← Chapters

အခန်း ၂၇၁

Vol. 28 Ch. 271

အခန်း ၂၇၁

Vol. 28 Ch. 271

Chapter 271

ဆေးခန်းတွင်းမှ စကားပြောသံများကို ကြားလိုက်ရသဖြင့် ကျမ့်လဲ့ယင်သည် အထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။

“ဒေါက်တာကျမ့်၊ ဒီအထိ ဘာလို့…”

ကျမ့်လဲ့ယင်ကို မြင်လိုက်ရသည်နှင့် ယန်ကျွမ်းတစ်ယောက် မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။

သို့သော် ကျမ့်လဲ့ယင်ကမူ သူ့ကို ခေါင်းသာတစ်ချက် ညိတ်ပြလိုက်ပြီး ကျိုးရှန့်ယန်၏ အခြေအနေကို စစ်ဆေးဖို့ အတွင်းခန်းထဲသို့ တန်းဝင်သွားခဲ့သဖြင့် ယန်ကျွမ်းတစ်ယောက် စိတ်ပျက်အားလျော့စွာ ကျန်ရစ်ခဲ့ရတော့သည်။

ယဲ့ရှောင်ရှောင်က ခေါင်းလေးစောင်းကာ မေးမြန်းလိုက်ပါသည်။

“အဲ့တာဘယ်သူလဲဟင်”

ယန်ကျွမ်းက ရှင်းပြသည်။

“စစ်ဆေးဆရာဝန်တစ်ယောက်လေ၊ ငါတို့ထက် အရည်အချင်းအများကြီး ပိုရှိတယ်”

ယဲ့ရှောင်ရှောင်က တိုးညှင်းစွာ ရယ်မောလိုက်သည်။

“အဲ့စကားထဲက ‘ငါတို့’ ဆိုတာကြီးကို ဖယ်လိုက်စမ်းပါ”

ယန်ကျွမ်းက နားမလည်နိုင်ပေ။

“ဟမ်”

ထိုစဉ် ဆေးခန်းဝင်ပေါက်နားမှ အသံတစ်သံကြောင့် ယဲ့ရှောင်ရှောင် လှည့်ကြည့်လိုက်မိပါသည်။

အစိမ်းရောင်း စစ်ယူနီဖောင်းကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားပြီး ထင်ရှားပြတ်သားသော မျက်နှာအသွင်အပြင်၊ ခန့်ညားထည်ဝါသော အရပ်အမောင်းတို့ရှိသည့် လုနဟ်ချွမ်သည် သူမ၏ မျက်စိရှေ့မှောက်တွင် မျှော်လင့်မထားဘဲ ရုတ်တရက် ပေါ်လာခဲ့လေပြီ။

“ရှင်…”

--- --- ---

ယဲ့ရှောင်ရှောင်၏ အဆောင်ခန်းလေးနှင့် ဘေးချင်းကပ်လျက်တွင်ရှိသော ဝင်းခြံငယ်လေးအတွင်း လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့နှစ်ဦး သစ်သားခုံပုလေးများပေါ်တွင် ကိုယ်စီထိုင်ရင်း တစ်ယောက်ကိုတစ်ယောက် တိတ်ဆိတ်ငြိမ်သက်စွာ စိုက်ကြည့်နေကြသည်။

လီကျန်းသည် ဗိုလ်မှူးလုအကြောင်း သိသော်လည်း ထိုနှစ်ယောက်အကြား ဘာတွေဖြစ်ပျက်နေသည်ကို နားမလည်နိုင်ပေ။

အပြင်သို့ သွားစရာရှိသည်ဟု ကမန်းကတန်း အကြောင်းပြချက်ပေးကာ လီကျန်း ထွက်ခွာသွားခဲ့သော်လည်း အမှန်တကယ်တွင်မူ သူတို့နှစ်ဦး၏ စကားပြောသံများကို နားထောင်ရန်အတွက် တံခါးဝတွင် အသာချောင်းမြောင်း နားစွင့်နေခဲ့ပါသည်။

လုဟန်ချွမ်က လေးလံနေသော အသံဖြင့် ဦးစွာ မေးမြန်းလိုက်သည်။

“ဒီကိုဘာလို့ လာခဲ့တာလဲ”

သူ့လေသံမှာ အလွန်တင်းမာလွန်းသဖြင့် ယဲ့ရှောင်ရှောင်တစ်ယောက် စာသင်ခန်းထဲတွင် အပြစ်ပေးဆုံးမခံနေရသည့်အလား ခံစားလိုက်ရသည်။

ယဲ့ရှောင်ရှောင်ကလည်း အလျှော့မပေးဘဲ နှုတ်ခမ်းများကို စည်းတင်းကာ မျက်နှာကိုလွှဲလိုက်ပြီး သူ့အား လျစ်လျူရှုထားလိုက်ပါသည်။

လုဟန်ချွမ် သက်ပြင်းချလိုက်ပြီး သူမ၏ လက်ကလေးကို လှမ်းကိုင်ကာ ထပ်မေးလိုက်သည်။

“ဒီရောက်နေတာ ဘယ်နှရက်တောင် ကြာပြီလဲ”

သူ့လက်ကို ယဲ့ရှောင်ရှောင် ခါထုတ်ပစ်လိုက်သည်။

“ကျွန်မ နိုင်ငံခြားက ဘယ်အချိန်ပြန်ရောက်တာလဲ၊ နိုင်ငံခြားမှာ အဆင်ပြေခဲ့ရဲ့လား ဆိုတာကိုတောင် မမေးဘူးနော်၊ ဘာလဲ ကျွန်မကို မတွေ့ချင်တော့ဘူးလား”

လုဟန်ချွမ်: “…”

‘သူကပဲ စိတ်ဆိုးရတယ်ရှိသေးတယ်…’

၂ နှစ်တာ ခွဲခွာနေခဲ့ရသည့် အချိန်တောအတွင်း သူမ၏ စိတ်ကောက်တတ်သည့် အကျင့်လေးမှာ သိသိသာသာ ပိုမို ကြီးထွားလာခဲ့ပါသည်။

ဤကဲ့သို့ နေရာမျိုးသို့ အကြောင်းပင်မကြားဘဲ တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။ သူမကို ဆေးခန်းထဲတွင် ရုတ်တရက် မြင်တွေ့လိုက်ရစဉ်က သူနှလုံးရပ်မတန့် ထိတ်လန့်သွားသည်ကို ယဲ့ရှောင်ရှောင် မသိနိုင်ပေ။

လုဟန်ချွမ်လည်း သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး လေသံကို အတတ်နိုင်ဆုံး ညင်သာနူးညံ့အောင် လျှော့ချလျက် ချော့မော့လိုက်ရတော့သည်။

“ဒီနေရာကြီးမှာ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တိုင်း၊ စက္ကန့်တိုင်း ရှောင်ရှောင့်အကြောင်း မတွေးဘဲ မနေနိုင်ခဲ့ပါဘူး၊ ရှောင်ရှောင် နိုင်ငံခြားကနေ ပြန်လာတော့မယ်ဆိုတာ ကိုယ်သိတယ်၊ ဒါပေမယ့် ဒီမှာ ရုတ်တရက်ကြီးပေါ်လာတာကိုတော့… ကိုယ်အခုထိ မယုံကြည်နိုင်ဖြစ်နေတုန်းပဲ”

ယဲ့ရှောင်ရှောင်သည် သူ့ပခုံးပေါ် မေးလေးတင်ကာ ရှင်းပြလိုက်ပါသည်။

“အလုပ်သင်တာဝန်နဲ့ ရောက်လာတာပါ၊ လာမယ့် ဧပြီလရောက်ရင် ပြန်ရလိမ့်မယ်”

လုဟန်ချွမ် ခေါင်းအကြီးအကျယ် ကိုက်နေမိပါပြီ။ သို့သော် ဤနေရာသို့ ရှောင်ရှောင်တစ်ဦးတည်း ကိုယ်ပိုင်အစွမ်းအစဖြင့် လာနိုင်မည်မဟုတ်သည်ကို သူခပ်မြန်မြန်ပဲ ရိပ်မိသွားခဲ့သည်။

ထိုအခါ လုဟန်ချွမ်၏ လေသံမှာ တစ်စုံတစ်ယောက်နှင့် စာရင်းရှင်းဖို့ကြံနေသည့်အလား တင်းမာသွားခဲ့ရပြန်ပါသည်။

“အလုပ်သင်ကိစ္စကို ဘယ်သူစီစဉ်ပေးလိုက်တာလဲ”

ယဲ့ရှောင်ရှောင် သေချာစဉ်းစားလိုက်ပြီး လုဟန်ချွမ်အား တွန်းထုတ်လိုက်ပါသည်။

“ကျွန်မဆီက ဘာသတင်းမှ နှိုက်ထုတ်ဖို့ မကြံနဲ့၊ ရှင်ကျွန်မကို ဂရုစိုက်တာမှ မဟုတ်တာ”

လုဟန်ချွမ်: “…”

ယဲ့ရှောင်ရှောင် မျက်မှောင်ကြုတ်လျက် ယခင်ကထက် နှစ်ဆတိုးကာ ခေါင်းမာချင်ယောင် ဆောင်လိုက်ပါသည်။

“ဘာလို့ ဘာမှမပြောတာလဲ၊ တကယ် အဲ့လိုသဘောထားလို့လား”

သူ့ချစ်သူကောင်မလေး မည်မျှခေါင်းမာကြောင်းကို လုဟန်ချွမ် ယခုမှ နားလည်ခဲ့ရပါသည်။ ယခုလိုအချိန်တွင် စကားပြောလျှင် အမှားပါနိုင်ပြီး နှုတ်ဆိတ်နေလျှင်လည်း ပို၍ပင် မှားပေလိမ့်မည်။

“ကိုယ်မင်းကို ဂရုမစိုက်ရင် အခုလို ပေကျင်းကို ပြန်လွှတ်နေပါ့မလား”

လုဟန်ချွမ် နူးညံ့သိမ်မွေ့စွာ ရှင်းပြလိုက်ပါသည်။

“လပိုင်းပဲဆိုရင်တောင် ဒီက ပတ်ဝန်းကျင်အခြေအနေတွေက မင်းထင်ထားတာထက် အများကြီး ပိုကြမ်းတမ်းတယ်”

ယဲ့ရှောင်ရှောင်သည် အမှန်တကယ် စိတ်ဆိုးနေခြင်းမဟုတ်ဘဲ သူမကို လုဟန်ချွမ် အိမ်သို့ ပြန်ပို့လိုက်မည်ကိုသာ စိတ်ပူနေခြင်း ဖြစ်ပါသည်။

“ဒါပေမယ့် ကျွန်မအလုပ်သင်တာဝန်က အတည်ဖြစ်သွားပြီလေ၊ ကျွန်မကို စစ်ပြေးတစ်ယောက်လို တာဝန်မကျေဘဲ ထွက်ပြေးသွားစေချင်တာလား၊ ပြီးတော့ ရှင်လည်း ဒီမှာ ရှိနေတာပဲ၊ ကျွန်မကို နည်းနည်းပါးပါး ယုံကြည်ပေးစမ်းပါ”

လုဟန်ချွမ်က ချေပသည်။

“ကိုယ်ဒီမှာ တာဝန်ကျတာက ကိစ္စမရှိဘူး၊ ဒါပေမယ့် ဒီလိုနေရာမျိုးမှာ မင်းပါ နေရမယ်ဆိုရင် ကိုယ်ဘယ်လိုလုပ်စိတ်အေးနိုင်မှာလဲ”

ယဲ့ရှောင်ရှောင်သည် သူ့ကို အခန်းထဲသို့ ဆွဲခေါ်သွားပြီး သူမ၏ အိပ်ခန်းလေးကို ဂုဏ်ယူဝံ့ကြွားစွာ ပြသလိုက်ပါသည်။

“ဒီမှာတွေ့လား၊ ကျွန်မ အိပ်ခန်းက အဆင်ပြေပြီးသားပါ၊ ပြီးတော့ ရှင့်အတွက် လက်ဆောင်လည်း ယူလာသေးတယ်”

ဤနေရာသို့ စတင် ရောက်ရှိလာစဉ်ကတည်းက မဖွင့်ရသေးသည့် ခရီးဆောင်အိတ်တစ်လုံးကိုဖွင့်ကာ လှပဆန်းပြားသော ဘူးလေးနှစ်ဘူးကို ယဲ့ရှောင်ရှောင် ထုတ်ယူလိုက်ပါသည်။

အထဲတွင် သူမ နိုင်ငံခြား၌ ရှိနေစဉ်က ဝယ်ယူခဲ့သည့် တစ်ခုတည်းသော တန်ဖိုးကြီးပစ္စည်းဖြစ်သည့် ဆင်တူ စုံတွဲ လက်ပတ်နာရီလေးတစ်စုံ ပါရှိသည်။

ယောက်ျားလေးဝတ် နာရီ၏ ဒိုင်ခွက်မှာ ပိုမိုကြီးမားပြီး လုဟန်ချွမ်၏ လက်ကောက်ဝတ်နှင့် အလွန်ပင် လိုက်ဖက်လှပါသည်။

“ဆင်တူလေးနော်”

ယဲ့ရှောင်ရှောင်က အပြုံးဖြင့် ပြောလိုက်သည်။

ယခုအချိန်တွင် လုဟန်ချွမ်သည် မိမိ၏ ချစ်သူကောင်မလေး တိုင်းပြည်သို့ ပြန်လည်ရောက်ရှိလာပြီး အနောက်မြောက်ဒေသတွင် ရည်ရွယ်ချက်ရှိရှိ လာရောက်နေထိုင်နေသည်ဟူသော အရှိတရားကို အပြည့်အဝ လက်ခံလိုက်ရတော့သည်။

“ကိုယ်သဘောကျတယ်”

ထို့နောက် သူမ၏ လည်ပင်းလေးကို သိုင်းဖက်ကာ နဖူးလေးအား နွေးထွေးစွတ်စိုသော သူ့နှုတ်ခမ်းလေးဖြင့် နမ်းရှိုက်လိုက်သည်။

“ခဏနေရင် ကိုယ်အစည်းအဝေး တက်ရမယ်၊ ညကျမှ ပြန်လာတွေ့မယ်နော်”

“ဟုတ်ပြီ”

လုဟန်ချွမ်၏ မျက်နှာပေါ်မှ အရှုံးပေးသွားသော အမူအရာကိုမြင်ပြီး သူမကို မောင်းထုတ်ဖို့ ကြိုးစားတော့မည်မဟုတ်မှန်း ယဲ့ရှောင်ရှောင် နားလည်လိုက်ပါသည်။

လုဟန်ချွမ် ပြန်ထွက်သွားသည်နှင့် လီကျန်းက သုတ်သုတ်ပျာပျာ ဝင်လာကာ မေးလိုက်သည်။

“ဘာတွေဖြစ်နေတာလဲ၊ နင်က ဗိုလ်မှူးလုနဲ့ သိတယ်လား!”

လီကျန်းသည် လုဟန်ချွမ်၏ စရိုက်ကိုကောင်းကောင်းသိ၍ သူသည် မိန်းကလေးတစ်ယောက် လှပရုံဖြင့် အခန်းထဲတွင် နှစ်ဦးတည်း စကားပြောနိုင်ဖို့ ကြိုးစားမည့်လူမျိုးမဟုတ်မှန်း နားလည်ထားပါသည်။

ယဲ့ရှောင်ရှောင် အမှန်အတိုင်းပင် ပြန်ဖြေလိုက်သည်။

“သူက ကျွန်မကောင်လေးပါ”

လီကျန်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

“ဘာ!”

“မဟုတ်ရင် ကျင့်ဟွာတက္ကသိုလ်ကျောင်းသူတစ်ယောက်က ဒီလိုနေရာထိလာပြီး အလုပ်သင်ဆင်းဖို့ ဘာလို့ ဆုံးဖြတ်ခဲ့ရမှာလဲ”

လီကျန်း၏ ယခင်က စိတ်ထဲတွင် ရှိနေခဲ့သော သံသယများမှာ ချက်ချင်းပင် ရှင်းလင်းသွားခဲ့သော်လည်း ဤအမှန်တရားကြောင့် နတ်သမီးပုံပြင်ထဲ ရောက်ရှိသွားသည့်ပမာ ခံစားလိုက်ရတော့သည်။

တစ်ဖက်တွင် ကျိုးရှန့်ယန်၏ ဒဏ်ရာချုပ်ရိုးများကို သေသေချာချာ စစ်ဆေးပြီးနောက် ကျမ့်လဲ့ယင်တစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသည့်ပမာ တုန်လှုပ်သွားခဲ့သည်။

ကျမ့်လဲ့ယင်၏ စူးရှလွန်းသော အကြည့်ကြောင့် ကျိုးရှန့်ယန်ပါ အနည်းငယ် ကြောက်လန့်သွားရပါသည်။

“ဒေါက်တာကျမ့်၊ ကျုပ်ဒဏ်ရာ တစ်ခုခုများ ဖြစ်လို့လား”

ကျမ့်လဲ့ယင်က ပြန်ပြောလိုက်သည်။

“ဘာပြဿနာမှ မရှိပါဘူး၊ ဒဏ်ရာကို ချုပ်ထားတာ အရမ်းသေသပ်ပါတယ်”

ကျိုးရှန့်ယန် ရယ်မောလိုက်ပါသည်။

“တော်သေးတာပေါ့၊ ဒီဆေးခန်းကို အသစ်ရောက်လာတဲ့ အလုပ်သင်လေးက တကယ်အစွမ်းအစရှိတဲ့ပုံပဲ”

ကျမ့်လဲ့ယင် တိုးညှင်းစွာ ရေရွတ်လိုက်သည်။

“အလုပ်သင်ဟုတ်လား၊ ဒီလို အရည်အချင်းမျိုးက ကျွန်မရဲ့ ဆရာနဲ့တောင် မတိမ်းမယိမ်းပဲ”

ကျမ့်လဲ့ယင်၏ ဆရာဟူသည်မှာ မည်သူမည်ဝါဖြစ်မှန်း ကျိုးရှန့်ယန် မသိနိုင်သော်လည်း သူမ၏ လေသံကို အကဲခတ်ကြည့်ခြင်းအားဖြင့် ယခုတစ်ခေါက် သူအလွန်ကံကောင်းသွားမှန်း နားလည်နိုင်ပါသည်။

ဤကဲ့သို့ အရာရာချို့တဲ့နေသည့် နေရာမျိုးတွင် အလွန်အဆင့်မြင့်သည့် ဆေးကုသမှုကို သူခံယူခွင့် ရရှိခဲ့ပါသည်။

သူ့ဒဏ်ရာမှာ လက်မောင်းဒဏ်ရာတစ်ခုသာဖြစ်ပြီး ယခု အရာရာအဆင်ပြေသွားပြီဖြစ်၍ အစည်းအဝေးတက်ရောက်ရန် စိတ်စောနေမိပါသည်။

ထို့အပြင် ယခုတစ်ကြိမ် စစ်ဆင်ရေးမှ ရရှိလာသော အချက်အလက်များကို သေချာသုံးသပ်ကာ နောက်ဆက်တွဲ စစ်ဆင်ရေးများအတွက် အသင့်ပြင်ဆင်ဖို့ လိုအပ်နေပါသည်။

ကျမ့်လဲ့ယင် ဆေးခန်းအပြင် ပြန်ထွက်လာပြီး လုဟန်ချွမ်ကို မမြင်သောအခါ ယန်ကျွမ်းအား လှည့်မေးလိုက်သည်။

“ဗိုလ်မှူးလု ဘယ်ရောက်သွားလဲ”

ယန်ကျွမ်း: “ဒေါက်တာယဲ့နဲ့ ထွက်သွားတာပဲ”

ကျမ့်လဲ့ယင်သည် စောစောက ထိုဆရာဝန်မလေးကို အလေးသိပ်မထားမိခဲ့သဖြင့် ထိုစကားကိုကြားသောအခါ ထပ်မံ မေးမြန်းကြည့်လိုက်သည်။

“တပ်ရင်းမှူးကျိုးရဲ့ ဒဏ်ရာကို ချုပ်ပေးခဲ့တာ ဒေါက်တာယဲ့လား”

ယန်ကျွမ်းမှာ ကျမ့်လဲ့ယင်နှင့် စကားပြောဆိုခွင့်ရသည်ကို ပျော်ရွှင်နေပါသည်။

“ဟုတ်တယ် ဟုတ်တယ်! တရုတ်တိုင်းရင်းဆေးပညာကို သင်ယူနေပြီး ဘွဲ့တောင်မရသေးတဲ့ ကျောင်းသူတစ်ယောက်မှာ ဒီလောက်ထူးချွန်တဲ့ အရည်အချင်းမျိုးတွေ ရှိနေတာ မယုံနိုင်စရာပဲနော်”

ကျမ့်လဲ့ယင်တစ်ယောက် ယခင်က အနည်းငယ်သာ အံ့အားသင့်ခဲ့မိခြင်း ဖြစ်သော်ငြား တရုတ်တိုင်းရင်းဆေးပညာဟူသည့် စကားလုံးကို ကြားလိုက်ရသည့်အခါတွင်မူ ချက်ချင်း မျက်နှာပြောင်းသွားခဲ့ပါသည်။

လုဟန်ချွမ်တွင် တရုတ်တိုင်းရင်းဆေးပညာသင်ယူနေသည့် သတို့သမီးလောင်းတစ်ဦးရှိကြောင်း စခန်းရှိ အခြားသူများ မသိနိုင်သော်လည်း ကျမ့်လဲ့ယင်ကတော့ ကောင်းကောင်းကြီး သိနေလေသည်။

လုဟန်ချွမ်သည် နာလန်စခန်းသို့ စတင်ရောက်ရှိလာပြီ မကြာမီမှာပင် ထိုအကြောင်းအရာကို ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က ကျမ့်လဲ့ယင်သည် လုဟန်ချွမ်တစ်ယောက် သူမ၏ ချဉ်းကပ်မှုများကို ငြင်းဆန်ဖို့အတွက် သတို့သမီးလောင်း ရှိသည်ဟူ၍ လုပ်ကြံဖန်တီး ပြောဆိုလိုက်ခြင်းဖြစ်မည်ဟုသာ ထင်ခဲ့မိပါသည်။

ယခုတော့ ထိုစကားမှာ အမှန်တကယ် ဖြစ်နေပုံရသည်။

မိန်းမသားတစ်ဦး၏ အလိုလိုသိမြင်စိတ်ကြောင့် ကျမ့်လဲ့ယင်၏ အာရုံများ အလွန်စူးရှသွားခဲ့ရတော့သည်။

“ဒေါက်တာကျမ့်”

အချိန်အကြာကြီး တိတ်ဆိတ်သွားသည့် ကျမ့်လဲ့ယင်ကို ကြည့်ရင်း မျက်နှာရှေ့တွင် လက်ယမ်းပြကာ ယန်ကျွမ်း ခေါ်ဆိုလိုက်သည်။

ကျမ့်လဲ့ယင်လည်း အသိစိတ်ပြန်ကပ်သွားခဲ့ပါသည်။

“ဘာမှမဟုတ်ပါဘူး၊ ကျွန်မ သွားတော့မယ်”

ယန်ကျွမ်းက စိတ်အားထက်သန်စွာ ကမ်းလှမ်းသည်။

“ကျွန်တော် လိုက်ပို့ပေးမယ်လေ”

ကျမ့်လဲ့ယင်က ငြင်းသည်။

“ရပါတယ် နီးနီးလေးပဲဥစ္စာ”

ယန်ကျွမ်းလည်း မတတ်သာတော့ဘဲ ထွက်ခွာသွားသည်ကို ကျမ့်လဲ့ယင်ကို စိတ်ပျက်လက်ပျက်ဖြင့် ငေးကြည့်ရင်း ကျန်ခဲ့ရတော့သည်။

ကျိုးရှန့်ယန်သည် ပုံမှန်အားဖြင့် ကြမ်းတမ်းခက်ထန်သည့် စစ်သားတစ်ဦးဖြစ်သော်ငြား ယန်ကျွမ်း၏ ခံစားချက်များကိုမူ ကောင်းကောင်းကြီး ရိပ်မိနေပါသည်။ ထို့ကြောင့် ကျမ့်လဲ့ယင်အား သူပြောလိုက်သည်။

“ဒေါက်တာယန်က ခင်ဗျားကို သဘောကျနေမှန်း သိသာတယ်၊ ကျုပ်အမြင်မှာတော့ သူက လူကောင်းတစ်ယောက်ပါ၊ ဒေါက်တာကျမ့် သေသေချာချာ စဉ်းစားကြည့်သင့်တယ်နော်”

ကျမ့်လဲ့ယင်၏ မျက်နှာပေါ်မှ အပြုံးပါးပါးလေးပင် ပျောက်ကွယ်သွားရသည်။

“ကျွန်မတို့က မသင့်တော်ပါဘူး”

ကျိုးရှန့်ယန်က မေးမြန်းလိုက်သည်။

“ဒေါက်တာကျမ့် သဘောကျတဲ့လူ ရှိပြီးသားမို့လို့လား”

ကျမ့်လဲ့ယင် အဖြေပြန်မပေးဘဲ အေးစက်စွာသာ ပြောလိုက်သည်။

“တပ်ရင်းမှူးကျိုးက ကိုယ့်ဒဏ်ရာကိုယ် သက်သာအောင်ပဲ အာရုံစိုက်ထားသင့်တယ်နော်”

ကျိုးရှန့်ယန်: “…”

All Chapters