အခန်း ၂၇၂
Vol. 28 Ch. 272
Chapter 272
လုဟန်ချွမ်သည် ညစာစားချိန်ရောက်ခါမှသာ ယဲ့ရှောင်ရှောင်အား လာတွေ့ဖို့ အချိန်ရခဲ့ပါသည်။
“သွားကြစို့၊ ထမင်းစားဆောင်မှာ သွားစားကြမယ်”
စခန်းတွင် အရှေ့နှင့် အနောက်ဟူ၍ အဓိက ထမင်းစားဆောင် နှစ်ခုရှိပြီး စစ်သားများက အရှေ့ဘက်ထမင်းစားဆောင်ကို အသုံးပြုကာ ကျန်ဝန်ထမ်းများက အနောက်ဘက်ထမင်းစားဆောင်ကို အသုံးပြုလေ့ရှိပါသည်။
လုဟန်ချွမ်သည် အနောက်ဘက်ထမင်းစားဆောင်သို့ ယခင်က လာရောက်လေ့မရှိသဖြင့် သူ့ကို မြင်တွေ့ရသည်မှာ အားလုံးအတွက် အထူးအဆန်း ဖြစ်လို့နေသည်။
“အဆောင်မှာ စားပွဲ မရှိသေးဘူးမလား၊ မနက်ဖြန် ကိုယ်ပို့ပေးလိုက်မယ်”
ယဲ့ရှောင်ရှောင်: “ရပါတယ်၊ ကျွန်မက အဆောင်ထဲမှာ စားတာမှ မဟုတ်တာ”
စာရွက်စာတမ်းများ ရေးသားရန် လိုအပ်သည့်အချိန်မှသာ အနည်းငယ် အဆင်မပြေဖြစ်ရပါသည်။
လုဟန်ချွမ်က တိုက်တွန်းသည်။
“လိုအပ်လာတဲ့အချိန် ရှိလာမှာပဲလေ”
ယဲ့ရှောင်ရှောင်နှင့် လုဟန်ချွမ်တို့ စားပွဲတစ်လုံးတွင် အတူတူ ထိုင်စားခဲ့ကြသည်။
သူတို့နှင့် အတန်ငယ် ဝေးကွာသော နေရာမှနေ၍ လီကျန်းသည် ယန်ကျွမ်းနားသို့ကပ်ကာ တိုးတိုးလေး ပြောလိုက်ပါသည်။
“ရဲဘော်ယဲ့ ဒီလိုနေရာကြီးကို လာခဲ့ရတာ ဘာကြောင့်လို့ထင်လဲ၊ အချစ်ကြောင့်တဲ့လေ”
ယန်ကျွမ်း မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်မိသည်။
“အဲ့တာဆို…”
လီကျန်းက ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ သူတို့နှစ်ယောက်က အဲ့လိုတွေပဲ”
ယဲ့ရှောင်ရှောင်တို့အား ယန်ကျွမ်း ခိုးကြည့်လိုက်ပါသည်။
“မဆိုးပါဘူး၊ သူတို့နှစ်ယောက်က လိုက်ဖက်ပါတယ်”
လီကျန်းက ချေပသည်။
“လိုက်ဖက်တယ်ဆိုရုံပဲလား၊ နေနဲ့လ ရွှေနဲ့မြလိုပဲ၊ ဒါနဲ့… ကျွန်မတို့အနောက်မြောက်ပိုင်းမှာ တန်ဖိုးကြီး ရတနာသိုက်တွေ ဘာတွေများ ပေါ်လာလို့လား မသိဘူးနော်၊ ပေကျင်းကလူတွေ ဒီလိုနေရာကို အစုလိုက်အပြုံလိုက် ရောက်လာကြတာ ဆိုတော့”
ယန်ကျွမ်းသည် စာမေးပွဲဖြေဆိုပြီး ဤနေရာကြီးမှ ထွက်သွားချင်စိတ် အလွန်ပြင်းပြနေသူူဖြစ်သည်။ သို့သော် သူ့ကိုယ်သူ ယုံကြည်မှု လုံးဝ မရှိပေ။
သူ့အသက်အရွယ်နှင့် ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုဖို့ဟူသည်မှာ မလွယ်ကူလှပါ။
လီကျန်း၏ စကားလုံးများက အတိုင်းအတာတစ်ခုအထိ အဓိပ္ပာယ် ရှိနေသော်လည်း ယန်ကျွမ်းက ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
“ဒီနေရာမှာ ဘယ်လိုအဖိုးတန်ရတနာတွေ ရှိနိုင်မှာမို့လို့လဲ၊ အတောမသတ်နိုင်တဲ့ လေပြင်းနဲ့ သဲပွင့်တွေပဲ ရှိတယ်”
ယဲ့ရှောင်ရှောင်သည် ညစာစားပြီးနောက် အဆောင်သို့ ပြန်လာခဲ့ပါသည်။
ဤနေရာတွင် နေ့တာရှည်ပြီး စခန်းက အလွန်လုံခြုံမှုရှိသည်ဆိုသော်ငြား လုဟန်ချွမ်က မဖြစ်မနေ လိုက်ပို့ပေးခဲ့လေသည်။
“ကိုယ်မနက်ဖြန်လည်း စခန်းမှာပဲ ရှိနေမယ်၊ လေ့ကျင့်ရေးတွေ ပြီးတာနဲ့ လာတွေ့မယ်နော်”
သူ၏ အဓိက ရည်ရွယ်ချက်မှာ ယဲ့ရှောင်ရှောင်၏ အခန်းအတွက် လိုအပ်သော ပရိဘောဂအချို့ကို ရှာဖွေပေးရန် ဖြစ်သည်။
မူလက ယဲ့ရှောင်ရှောင်သည် ညွှန်ကြားရေးမှူး ကျောက်ချွင်းဟွာထံမှ စားပွဲတစ်လုံး တောင်းခံဖို့ ကြံရွယ်ထားခဲ့ပါသည်။
သို့သော် ဤရက်ပိုင်းအတွင်း သူမ ပိုမိုအကဲခတ်ကြည့်လေလေ ဆေးခန်း၏ အခြေအနေက အလွန်ဆင်းရဲနွမ်းပါးနေမှန်း ပိုသိလာလေလေဖြစ်၍ ထိုစကားကို ပြောမထွက်ခဲ့တော့ပေ။
ချက်ပြုတ်ရန် ထင်းပင် မပြည့်စုံသည့် ဤကဲ့သို့ နေရာမျိုးတွင် သူမအနေဖြင့် အခြားသူများအား ဝန်ထမ်းဝန်ပိုး မဖြစ်စေချင်ပေ။
လုဟန်ချွမ်သည် ကတိပေးထားသည့်အတိုင်းပင် နောက်တစ်နေ့တွင် ပရိဘောဂပစ္စည်းများကို ပို့ဆောင်ပေးခဲ့ပါသည်။ စာရေးစားပွဲတစ်လုံးအပြင် ဗီရိုကောင်းကောင်းတစ်လုံးပင် ပါသေးသည်။
ယဲ့ရှောင်ရှောင်က ကျီစယ်သည်။
“ရှင့်အခန်းထဲက ပရိဘောဂတွေ ထုတ်လာတာတော့ မဟုတ်ပါဘူးနော်’
လုဟန်ချွမ်က ပြုံးသည်။
“မဟုတ်ပါဘူး၊ ဒါပေမယ့် ကိုယ်တို့သာ လက်ထပ်စာချုပ်အစောကြီးကတည်းက ချုပ်ထားခဲ့ရင် အခုချိန်မှာ ကိုယ့်နဲ့တစ်ခန်းတည်း လာနေလို့တောင် ရနေပြီ”
“အခုတော့ နောက်ကျသွားပြီလေ၊ ပေကျင်းရောက်မှ အဲ့အကြောင်း ဆက်ပြောကြတာပေါ့”
ဤသည်မှာ လက်ထပ်မည့်ကိစ္စကို ယဲ့ရှောင်ရှောင်ဘက်မှ ပထမဦးဆုံး ကောင်းကောင်းမွန်မွန် တုံ့ပြန်ဖူးခြင်း ဖြစ်ပါသည်။
လုဟန်ချွမ်တစ်ယောက် ပထမတော့ အနည်းငယ်မှင်သက်သွားသော်လည်း စက္ကန့်ပိုင်းပင်မကြာဘဲ အဓိပ္ပာယ်ကို နားလည်သွားခဲ့ကာ ယဲ့ရှောင်ရှောင်အား စိတ်အားထက်သန်စွာ မေးမြန်းလိုက်လေသည်။
“ရှောင်ရှောင် ခုနက သဘောတူလိုက်တာလား”
ယဲ့ရှောင်ရှောင်: “ကျွန်မ သဘောတူတယ်လို့ မပြောမိပါဘူးနော်”
လုဟန်ချွမ် ရှေ့သို့တိုးလာပြီး သူမကို ပွေ့ဖက်လိုက်ပါသည်။
“ကိုယ်ရှင်းရှင်းလင်းလင်းကို ကြားလိုက်တယ်နော်၊ အခုမှ နောက်ပြန်ဆုတ်လို့ မရတော့ဘူး”
နောက်ရက်များတွင်လည်း လုဟန်ချွမ်နှင့် ယဲ့ရှောင်ရှောင်တို့နှစ်ဦး စခန်းအတွင်း အမြဲတမ်း တွဲသွားတွဲလာ ပြုခဲ့ကြပါသည်။
ထို့ကြောင့် ဗိုလ်မှူးလုတွင် အလွန်လှပသည့် သတို့သမီးလောင်းလေးတစ်ဦး ရှိနေပြီဟူသော သတင်းမှာ စခန်းအတွင်း တောမီးပမာ ပြန့်နှံ့သွားခဲ့တော့သည်။
ကျိုးရှန့်ယန်တစ်ယောက် ဒဏ်ရာကြောင့် အနားယူနေရသော်လည်း ထိုအတင်းအဖျင်းသတင်းများကိုမူ လုံးဝ အလွတ်မပေးခဲ့ပေ။
“အရင်က ဗိုလ်မှူးလု သူ့သတို့သမီးလောင်းအကြောင်းပြောတာ ငါတို့တွေ လုံးဝ မကြားဖူးဘူးနော်”
“ဗိုလ်မှူးလုက ငယ်လည်းငယ် ရုပ်လည်းသန့်တော့ ရည်းစားရှိတာ ဘာထူးဆန်းလို့လဲ၊ ကျုပ်တော့ သူ့ရည်းစား ဒီလောက် လှလိမ့်မယ်လို့ ထင်မထားတာပဲရှိတာ”
“ဗိုလ်မှူးလုမှာ ရည်းစားမရှိဘူးဆိုရင် စခန်းက မိန်းကလေးတွေအကုန်လုံး သူ့ကို ဝန်းရံကြမှာ သေချာတယ်၊ အရင်က သူ့ကိုချဉ်းကပ်ခဲ့တဲ့ မိန်းကလေးတွေအကုန်လုံးကိုလည်း သူငြင်းခဲ့တာပဲမလား”
ထိုစဉ် ကျိုးရှန့်ယန်၏ ဒဏ်ရာကို စစ်ဆေးပေးဖို့ ကျမ့်လဲ့ယင် ရောက်ရှိလာပါသည်။ ချုပ်ရိုးများက အဆင်ပြေသည် ဆိုသော်ငြား ပူပြင်းလှသည့် ရာသီဥတုကြောင့် နေ့စဉ် ပိုးသတ်ပေးဖို့ လိုအပ်သည်။
အထဲသို့ ဝင်လာသည်နှင့် ကျိုးရှန့်ယန်နှင့် အခြားတပ်သားများ၏ စကားပြောသံများက သူမနားထဲ တိုးဝင်လာခဲ့ပါသည်။
အခြားသူများ မသိခဲ့သည်မှာ ထိုအငြင်းခံခဲ့ရသည့် မိန်းကလေးများအနက် ကျမ့်လဲ့ယင်လည်း တစ်ဦးအပါအဝင် ဖြစ်နေသည်ကိုပင်။
ကျမ့်လဲ့ယင်သည် ငယ်စဉ်ကတည်းက အလွန်ထူးချွန်ထက်မြက်ခဲ့ပါသည်။ သူမ၏ လက်ရှိ အလုပ်ပတ်ဝန်းကျင်က မကောင်းမွန်သော်လည်း စစ်တပ်ထဲတွင် စစ်ဆေးဆရာဝန်အဖြစ် ရာထူးနေရာတစခု ရရှိခဲ့ခြင်းက လူအများစု စိတ်ကူးသာ ယဉ်နိုင်သည့် ဘဝမျိုးပင် ဖြစ်သည်။
ထို့ကြောင့် လုဟန်ချွမ်ကို စတွေ့လိုက်စဉ်ကတည်းက ထိုကဲ့သို့ ယောက်ျားမျိုးကသာ သူမနှင့် ထိုက်တန်သည်ဟု ကျမ့်လဲ့ယင် အပြည့်အဝ ယုံကြည်ထားခဲ့သည်။
သို့သော် လွန်ခဲ့သည့် ၂ နှစ်တာကာလပတ်လုံး လုဟန်ချွမ်သည် သူမကို တာဝန်ကိစ္စများမှအပ ပုဂ္ဂိုလ်ရေးအရ စကားတစ်ခွန်းမှ မဟခဲ့ပေ။
ယခုအချိန်တွင် ယဲ့ရှောင်ရှောင်အား သူမည်သို့ နွေးနွေးထွေးထွေး ဆက်ဆံနေသည်ကိုသာ ကျမ့်လဲ့ယင် မမြင်ခဲ့ရပါက လုဟန်ချွမ်သည် မွေးရာပါ သွေးအေးရက်စက်တတ်သူဖြစ်သည်ဟု သူမ ထင်မိလောက်သည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်း သူမ မြင်တွေ့ခဲ့ရသည့် လုဟန်ချွမ်၏ နူးညံ့သိမ်မွေ့မှုများမှာ အလွန် အံ့ဩမှင်သက်စရာ အမှန်တရားတစ်ခု ဖြစ်နေလေတော့သည်။
‘ဟား…’
ယဲ့ရှောင်ရှောင်သည် သူမ၏ ဆေးခန်းတွင် တာဝန်ကို ပုံမှန်အတိုင်း ဆက်လက်ထမ်းဆောင်ခဲ့ပါသည်။
ဤနေရာတွင် လူနာလာရောက်မှုမှာ အလွန်နည်းပါးပြီး ရံဖန်ရံခါ ရောက်လာတတ်သော လူနာများမှာလည်း ဝမ်းလျှောခြင်း သို့မဟုတ် သာမန်ဖျားနာခြင်းကဲ့သို့သော အသေးအဖွဲ ဝေဒနာများသာဖြစ်ကြသဖြင့် ဆေးညွှန်းအချို့ ပေးလိုက်ရုံဖြင့် အဆင်ပြေနိုင်ပါသည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင် အားလပ်ချိန်များတွင် စာဖတ်ရင်းနှင့်သာ အချိန်ကုန်ဆုံးစေခဲ့သည်။
ကျန်သောအချိန်များတွင်မူ ဆေးခန်း၌ လိုအပ်နေသည့် ဆေးပစ္စည်းများနှင့် ဆေးဝါးများကို စာရင်းပြုစုခဲ့သည်။
ညွှန်ကြားရေးမှူး ကျောက်ချွင်းဟွာ၏ ပြောပြချက်အရ အထက်အရာရှိများထံမှ ဆေးဝါးရိက္ခာတောင်းခံရခြင်းမှာ အလွန်ပင် ခက်ခဲလှပြီး အချို့သော ရှားပါးဆေးဝါးများဆိုလျှင် လုံးဝ ခွင့်ပြုပေးခြင်းမရှိကြောင်း ယဲ့ရှောင်ရှောင် သိရှိခဲ့ရပါသည်။
အခြားနည်းလမ်းမရှိတော့သဖြင့် ယဲ့ရှောင်ရှောင်သည် ပေကျင်းမြို့သို့ စာပို့ကာ တိုင်းရင်းဆေးဝါးအချို့ ပို့ဆောင်ပေးဖို့ ဆရာကြီး စုန့်ကွမ်းကျင့်အား တောင်းဆိုရန် စဉ်းစားရတော့သည်။
ယခု လုဟန်ချွမ်ကို ရှာတွေ့သွားပြီဖြစ်၍ စခန်းပြင်ပသို့ စာပို့ဆောင်ခြင်းမှာ ပိုမိုလွယ်ကူသွားခဲ့ပါသည်။
ယဲ့ရှောင်ရှောင် အနားယူနေချိန်တွင် လီကျန်းတစ်ယောက် မည်သည့်နေရာက ရရှိလာမှန်းမသိသည့် စက်ဘီးတစ်စီးဖြင့် ရောက်ရှိလာသည်။
“ငါနဲ့ မြို့ထဲကို လိုက်ခဲ့မလား”
ယဲ့ရှောင်ရှောင်သည် စာများကို ရေးသားပြီးခါစဖြစ်ပြီး ပေကျင်းသို့ပို့ဆောင်ဖို့ လုဟန်ချွမ်အား အကူအညီတောင်းရန် ရည်ရွယ်ထားပါသည်။
စာကတစ်စောင်တည်းမဟုတ်ဘဲ ဆရာကြီး စုန့်ကွမ်းကျင့်၊ သူမ၏ အစ်ကိုကြီးများနှင့် မိသားစုထံသို့ ပို့ဆောင်ပေးမည့် စာများလည်း ပါဝင်သည်။
သို့သော် လီကျန်းက မြို့ထဲသို့ အတူတူလိုက်ဖို့ ခေါ်နေသဖြင့် သူမကိုယ်တိုင် စာတိုက်မှတစ်ဆင့် ပေးပို့နိုင်ပါသည်။
“ဒါနဲ့ မြို့ထဲကိုသွားဖို့ ၂ နာရီလောက် ကြာတယ်ဆို”
လီကျန်း: “အဲ့တာ လမ်းကိုဖြည်းဖြည်းချင်းလျှောက်မှလေ၊ ငါတို့က စက်ဘီးနဲ့သွားမှာ၊ အဲ့လောက်မကြာပါဘူး”
သို့သော် ယခင်က ကျင်းယုတစ်ယောက် ကားမောင်းပြီး သွားခဲ့သည့်တိုင် အချိန်အတော်ပေးခဲ့ရသည်ကို ယဲ့ရှောင်ရှောင် မှတ်မိနေပါသေးသည်။ ထို့ကြောင့် လီကျန်း၏ စကားကို သူမ မယုံကြည်နိုင်သေးပေ။
လီကျန်းက တိုက်တွန်းသည်။
“မြန်မြန်လုပ်စမ်းပါ၊ ဒီနေ့ မြို့ထဲမှာ ဈေးရောင်းပွဲတော်ရှိတယ်၊ ဒီတစ်ခါလွတ်သွားရင် နောက်တစ်ခါ ဘယ်တော့မှ ကြုံရမလဲ မသိတော့ဘူး”
ထိုစကားကို ကြားသောအခါ ယဲ့ရှောင်ရှောင်လည်း ဆုံးဖြတ်ချက်ချလိုက်တော့သည်။
“အဲ့တာဆို ခဏစောင့်၊ ကျွန်မ လိုက်ခဲ့မယ်”
ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်အတွက် စာတစ်စောင်ချန်ထားပေးခဲ့ပြီး လီကျန်းနှင့်အတူ အပြင်ထွက်လာခဲ့တော့သည်။
စခန်းမှ ထွက်ခွာသည့်အခါ မိုးရွာမည်ကို စိုးရိမ်စရာမလိုသော်လည်း ပြင်းထန်လှသော နေရောင်ခြည်ဒဏ်ကိုမူ အထူး သတိပြုရပါမည်။
ထို့ကြောင့် ယဲ့ရှောင်ရှောင်သည် သူမကိုယ်တိုင် ဖန်တီးထားသော နေကာအင်္ကျီကို ခေါင်းအပေါ်ထိ ခြုံလိုက်ပြီး လီကျန်း၏ စက်ဘီးနောက်ခုံပေါ်သို့တက်ကာ မြို့ထဲသို့ ထွက်လာခဲ့တော့သည်။
--- --- ---
“အစ်မစကားကို ယုံခဲ့မိတာ ကျွန်မကိုယ်ကျွန်မ မယုံနိုင်ဘူး….”
သူတို့နှစ်ဦး စခန်းမှ ၉ နာရီ ထွက်ခွာလာခဲ့သော်လည်း ၁၁ နာရီထိုးခါမှ မြို့ထဲသို့ ရောက်ရှိခဲ့ပါသည်။ စက်ဘီးနောက်ခုံမှ ခုန်ချလိုက်ပြီးနောက် ယဲ့ရှောင်ရှောင်တစ်ယောက် တင်ပါးပင် မရှိတော့သလို ခံစားလိုက်ရသည်။
လီကျန်းက စက်ဘီးတွန်းရင်း ပြန်ချေပလိုက်ပါသည်။
“စက်ဘီးကို ပင်ပင်ပန်းပန်း နင်းလာရတာ ငါပါဟဲ့! နင့်ကို စက်ဘီးစီးခတောင် တောင်းတာမဟုတ်ဘူး၊ ငါ့ကို လာနုပြနေလိုက်တာ ကြည့်ပါဦး”
ယဲ့ရှောင်ရှောင်: “အခုဘယ်သွားမှာလဲ၊ ကျွန်မ စာတိုက်ကို အရင်သွားစရာရှိလို့”
လီကျန်း: “အဲ့တာဆို နင့်ကိစ္စအရင်သွားရှင်းကြမယ်လေ၊ အဲ့တာပြီးရင် ငါ့အိမ် ခဏဝင်ကြမယ်၊ အဲ့ဒီကနေတစ်ဆင့် ဈေးရောင်းပွဲတော်ကို သွားပြီး ပြန်ကြမယ်”
မြို့ထဲတွင် သမဝါယမအရောင်းဆိုင် အသေးစားလေးတစ်ခုရှိသော်လည်း အတွင်းရှိ ကုန်ပစ္စည်းများ၏ ဈေးနှုန်းမှာ အလွန်ပင် ကြီးမြင့်လှသည်။
ဆန့်ကျင်ဘက်အနေဖြင့် ဈေးရောင်းပွဲတော်၌မူ ပစ္စည်းအမျိုးအမည် မစုံလင်သော်လည်း ရံဖန်ရံခါ အထူးကောင်းမွန်သည့် ပစ္စည်းများကို တွေ့ရတတ်ပါသည်။
ယဲ့ရှောင်ရှောင်သည် စာတိုက်ထဲသို့ ဝင်ပြီး စာ ၄ - ၅ စောင်ခန့် အပ်ခဲ့လိုက်သည်။
ထိုမြင်ကွင်းကိုမြင်ကာ လီကျန်းတစ်ယောက် မယုံကြည်နိုင်ဖြစ်သွားရလေသည်။
“နင်စာပို့ရမယ့်လူတွေ အဲ့လောက်အများကြီး ရှိတာလား”
ယဲ့ရှောင်ရှောင် ရှင်းပြလိုက်သည်။
“ကျွန်မ ဘေးကင်းတယ်ဆိုတဲ့အကြောင်း မိသားစုကို အသိပေးရမှာမို့လို့ပါ”
ထို့အပြင် သူမ၏ လိပ်စာအတိအကျကို သိရမှ မိသားစုကလည်း လိုအပ်သည့်ပစ္စည်းများကို ပို့ဆောင်ပေးနိုင်မည် ဖြစ်ပါသည်။
ယခင်ကဆိုလျှင် ယဲ့ရှောင်ရှောင်သည် မိသားစုထံမှ မည်သည့်ထောက်ပံ့မှုကိုမှ မလိုလားခဲ့ချေ။ သို့သော် လက်ရှိအခြေအနေတွင်မူ သူမထံသို့ ရိက္ခာများ အမြန်ဆုံးပို့ဆောင်ပေးကြပါစေဟုသာ ဆုတောင်းနေမိပါသည်။
ကြမ်းတမ်းလှသော လုပ်ငန်းခွင်သည် လူတစ်ယောက်၏ စိတ်နေသဘောထားကို ပြောင်းလဲပေးနိုင်သည်ဆိုသည်မှာ အလွန်ပင် မှန်ကန်လှပါသည်။
လီကျန်း၏ မျက်လုံးများထဲ မနာလိုအားကျမှုများ ရိပ်ပြေးသွားခဲ့သည်။ ယဲ့ရှောင်ရှောင်ကမူ သူမ၏ အကြည့်ကို သတိမမူမိခဲ့ချေ။
သူတို့နှစ်ဦး လမ်းအတူတူဆက်လျှောက်လာခဲ့ပြီး မကြာမီ လီကျန်း၏အိမ်သို့ ရောက်ရှိလာခဲ့ပါသည်။
လီကျန်း၏ အိမ်မှာ ရိုးရှင်းသော ရွှံ့အုတ်များဖြင့် ဆောက်လုပ်ထားသည့် တစ်ထပ်အိမ်ငယ်လေးသာဖြစ်ပြီး ခြံဝင်းမှာလည်း နှစ်ပေါင်းများစွာ စွန့်ပစ်ထားသည့်အလား ပျက်စီးယိုယွင်းနေပါသည်။ ဤကဲ့သို့နေရာမျိုးကို သူခိုးပင် ကပ်မည်မဟုတ်ချေ။
လီကျန်းတစ်ယောက် သော့ခလောက်ကို ဖွင့်ကာ အိမ်ထဲသို့ဝင်ပြီး ဗီရိုတစ်လုံးထဲမှ ပစ္စည်းအချို့ကို ကမန်းကတန်း ရှာဖွေထုတ်ယူနေသည်ကို ကြည့်ရင်း ယဲ့ရှောင်ရှောင် မေးမြန်းလိုက်ပါသည်။
“အစ်မအိမ်မှာ… မိသားစုဝင်တွေ မရှိဘူးလား”