အခန်း ၂၇၆
Vol. 28 Ch. 276
Chapter 276
ကျမ့်လဲ့ယင်အား ယန်ကျွမ်း ပိုးပန်းနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ယခုချိန်ထိ ထိုအလှလေး၏ နှလုံးသားကို မသိမ်းပိုက်နိုင်သေးကြောင်း လီကျန်းထံမှ ယဲ့ရှောင်ရှောင် သိရှိခဲ့ရပါသည်။
ယဲ့ရှောင်ရှောင်၏ အမြင်တွင်မူ လူနှစ်ဦး တစ်ဦးကိုတစ်ဦး သဘောကျပါက ၂ လအတွင်းမှာပင် အဆင်ပြေ နီးစပ်သွားနိုင်သည်။ ဤကဲ့သို့ နှစ်ရှည်လများကြာအောင် စောင့်မျှော်နေရပါက မျှော်လင့်ချက် မရှိသလောက် နည်းပါးသည်။
နောက်ဆုံး နီးစပ်သွားခဲ့လျှင်ပင် နောက်ဆက်တွဲ ပြဿနာပေါင်းစုံ ဖြစ်လာနိုင်ခြေရှိသည်။
ယန်ကျွမ်းသည် ရေများကို ကျိုချက်ပြီးသည်နှင့် ယဲ့ရှောင်ရှောင်နှင့် လီကျန်းတို့နှစ်ယောက် လွတ်လွတ်လပ်လပ် ရေချိုးနိုင်ရန်အတွက် အပြင်သို့ ရှောင်ထွက်ပေးသွားပါသည်။
ယန်ကျွမ်းမှာ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ပြီး သံသယဖြစ်စရာကောင်းမည့် အခြေအနေများကို ရှောင်လွှဲတတ်သည်။
အသက် ၃၀ အရွယ် ရောက်ရှိနေပြီဖြစ်သော်လည်း အိမ်ထောင်မပြုရသေးခြင်းမှာတော့ စိတ်မကောင်းစရာပင်။ ဤခေတ်အခါက ထိုအသက်အရွယ်အထိ အိမ်ထောင်မရှိသေးလျှင် လူပျိုသိုးကြီးတစ်ဦးဟုပင် ခေါ်ဆိုနိုင်နေပါပြီ။
သို့သော် ယန်ကျွမ်း၏ အရည်အချင်းများကို ကြည့်ခြင်းအားဖြင့် ဇနီးတစ်ယောက် ရှာဖွေဖို့ မခက်နိုင်ပေ။ ဆိုလိုသည်မှာ ကျမ့်လဲ့ယင်အား သူအမှန်တကယ် မေတ္တာရှိ၍ ဤမျှအထိ စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်ပါသည်။
ယဲ့ရှောင်ရှောင် ရေအမြန်ချိုးလိုက်ပြီးနောက် တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရသည်။
“မနေ့တုန်းက… အပြင်မှာ မိုးရေထွက်ချိုးတဲ့လူတွေဘာတွေ ရှိမယ်ထင်လားဟင်”
ယဲ့ရှောင်ရှောင်သည် တံခါးဝတွင်ထိုင်လျက် ဆံပင်များကို အခြောက်ခံရင်း အခန်းထဲတွင်ရှိနေသည့် လီကျန်းအား လှမ်းမေးလိုက်သည်။
လီကျန်း ရေချိုးသည့်အချိန်က ယဲ့ရှောင်ရှောင်ထက် သိသိသာသာ ပိုမြန်ဆန်သည်။ သူမသည် တံခါးကို တွန်းဖွင့်လိုက်ပြီး သူမ၏ ဆံပင်တိုတိုလေးများကို လက်ချောင်းများဖြင့် ခပ်ဖွဖွသပ်လျက် ပြန်ဖြေလိုက်သည်။
“ရှိချင်လည်း ရှိမှာပေါ့”
ယဲ့ရှောင်ရှောင် သက်ပြင်းချမိသည်။ မိသားစုက သူမထံသို့ ပစ္စည်းများစတင်ပို့ဆောင်ပေးသည့်အချိန်မှစ၍ သူမတွင် မည်သည့်လိုအပ်ချက်မှ မရှိတော့ပါ။
သို့သော် ရေရှားပါးခြင်းပြဿနာကမူ အလွယ်တကူ ဖြေရှင်းနိုင်သည့် ပြဿနာမဟုတ်ပေ။
လီကျန်းအား ယဲ့ရှောင်ရှောင် တစ်ချက်လှည့်ကြည့်လိုက်သည်။ သူမ၏ ရေတွင်းပရောဂျက်အကြောင်း အနည်းငယ် မေးမြန်းကြည့်သင့်သည်ဟု ခံစားရပါသည်။
ထိုပရောဂျက် အဆုံးသတ်သွားသည့်အခါ သူမလည်း ပေကျင်းသို့ ပြန်သွားရလောက်ပြီ ဖြစ်သော်ငြား ကျန်ရစ်ခဲ့သည့် ဒေသခံများအတွက် အလွန်အသုံးဝင်ပါလိမ့်မည်။
အချိန်မှာ နိုဝင်ဘာလသို့ အလျင်အမြန် ရောက်ရှိလာပြီ ရာသီဥတုကလည်း ရုတ်တရက်ကြီး အေးစိမ့်လာခဲ့သည်။
ယဲ့ရှောင်ရှောင် ဤနေရာသို့ ရောက်ရှိလာစဉ်က အဝတ်အစားများစွာ ယူဆောင်လာခြင်းမရှိသော်လည်း ယဲ့ချန်းနင်က အဝတ်အစားများစွာ ပို့ဆောင်ပေးထားသဖြင့် စိတ်ပူစရာတော့ မလိုအပ်ပေ။
တတိယအစ်ကို၏ ဒီဇိုင်းအမြင်မှာ ပိုမိုကောင်းမွန်လာပြီဖြစ်ရာ ပို့ဆောင်ပေးထားသည့် အဝတ်အစားများက အလွန်လှပပြီး နောင်အနာဂတ် နှစ် ၂၀ ကြာသည့်တိုင်အောင် ရေပန်းစားနေဦးမည့် ဒီဇိုင်းများ ဖြစ်ပေသည်။
ယဲ့ချန်းနင်သည် ယဲ့ရှောင်ရှောင်ထံသို့ ကလေးအဝတ်အစားများစွာကိုလည်း ပို့ပေးထားပါသည်။ ယခင်က စခန်းတွင် ကလေးငယ်များစွာ ရှိနေသည်ဟု ယဲ့ရှောင်ရှောင်က ပြောဖူးသဖြင့် ယဲ့ချန်းနင် မှတ်သားထားခြင်းဖြစ်သည်။
ယဲ့ရှောင်ရှောင်လည်း ထိုကလေးအဝတ်အစားများကို ကလေးထိန်းစင်တာသို့ ပို့ဆောင်ပေးဖို့ ရည်ရွယ်ထားပါသည်။
လီကျန်းသည်လည်း ယဲ့ရှောင်ရှောင်ထံမှ မိန်းကလေးဝတ် အနွေးထည်တစ်ထည်ကို ရရှိခဲ့သည်။ ယဲ့ချန်းနင်က အများကြီး ပို့ဆောင်ပေးထားသဖြင့် ယဲ့ရှောင်ရှောင်တစ်ယောက် တည်း ကုန်အောင်ဝတ်နိုင်မည် မဟုတ်ချေ။
တတိယအစ်ကို၏ ရည်ရွယ်ချက်မှာ ယဲ့ရှောင်ရှောင် အဝတ်လျှော်ဖွပ်စရာပင်မလိုအပ်ဘဲ နေ့စဉ် အဝတ်အစား အသစ်များ ပြောင်းလဲဝတ်စေနိုင်စေရန် ဖြစ်ပါသည်။
ယဲ့ရှောင်ရှောင်သည် အဝတ်အစားများ ထပ်မပို့ပေးတော့ဖို့ ယဲ့ချန်းနင်အား စာထပ်ပို့လိုက်သည်။ သူမ၏ အခန်းထဲတွင် ထားစရာနေရာပင် မရှိတော့ဘဲ ကြမ်းပြင်ပေါ်တွင် ချထားရသည့်ပစ္စည်းများ အလွန်များပြားနေပါပြီ။
လီကျန်းမှာ လက်ဆောင်ရရှိထားသည့် အနွေးထည်ဂျာကင်လေးကို သေသေချာချာ သိမ်းဆည်းထားလိုက်သည်။ ဤမျှ လှပသည့် အဝတ်အစားမျိုးကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပါသည်။
အမှန်တော့ ပထမဆုံးအကြိမ်ဟု မဆိုနိုင်ပေ။ ငယ်စဉ်က ဖခင်ဖြစ်သူ ရှိနေသေးချိန်တွင် ဆောင်းရာသီရောက်တိုင်း သူမကို အဝတ်အစားအသစ်များ အမြဲတမ်း ဝယ်ပေးလေ့ရှိပါသည်။ သို့သော် ဝေးကွာလှသော အတိတ်တစ်ခုမှ ပုံရိပ်များသာဖြစ်၍ သူမ ထည့်မထွက်ချင်တော့ပေ။
ယဲ့ရှောင်ရှောင်နှင့် လီကျန်းတို့နှစ်ယောက် ကလေးအဝတ် အစားများကို ကလေးထိန်းစင်တာသို့ အတူတူ သွားရောက် ပို့ဆောင်ပေးခဲ့သည်။ ထိုနေရာရှိ ဆရာမများက ကလေးများအား အညီအမျှ ခွဲဝေပေးပါလိမ့်မည်။
ယဲ့ရှောင်ရှောင်ယူဆောင်လာသည့် အဝတ်အစားများကို ကြည့်ရင်း ဆရာမချိုးက ပြောလိုက်သည်။
“ရဲဘော်ယဲ့၊ ငွေတွေ အဲ့လောက်အများကြီး ဘာလို့သုံးရတာလဲ”
ယဲ့ရှောင်ရှောင် “မဟုတ်ပါဘူး၊ ဒါတွေကို အထည်စက်ရုံတစ်ခုက လှူဒါန်းထားတာပါ၊ ကျွန်မက ဒီတိုင်းလာပို့ပေးရုံပဲ”
ဆရာမချိုးက မေးသည်။
“အဲ့တာဆို လှူဒါန်းသူနဲ့ ကုမ္ပဏီနာမည်ကို ပြောပြလို့ရမလား၊ ကလေးတွေကိုယ်စား ကျေးဇူးတင်လွှာတစ်စောင်လောက် ရေးပို့ပေးချင်လို့ပါ”
ယဲ့ရှောင်ရှောင်က နင်းယွမ်ကုမ္ပဏီ၏ အမည်ကို ပေးလိုက်ရာ ဆရာမချိုးလည်း ဂရုတစိုက် မှတ်သားထားလိုက်တော့ သည်။
ဤကာလအတွင်း စခန်းရှိကလေးသူငယ်များသည် ယဲ့ရှောင်ရှောင်နှင့် အလွန်ရင်းနှီးကျွမ်းဝင်လာခဲ့ပါသည်။
ယဲ့ရှောင်ရှောင်က သကြားလုံးများ မကျွေးလျှင်ပင် ကလေးများသည် အလွန်လှပသည့် အစ်မကြီးတစ်ယောက်နှင့် အတူတူကစားရသည်ကို အလွန်နှစ်သက်ကြသည်။
လီကျန်းနှင့်ဆိုလျှင် ကလေးများက ပိုမိုရင်းနှီးကြသော်လည်း လီကျန်းကမူ ကလေးများကို အထူးတလည် ဂရုစိုက်တတ်သူမျိုး မဟုတ်ချေ။ ကလေးထိန်းစင်တာတွင် လာရောက်ကူညီပေးရခြင်းမှာလည်း လစာရရှိဖို့အတွက်သာ ဖြစ်ပါသည်။
အဝတ်အစားများ ပေးအပ်ပြီးနောက် ယဲ့ရှောင်ရှောင်တို့ ပြန်ဖို့ပြင်လိုက်စဉ် ကျမ့်လဲ့ယင်နှင့် ဆုံခဲ့ရသည်။
ကျမ့်လဲ့ယင်သည် လစဉ်လတိုင်း ကလေးများကို ကျန်းမာရေးစစ်ဆေးပေးတတ်သဖြင့် ယခုလည်း ထိုအကြောင်းအရင်းဖြင့် ကလေးထိန်းစင်တာသို့ ရောက်ရှိလာခဲ့သည်။ တစ်ခါတရံ သူမတစ်ဦးတည်း လာတတ်သလို တစ်ခါတရံ ကျောက်ချွင်းဟွာနှင့် ယန်ကျွမ်းတို့ လာတတ်ပါသည်။
ယဲ့ရှောင်ရှောင်သည် ပြည့်စုံကြွယ်ဝသည့် မိသားစုတစ်စုမှ လာသူဖြစ်မှန်း ကျမ့်လဲ့ယင် ရိပ်စားမိနေပါပြီ။
ဤကာလအတွင်း ယဲ့ရှောင်ရှောင်မှာ အခြားဒေသများမှ ပို့ဆောင်ပေးလိုက်သော ပစ္စည်းများစွာကို အကြိမ်ကြိမ် ရရှိခဲ့သည်။
ယဲ့ရှောင်ရှောင် မည်ကဲ့သို့သော မိသားစုမျိုးတွင် ကြီးပြင်းလာရသည်ကို ကျမ့်လဲ့ယင် အလွန် သိချင်နေပါသည်။
ယုတ္တိရှိရှိဆိုရလျှင် နိုင်ငံတော်အတွင်း ပစ္စည်းရိက္ခာများ ရှားပါးနေသည့် အခြေအနေမျိုးတွင် မည်မျှပင် အလိုလိုက်ခံထားရသည့် ကလေးဖြစ်နေပါစေ ပစ္စည်းများကို နေ့စဉ်နှင့်အမျှ ပါဆယ်ပို့ဆောင်ပေးရန်မှာ မည်သည့်မိသားစုအတွက်မှ မဖြစ်နိုင်ပါချေ။
“တိုက်ဆိုင်လိုက်တာ၊ ဒီကို ဘာကိစ္စနဲ့…”
ကျမ့်လဲ့ယင်သာ မမှားလျှင် ယနေ့သည် ကလေးများကို သူမ ကျန်းမာရေးစစ်ဆေးပေးရမည့်အလှည့် ဖြစ်ပါသည်။
ယဲ့ရှောင်ရှောင်က ပြန်ဖြေသည်။
“ပစ္စည်းလေးတချို့ လာပေးတာပါ”
ကျမ့်လဲ့ယင်က အကြံပြုသည်။
“အဆင်ပြေမယ်ဆိုရင် ကလေးတွေကို ကူစစ်ပေးလို့ရနိုင်မလား”
ဤနေရာတွင် ကလေးဆယ်ဂဏန်းမျှသာ ရှိသဖြင့် တစ်ယောက်တည်း စစ်ဆေးပေးရမည်ဆိုလျှင်ပင် အချိန်ကြာမြင့်မည် မဟုတ်ချေ။
ထို့ကြောင့် ကျမ့်လဲ့ယင်သည် ရေသာခိုဖို့ ကြံရွယ်နေခြင်း မဟုတ်ဘဲ ယဲ့ရှောင်ရှောင်အကြောင်း ပိုသိချင်နေခြင်းသာ ဖြစ်ပါသည်။
ယခုချိန်ထိ ယဲ့ရှောင်ရှောင်ထံတွင် မည်သည့်ပြစ်ချက်ကိုမှ သူမ ရှာမတွေ့သေးချေ။ မဖြစ်မနေ ထောက်ပြရမည်ဆိုလျှင် ယဲ့ရှောင်ရှောင်သည် အလုပ်ကြမ်းလုပ်၍ အပင်ပန်းခံနိုင်ပုံမရပါ။
နာလန်စခန်း၌ နေထိုင်ကြသူများအနက် ယဲ့ရှောင်ရှောင်တစ်ဦးတည်းသာ ဆံပင်အရှည်ကြီး ရှိနေသေးသည်ကို ကျမ့်လဲ့ယင် သတိထားမိပါသည်။
ယဲ့ရှောင်ရှောင်ကလည်း ကျမ့်လဲ့ယင်၏ ဖိတ်ကြားမှုကို ငြင်းဆန်စရာအကြောင်း မရှိပေ။
“ရပါတယ်”
လီကျန်းကမူ နှုတ်ခမ်းစူလျက် မကျေမနပ် တီးတိုးပြောလိုက်သည်။
“အဲ့တာသူ့အလုပ်လေ၊ ဘာလို့ နင့်ကိုပါ လာခိုင်းနေတာလဲ”
ယဲ့ရှောင်ရှောင်: “ကျွန်မလည်း အားနေတာပဲ”
လီကျန်း: “အဲ့တာဆိုလည်း ယန်ကျွမ်းကိုပဲ သွားခေါ်လိုက်ပါလား၊ သူသာဆို ဒေါက်တာကျမ့်နဲ့ အတူတူရှိရမှာကို အရမ်းပျော်နေမှာ”
ယဲ့ရှောင်ရှောင် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။
“အဲ့လောက်လည်း မကြာပါဘူး၊ အစ်မ မစောင့်ချင်ရင် အရင်ပြန်နှင့်လိုက်ပါလား”
လီကျန်း သက်ပြင်းချလိုက်သည်။
“ထားလိုက်ပါတော့၊ ငါစောင့်ပေးပါ့မယ်”
ကျန်းမာရေးစစ်ဆေးမှုများသည် အလွန်အမင်း တင်းကျပ်မှုမရှိပေ။ အဓိကအားဖြင့် ကလေးများတွင် ချော်လဲခြင်းကြောင့် ဖြစ်ပွားတတ်သည့် ဒဏ်ရာများ ရှိ၊ မရှိနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နောက်ကျခြင်းများ ရှိ၊ မရှိကိုသာ စစ်ဆေးရပါသည်။
မကောင်းသော အလေ့အထများ တွေ့လျှင်လည်း အချိန်မီပြုပြင်ပေးရန် လိုအပ်ပေသည်။
ယဲ့ရှောင်ရှောင်နှင့် ကျမ်လဲ့ယင်တို့နှစ်ဦး တစ်နာရီအတွင်းမှာပင် တာဝန်ကို အပြီးသတ်ခဲ့ကြသည်။ ထိုအချိန်တောအတွင်း ကျမ့်လဲ့ယင်က ယဲ့ရှောင်ရှောင်ကို မေးခွန်းအနည်းငယ် မေးမြန်းခဲ့ပါသည်။
ကျမ့်လဲ့ယင်သည် လုဟန်ချွမ်အကြောင်း အလွန်စိတ်ဝင်စားနေသည်ကို ယဲ့ရှောင်ရှောင်လည်း ရိပ်စားမိပါသည်။ အကြောင်းမှာ သူမ မေးမြန်းသော မေးခွန်းအများစုသည် သူတို့နှစ်ဦးစလုံးနှင့် သက်ဆိုင်သော မေးခွန်းများဖြစ်နေခြင်းကြောင့်ပင်။
ဥပမာအားဖြင့် သူတို့နှစ်ဦး မည်သို့တွေ့ဆုံခဲ့ကြကြောင်း၊ နှစ်ဖက်မိဘများ တွေ့ဆုံပြီးခြင်း ရှိ၊ မရှိ စသည်တို့ ဖြစ်ကြသည်။
ယဲ့ရှောင်ရှောင်သည် မေးခွန်းတိုင်းကို အလွန်အမင်း အလေးအနက်ထား၍ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ချေ။ သို့သော် ကျမ့်လဲ့ယင်၏ မေးခွန်းများအဆုံးတွင် သူမဘက်မှ အပြုံးဖြင့် ပြန်မေးလိုက်ပါသည်။
“ဒေါက်တာကျမ့်နဲ့ အာ့ချွမ်တို့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်နေတာ ၂ နှစ်တောင်ကြာပြီနော်၊ အဲ့ကာလအတွင်း သူ့ကို အဲ့မေးခွန်းတွေ မမေးဖူးဘူးလား”
ယဲ့ရှောင်ရှောင်သည် ပုံမှန်အားဖြင့် လုဟန်ချွမ်အား နာမည်အပြည့်အစုံဖြင့်သာ ခေါ်တတ်သော်လည်း ယခုလို အခြေအနေမျိုးတွင်မူ ဤသို့ ချစ်စနိုးခေါ်ဆိုလိုက်ခြင်းက ပိုင်ဆိုင်မှုကို ထုတ်ဖော်ပြသဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်သည်ဟု ခံစားရပါသည်။
ဤနေရာတွင် လုဟန်ချွမ် ရှိမနေသည်ကတော့ စိတ်မကောင်းစရာပင်။
ကျမ့်လဲ့ယင်၏ မျက်နှာတစ်ခုလုံး ချက်ချင်း တောင့်တင်းသွားရသည်။
ယဲ့ရှောင်ရှောင်၏ မျက်နှာကို သူမသေချာ စိုက်ကြည့်လိုက်သော်လည်း ထိုမိန်းကလေးမှာ အလွန်တည်ငြိမ်နေပြီး မည်သည့်အရာကိုမှ သံသယမရှိသည့် ပုံစံမျိုး ဖြစ်နေပါသည်။
ကျမ့်လဲ့ယင် အကြည့်လွှဲကာ ပြန်ဖြေလိုက်သည်။
“တို့တွေက လုပ်ဖော်ကိုင်ဖက်သက်သက်ပဲလေ၊ ပြီးတော့ ဗိုလ်မှူးလုက အမြဲတမ်း ရုပ်တည်ကြီးနဲ့ ခပ်တည်တည်နေတတ်တာ၊ ဘယ်သူနဲ့မှလည်း စကားပြောလေ့ပြောထမရှိဘူး”
ယဲ့ရှောင်ရှောင်က ချေပသည်။
“သူက အရမ်းသဘောကောင်းပါတယ်”
လုဟန်ချွမ်အကြောင်းကို ပြောလိုက်တိုင်း ယဲ့ရှောင်ရှောင်၏ မျက်လုံးများက အရောင်လက်သွားတတ်သည်။
တစ်ဖက်မိန်းကလေး၏ မျက်နှာအမူအရာက အလွန်ပင် ဖြူစင်ရိုးသားနေသဖြင့် ကျမ့်လဲ့ယင်တစ်ယောက် လိပ်ပြာမလုံသလို ခံစားလာရပြီး မည်သည့်မေးခွန်းမှ ဆက်မမေးဖြစ်ခဲ့တော့ပေ။
ထို့နောက် သူမ၏ ပစ္စည်းများကို အလျင်အမြန်သိမ်းဆည်းကာ ယဲ့ရှောင်ရှောင်အား နှုတ်ဆက်လိုက်သည်။
“စစ်တန်းလျားဘက်ကို ပြန်လိုက်ဦးမယ်နော်၊ ဒီနေ့ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါ”
ယဲ့ရှောင်ရှောင် အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
“ရပါတယ်ရှင်”
ကျမ့်လဲ့ယင် ထွက်ခွာသွားခါမှ ယဲ့ရှောင်ရှောင်အနားသို့ လီကျန်း ပြုန်ရောက်လာသည်။
“နင်တို့နှစ်ယောက် ဘာတွေပြောနေကြတာလဲ”
ယဲ့ရှောင်ရှောင်ကလည်း မျက်နှာပေါ်မှ အပြုံးကို ပြန်ရုတ်သိမ်းလိုက်ပါသည်။
“ဘာမှမပြောပါဘူး၊ ဟိုအကြောင်း ဒီအကြောင်းပဲ”
လီကျန်း: “အဲ့တာဆိုလည်း အဆောင်မြန်မြန် ပြန်ကြရအောင်လေ”
ယဲ့ရှောင်ရှောင် မတ်တပ်ရပ်လိုက်ပြီး ဆရာမချိုးနှင့် ကလေးများကို နှုတ်ဆက်ကာ ပြန်လာခဲ့တော့သည်။