အခန်း ၂၆၉
Vol. 27 Ch. 269
Chapter 269
နောက်တစ်နေ့မနက် ယဲ့ရှောင်ရှောင် အိပ်ရာနိုးလာသောအခါ တစ်ကိုယ်လုံး ရိုက်နှက်ခံထားရသကဲ့သို့ ခါးနှင့် ကြွက်သားများ နာကျင်ကိုက်ခဲနေလေသည်။
ကုတင်ကြောင့်မဟုတ်ဘဲ ရထားပေါ်တွင် အကြာကြီးစီးနှင်းခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။
ထို့အပြင် ရာသီဥတုကလည်း အမှန်တကယ်ပင် ခြောက်သွေ့လွန်းသဖြင့် ယဲ့ရှောင်ရှောင်တစ်ယောက် မျက်နှာပေါ်မှ အရေပြားများ ကွာကျတော့မည့်အလား ခံစားနေရသည်။
မနက်ပိုင်း မျက်နှာလိမ်းခရင်မ်လေး လိမ်းလိုက်ခါမှ အနည်းငယ် သက်သာသွားခဲ့ပါသည်။
မနက်စာ စားသောက်ပြီးနောက် ဆေးခန်းသို့ ယဲ့ရှောင်ရှောင် ထွက်လာခဲ့သည်။
ဤနေရာတွင် အလုပ်များများစားစား မရှိသဖြင့် သူမကို ရက်အနည်းငယ်လောက် အနားယူဖို့ ညွှန်ကြားရေးမှူးက ပြောထားသော်လည်း သူမအနေဖြင့် လက်ရှိ အခြေအနေများကို အသားကျအောင် ကြိုတင်လေ့လာထားရန် လိုအပ်ပေသည်။
ပထမဦးစွာ ဆေးခန်းအတွင်း ပုံမှန်အသုံးပြုနေသည့် ဆေးဝါးစားရင်းကို စစ်ဆေးကြည့်လိုက်ရာ ဆေးဝါးရိက္ခာ သိုလှောင်မှုမှာ လုံးဝ ပြည့်စုံမှု မရှိကြောင်း တွေ့ခဲ့ရသည်။
“ငါတို့ဆေးခန်းက သောက်ဆေးပေးတာနဲ့ ပုလင်းချိတ်တာလောက်ပဲ လုပ်ပေးနိုင်တာလေ”
ညွှန်ကြားရေးမှူးက ယဲ့ရှောင်ရှောင်ကို တစ်ချက်လှမ်းကြည့်ကာ ပွင့်ပွင့်လင်းလင်းပင် ရှင်းပြလိုက်သည်။
“အရမ်းပြင်းထန်တဲ့ အဖျားရောဂါ ဒါမှမဟုတ် ဒဏ်ရာတွေဆိုရင် ငါတို့ ကုမပေးနိုင်ဘူး၊ ပြီးတော့ နင်က တရုတ်တိုင်းရင်းဆေးကျောင်းသူလို့ ပြောတယ်နော်၊ ဒါပေမယ့် ဒီမှာတော့ ဘာတိုင်းရင်းဆေးပင်ဆေးမြစ်မှ မရှိဘူး”
ယဲ့ရှောင်ရှောင်က မေးသည်။
“ဒီကနေ အပြင်ကို စာတွေဘာတွေ ပို့ပေးလို့ ရလားဟင်”
ကျောက်ချွင်းဟွာ: “စခန်းကနေ ပို့တဲ့စာမှန်သမျှက စစ်ဆေးမှုခံယူရတယ်၊ ပြီးတော့ လိပ်စာကိုလည်း ထည့်ရေးပေးလို့မရဘူး၊ နင်တကယ် စာပို့ချင်တယ်ဆိုရင် နာလန်မြို့က စာတိုက်မှာ သွားပို့လို့ရတယ်”
ယဲ့ရှောင်ရှောင်က ထပ်မေးသည်။
“အဲ့တာဆို ပစ္စည်းတွေဘာတွေကော အဲ့ကပဲ ထုတ်တာ ပို့တာ လုပ်လို့ရတယ်လား”
“ရတယ်လေ၊ အဲ့ကိုလမ်းလျှောက်သွားရင် သိပ်မကြာပါဘူး၊ ၂ နာရီ ၃ နာရီလောက်ပဲ”
ယဲ့ရှောင်ရှောင်: “…”
‘သိပ်မကြာဘူးတဲ့လား’
ကျောက်ချွင်းဟွာက ဆက်ပြောသည်။
“နင့်အိမ်က ပို့ပေးချင်တာတွေရှိရင် နာလန်မြို့ စာတိုက်ကိုသာ ပို့ခိုင်းလိုက်၊ နင်အချိန်ရမှ သွားယူလို့ရတယ်၊ ဒါမှမဟုတ် စစ်သားတွေ စခန်းကထွက်မယ့်အချိန်ကို စောင့်ပြီး လမ်းကြုံယူလာခိုင်းလို့ရတယ်”
ယဲ့ရှောင်ရှောင်သည် ဆေးခန်းရှိ ဆေးဝါးများကိုသာ စနစ်တကျ ပြန်စီနေလိုက်တော့သည်။ ညွှန်ကြားရေးမှူး၏ အကြံပြုချက်မှာ အသုံးမဝင်လှပေ။
ယဲ့ရှောင်ရှောင်တစ်ယောက် အလုပ်ထဲ စိတ်နှစ်လုပ်ကိုင်နေသည်ကိုမြင်သောအခါ ကျောက်ချွင်းဟွာလည်း သူမကို စိတ်ဓာတ်ကျစေမည့် စကားများ ဆက်မပြောတော့ပေ။
“ဒါဆိုလည်း အချိန်ယူပြီး အေးအေးဆေးဆေးလုပ်နော်၊ သက်တမ်းကုန်နေတဲ့ ဆေးပုလင်းတွေဘာတွေ တွေ့ရင်လည်း ဒီတိုင်းမထားခဲ့နဲ့ဦး”
ယဲ့ရှောင်ရှောင် ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်လိုက်ပါသည်။
ယဲ့ရှောင်ရှောင်အတွက် ပထမဆုံးသောလူနာသည် မျှော်လင့်ထားသည်ထက် ပိုမိုစောစီးစွာ ရောက်ရှိလာခဲ့လေသည်။
ယဲ့ရှောင်ရှောင် ဆေးဝါးစာရင်းကို အသေအချာ စစ်ဆေးပြီးရုံမျှသာ ရှိသေးစဉ် လူတစ်ဦးသည် ဗိုက်ကိုနာနာကျင်ကျင် ဖိလျက် ဆေးခန်းအတွင်းသို့ ဝင်ရောက်လာပါသည်။
ယဲ့ရှောင်ရှောင်မှာ အလွန်ငယ်ရွယ်ပြီး မျက်နှာသစ်လည်းဖြစ်သည့်အပြင် အလုပ်ယူနီဖောင်းလည်း ဝတ်ဆင်ထားခြင်း မရှိသဖြင့် ထိုလူနာမှာ အားနည်းလှသောလေသံဖြင့် ညည်းညူပြောဆိုလိုက်သည်။
“ဒေါက်တာယန်နဲ့ တွေ့ချင်လို့ပါ”
ယဲ့ရှောင်ရှောင်က ဆိုလိုက်သည်။
“ခဏလောက် ထိုင်ပါဦးနော်”
ထိုလူနာကို ဘေးမှ ကူတွဲပေးလာသည့် အခြားလူတစ်ယောက်က မေးမြန်းလိုက်သည်။
“မင်းက ဆရာဝန်အသစ်လား”
“ဟုတ်ပါတယ်၊ ကျွန်မ သွေးခုန်နှုန်း စမ်းသပ်ကြည့်လို့ရအောင် လက်ကိုဆန့်ပေးနော်”
ယဲ့ရှောင်ရှောင် ပြောပြောဆိုဆိုဖြင့် လူနာ၏ လက်ကောက် ဝတ်ပေါ်သို့ လက်ချောင်းဖြင့် အသာအယာ စမ်းလိုက်ပါသည်။
လူနာရှင်က အလွန်အံ့အားသင့်သွားပြီး ချက်ချင်းပင် ဒေါသတကြီး ပြောလိုက်သည်။
“မင်းက တိုင်းရင်းဆေးဆရာလား၊ အဓိပ္ပာယ်မရှိတာ! တိုင်းရင်းဆေးပညာနဲ့ ဘယ်လိုလုပ်”
“သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး၊ အစာအိမ်ရောင်တဲ့ ပြဿနာ ပြန်ထလာတာ၊ သူ့ကို IV ချိတ်ပေးရအောင်”
ယဲ့ရှောင်ရှောင် လက်ကို ပြန်ရုတ်သိမ်းလျက် ပြောလိုက်သည်။ ထို့နောက် လူနာအား ညွှန်ကြားလိုက်ပါသည်။
“အစားအသောက်ကို အချိန်မှန်စားရမယ်၊ အခု မစားသေးဘဲ နောက်တစ်ခါကျမှ ပေါင်းစားမယ်ဆိုတာမျိုး မကြာခဏလုပ်ရင် ဒီလို ဖြစ်တတ်တယ်”
လူနာမှာ ပါးစပ်အဟောင်းသားဖြစ်သွားသည်။
“မင်း ဘယ်လို သိတာလဲ၊ ဒေါက်တာမလေးကို စကားချိုချိုသာသာပြောစမ်းပါ အစ်ကိုဟူ”
အစာအိမ်ရောဂါခံစားနေရသည့် လူနာမှာ လီချန်းဖုန်းဟုအမည်ရသည်။
လူနာအမည်ကို စာရင်းသွင်းပြီးသည်နှင့် ယဲ့ရှောင်ရှောင် ဆေးစပ်ဖို့ ထွက်သွားခဲ့ပါသည်။ တက္ကသိုလ်တွင် ပညာသင်ယူစရာပင်မလိုအပ်ဘဲ ဤကဲ့သို့ အခြေခံအသိပညာမျိုးကို ယခင်ဘဝကတည်းက ယဲ့ရှောင်ရှောင် တတ်ကျွမ်းခဲ့ပါသည်။
အကြောဆေးသွင်းပြီးသည်နှင့် လီချန်းဖုန်း၏ ဝေဒနာများ သိသိသာသာ သက်သာသွားခဲ့သည်။
အစောပိုင်းက စိတ်တိုသွားသည့် ရှေးဟောင်းသုတေသနပညာရှင်မှာလည်း ဆွံ့အသွားခဲ့ရသည်။ ယဲ့ရှောင်ရှောင်ကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်ကာ သူတောင်းပန်လိုက်ပါသည်။
“တောင်းပန်ပါတယ်၊ ကျုပ်မစဉ်းစားဘဲ ပြောလိုက်မိတယ်”
ယဲ့ရှောင်ရှောင်ကမူ စိတ်ထဲမထားခဲ့ပေ။ လူနာများနှင့် ပတ်ဝန်းကျင်၏ သံသယပွားခြင်းကို ခံရသည်မှာ သူမအတွက်တော့ သာမန်ကိစ္စရပ်တစ်ခုသဖွယ် ဖြစ်နေပါပြီ။
အစ်ကိုဟူက လီချန်းဖုန်းဘက်သို့လှည့်ကာ ဆုံးမလိုက်သည်။
“ဆရာဝန်ပြောတာကြားတယ်မလား၊ အချိန်မှန်မှန် စားရမယ်တဲ့၊ ငါအခု ထမင်းစားဆောင်ကနေ ပေါက်စီနည်းနည်း သွားယူပေမးယ်”
စခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် ဆေးဝါးဝယ်ယူဖို့ သို့မဟုတ် ဆရာဝန်နှင့်တွေ့ဆုံဖို့ ဆေးဖိုးဝါးခ ပေးစရာမလိုအပ်ပေ။ ထို့ကြောင့် ငွေရေးကြေးရေးအတွက် မည်သူကမှ စိုးရိမ်ပူပန်စရာ မလိုခဲ့ပါ။
သို့တိုင်အောင် ဤနေရာသို့ ဆေးကုသမှု လာရောက်ခံယူသူ အလွန်ပင် နည်းပါးလှပေသည်။
ယဲ့ရှောင်ရှောင်ကို နေ့လယ်စာစားဖို့ လီကျန်းလာခေါ်သောအခါ ဆေးခန်းထဲတွင် လူနာတစ်ဦးရှိနေသည်ကိုမြင်ပြီး အလွန်အံ့အားသင့်သွားခဲ့ရသည်။
“IV ဘယ်သူချိတ်ပေးထားတာလဲ၊ နင်လား!”
ယဲ့ရှောင်ရှောင်: “ဟုတ်တယ် ပြဿနာရှိလို့လား”
လီကျန်းက ထပ်မေးသည်။
“ဆေးတွေကိုကော နင့်ဖာသာနင် စပ်ထားတာလား၊ ပုံမှန်ဆိုရင် ညွှန်ကြားရေးမှူးနဲ့ ဒေါက်တာယန်တို့ပဲ အဲ့ဆေးတွေကို ထိခွင့်ရှိတာ၊ နင်လုပ်ကော လုပ်တတ်ရဲ့လား”
“စိတ်ချပါ၊ ကျွန်မ သင်ဖူးပါတယ်”
လီကျန်းက ဒေါကြီးမောကြီး ခြေဆောင့်ကာ ပြောလိုက်သည်။
“နင့်ရှေ့က လာခဲ့တဲ့ လူတွေအကုန်လုံးလည်း ထိပ်တန်းတက္ကသိုလ်တွေကနေ ဆင်းလာတဲ့ ပညာတတ်ကြီးတွေပါဆိုပြီး ပြဿနာအမျိုးမျိုး ရှာသွားကြတာလေ!”
ယဲ့ရှောင်ရှောင် သေသေချာချာစဉ်းစားကြည့်လိုက်သောအခါ ဤခေတ်အခါတွင် တက္ကသိုလ်ဝင်ခွင့်ရရှိသူများသည် အမှန်တကယ် ထူးချွန်ကြသူများဖြစ်ကြပါသည်။ ထို့ကြောင့် သူမရှေ့မှ ရောက်ရှိလာဖူးသည့် အလုပ်သင်ကျောင်းသားများသည် လက်တွေ့ အတွေ့အကြုံ နည်းပါးလွန်းသဖြင့် အမှားအယွင်း လုပ်ခဲ့မိကြခြင်းသာ ဖြစ်ပေလိမ့်မည်။
“ကျွန်မကတော့ ဘာပြဿနာမှ မရှာပါဘူး”
လီကျန်းဆွံ့အသွားရသည်။ ရဲဘော်လီလည်း အဆင်ပြေနေသည့် ပုံစံပေါက်သဖြင့် သူမ စိတ်လျှော့လိုက်ပြီး မေးမြန်းလိုက်ပါသည်။
“နင်နေ့လယ်စာထွက်စားမှာလား၊ ငါယူလာပေးရမလား”
ယဲ့ရှောင်ရှောင်က ကျီစယ်သည်။
“ယူလာပေးခတော့ မပေးရလောက်ပါဘူးနော်”
လီကျန်းက ပြန်ငေါက်လေသည်။
“မစားချင်လည်း နေပေါ့!”
ယဲ့ရှောင်ရှောင်သည် သူမ၏ ထမင်းဘူးကို ကပျာကယာလှမ်းယူကာ လီကျန်း၏ လက်ထဲ ထိုးထည့်ပေးလိုက်ပါသည်။
“ကျေးဇူးတင်ပါတယ်”
လီကျန်းတစ်ယောက် ထမင်းဘူးကို ကိုင်ပြီး အပြင်သို့ပြန်ထွက်လာသည်။ လမ်းတွင် ယန်ကျွမ်းနှင့် ဆုံသဖြင့် သူမ သတိပေးလိုက်ပါသည်။
“ခဏနေရင် အထဲဝင်ပြီး သေချာသွားစစ်ကြည့်လိုက်ဦး၊ ဟိုလူသစ်က လူနာတွေကို IV တွေ ဘာတွေတောင် ချိတ်ပေးနေပြီ”
ယခင်က အလုပ်သင်များဆိုလျှင် ဤမျှလောက် မရဲတင်းကြပေ။
ယန်ကျွမ်းလည်း အနည်းငယ် ထိတ်လန့်သွားပါသည်။ နေ့လယ်စာကို ယူဆောင်ပြီးနောက် ထမင်းစားဆောင်တွင် ထိုင်မစားတော့ဘဲ ဆေးခန်းသို့ သုတ်သုတ်ပျာပျာ ပြန်ပြေးလာခဲ့တော့သည်။
ဆေးခန်းထဲတွင် ယဲ့ရှောင်ရှောင်သည် လီချန်းဖုန်း၏ လက်ပေါ်မှ အပ်ကိုပင် ပြန်ဖြုတ်ပေးပြီးပါပြီ။ ထို့နောက် ဗီရိုထဲမှ ဆေးပုလင်းအချို့ကိုယူကာ အဖုံးဖွင့်လိုက်ပြီး ဆေးပြားအချို့ကို ထုတ်ယူလျက် စက္ကူဖြင့် သေသေချာချာ ထုပ်ပိုးပေးလိုက်သည်။
ဆေးဝါးရှားပါးမှုကြောင့် အခြားနည်းလမ်းမရှိပေ။ လူနာတစ်ဦးတည်းကို ဆေးတစ်ပုလင်းလုံး ပေးလိုက်၍လည်း မဖြစ်ချေ။
ယဲ့ရှောင်ရှောင်က ညွှန်ကြားသည်။
“ဆေးနှစ်ရက်စာပေးလိုက်မယ်၊ အစာစားပြီးတာနဲ့ သောက်ပါ၊ ရှင့်အခြေအနေက အဆိုးကြီးမဟုတ်သေးပေမယ့် ဂရုမစိုက်ဘူးဆိုရင် နောက်ပိုင်း တဖြည်းဖြည်း ပိုဆိုးလာပြီး အလုပ်လုပ်ဖို့နေနေသာသာ ဒီက ဆေးဘက်ဆိုင်ရာ အခြေအနေတွေကြောင့် သေပါသေသွားနိုင်တယ်နော်”
အစ်ကိုဟူက ထမင်းဘူးကို ကိုင်လျက် ဝင်ပြောလိုက်သည်။
“စကားကိုဘာလို့ အဲ့လောက်တဲ့တိုးကြီး ပြောရတာလဲ ဒေါက်တာရယ်”
ထို့နောက် လီချန်းဖုန်းဘက်သို့လှည့်ကာ သူပြောလိုက်သည်။
“မင်းကြားလား၊ မင်းသာသေသွားရင် ငါတို့ပရောဂျက်တွေအကုန် သဲထဲရေသွန်ဖြစ်မှာနော်”
လီချန်းဖုန်းက ပြန်ငေါက်သည်။
“ကျုပ်ကို ကျိန်စာလာတိုက်မနေနဲ့!”
ထိုအချိန်တွင် ယန်ကျွမ်းလည်း ဆေးခန်းထဲသို့ ပြန်လည်ရောက်ရှိလာသည်။ လူနာအတွက် ယဲ့ရှောင်ရှောင် ထုတ်ပေးလိုက်သည့် ဆေးဝါးများကိုမြင်ပြီး အားလုံးမှန်ကန်ကြောင်း သိရှိခဲ့ရကာ သူ့ရင်ထဲမှ စိုးရိမ်ပူပန်မှုများ အလကားသက်သက် ဖြစ်ခဲ့ရတော့သည်။
--- -- ---
နေ့လယ်ခင်းသို့ရောက်သောအခါ ညွှန်ကြားရေးမှူးလည်း ဖြစ်ကြောင်းကုန်စင်ကို သိခဲ့ရသည်။
ကျောက်ချွင်းဟွာ: “ဒါဆိုငါတို့ဆေးခန်းမှာ အလုပ်လုပ်နိုင်တဲ့ ဆရာဝန်နှစ်ယောက် ရှိသွားပြီပေါ့! တခြားထူးထူးခြားခြား ပြဿနာမရှိရင် ယန်ကျွမ်းနဲ့ ရှောင်ရှောင်တို့ ဆေးခန်းမှာ အလှည့်ကျ တာဝန်ယူလို့ရတယ်၊ တစ်ရက်ခြားစီပေါ့”
လီကျန်းကဝင်ပြောသည်။
“ဒါဆို ကျွန်မကကော!”
ကျောက်ချွင်းဟွာက ငေါက်လိုက်သည်။
“ဒီမှာ နင့်အလုပ်က တောက်တိုမယ်ရလုပ်ဖို့နဲ့ သန့်ရှင်းရေးလုပ်ဖို့ပဲလေ၊ အဲ့တာကို နားချင်သေးတာလား”
လီကျန်းမှာ နှုတ်ခမ်းစူလျက် စိတ်ပျက်လက်ပျက်ဖြင့် ပြန်ထိုင်နေလိုက်ရတော့သည်။
ယဲ့ရှောင်ရှောင်တွင် ကန့်ကွက်စရာမရှိဘဲ ညွှန်ကြားရေးမှူး စီစဉ်ပေးထားသည့်အတိုင်းသာ လိုက်နာခဲ့ပါသည်။
ယန်ကျွမ်းအတွက်လည်း ဤအစီအစဉ်မှာ အလွန်ကောင်းမွန်လှပေသည်။ တာဝန်မကျသည့် နေ့ရက်များတွင် လီကျန်း၏ အော်ဟစ်ဆူညံ နှောင့်ယှက်သံများကို နားထောင်စရာမလိုတော့ဘဲ တိတ်ဆိတ်အေးချမ်းသည့် ပတ်ဝန်းကျင်တွင် စာအုပ်များကို အေးအေးချမ်းချမ်း ဖတ်ရှုနိုင်ပါတော့မည်။
ယဲ့ရှောင်ရှောင်သည် နာလန်စခန်းတွင် ၃ ရက်မျှ နေထိုင်ပြီးနောက် ပတ်ဝန်းကျင်ရှိ လူအချို့နှင့် တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာခဲ့သည်။
ဆေးခန်းသို့ အလွန်ချောမောလှပသည့် လူငယ် အလုပ်သင်ဆရာဝန်မလေးတစ်ယောက် ရောက်ရှိလာကြောင်းကို စခန်းတစ်ခုလုံးကလည်း သိရှိသွားခဲ့ပါပြီ။
၃ ရက်ကြာသည့်တိုင်အောင် စခန်းတွင် လုဟန်ချွမ်၏ အရိပ်အယောင်ကို ယဲ့ရှောင်ရှောင် မမြင်ခဲ့ရပေ။
‘သူဒီမှာ တာဝန်ကျနေတာကော ဟုတ်ရဲ့လား’
ဒေါ်လေးယွင် စီစဉ်ပေးထားသည့် နေရာကတော့ ကျိန်းသေမမှားနိုင်ပေ။
‘လုဟန်ချွမ် ဘယ်ရောက်သွားတာလဲ’
ပတ်ဝန်းကျင်နှင့် နေသားကျလာသောအခါ ယဲ့ရှောင်ရှောင်သည် ဆေးခန်းသို့ ရောက်လာသည့် တပ်သားအချို့ထံမှ သတင်းအချက်အလက်များ စတင်စုံစမ်းခဲ့ပါသည်။
“ရဲဘော်တို့က ပုံမှန်ဆို စခန်းထဲမှာပဲ နေကြတာလား”
သူမ ကုသပေးနေသည့် လူငယ်တပ်သားအမည်မှာ ကျန်းပန်ဖြစ်ပြီး ခြေကျင်းဝတ် အနည်းငယ်လိမ်သွားသဖြင့် ဆေးခန်းသို့ ရောက်လာခဲ့ခြင်းဖြစ်ပါသည်။
ယဲ့ရှောင်ရှောင်က သူ့အရိုးကို ပြန်ချိန်ဆပေးနေစဉ် အခွင့်ကောင်းယူကာ မေးမြန်းကြည့်လိုက်သည်။
“ဟုတ်ပါတယ်”
“အဲ့တာဆိုရင် ပုံမှန်အားဖြင့် စခန်းမှာ ကင်းစောင့်တဲ့တာဝန်ပဲ ထမ်းဆောင်ရတာပေါ့ ဟုတ်လား”
ထိုအကြောင်းအရာကို တစ်ဖက်လူက ထုတ်ပြောခွင့် ရှိ၊ မရှိ ယဲ့ရှောင်ရှောင် မသိပေ။
ကျန်းပင်ကမူ ထိုအချက်ကို လျှို့ဝှက်ထားစရာကိစ္စဟု မထင်မှတ်မိပါ။
“တစ်ခါတလေကျရင် တာဝန်တွေဘာတွေ ထမ်းဆောင်ဖို့ စခန်းပြင်ထွက်ရတတ်တယ်၊ ဒီနားပတ်ဝန်းကျင်တစ်ဝိုက်က မအေးချမ်းဘူးလေ၊ အန္တရာယ်လည်း တော်တော်များတယ်၊ ဘာကိစ္စနဲ့ပဲဖြစ်ဖြစ် ဒေါက်တာယဲ့ အပြင်ကို တစ်ယောက်တည်း မထွက်နဲ့နော်”
ကန္တာရထဲတွင် လူတစ်ဦး ပျောက်ကွယ်သွားပါက ပြန်လည်ရှာဖွေဖို့ အလွန်ခက်ခဲပါလိမ့်မည်။
ယဲ့ရှောင်ရှောင်က အာမခံလိုက်သည်။
“စိတ်ချပါ၊ ကျွန်မ အပြင် လုံးဝမထွက်ပါဘူး”