← Chapters

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း ၂၇၀

Vol. 27 Ch. 270

Chapter 270

ထိုအချိန်တွင် အပြင်ဘက်မှ စစ်ယာဉ်တန်းတစ်ခုသည် စခန်းအတွင်းသို့ မောင်းနှင် ဝင်ရောက်လာခဲ့ပါသည်။

နာလန်သုတေသနစခန်းသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ သုတေသနပြုလုပ်ရာ နေရာတစ်ခုဖြစ်ရုံသာမက စစ်ဘက်ဆိုင်ရာ ခံတပ်ကြီးတစ်ခုလည်း ဖြစ်ပေသည်။

ဤစခန်းတွင် တပ်စွဲထားသည့် စစ်သားများသည် ပုံမှန် စစ်ရေးလေ့ကျင့်မှုများအပြင် ဘေးပတ်လည်ရှိ နယ်မြေများကို အမြဲမပြတ် ကင်းလှည့်ရသည့် တာဝန်ကိုလည်း ယူထားရသည်။

နိုင်ငံတော်လွတ်လပ်ရေးရသည်မှာ နှစ်ပေါင်းများစွာကြာပြီဆိုသော်လည်း ဤနယ်မြေတစ်ဝိုက်တွင် တရားမဝင် လှုပ်ရှားနေသည့် အုပ်စုငယ်မျိုးစုံနှင့် သူပုန်အကြွင်းအကျန်များစွာ ကျန်ရှိနေဆဲဖြစ်ပြီး ရာဇဝတ်မှုများကို မကြာခဏဆိုသလို ကျူးလွန်လေ့ ရှိကြသည်။

ထို့ကြောင့် ဤကဲ့သို့ ဆူပူသောင်းကျန်းလှသော ပတ်ဝန်းကျင်၌ စစ်တပ်က ရင်ဆိုင်နေရသည့် ဖိအားမှာ အလွန်ပင် ကြီးမားပေတော့သည်။

လုဟန်ချွမ်သည် ပေကျင်းမြို့တော်မှ ဤကဲ့သို့ ဝေးလံခေါင်သီသော နေရာမျိုးသို့ ပြောင်းရွှေ့တာဝန်ပေးခံခဲ့ရခြင်းဖြစ်၍ အပြင်ပန်းမှကြည့်လျှင် ရာထူးချခံရခြင်း သို့မဟုတ် နယ်နှင်ဒဏ်ပေးခံရခြင်းဟု ထင်မှတ်စရာရှိသော်လည်း အမှန်တွင်မူ အလွန်ပြင်းထန်သော လက်တွေ့ကွင်းဆင်း လေ့ကျင့်မှုတစ်ခုသာ ဖြစ်ပါသည်။

ပေကျင်းသို့ ပြန်ရောက်လျှင် ရာထူးထိုးခံရမည်မှာ ကျိန်းသေသည်။ သို့သော် လုဟန်ချွမ်သည် လက်ရှိအချိန်တွင် ရာထူးတိုးခံရဖို့ကို စိတ်မဝင်စားတော့ဘဲ အိမ်ပြန်နိုင်မည့်အချိန်ကိုသာ စောင့်မျှော်နေမိတော့သည်။

လုဟန်ချွမ်သည် ဤနယ်မြေသို့ အမှန်တကယ် ရောက်ရှိလာမှသာ နယ်မြေ၏ အခြေအနေမှာ သူမျှော်လင့်ထားသည်ထက် များစွာ ပိုမိုဆိုးရွားနေမှန်း သိခဲ့ရပါသည်။

လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း သူ့တပ်ဖွဲ့သည် ရာဇဝတ်ဂိုဏ်းပေါင်းများစွာကို သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။ သို့သော် မည်မျှပင် ဖိနှိပ်ဖျက်ဆီးခဲ့ပါစေ ရာဇဝတ်မှုများက ပျောက်ကွယ်မသွားသေးဘဲ ဆက်လက်ဖြစ်ပေါ်နေဆဲပင်။

မကြာသေးမီကမှ ရာဇဝတ်ဂိုဏ်းတစ်ခု၏ အခြေစိုက်စခန်းတစ်ခုကို ထပ်မံရှာဖွေဖော်ထုတ်နိုင်ခဲ့သဖြင့် ယခုကဲ့သို့ အရေးကြီးသော အချိန်မျိုးတွင် သူဤနေရာမှ ထွက်ခွာသွားရန် လုံးဝ မဖြစ်နိုင်တော့ပေ။

ပုံမှန်အားဖြင့် ထိုကဲ့သို့ ရာဇဝတ်မှုကိစ္စမျိုးအတွက် စစ်တပ်ကို တိုက်ရိုက်အင်အားသုံး ခိုင်းစေဖို့ မလိုအပ်သော်လည်း ဒေသခံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများက အင်အားနည်းပါးလှသည့်အပြင် အမြစ်တွယ်နေသည့် ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရန် လုံလုံလောက်လောက် အစွမ်းအစမရှိကြသဖြင့် ရွေးချယ်စရာမရှိဘဲ စစ်တပ်ကို စေလွှတ်ရခြင်းသာ ဖြစ်ပါသည်။

လုဟန်ချွမ်၏ အာရုံထဲ အိမ်ပြန်ချင်သည့်အတွေးများက တရိပ်ရိပ်ပြေးနေခဲ့သော်လည်း လက်ရှိတွင် ပိုမိုအရေးကြီးသည့် တာဝန်များ ရှိနေပါသေးသည်။

“တပ်ရင်းမှူးကျိုးရဲ့ ဒဏ်ရာက အရမ်းပြင်းထန်တယ် ဗိုလ်မှူး၊ ကျွန်တော်တို့ တန်းလျားကို ချက်ချင်း ပြန်ရမှာလား”

စစ်တပ်၏ ကြက်ခြေနီတပ်ဖွဲ့မှာ စခန်းအတွင်းရှိ အရပ်သားဆေးခန်းနှင့် လုံးဝ သီးခြားစီဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ဆရာဝန်များ၏ အရည်အချင်းမှာလည်း ကျိန်းသေပေါက် ပိုမိုမြင့်မားကြပါသည်။

နာလန်အခြေစိုက်စခန်းတွင် အင်အား နှစ်ထောင်အောက်သာရှိသော တပ်ဖွဲ့က တပ်စွဲထားပြီး ဤနေရာတွင် လုဟန်ချွမ်က အာဏာအမြင့်ဆုံး ဗိုလ်မှူးပင်ဖြစ်သည်။

“အရပ်သားဆေးခန်းဆီ အရင်ပို့ပြီး ဒေါက်တာကျမ့်ကို ခေါ်လိုက်”

လုဟန်ချွမ် အမိန့်ပေးလိုက်သည်။ အရပ်သားဆေးခန်းက စခန်းဝင်ပေါက်နှင့် ပိုမိုနီးကပ်ပြီး လေ့ကျင့်ရေးကွင်းမှာမူ စခန်း၏ အတွင်းဘက်အကျဆုံး နေရာတွင် ရှိနေသောကြောင့် ဖြစ်သည်။

ယနေ့က ယဲ့ရှောင်ရှောင် တာဝန်ကျသည့်နေ့မဟုတ်ချေ။

ယခုဆိုလျှင် သူမ၏ ကိုယ်ပိုင် ရေခွဲတန်းကို ရရှိနေပြီဖြစ်ပါသည်။ ပမာဏက မများပြားသော်လည်း လိုအပ်လျှင် လီကျန်းထံမှ ဝယ်ယူနိုင်သည်။

လီကျန်းမှ အကြောင်းအရင်းတစ်ခုခုကြောင့် ငွေကို အသည်းအသန်လိုအပ်နေပုံရပြီး ငွေရမည်ဆိုလျှင် မည်သည့်အလုပ်ကိုမဆို လုပ်ပေးနိုင်စွမ်း ရှိပါသည်။

ယဲ့ရှောင်ရှောင်သည် ယနေ့ အဝတ်အစားများ လျှော်ဖွပ်ကာ နေလှန်းဖို့ စီစဉ်ထားသည်။

ဤနေရာတွင် နေရောင်ခြည်မှာ အလွန်ပြင်းထန်သဖြင့် အဝတ်လှန်းပြီး တစ်နာရီ မမြည့်မီအချိန်အတွင်းမှာပင် ချက်ချင်း ခြောက်သွေ့သွားနိုင်ပါသည်။

ပြဿနာမှာ ရေကိုချွေတာရင်း အဝတ်အစားများကို မည်သို့ လျှော်ဖွပ်ရမည်ဆိုသည်ကိုပင်။

လီကျန်းက ဝင်းခြံထဲတွင်ထိုင်လျက် ယဲ့ရှောင်ရှောင်ကို စောင့်ကြည့်နေသည်။

“နင်ဒီကို ရောက်တာ ၃ ရက်ပဲ ရှိသေးတယ် အဝတ်တွေလျှော်တော့မှာလား”

ယဲ့ရှောင်ရှောင်က ချေပသည်။

“ဒီရောက်တာ ၃ ရက်တောင် ရှိနေပြီကို ဘာလို့ အဝတ်မလျှော်ရမှာလဲ”

ထိုအခါ လီကျန်းက အနားကပ်လာပြီး ပဟေဠိဆန်စွာပြောလိုက်သည်။

“နင်ရေသုံးရတာ အဲ့လောက်ကြိုက်ရင် ငါ့ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံလိုက်ပါလား”

ယဲ့ရှောင်ရှောင် စိတ်ဝင်စားသွားသည်။

လီကျန်းက အသံတိုးတိုးလေးဖြင့် ဆက်ပြောလေသည်။

“နာလန်မြို့နားမှာ ငါရေတွင်းတစ်တွင်းတူးချင်တာ၊ ငါ့မှာ ငွေအရင်းအနှီးမရှိဘူးဖြစ်နေတယ်”

ယဲ့ရှောင်ရှောင် ကြောင်စီစီ ဖြစ်သွားသည်။

“ကျွန်မတို့က ကန္တာရကြီးရဲ့ဘေးမှာလေ၊ ဒီမှာ ရေတွင်းတူးလို့ရတယ်ပေါ့”

လီကျန်းက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။

“နင့်မှာအတွေ့အကြုံမရှိမှန်း သိသာလိုက်တာ၊ ကန္တာရထဲမှာလည်း ရေတွင်းတူးလို့ရပါတယ်ဟဲ့၊ ရေတွင်းတူးလိုက်ရင် မြေအောက်ရေတွေကို တစ်နေရာတည်းမှာ စုစည်းပေးလိုက်သလို ဖြစ်သွားမယ်၊ လူအင်အားတွေ၊ ငွေကြေးအရင်းအနှီးတွေ အများကြီးလိုအပ်တဲ့ ပရောဂျက်မို့လို့ ငါလက်တွန့်နေတာ”

စခန်းတွင် အသုံးပြုနေသည့် ရေထုတ်ယူရာ နေရာမှာလည်း ဤနည်းလမ်းအတိုင်းပင် ဖန်တီးထားခြင်းဖြစ်သည်။ သို့သော် ထိုတည်နေရာက နာလန်မြို့နှင့် အနည်းငယ် ကွာဝေးပါသည်။

“ငါတို့မှာ ကိုယ်ပိုင်ရေတွင်းသာရှိရင် အဲ့လောက်အဝေးကြီးကနေ အမြဲတမ်းရေသွားယူနေစရာမလိုတော့ဘူးလေ”

ယဲ့ရှောင်ရှောင် တစ်စုံတစ်ခုကို နားလည်သွားသည်။

“အဲ့တာဆို အဲ့ဒီရေတွင်းတူးဖို့အတွက် အစ်မပိုက်ဆံတွေ စုနေတာပေါ့ ဟုတ်လား”

လီကျန်း ခေါင်းညိတ်လိုက်သည်။ သူမဆက်ရှင်းပြဖို့ ကြံလိုက်စဉ် ကျောက်ချွင်းဟွာက ဝင်းခြံအဝင်ဝသို့ သုတ်သုတ်ပျာပျာ ရောက်ရှိလာပြီး အရေးပေါ်အခြေအနေတစ်ခု ပေါ်ပေါက်လာသည့်အလား သူတို့နှစ်ဦးကို အော်ခေါ်လိုက်လေသည်။

ယဲ့ရှောင်ရှောင်သည် လက်ထဲမှ အဝတ်အစားများကို ရေဇလုံထဲပစ်ထည့်ကာ ချက်ချင်းပင် ပြေးထွက်သွားခဲ့သည်။ လီကျန်းလည်း မတတ်သာဘဲ အနောက်မှ ဆောင့်ကြီးအောင့်ကြီးဖြင့် လိုက်လာခဲ့ရတော့သည်။

ကျောက်ချွင်းဟွာက မောဟိုက်လွန်းသဖြင့် အသက်ပင်ဝဝမရှူနိုင်သေးခင် ရှင်းပြလိုက်ပါသည်။

“ဒဏ်ရာအပြင်းအထန်ရထားတဲ့ စစ်သားတစ်ယောက်ကို… အရေးပေါ် ဒဏ်ရာချုပ်ပေးဖို့လိုအပ်နေလို့”

လူနာ၏ ဒဏ်ရာက အလွန်နက်သဖြင့်် ယဲ့ရှောင်ရှောင်ကို လာရောက်ကူညီခိုင်းရခြင်းဖြစ်ပါသည်။ ယန်ကျွမ်းကလည်း ဒဏ်ရာချုပ်ရမည်ကို ယုံကြည်မှုမရှိ ဖြစ်နေပုံရသည်။

ယဲ့ရှောင်ရှောင် ဆေးခန်းဆီသို့ အလျင်အမြန်ပြေးသွားခဲ့သည်။ ဝင်ပေါက်နားတွင် မတ်တပ်ရပ်နေသည့် စစ်သားများစွာကို မြင်ခါမှ ခြေလှမ်းများကို ရပ်တန့်လိုက်ပါသည်။

‘ဒဏ်ရာရတဲ့လူက စစ်သားတစ်ယောက်ဆိုတော့ ဒီနားက ကင်းလှည့်တပ်တွေ တကယ်အန္တရာယ်ကြုံနိုင်တာပဲ’

ယဲ့ရှောင်ရှောင်သည် စခန်းတွင် မျက်နှာသစ်လေး ဖြစ်နေ၍ ဆေးခန်းရှေ့ရှိ တပ်သားများက သူမကို ထူးထူးဆန်းဆန်း ဝိုင်းကြည့်လိုက်ကြသည်။

ကျောက်ချွင်းဟွာကသာ အားလုံးကို မိတ်ဆက်ပေးလိုက်ရပါသည်။

“ဒါငါတို့ဆေးခန်းမှာ ဟိုတလောကမှ ရောက်လာတဲ့ အလုပ်သင်ကျောင်းသူလေးပါ”

“ငါတို့စခန်းကို အလုပ်သင်ကျောင်းသူတစ်ယောက် တကယ်ကြီးရောက်လာတာလား၊ မယုံနိုင်ဘူးကွာ၊ သူ့ကြည့်ရတာ ဒီနားတစ်ဝိုက်က ဟုတ်ပုံလည်း မရဘူး”

“တောင်ပိုင်းသူနဲ့တူတယ်နော်၊ အသားက ဖြူဖွေးနေတာပဲ”

စခန်းထဲတွင် မိန်းကလေးငယ်များကို မြင်ရသည်မှာ အလွန်ပင် ရှားပါးသဖြင့် ယဲ့ရှောင်ရှောင်ကို အားလုံး စိတ်ဝင်စားနေကြပါသည်။

“ဒီဆရာဝန်အသစ်လေးက ဒေါက်တာကျမ့်ထက်တောင် ပိုလှနေသလိုပဲ”

“အဲ့စကား ဒေါက်တာကျမ့်သာ ကြားသွားရင် နောက်တစ်ခါ မင်းကို အပ် ၁၀ ချောင်းလောက်နဲ့ ထိုးပေးလိမ့်မယ်”

ထိုတပ်သားမှာ ခေါင်းကို အမြန်ခါယမ်းလျက် သတိပေးလိုက်ပါသည်။

“ဒေါက်တာကျမ့် လုံးဝ မကြားစေနဲ့နော်”

ဆေးခန်းထဲတွင် ဒဏ်ရာရရှိထားသူအား ယန်ကျွမ်း မည်သို့ကိုင်တွယ်ရမှန်းမသိ ဖြစ်နေလေသည်။

ယဲ့ရှောင်ရှောင်က ကမ်းလှမ်းသည်။

“ကျွန်မ တာဝန်ယူလိုက်ရမလား”

သူမသည် ဒဏ်ရာကို သန့်စင်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် ဒဏ်ရာချုပ်ခြင်း လုပ်ငန်းစဉ်များတွင် အလွန်ကျွမ်းကျင်မှု ရှိပါသည်။

ယန်ကျွမ်းသည် အတွေ့အကြုံရှိသည့် ဆရာဝန်တစ်ဦးဖြစ်သဖြင့် ဒဏ်ရာတစ်ခု ချုပ်ဖို့ကို တတ်ကျွမ်းသင့်သော်လည်း သူတွန့်ဆုတ်နေသည်ကို ယဲ့ရှောင်ရှောင် သတိထားမိပါသည်။

ယန်ကျွမ်းလည်း အနည်းငယ် စိတ်အေးသွားပြီး ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပြီ”

ဤသို့ဖြင့် ယန်ကျွမ်းနှင့် ယဲ့ရှောင်ရှောင်တို့ နေရာချင်း လဲလိုက်ကြသည်။

ချို့တဲ့လှသော ပတ်ဝန်းကျင်အခြေအနေအရ သူမသည် ဒဏ်ရာကို ပိုးသတ်ရန်နှင့် ပိုးဝင်ခြင်းမှ ကာကွယ်နိုင်ရန်သာ အတတ်နိုင်ဆုံးကြိုးစားရတော့သည်။

အခက်ခဲဆုံး အချက်မှာမူ ဆေးခန်းအတွင်း ထုံဆေးလုံးဝ ပြတ်လပ်နေခြင်းပင်။

ယဲ့ရှောင်ရှောင်လည်း ရွေးချယ်စရာမရှိတော့ဘဲ သူမ၏ ငွေအပ်များကို အသုံးပြုကာ ဒဏ်ရာချုပ်စဉ် လူနာက နာကျင်မှုကို မခံစားရစေရန် အကြောမှတ်အချို့ကို အရင်ထိုးစိုက်လိုက်ရတော့သည်။

ဒဏ်ရာချုပ်သည့် လုပ်ငန်းစဉ်တစ်ခုလုံးအတွင်း ဒဏ်ရာရရှိထားသည့် တပ်ရင်းမှူးကျိုးရှန့်ယန်မှာ မည်သည့် နာကျင်မှုကိုမှ ခံစားရမည်မဟုတ်ပေ။ သို့သော် အပ်များကို ပြန်နှုတ်လိုက်သည်နှင့် တပ်ရင်းမှူးသည် နာကျင်မှုများကို ဆတိုးကာ ခံစားရပါလိမ့်မည်။

ဤနည်းလမ်းမှာ အ‌ကောင်းဆုံး ဟုတ်၊ မဟုတ် ယဲ့ရှောင်ရှောင် မသေချာသော်လည်း အပ်များကို လူနာ၏ ကိုယ်ပေါ်၌ တစ်သက်လုံး စိုက်ထား၍ ရနိုင်မည် မဟုတ်ပေ။

ယဲ့ရှောင်ရှောင်သည် ဒဏ်ရာကို ဦးစွာချုပ်ပေးဖို့သာ အာရုံစိုက်ထားလိုက်တော့သည်။

ဒဏ်ရာက အလွန်နက်ရှိုင်းသဖြင့် ယန်ကျွမ်းတစ်ယောက် အလွန်တွန့်ဆုတ်နေခဲ့ခြင်းမှာ အံ့ဩစရာမရှိတော့ပေ။

ယဲ့ရှောင်ရှောင်၏ လျင်မြန်ဆန်းပြားသော ဒဏ်ရာချုပ်နည်းစနစ်များကို ဘေးမှရပ်ကြည့်နေသည့် ယန်ကျွမ်းတစ်ယောက် အလွန် အံ့အားသင့် မှင်သက်ခဲ့ရတော့သည်။

--- --- ---

ဆေးခန်းပြင်ပတွင်မူ လုဟန်ချွမ်သည် ကျမ့်လဲ့ယင်ဟု အမည်ရသည့် စစ်ဆရာဝန်တစ်ဦးနှင့် ဆေးခန်းထဲသို့ ဝင်ရောက်လာခဲ့ပါသည်။

ဆေးခန်းတွင် သီးသန့်ခွဲစိတ်ခန်းများ သို့မဟုတ် သီးခြားလူနာဆောင်များ မရှိဘဲ အရာအားလုံးကို ရှေးကျသည့် ရွှံ့နံရံများဖြင့်သာ ဖွဲ့စည်းထားပါသည်။

ထို့ကြောင့် လုဟန်ချွမ်တို့ အထဲသို့ ဝင်ရောက်လာပြီး ရိုးရှင်းလှသည့် ခန်းဆီးလိုက်ကာကို ဆွဲမလိုက်သောအခါ ယဲ့ရှောင်ရှောင်နှင့် အခြားသူများကို တန်းမြင်လိုက်ရလေသည်။

ယဲ့ရှောင်ရှောင်ကမူ အလုပ်ထဲတွင်သာ အာရုံအလွန်စိုက်ထားသဖြင့် ဘေးနားမှ ထူးထူးခြားခြား လှုပ်ရှားမှုများကို သတိမပြုမိခဲ့ပေ။

သို့သော် လုဟန်ချွမ်ကတော့ ယဲ့ရှောင်ရှောင်ကို ချက်ချင်း မြင်သွားခဲ့သည်။ စက္ကန့်အနည်းငယ်ကြာအောင် မိမိမျက်လုံးကို မိမိ မယုံကြည်နိုင်ဖြစ်သွားခဲ့ရသည်။

သို့သော် သူမည်မျှပင် မျက်စိမှုန်နေပါစေ ယဲ့ရှောင်ရှောင်ကို အခြားလူတစ်ယောက်နှင့် လုံးဝ လွဲမှားနိုင်စရာအကြောင်း မရှိပေ။

ကျမ့်လဲ့ယင်သည် လူနာ၏ အခြေအနေကို စစ်ဆေးရန်အတွက် ရှေ့တိုးသွားဖို့ ပြင်လိုက်စဉ် လုဟန်ချွမ်က လက်ကိုဆန့်တန်းလျက် တားဆီးလိုက်လေသည်။

“အပြင်မှာ ခဏစောင့်”

ကျမ့်လဲ့ယင် စိတ်အနည်းငယ်ရှုပ်ထွေးသွားသော်လည်း မပြီးမြောက်သေးသည့် ကုသမှုလုပ်ငန်းစဉ်တစ်ခုကို ဝင်ရောက်နှောင့်ယှက်ဖို့ မသင့်တော်မှန်း နားလည်ပါသည်။

ထို့ကြောင့် အပြင်တွင် ထွက်စောင့်နေပြီး တစ်ဖက်လူ ဒဏ်ရာချုပ်ပြီးမှသာ အခြေအနေကို ဝင်စစ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တော့သည်။

သို့သော် ဤဆေးခန်းရှိ ဆေးဝန်ထမ်းများ၏ ကျွမ်းကျင်မှုကို သူမစိတ်ထဲ သံသယဖြစ်နေခဲ့ပါသည်။

‘ချုပ်ထားတာတွေ ပုံမကျလို့ ချုပ်ရိုးဖြေပြီး နောက်တစ်ခါ ပြန်ချုပ်ရလောက်တယ်၊ တပ်ရင်းမှူးကျိုးတော့ နှစ်ခါ ပြန်နာရတော့မှာပဲ’

တစ်နာရီခန့်ကြာသောအခါ ယဲ့ရှောင်ရှောင်သည် တပ်ရင်းမှူးကျိုး၏ ဒဏ်ရာကို ပြီးမြောက်အောင်မြင်အောင် ချုပ်ပေးနိုင်ခဲ့ပါသည်။ ထို့နောက် မိနစ် ၂၀ ခန့်ကြာအောင် ထပ်မံစောင့်ဆိုင်းပြီး အသိပေးလိုက်သည်။

“ကျွန်အခု အပ်တွေကို ပြန်နှုတ်တော့မယ်နော်၊ ခဏလောက် သည်းခံထားပါ”

ထုံဆေးများကို အေးမြသည့် ပတ်ဝန်းကျင်တွင် သိုလှောင်ထားဖို့ လိုအပ်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာပင် မရှိသည့် ဤဆေးခန်းတွင် ထုံဆေးများကို သိုလှောင်ထားဖို့ဟူသည်မှာ မဖြစ်နိုင်လှပေ။

ကျိုးရှန့်ယန်သည် သူ့ဒဏ်ရာများအား သေသေသပ်သပ် ချုပ်ပေးနေသည့် ဖြစ်စဉ်တစ်ခုလုံးကို မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရပါသည်။

သို့သော် သူ့ခန္ဓာကိုယ်မှာ ထူးခြားသော အခြေအနေတစ်ခုသို့ ရောက်ရှိနေသည်။ ပြင်းပြင်းထန်ထန် နာကျင်မှု မရှိသော်လည်း အထိအတွေ့များကိုမူ ခံစားနေရဆဲပင်။

ယဲ့ရှောင်ရှောင်သည် ထိုသို့ကြေညာပြီးနောက် လူနာထံမှ တုံ့ပြန်သံ ကြားရလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ အကြောင်းမှာ အကြောမှတ်များကို အပ်စိုက်ထားပါက လူနာမှာ လျှာထုံပြီး စကားပြောနိုင်မည် မဟုတ်ခြင်းကြောင့်ပင်။

ထို့ကြောင့် ယဲ့ရှောင်ရှောင် အပ်များကို ချောချောမွေ့မွေ့ ပြန်နှုတ်ယူပြီးနောက် လက်ဆေးဖို့ လှည့်ထွက်သွားတော့သည်။

ယဲ့ရှောင်ရှောင်၏ ထူးချွန်ထပ်မြက်လှသော ဒဏ်ရာချုပ် နည်းစနစ်များကို မျက်မြင်တွေ့လိုက်ရပြီးနောက် ယန်ကျွမ်းသည် သူတို့နှစ်ဦးအကြားမှ ပညာရည်ကွာခြားချက်ကို ကောင်းကောင်းကြီး နားလည်သွားခဲ့ရကာ အနည်းငယ် စိတ်ဓာတ်ကျမိတော့သည်။

သူသည် အသက် ၃၀ အရွယ်ပင် ရှိနေပြီဖြစ်သော်လည်း ငယ်ရွယ်လှသော အလုပ်သင် ဆရာဝန်မလေးတစ်ဦးကိုပင် မယှဉ်နိုင်ပေ။

ယန်ကျွမ်းက မှင်သက်စွာ မေးမြန်းလိုက်သည်။

“နင်က တရုတ်တိုင်းရင်းဆေးပညာ သင်ယူနေတာဆို”

ယဲ့ရှောင်ရှောင်က တည်တည်ငြိမ်ငြိမ်ပင် တုံ့ပြန်လိုက်သည်။

“တိုင်းရင်းဆေးပညာမှာ ခွဲစိတ်ကုသမှုတွေ မပါဝင်ဘူးလို့ ဘယ်သူပြောလို့လဲ၊ ဟွားထော်ကလည်း တရုတ်တိုင်းရင်း ဆေးပညာရှင်တစ်ဦးပဲ မဟုတ်ဘူးလား”

ယန်ကျွမ်း: “…”

All Chapters