အခန်း ၂၇၅
Vol. 28 Ch. 275
Chapter 275
ကျမ့်လဲ့ယင်သည် စစ်ဦးစီးချုပ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အတွက် IV ပုလင်းများ ချိတ်ထားပေးပြီးပြီဖြစ်၍ သူတို့နှစ်ဦး၏ ရောဂါလက္ခာဏာများမှာ အနည်းငယ် သက်သာလာခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေလည်း မရှိတော့ပေ။
ကျန်တပ်သားများ၏ အခြေအနေကို စိတ်ပူသဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်က အားနည်းပျော့ညံ့စွာ မေးမြန်းလိုက်ပါသည်။
“ကျန်တဲ့သူတွေကော အခြေအနေဘယ်လိုရှိလဲ၊ အဆင်ပြေကြရဲ့လား”
ကျမ့်လဲ့ယင်: “စိတ်ချပါ ခေါင်းဆောင်ကြီး၊ အရပ်သားဆေးခန်းက ဆေးဝန်ထမ်းတွေလည်း လာကူညီပေးနေလို့ အားလုံး အဆင်ပြေနေပါတယ်၊ ကျန်တဲ့သူတွေကိုလည်း ပုလင်းတွေ စချိတ်ပေးနေပါပြီ”
အတိုင်ပင်ခံပုဂ္ဂိုလ်က ခေါင်းညိတ်သည်။
“ကောင်းပါပြီ…”
သူသည် ဤအစာအဆိပ်သင့်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ မေးခွန်းအနည်းငယ် မေးမြန်းချင်သေးသော်လည်း အကြိမ်ပေါင်းများစွာ အော့အန်ခြင်းနှင့် ဝမ်းသွားထားခြင်းတို့ကြောင့် အားအင်အလွန်ကုန်ခမ်းနေပါပြီ။
ထို့ကြောင့် ကျမ့်လဲ့ယင်၏ စကားကိုကြားပြီးနောက် အနည်းဆုံးတော့ စိတ်အေးသွားခဲ့ရပြီး စကားဆက်မပြောခဲ့တော့ချေ။
တစ်ဖက်တွင်လည်း ယဲ့ရှောင်ရှောင်သည် အခြားတပ်သားများအတွက် IV ပုလင်းများ စတင်ချိတ်ပေးနေပါပြီ။
ဆေးစပ်ခြင်းနှင့် အပ်ထိုးသွင်းခြင်းတို့က လွယ်ကူသော်လည်း ပြဿနာရှိသည်မှာ ကျမ့်လဲ့ယင် ထောက်ပြထားသည့်အတိုင်းပင် ဆေးဝါးရိက္ခာလုံလောက်မှု မရှိခြင်းပင်။
အရေးပေါ်ပို့ဆောင်ပေးမည့်ဆေးဝါးများကလည်း အလွန်ဆုံး ၃ နာရီကြာမှ ရောက်ရှိလာပါလိမ့်မည်။
ဤနယ်မြေတွင် လူဦးရေကျဲပါးပြီး မြို့ပြများမှာလည်း တစ်မြို့နှင့်တစ်မြို့ အလှမ်းဝေးကွာလှသဖြင့် စောင့်နေရုံမှတစ်ပါး အခြားလုပ်စရာ မရှိတော့ပေ။
သို့သော် တရုတ်တိုင်းရင်းဆေးပညာအရ သွေးဖောက်ကုထုံးနှင့် အပ်စိုက်ကုထုံးတို့သည် အဆိပ်သင့်သည့် လက္ခဏာများကို သက်သာစေနိုင်ပါသည်။
သို့သော်ငြား ထိုကုထုံးများကို အသုံးချသင့်၊ မချသင့် ယဲ့ရှောင်ရှောင် စဉ်းစားနေမိသည်။ လက်ရှိတွင် IV ပုလင်း မချိတ်ရသေးသည့် လူနာ ဆယ်ယောက်ကျော်ရှိပြီး ထိုလူများကလည်း ယဲ့ရှောင်ရှောင်ကိုယ်တိုင် ရွေးချယ်ထားသည့် ဝေဒနာ အနည်းပါးဆုံး လူများ ဖြစ်ကြပါသည်။
သို့သော် ဝေဒနာနည်းပါးသည်ဆိုရုံနှင့် လျစ်လျူရှုထား၍ မရနိုင်ပေ။
လုဟန်ချွမ်က ပွင့်ပွင့်လင်းလင်းပင် ဝင်ပြောလိုက်သည်။
“ကြိုက်တဲ့ ကုထုံးနဲ့ ကုလိုက်ပါ၊ တစ်ခုခုလွဲချော်သွားရင် ကိုယ်တာဝန်ယူပေးမယ်”
လက်ရှိအခြေအနေကိုပင် အလွန်ကြီးမားသော မတော်တဆမှုတစ်ခုအဖြစ် သတ်မှတ်ထားနိုင်ပါပြီ။
ဤကိစ္စမှာ လုဟန်ချွမ်၏ ကိုယ်ပိုင်စီမံခန့်ခွဲမှုနှင့် တိုက်ရိုက်မသက်ဆိုင်ဟု ဆိုနိုင်သော်လည်း သူ့ဦးဆောင်မှုအောက်တွင် ဖြစ်ပွားခဲ့သော ပြဿနာဖြစ်၍ နောက်ဆုံး သူ့ခေါင်းပေါ်သာ အပြစ်ပုံကျလာနိုင်သည်။
ထိုအချိန်တွင် ကြမ်းပြင်ပေါ်၌ လှဲလျောင်းနေသည့် တပ်သားလေးတစ်ဦးက ထပြောလိုက်သည်။
“ဒေါက်တာယဲ့၊ ဒီဝေဒနာဆိုးကြီးကို ပျောက်အောင် ကုပေးနိုင်တယ်ဆိုရင် ကြိုက်တဲ့ကုထုံးကိုသာ သုံးပါ”
ထိုတပ်သားများ ကြမ်းပြင်တွင် လှဲလျောင်းနေရခြင်းမှာ ညှဉ်းပန်းနှိပ်စက်ထားခြင်း မဟုတ်ဘဲ ဆေးခန်းတွင် လူနာကုတင် လုံလောက်စွာ မရှိခြင်းကြောင့်သာ ဖြစ်ပါသည်။
ယဲ့ရှောင်ရှောင်က ခေါင်းညိတ်သည်။
“ကောင်းပါပြီ၊ ဒါဆို ကျွန်မနည်းလမ်းအတိုင်း ကုကြည့်ပေးပါ့မယ်”
ထို့နောက် သူမ၏ ဆေးသေတ္တာကိုဖွင့်ကာ လူနာတစ်ယောက်ချင်းစီတိုင်းကို သွေးဖောက်၍ စတင်ကုသပေးခဲ့ပါသည်။ အပ်တစ်ချောင်းဖြင့် အကြောမှတ်အချို့ကို ထိုးစိုက်ကာ သွေးစက်အနည်းငယ်ထုတ်ယူရသော ကုသမှုမျိုးပင် ဖြစ်သည်။
ဆေးဝါးရိက္ခာများ ရောက်ရှိလာသည့်အချိန်တွင် လူနာများ၏ အခြေအနေကလည်း စိုးရိမ်စရာမရှိတော့ပေ။
ထိုအခါ ယဲ့ရှောင်ရှောင်သည် သွေးဖောက်ကုထုံးဖြင့် ကုသခံထားရသည့် လူနာများကို IV ပုလင်းများ ပြောင်းလဲ ချိတ်ပေးလိုက်သည်။
၎င်းတို့ကို တစ်ရက်ကြာ စောင့်ကြည့်ပြီး နောက်တစ်နေ့မနက်အထိ အခြေအနေ ဆိုးရွားမလာခဲ့လျှင် အသက်အန္တရာယ် မရှိတော့ကြောင်း အတည်ပြုနိုင်ပါပြီ။
မူလက စစ်ဦးစီးချုပ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့သည် စခန်းတွင် တစ်ညသာ တည်းခိုရမည်ဖြစ်သော်လည်း ဤအဖြစ်အပျက်ကြောင့် နောက်ထပ် ၂ ရက်ကြာအောင် ဆက်လက် နေထိုင်ခဲ့ရပါသည်။
သေချာမကျိုချက်ထားသည့် ပဲနို့များကြောင့် ဖြစ်ပွားခဲ့ရသည့် ပြဿနာဖြစ်သည့်အတွက် ထမင်းစားဆောင် ဝန်ထမ်းများကို သတိပေးဆုံးမပြီး ယခုလအတွက် ဘောနပ်စ်များကိုပါ ဖြတ်တောက်လိုက်ပါသည်။ အခြားပြင်းထန်သော ပြစ်ဒဏ်များကိုမူ မချမှတ်ခဲ့ချေ။
ဤကိစ္စမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းမဟုတ်ဘဲ မတော်တဆဖြစ်သွားသည့်ဖြစ်ရပ်တစ်ခုဖြစ်မှန်း အားလုံး သိရှိထားခြင်းကြောင့်ပင်။
စခန်းမှ မထွက်ခွာမီ အတိုင်ပင်ခံပုဂ္ဂိုလ်သည် စခန်းရှိ ဆေးဝန်ထမ်းများ၏ အရည်အချင်းကို ချီးကျူးခဲ့ပါသည်။ အထူးသဖြင့် ကျမ့်လဲ့ယင်ကို ဖြစ်သည်။
လွန်ခဲ့သည့် ၂ ရက်အတွင်း ကျမ့်လဲ့ယင်က စစ်ဦးစီးချုပ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးစလုံးကို အနီးကပ်တာဝန်ယူ စောင့်ရှောက်ပေးခဲ့ရသဖြင့် ခေါင်းဆောင်ပိုင်းများ၏ စိတ်ထဲတွင် အမှတ်တိုးသွားခဲ့ရပါသည်။
အတိုင်ပင်ခံပုဂ္ဂိုလ်က ကျမ့်လဲ့ယင်အား ချီးကျူးစကားပြောကြားနေသည်ကို ကြားသောအခါ လီကျန်းက မကျေမနပ် ပွစိပွစိ ပြောလိုက်သည်။
“ဘာလဲဟ၊ အားလုံးထဲမှ အပင်ပန်းရဆုံးက နင်လေ၊ သူက လူ ၂ ယောက်ကိုပဲ တာဝန်ယူထားရတာ၊ နင်က လူအယောက် ၂၀ - ၃၀ လောက်ကို တာဝန်ယူခဲ့ရတာလေ!”
ယဲ့ရှောင်ရှောင်ကမူ စိတ်ထဲမထားခဲ့ပေ။
သူမသည် ဤနေရာတွင် လပိုင်းမျှသာ နေထိုင်ရမည့် အလုပ်သင်တစ်ဦးဖြစ်ကာ ကျမ့်လဲ့ယင်ကမူ ထူးထူးခြားခြား အခြေအနေမရှိလျှင် ဤနေရာ၌ နှစ်ပေါင်းများစွာ ဆက်လက်နေထိုင်ရမည့်လူ ဖြစ်ပါသည်။
ထို့ကြောင့် ခေါင်းဆောင်ပိုင်းများနှင့် ရင်းနှီးမှုရယူထားခြင်းမှာ ကျမ့်လဲ့ယင်အတွက် ကောင်းမွန်သည့် ခြေလှမ်းတစ်ခု ဖြစ်နိုင်သည်။
ထို့အပြင် ဤမတော်တဆမှုတွင် အသက်ဆုံးရှုံးခြင်းလည်း မရှိသဖြင့် အသေးအဖွဲကိစ္စများအတွက် ယဲ့ရှောင်ရှောင် ဂရုမစိုက်လိုပေ။
ကျမ့်လဲ့ယင်အား ယဲ့ရှောင်ရှောင် အမှန်တကယ် သိစေချင်သည်မှာ ခေါင်းဆောင်ပိုင်းများ၏ မျက်နှာသာပေးမှုကို ရယူဖို့က အရေးကြီးသည်ဆိုသော်ငြား အခြေခံလူတန်းစားများအကြားတွင် ခိုင်မာသော ဆက်ဆံရေးတစ်ခု တည်ဆောက်ခြင်းကလည်း တန်ဖိုးမမဲ့လှပေ။ လူတစ်ဦး၏ ကိုယ်ပိုင်ရွေးချယ်မှုအပေါ်တွင်သာ မူတည်ပါသည်။
စစ်ဦးစီးချုပ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပြန်လည် ထွက်ခွာသွားပြီးနောက် နာလန်စခန်းတစ်ခုလုံး ပြန်လည်တိတ်ဆိတ် အေးချမ်းသွားတော့သည်။
ယဲ့ရှောင်ရှောင်ထံသို့ ပေးပို့ထားသော ပါဆယ်ထုပ်များလည်း တစ်ခုပြီးတစ်ခု စတင်ရောက်ရှိလာခဲ့ပါပြီ။
စုန့်ကွမ်းကျင့်က သူမထံသို့ တရုတ်တိုင်းရင်းဆေးပင်အမြောက်အများကို ပို့ဆောင်ပေးထားသည်။ ယဲ့ရှောင်ရှောင်သည် ထိုဆေးပင်များကို အမျိုးအစားခွဲခြားကာ ဆေးခန်း၏ ထောင့်တစ်နေရာတွင် ပုံထားလိုက်ပါသည်။
မည်သူကမှ ထိုဆေးပင်များကို ခိုးယူမည် မဟုတ်သဖြင့် ပျောက်ဆုံးမည်ကို စိတ်ပူစရာမလိုအပ်ပေ။
ယဲ့ရှောင်ရှောင်သည် ဤနေရာတွင် ဘဝအတွေ့အကြုံ လာယူခြင်းသာဖြစ်မည်ဟု ညွှန်ကြားရေးမှူး ကျောက်ချွင်းဟွာ ယုံကြည်သွားခဲ့တော့သည်။
စုန့်ကွမ်းကျင့်က ပို့ပေးလိုက်သည့် ပစ္စည်းများအပြင် မြောင်စွေ့ဖန်းတို့လင်မယား၊ ယဲ့ချန်းချင့်နှင့် ယဲ့ချန်းနင်တို့ကလည်း တစ်နေ့တာ အသုံအးဆောင်ပစ္စည်းများနှင့် အစားအသောက်မျိုးစုံတို့ကို ပို့ဆောင်ပေးခဲ့သည်။
စာများနှင့် ပါဆယ်ထုပ်များကို လာရောက်ပို့ဆောင်ပေးရသည့် တပ်သားလေးမှာ ယဲ့ရှောင်ရှောင်နှင့် အလွန် ရင်းနှီးနေပါပြီ။ အကြောင်းမှာ နေ့တိုင်းနီးပါး သူမအတွက် ပါဆယ်ထုပ်များတစ်ခုပြီးတစ်ခု ရောက်ရှိနေတတ်သောကြောင့်ပင်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုတပ်သားလေးမှာ ယခင်တစ်ခေါက်က အစာအဆိပ်သင့်သည့် လူနာများထဲတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့၍ ယဲ့ရှောင်ရှောင်အတွက် ဤတာဝန်ကို ပျော်ပျော်ကြီး ထမ်းဆောင်ပေးနိုင်ပါသည်။
ထို့အပြင် ယဲ့ရှောင်ရှောင်ကလည်း အစားအသောက်များ ရရှိလိုက်တိုင်း စခန်းရှိ အခြားသူများနှင့်ပါ မျှဝေတတ်ပါသည်။
ထို့ကြောင့် စခန်းတွင် သူမ၏ ဂုဏ်သတင်းမှာ တဖြည်းဖြည်းကျော်ကြားလာပြီး နောက်ဆုံးတွင် လူတိုင်း၏ ရင်ထဲ၌ ထိပ်ဆုံးနေရာကို ရရှိသွားတော့သည်။
ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်ထံသို့လည်း စာတစ်စောင် ထပ်မံရေးပေးခဲ့ပါသည်။
အချိန်ရလျှင် အနောက်မြောက်ပိုင်းသို့ လာရောက်ကာ သိုးသားရေများကို ဝယ်ယူစုဆောင်းထားသင့်ကြောင်း အကြံပြုထားသော စာပင်ဖြစ်သည်။ ယဲ့ချန်းနင်ထံမှ ပြန်စာတော့ ရောက်ရှိမလာသေးပေ။
အမှန်တွင် စစ်လေ့ကျင့်ရေးကွင်းနှင့် သုတေသနအဆောက်အဦးတို့၌ ဖုန်းများတပ်ဆင်ထားသော်လည်း ယဲ့ရှောင်ရှောင် မငှားဖို့ ဆုံးဖြတ်ခဲ့ပါသည်။
ဖုန်းတစ်ခါခေါ်ဆိုဖို့ အလွန်အလုပ်များရပြီး ဖုန်းခေါ်ဆိုနေစဉ် အချိန်အတွင်းမှာလည်း စောင့်ကြည့်နားထောင်ခံရသဖြင့် အလွန် စိတ်ရှုပ်စရာကောင်းပါလိမ့်မည်။
ယဲ့ချန်းနင်က မည်သည့်ရာဇဝတ်မှုကိုမှ ကျူးလွန်မထားသော်လည်း ယဲ့ရှောင်ရှောင်သည် မလိုအပ်သည့် ပြဿနာများကို ဖြစ်မလာစေချင်ပေ။
အရေးကြီးကိစ္စမရှိပါက စခန်းရှိ ဖုန်းများကို သူမ လုံးဝ အသုံးပြုမည် မဟုတ်ပါ။
အောက်တိုဘာလအဆုံးတွင် ဒေသတွင်း အပူချိန်များစတင် ကျဆင်းလာခဲ့ပါသည်။ သို့သော် နေ့ဘက်တွင် အလွန်ပူပြင်းနေဆဲဖြစ်ကာ ညဘက်တွင်တော့ စောင်ထူထူများ ခြုံအိပ်နေရပါပြီ။
တစ်ညတွင် ယဲ့ရှောင်ရှောင် အိပ်မောမကျမီ ပြူတင်းပေါက်အပြင်ဘက်၌ လျှပ်စီးများလက်လာသည်ကို သတိထားမိသွားသည်။
‘မိုးရွာတော့မှာလား… မိုးရွာတော့မှာပဲ!!’
လီကျန်းနှင့် ယန်ကျွမ်းတို့လည်း ပုံမှန်မဟုတ်သည့် ရာသီဥတုကို သတိပြုမိကြပြီး ယဲ့ရှောင်ရှောင်နည်းတူ ပျော်ရွှင်သွားကြပါသည်။
သို့သော် သူတို့နှစ်ဦး အရင်ဆုံးလုပ်သည့်အလုပ်မှာ အဆောင်ထဲရှိ ရေပုံးများ၊ ရေခွက်များအားလုံးကို အပြင်သို့ထုတ်ကာ မိုးရေခံဖို့ပင်ဖြစ်သည်။
ယဲ့ရှောင်ရှောင်သည် ဤနေရာတွင် အတွေ့အကြုံနည်းပါးသော်လည်း လီကျန်းနှင့် ယန်ကျွမ်းတို့ နှစ်ယောက် ရေပုံများထဲ ကျောက်တုံးတစ်တုံးစီ လိုက်ထည့်ထားသည်ကို သူမ သတိပြုမိသွားသည်။
“လေထန်လာရင် ရေပုံးတွေ မှောက်မသွားအောင်လေ”
ယဲ့ရှောင်ရှောင်ကမေးသည်။
“လေထန်လာရင် သဲတွေပါ ပါမလာနိုင်ဘူးလား”
လီကျန်း: “ကိစ္စမရှိပါဘူး၊ အနည်ကျအောင် ထားထားလိုက်လို့ရတယ်၊ မိုးသည်းပါစေလို့ပဲ ဆုတောင်းနေတာ၊ တစ်နွေလုံး မိုးတစ်ခါလေးတောင် မရွာဘူး”
လီကျန်း၏ ဆုတောင်းစကားများကို ကြားသွားသည့်အလား မိုးက မိုးရေချိန်ပမာဏ အမြောက်အများကို သယ်ဆောင်ပြီး အငြှိုးအတေးကြီးစွာ ရွာသွန်းလာခဲ့တော့သည်။
ယဲ့ရှောင်ရှောင် လက်ပတ်နာရီဖြင့် အချိန်သတ်မှတ်ထားလိုက်ရာ မိုးမှာ မိနစ် ၂၀ တိုင်အောင် သည်းထန်စွာ ရွာသွန်းခဲ့ပါသည်။ ထို့နောက်တွင်လည်း လုံးဝ ရပ်စဲသွားခြင်းမရှိဘဲ တဖွဲဖွဲနှင့် ဆက်လက်ရွာသွန်းနေပါသေးသည်။
မနက်မိုးလင်းသောအခါ လီကျန်းတို့အားလုံး ဝင်းခြံထဲတွင် ချထားသည့် ရေပုံးများအား သွားစစ်ကြည့်လိုက်ကြသည်။ မိုးရေမှာ ပုံးနှုတ်ခမ်းဝအထိ ပြည့်လျှံနေခြင်းမရှိသော်လည်း တစ်ဝက်ကျော်ကျော်အထိ ရရှိခဲ့ပါသည်။
လီကျန်း ပို၍ ဝမ်းသာရသည်မှာ ဤမိုးရွာသွန်းမှုကြောင့် ရေထုတ်ယူသည့်နေရာများတွင် လူနည်းပါးသွားတော့မည် ဖြစ်ခြင်းပင်။
ယဲ့ရှောင်ရှောင်က မေးသည်။
“အဲ့တာဆို ကျွန်မတို့ ရေချိုးလို့ရပြီပေါ့နော်”
လတ်တလောတွင် ယဲ့ရှောင်ရှောင်သည် ခန္ဓာကိုယ်အား ရေပတ်တိုက်ခြင်းနှင့် ခေါင်းလျှော်ခြင်းတို့ကိုသာ အလွန်ဆုံး လုပ်ဆောင်နိုင်ခဲ့ပါသည်။ ရေကိုဝဝလင်လင်ချိုးဖို့ဟူသည်မှာ လုံးဝ မဖြစ်နိုင်ခဲ့ပေ။
ရေရှားပါးမှုကြောင့် ယဲ့ရှောင်ရှောင်တစ်ယောက် ဆံပင်ကိုတိုတို ညှပ်ပစ်လိုက်ဖို့ပင် စိတ်ကူးများ ဝင်လာခဲ့ဖူးပါသည်။
ယခုဆိုလျှင် သူမ၏ ဆံပင်ကို သေသေချာချာထုံးကာ ဦးထုပ်အောက်တွင် ထည့်ထားပြီး မလိုအပ်ဘဲ ဖြန့်ချထားလေ့ မရှိတော့ပေ။
လီကျန်းက ရေပုံးထဲရှိ ရေများကို စစ်ဆေးကြည့်လိုက်သည်။ ရေပုံးများ၏ အောက်ခြေတွင် အဝါရောင် သဲအလွှာတစ်ခု ရှိနေပါသည်။ အနည်ကျသွားသောအခါ အပေါ်ယံက ကြည်လင်သွားခဲ့သည်။
“အရင်ကျိုချက်ရမယ်၊ မဟုတ်ရင် မသန့်ဘူး”
ယဲ့ရှောင်ရှောင်က ရေမှုတ်တစ်ခုကို ယူဆောင်ကာ အပေါ်ပိုင်းမှ ရေများကို ခပ်ထုတ်ဖို့ အသင့်ဖြစ်နေပါပြီ။
ယန်ကျွမ်းကမူ ဤနေရာတွင် နေသားကျနေခဲ့ပြီဖြစ်၍ ရေမကြာခဏချိုးချင်သည့် စိတ်မျိုး မရှိပေ။ ထို့ကြောင့် သူ့ရေပုံးထဲမှ ရေများကို မိန်းကလေးနှစ်ယောက် အသုံးပြုဖို့အတွက်သာ မျှဝေပေးနိုင်ပါသည်။
လွန်ခဲ့သော ရက်ပိုင်းများအတွင်း ယဲ့ရှောင်ရှောင်ထံမှ လက်ဆောင်များစွာကို ရရှိခဲ့သဖြင့် တစ်နည်းနည်းဖြင့် ကျေးဇူးပြန်ဆပ်ဖို့ လိုအပ်နေသည်ဟု သူခံစားရသည်။ ထို့ကြောင့် ယန်ကျွမ်းက တာဝန်ယူ၍ ရေများကို ကျိုချက်ပေးလိုက်ပါသည်။
လီကျန်းကမူ သရော်သံဖြင့် ပြောလိုက်သည်။
“ထူးထူးဆန်းဆန်းပါလား၊ ဝမ်းသာစရာကိစ္စပေါ်လာတာကို ဒေါက်တာကျမ့်ဆီ သူအရင်ဆုံး ပြေးမတွေ့တာ ဒါပထမဆုံးပဲ”
ထိုစကားကိုကြားပြီး ယဲ့ရှောင်ရှောင် ခေါင်းမော့ကြည့်လိုက်သည်။
“ယန်ကျွမ်းက ဒေါက်တာကျမ့်ကို ကြိုက်နေတာလား”
လီကျန်း: “ဟုတ်တယ်၊ ဒါပေမယ့် ဒေါက်တာကျမ့်ကတော့ သူ့ကို မကြိုက်ဘူးလေ”