ခဏလောက် နားလိုက်ဦးမယ်နော်”

ယခုချိန်အတွင် အနားယူချင်နေသည်မှတစ်ပါး ယဲ့ရှောင်ရှောင် ဘာမှ မတွေးနိုင်တော့ပေ။

လီကျန်းသည် သူမ၏ ရေပုံးလေးကို ပိုက်လျက် ပြန်ဖို့ ပြင်လိုက်သည်။

“အေးပါ၊ ထမင်းစားဆောင်မှာ ညစာစားလို့ရပြီဆို ငါလာခေါ်မယ်”

“ကျေးဇူးပါ”

ထိုမိန်းကလေးမှာ စီးပွားရေးသောင်းကျန်းသည့် ရေကုန်သည်ဖြစ်သော်လည်း စိတ်ရင်းတော့ ကောင်းပါသေးသည်။

ယဲ့ရှောင်ရှောင်သည် တံခါးများနှင့် ပြူတင်းပေါက်များကို လုံလုံခြုံခြုံပိတ်လိုက်ပြီး ကုတင်ပေါ်တွဲ လှဲလျောင်းကာ သက်တောင့်သက်သာ အိပ်စက်ခဲ့ပါသည်။

သူမ အိပ်ရာနိုးလာသောအခါ ပတ်ဝန်းကျင်က လင်းလင်းရှင်းရှင်း ရှိနေဆဲဖြစ်သည်။ ည ၇ နာရီခွဲနေပြီဖြစ်သော်ငြား နေမဝင်သေးပေ။

လီကျန်းက တံခါးလာခေါက်ပြီး ညစာစားဖို့ လာခေါ်ပါသည်။

“ဒါညွှန်ကြားရေးမှူး ပေးခိုင်းလိုက်တဲ့ ကူပွန်တွေ၊ နင်က အလုပ်သင်ဆိုပေမယ့် အစိုးရကပေးတဲ့ အကျိုးခံစားခွင့်အမျိုးမျိုးရဖို့ အရင်ဆုံး လျှောက်လွှာတင်ရဦးမှာ၊ အဲ့တာကြောင့် ဒီကူပွန်တွေကို ငါတို့သုံးယောက်ထဲက စိုက်ပြီး ထုတ်ပေးထားတာမို့လို့ နောက်ကျရင် ပြန်ပေးဖို့ မမေ့နဲ့ဦးနော်”

ယဲ့ရှောင်ရှောင်က ကူပွန်များကို လက်ခံလျက် မေးမြန်းလိုက်သည်။

“အဲ့တာဆို အစ်မတို့သုံးယောက် ဒီလအတွက် ကူပွန်လောက်ပါ့မလား”

“လောက်မှာပါ၊ အရင်ကလည်း အဲ့ဒီကူပွန်တွေ ကုန်အောင်သုံးနိုင်တာမှ မဟုတ်တာ”

အစားအသောက်နှင့် ပတ်သတ်လာလျှင်မူ အစိုးရက ဝန်ထမ်းများအပေါ် ရက်ရက်ရော‌ရော ရှိလှပါသည်။

ယဲ့ရှောင်ရှောင်သည် သူမ၏ ထမင်းဘူးလေးကို ကိုင်ကာ လီကျန်းနှင့်အတူ ထမင်းစားဆောင်သို့ ထွက်လာခဲ့ပါသည်။

လမ်းတစ်လျှောက်လုံးတွင် အများဆုံးတွေ့ရသည်မှာ စစ်ယူနီဖောင်းများ ဝတ်ဆင်ထားသည့် စစ်သားများနှင့် မျက်မှန်အထူကြီးများ တပ်ဆင်ကာ ဖိုသီဖတ်သီ ဖြစ်နေသည့် သုတေသနပညာရှင်များပင်။

လူအများစုက သူမတို့ကို မကြာခဏ လှည့်ကြည့်သွားကြသည်။

“ဒေါက်တာလီ၊ အဲ့တာ ဆေးခန်းကို ရောက်လာတဲ့ ဝန်ထမ်းအသစ်လေးလား”

လီကျန်းနှင့် ရင်းနှီးသည့် စစ်သားတစ်ဦးက နွေးနွေးထွေးထွေး စကားလာပြောပါသည်။ သို့သော် သူ့မျက်လုံးများကမူ ယဲ့ရှောင်ရှောင်ထံတွင်သာ ရှိနေလေသည်။

သူမ၏ ကိုယ်ရောင်ကိုယ်ဝါကို ကြည့်ခြင်းအားဖြင့် စခန်းတွင် ယခင်ကတည်းက တာဝန်ထမ်းဆောင်ခဲ့သူမဟုတ်မှန်း သိသာလှသည်။

သူမ၏ ဖြူစင်ဝင်းပနေသည့် အသားအရေ၊ အစွန်းအထင်း ကင်းရှင်းသည့် အဝတ်အစားများကို ကြည့်ခြင်းအားဖြင့် မကြာသေးခင်ကမှ ရောက်ရှိလာသည့် ဝန်ထမ်းအသစ်စက်စက်လေးဖြစ်မှန်း သိနိုင်ပေသည်။

စခန်းတွင် ပါရမီရှင်များနှင့် ပြည့်နှက်နေသည်ဆိုသော်ငြား သုတေသနပညာရှင် အများစုမှာ ဒေတာအချက်အလက်များကိုသာ အာရုံစိုက်လွန်းသဖြင့် မျက်သစ်ဖို့နေနေသာသာ တစ်ခါတရံ ညစာစားသောက်ဖို့ပင် မေ့လျော့နေတတ်ကြပါသည်။

ကင်းစောင့်တပ်သားတစ်ဦး၏ ပြောပြချက်အရ ထိုသုတေသနပညာရှင်များ၏ စစ်မှန်သော မျက်နှာများကို ဤစခန်းသို့ စတင်ရောက်ရှိကြလာသည့် ပထမဆုံးနေ့တွင်သာ မြင်တွေ့နိုင်ပြီး နောက်ပိုင်းတွင် ဖုန်မှုန့်သဲမှုန့်များကြောင့် မည်သူမဆို တဖြည်းဖြည်းနှင့် ပေတိပေစုတ်ဖြစ်လာကြသည်ဟု သိရှိရပါသည်။

ထို့ကြောင့် ပတ်ဝန်းကျင်၏ တိုက်စားမှုကို မခံရသေးသော ယဲ့ရှောင်ရှောင်မှာ အားလုံး၏ အမြင်တွင် အသစ်အဆန်း ဖြစ်နေခဲ့လေသည်။

လီကျန်းက ထိုစစ်သားကို စိတ်မရှည်စွာဖြင့် မောင်းထုတ်လိုက်လေသည်။

“ရှူး ရှူး! သွားစမ်း! နင့်အလုပ်နင်သွားလုပ်၊ ငါတို့ဆေးခန်းကိစ္စကို လာမစပ်စုနဲ့”

စခန်းထဲတွင် သွားလာနေကြသည့် စစ်သားများကို ကြည့်ရင်း ယဲ့ရှောင်ရှောင်ရင်ထဲ လုဟန်ချွမ်အကြောင်း မေးမြန်းချင်စိတ်များ အလွန်ပြင်းပြလာပါသည်။

သို့သော် ဤနေရာတွင် သူမကိုယ်တိုင် အရင်ဆုံး အခြေကျအောင် နေထိုင်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။

ထမင်းစားဆောင် ကောင်တာတွင် ယဲ့ရှောင်ရှောင်ကိုမြင်လိုက်သည်နှင့် ထမင်းချက်အဒေါ်ကြီး၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားခဲ့သည်။

“အောင်မယ်လေး၊ နုဖတ်အုအက်နေတဲ့ ကောင်မလေးပါလား! များများစားနော်၊ မဝသေးရင် ဟင်းတွေ ထပ်လာယူလှည့်”

“သမီးအဲ့လောက်အများကြီး မစားနိုင်ပါဘူး အဒေါ်ရယ်”

အဒေါ်ကြီးက တိုက်တွန်းသည်။

“များများသာ စားစမ်းပါ၊ မဟုတ်ရင် လေတိုက်လို့ လွင့်ပါသွားဦးမယ်”

စာသင်ကျောင်းများနှင့် အခြားသောနေရာများရှိ ထမင်းစားဆောင်များတွင် ဟင်းထည့်ပေးလျှင် လက်တုန်နေတတ်သည့် အဒေါ်ကြီးများနှင့် လွန်စွာ ခြားနားလှပေသည်ဟု ယဲ့ရှောင်ရှောင် တွေးမိပါသည်။

ယဲ့ရှောင်ရှောင်သည် သူမ၏ ထမင်းဘူးထဲ တောင်လိုပုံနေသည့် အားလူးများ၊ ပဲသီးများကိုကြည့်ကာ သက်ပြင်းသာ ချမိတော့သည်။

ဘေးတွင် လီကျန်းကမူ ခေါင်းပင်မဖော်နိုင်ဘဲ အားရပါးရ စားသောက်နေလေသည်။

ယဲ့ရှောင်ရှောင်လည်း အစားအသောက်ကို မဖြုန်းတီးလိုသည့်အတွက် တတ်နိုင်သလောက် များများစားဖို့ ကြိုးစားခဲ့ပါသည်။ သို့သော် ပေါက်စီတစ်ဝက်ကိုတော့ မစားနိုင်တော့သဖြင့် လီကျန်းအား ဖဲ့ကျွေးလိုက်ရသည်။

လီကျန်းက ပွစိပွစိပြောသည်။

“နင့်အစာအိမ်က ဘယ်လိုတောင် သေးတာလဲ၊ ညကြီးသန်းခေါင် အခန်းထဲမှာ အစာငတ်သေချင်လို့လား”

လီကျန်းကမူ မည်မျှပင် စားသောက်ပါစေ ဗိုက်ပြည့်သွားသည်ဟု မခံစားရဖူးပေ။

ယဲ့ရှောင်ရှောင်: “အခုမှ ရောက်လာတာဆိုတော့ စားချင်သောက်ချင်စိတ် သိပ်မရှိသေးတာ ထင်ပါတယ်”

“အဲ့တာဆိုလည်း ညဘက်ဗိုက်ဆာရင် ထစားလို့ရအောင် အဲ့ပေါက်စီတစ်ဝက်ကို သိမ်းထားလေ”

ယဲ့ရှောင်ရှောင်: “ဒီရာသီဥတုမျိုးနဲ့ ပျက်စီးမသွားနိုင်ဘူးလား”

လီကျန်းက ချေပသည်။

“ခြောက်ကပ်သွားလည်း ကွတ်ကီးလို့သဘောထားပြီး စားလို့ရတာပဲ၊ ဘာလို့ပျက်စီးရမှာလဲ”

ယဲ့ရှောင်ရှောင်: “…”’

ညစာစားသုံးပြီးသောအခါ ထမင်းဘူးကို ဆေးကြောဖို့ အချိန်ကျလာပါပြီ။

ယဲ့ရှောင်ရှောင် ထမင်းဘူးကို ဆေးကြောဖို့ ပြင်ဆင်လိုက်ချိန်တွင် လီကျန်းသည် သူမကို အဖိုးတန်လှသော ရေအရင်းအမြစ်ကို ဖြုန်းတီးပစ်နေသည့်အလား စိုက်ကြည့်ကာ မေးမြန်းလိုက်လေသည်။

“ငါဆေးပေးရမလား”

ယဲ့ရှောင်ရှောင်က လက်ကို အမြန်ရှောင်လျက် ပြောလိုက်သည်။

“နေပါစေ၊ အစ်မဆေးရင် ရေကိုကပ်စေးနည်းပြီး သုံးလို့ မပြောင်ဘဲနေဦးမယ်”

လီကျန်းမှာ ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ ရယ်မောလိုက်သည်။

“ငါက ဒီမှာပဲ ကြီးပြင်းလာတာပါဟ၊ ငါ့ကို ပန်းကန်တောင် မဆေးတတ်ဘူးလို့ ထင်နေတာလား”

“ဒါထမင်းဘူးလေ၊ ပန်းကန်မှမဟုတ်တာ”

ကံကောင်းစွာဖြင့် ညစာအဖြစ် ပေါက်စီများ စားခဲ့ရပြီး အရံဟင်းများကိုလည်း ပြောင်စင်အောင်စားခဲ့သဖြင့် ထမင်းဘူးကို ဆေးကြောဖို့ လွယ်ကူပါသည်။ ယဲ့ရှောင်ရှောင် ရေဖြင့်တစ်ကြိမ် ဆေးကြောလိုက်ပြီး သေချာ သိမ်းဆည်းထားလိုက်သည်။

ညမိုးချုပ်သောအခါ ယဲ့ရှောင်ရှောင် ရေမချိုးနိုင်သော်လည်း အနည်းဆုံးတော့ မျက်နှာသစ်ပြီး ခြေလက်များ ဆေးကြောမှ ဖြစ်ပါမည်။ သို့သော် ရေကိုတော့ ခြိုးခြံချွေတာ သုံးစွဲရပေမည်။

ယဲ့ရှောင်ရှောင် မေးမြန်းလိုက်သည်။

“မနက်ဖြန်လည်း ကျွန်မ ရေဝေစုကို မရနိုင်ဘူးလား”

လီကျန်း: “မနက်ဖြန်ရေလာပို့ပြီးမှ နင့်အတွက် သူတို့ စာရင်သွင်းပေးလို့ရမှာ၊ အဲ့တာကြောင့် မနက်ဖြန်လည်း ရမှာ မဟုတ်သေးဘူး၊ ဒါပေမယ့် စစ်တပ်က ထောက်ပို့ပေးတာအပြင် ရေဝယ်လို့ရတဲ့ တခြားနေရာတွေလည်း ရှိသေးတယ်နော်”

ယဲ့ရှောင်ရှောင် စိတ်ဝင်တစား နားထောင်လိုက်သည်။

လီကျန်းက တီးတိုး ရှင်းပြလေသည်။

“ဒီနားမှာနေတဲ့ ဒေသခံတွေဆီက ဝယ်လို့ရတယ်လေ၊ အဲ့ဒီ မိသားစုတွေက ကုလားအုပ်တွေ အများကြီး မွေးထားကြတာ၊ မြို့ပေါ်က ရေပေးတဲ့နေရာတွေကနေ ရေတွေကိုယူလာပြီး စခန်းပြင်ပမှာ လာရောင်းကြတာလေ၊ သူတို့ဆီက ဝယ်တဲ့လူတွေ အများကြီး ရှိတယ်၊ နင်အများကြီး ဝယ်မယ်ဆိုရင် နေ့တိုင်းပုံမှန်လာပို့ပေးဖို့ စီစဉ်ခိုင်းလို့တောင်ရတယ်၊ အဲ့တော့… သူတို့ကို ဆက်သွယ်ဖို့ ငါကူညီပေးရမလား”

ယဲ့‌ရှောင်ရှောင် ခေါင်းခါလိုက်သည်။

လီကျန်းသည် ဤနုနုနယ်နယ် မြို့သူလေးကို လှည့်စားနိုင်ပြီအထင်နှင့် ဆက်ပြောလိုက်ပါသည်။

“နင်ရေမချိုးချင်ဘူးလား”

“အစ်မက ကြားထဲကနေ ဖြတ်စားချင်လို့ ပွဲစားလုပ်ပေးဖို့ ကမ်းလှမ်းတာမလား”

ယဲ့ရှောင်ရှောင်က နားလည်သောအပြုံးဖြင့် ပြောလိုက်သည်။

“အစ်မဆီက ဝယ်တဲ့ရေထက် အဲ့ဒီဒေသခံတွေဆီက ဝယ်တဲ့ရေက အများကြီးပိုဈေးသက်သာလိမ့်မယ်လို့ ကျွန်မ လောင်းရဲတယ်”

ထို့နောက် ယဲ့ရှောင်ရှောင်သည် သူမ၏ ရေဇလုံကို ယူကာ ခြေဆေးထားသည့် ရေများကို သွားသွန်ဖို့ ပြင်လိုက်ပါသည်။

လီကျန်းကလည်း သုတ်သုတ်ပျာပျာ မတ်တပ်ရပ်ကာ ထပ်ပြောလိုက်သည်။

“ငါ့ဈေးက မြင့်တယ်ဆိုပေမယ့် ဝန်ဆောင်မှုလည်း ကောင်းတယ်လေ! နင့်အခန်းထဲထိရောက်အောင် ပို့ပေးမှာ! အဲ့ဒီ ဒေသခံကုန်သည်တွေကတော့ စခန်းအပေါက်ဝထိပဲ ပို့ပေးနိုင်မှာနော်”

ယဲ့ရှောင်ရှောင် စိတ်မဝင်စားဘဲ အိပ်စက်ဖို့ ပြင်နေသည်ကို မြင်သောအခါ လီကျန်းက ထပ်အော်သည်။

“နောက်ဆုံး ရေနွေးကျိုဖို့ပါ ငါကူညီပေးနိုင်တယ်လေ! အဲ့တာကြောင့် ငါ့ဖာသာငါ မုန့်ဖိုးလေးနည်းနည်းပါးပါး ရှာတာ ဘာဖြစ်လို့လဲ”

ယဲ့ရှောင်ရှောင်သည် တစ်ခွန်းမှ ပြန်မပြောတော့ဘဲ အခန်းထဲသို့ ဝင်ကာ တံခါးကို အသာအယာ ပိတ်လိုက်တော့သည်။

လူသစ်လေး အမှန်တကယ် အိပ်စက်တော့မည်ဖြစ်မှန်းမြင်ခါမှ လီကျန်းလည်း ဈေးဗန်းခင်းဖို့ကြံနေသည်ကို လက်လျှော့လိုက်ရတော့သည်။

ဝင်းခြံထဲမှ ဖြတ်သွားစဉ် ယန်ကျွမ်းက လီကျန်းအား သတိလှမ်းပေးလိုက်လေသည်။

“သူ့ကို အနိုင်မကျင့်နဲ့နော်”

လီကျန်းက မခံချင်စိတ်ဖြင့် ပြန်ချေပလိုက်သည်။

“ငါက ဘယ်မှာ အနိုင်ကျင့်နေလို့လဲ၊ ဘာပဲဖြစ်ဖြစ် သူလည်း ရက်ပိုင်းလောက်နေပြီး ထွက်သွားမှာပဲဥစ္စာ၊ ဒီမှာရှိနေတုန်းလေး ပြည့်ပြည့်စုံစုံနေနိုင်အောင် ငါက ကူညီပေးနေတာလေ”

All Chapters