အခန်း ၂၇၇
Vol. 28 Ch. 277
Chapter 277
ကလေးထိန်းစင်တာမှ ပြန်လာပြီးနောက် ကျမ့်လဲ့ယင်တစ်ယောက် စိတ်အခြေအနေ မကောင်းတော့ပေ။
တစ်ဖက်တွင် စစ်တန်းလျား၌ လုဟန်ချွမ်သည် အစည်းအဝေးတစ်ခုကို ကျင်းပနေပြီး နယ်မြေတစ်ဝိုက်ရှိ ရာဇဝတ်ဂိုဏ်းများကို အကြီးအကျယ် ရှင်းလင်းချေမှုန်းရန် ပြင်ဆင်နေခဲ့သည်။
လုဟန်ချွမ်သည် ပေကျင်းသို့ မပြန်မီ ရှင်းလင်းရေးလုပ်ငန်းစဉ် အားလုံးကို အပြီးသတ် လုပ်ဆောင်လိုပါသည်။
ညနေ ၆ နာရီထိုးခါမှ အစည်းအဝေး ပြီးဆုံးသွားခဲ့သည်။
လုဟန်ချွမ်နှင့် ကျိုးရှန့်ယန်တို့နှစ်ဦး အပြင်ထွက်လာကြစဉ် စစ်လေ့ကျင့်ရေးကွင်း အဝင်ဝအနီး၌ ကျမ့်လဲ့ယင်နှင့် ယန်ကျွမ်းတို့နှစ်ဦး စကားပြောဆိုနေကြသည်ကို လှမ်းမြင်လိုက်ရသည်။
ကျိုးရှန့်ယန်က ဝမ်းမြောက်ဝမ်းသာဖြင့် ဆိုလိုက်သည်။
“ဒေါက်တာယန်နဲ့ ဒေါက်တာကျမ့်တို့နှစ်ယောက် တွဲနေကြပြီလား၊ တို့တွေစခန်းမှာ မင်္ဂလာဝိုင်တွေဘာတွေ သောက်ရတော့မှာလား”
လုဟန်ချွမ်ကမူ စိတ်ဝင်စားမှုမရှိပေ။
ကျိုးရှန့်ယန်က အရိပ်အကဲ မကြည့်တတ်ဘဲ အခြားအကြောင်းအရာတစ်ခုကို ဆက်ပြောပြန်သည်။
“ဒါနဲ့ မင်းကော ဘယ်တော့ မင်္ဂလာဆောင်မှာလဲ၊ မင်းသတို့သမီးလောင်းလေးက မင်းကိုတွေ့ဖို့ ဒီအထိတောင် ရောက်လာခဲ့တာကို မင်းက အလျင်မလိုသေးဘူးလား”
လုဟန်ချွမ်: “ငါကော အလျင်မလိုချင်ဘူးလို့ ထင်လို့လား”
ထို့နောက် သူ့လေသံကိုမြှင့်ကာ ဆက်ပြောလိုက်သည်။
“ငါတို့ ပေကျင်းကို ပြန်ရောက်တာနဲ့ မင်္ဂလာဝိုင်သောက်ဖို့ မင်းတို့ကို ဖိတ်လိုက်မယ်”
ကျိုးရှန့်ယန်: “ဒါပေမယ့် အဲ့တာက အဝေးကြီးလိုသေးတယ်လေ၊ ဒီနေ့ အတူတူ သောက်ကြရအောင်၊ မင်းရဲ့ မင်္ဂလာဝိုင်လို့ပဲ သဘောထားလိုက်ပေါ့”
စစ်စခန်းတွင် အရက်သေရည်သောက်စားမှုကို တင်းတင်းကျပ်ကျပ် တားဆီးထားပြီး လုဟန်ချွမ်ကလည်း အလွန်အကြူးသောက်တတ်သူ မဟုတ်ပေ။
“စစ်ဆင်ရေးပြီးမှ ပြောကြတာပေါ့”
လုဟန်ချွမ်သည် တာဝန်ထမ်းဆောင်နေစဉ်အတွင်း အရာရာ သတိကြီးစွာထားတတ်သူဖြစ်သည်။ အရက်သောက်နိုင်စွမ်းရှိသော်လည်း ယခုကဲ့သို့ အချိန်မျိုးတွင်မူ ပေါ့ပေါ့ဆဆ သောက်စားမိ၍ မဖြစ်ပေ။
ကျိုးရှန့်ယန်မှာလည်း စိတ်ကူးပေါက်၍ စကားစပ်မိခြင်းသာဖြစ်ပါသည်။ လုဟန်ချွမ်၏ အဖြေကို ကြားသောအခါ စိတ်မပျက်သွားဘဲ အားရပါးရ အော်ဟစ်ရယ်မောကာ ပြောလိုက်သည်။
“ဒါဆိုလည်း သဘောတူလိုက်ပြီနော်၊ တို့တွေရဲ့ အောင်ပွဲကို အမြန်ဆုံး ဆွတ်ခူးကြတာပေါ့ကွာ”
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်ကို သွားတွေ့ဖို့ ထွက်လာခဲ့ခြင်းဖြစ်သည်။ ကျမ့်လဲ့ယင်တစ်ယောက် ဝင်ပေါက်နားတွင် ရပ်ရင်း လုဟန်ချွမ်ကို မြင်လိုက်ရသောအခါ မျက်နှာအနည်းငယ် ပျက်သွားခဲ့သည်။
ယန်ကျွမ်းသည်လည်း ကျမ့်လဲ့ယင်၏ မျက်နှာကို သတိမူမိကာ မေးမြန်းလိုက်သည်။
“မင်းရင်ထဲမှာ ရှိနေတဲ့လူက… ဗိုလ်မှူးလုလား၊ သူ့မှာ သတို့သမီးလောင်း ရှိပြီးသားလေ၊ ပြီးတော့ သူတို့နှစ်ယောက်က မကြာခင် လက်ထပ်ကြတော့မှာ”
ကျမ့်လဲ့ယင်လည်း ထိုအမှန်တရားကို သိထားပါသည်။ သို့သော် သူမ လက်မခံနိုင်သေးပေ။
“သူတို့လက်ထပ်ကြတော့မှာဆိုတာ ရှင်ဘယ်လိုသိတာလဲ၊ ယဲ့ရှောင်ရှောင်က ပြောလို့လား”
ဆေးခန်းတွင် ယဲ့ရှောင်ရှောင် တာဝန်ကျနေခြင်းကြောင့် သူမထံသို့ လုဟန်ချွမ် လာရောက်လည်ပတ်သည့် အကြိမ်အရေအတွက်မှာလည်း တစ်နေ့တစ်ထက် ပိုမို များပြားလာခဲ့ပါသည်။
ထို့အပြင် အခြေအနေကို လူသိရှင်ကြားဖြစ်စေရန် လုဟန်ချွမ်က ရည်ရွယ်ချက်ရှိရှိဖော်ဆောင်နေသဖြင့် ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်၏ သတို့သမီးလောင်းဖြစ်မှန်း စခန်းထဲတွင် မသိသူဟူ၍ အလွန်ရှားပါးနေလေပြီ။
ယန်ကျွမ်းသည် လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက မိမိနှင့် ကျမ့်လဲ့ယင်တို့၏ ဆက်ဆံရေး အနည်းငယ် ကောင်းမွန်လာသဖြင့် အလွန်ပင် ဝမ်းမြောက်နေခဲ့ရသည်။
သို့သော် စောစောက သူမ၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါတွင်မူ အနည်းငယ် စိတ်ပျက်အားလျော့မိပါသည်။
“ကိုယ်… ကိုယ်သာ ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကို အောင်မြင်သွားခဲ့ရင် ကိုယ့်ကို မင်းတကယ် လက်ခံပေးနိုင်မှာလား”
ယန်ကျွမ်းသည် ထိုမေးခွန်းကို မေးမြန်းဖို့အတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုကို အချိန်အတော်ကြာအောင် တည်ဆောက်ခဲ့ရခြင်းဖြစ်သည်။
ကျမ့်လဲ့ယင်က သူ့ကို တစ်ချက်လှည့်ကြည့်ကာ ဆိုသည်။
“ရှင်သာ အရင်ဆုံး အောင်မြင်အောင် ဖြေပါဦး၊ ပြီးတော့… မဟုတ်တာတွေ လျှောက်မပြောနဲ့၊ ကျွန်မ ရင်ထဲမှာ ဘယ်သူမှ မရှိဘူး”
ယန်ကျွမ်းသည် ကျမ့်လဲ့ယင်အတွက် အကောင်းဆုံး ရွေးချယ်စရာမဟုတ်ပေ။ သူမသည် အသက် ၂၅ နှစ်သာ ရှိသေးပြီး ယန်ကျွမ်းက သူမထက် ၅ နှစ်ခန့် အသက်ပိုကြီးပါသည်။
ထို့အပြင် ယန်ကျွမ်းသည် အိမ်မပိုင်၊ ကားမပိုင်ဘဲ သူမကို အရူးအမူးစွဲလမ်းနေခြင်းမှအပ အခြားကောင်းကွက် မရှိပ။
ကျမ့်လဲ့ယင်သည် သူမတွင် အနောက်မြောက်ပိုင်းမှ ထွက်ခွာနိုင်ဖို့ အိပ်မက်တစ်ခုရှိကြောင်း မည်သူ့ကိုမှ မပြောပြခဲ့ဖူးပေ။
ထို့ကြောင့် လုဟန်ချွမ်ကို စိတ်ဝင်စားရခြင်းမှာ ရုပ်ရည်ချောမောခြင်းကြောင့်သာ မဟုတ်ဘဲ အခြားသော အကြောင်းပြချက်မျိုးစုံလည်း ရှိနေပါသည်။ ဤနေရာတွင် လုဟန်ချွမ် အချိန်ကြာမြင့်စွာ နေထိုင်ရမည်မဟုတ်ကြောင်း သူမ သိနေခြင်းကြောင့်ပင်။
ထိုသတင်းအချက်အလက်ကို တပ်မမှူးထံမှ နားစွန်နားဖျား ကြားသိခဲ့ရခြင်းဖြစ်ကာ လုဟန်ချွမ်သည် ဤအရပ်သို့ ယာယီ တာဝန်ဖြင့်သာ ရောက်လာခဲ့ခြင်းဖြစ်မှန်း သိခဲ့ရပါသည်။
အဝေးသို့ ထွက်ခွာသွားသည့် လုဟန်ချွမ်ကို ငေးကြည့်ရင်း ကျမ့်လဲ့ယင်တစ်ယောက် သူမတွင် အခွင့်အရေး ရှိသေးသကဲ့သို့ ခံစားလိုက်ရသည်။
ယန်ကျွမ်းမှာလည်း သူလိုချင်သည့် အဖြေကို မရရှိသဖြင့် စိတ်ပျက်အားလျော့မှုများဖြင့်သာ ထွက်ခွာသွားရရှာတော့သည်။
ယန်ကျွမ်းနှင့် လုဟန်ချွမ်တို့ ဆေးခန်းသို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာကြသည်။
ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်ကို ဦးစွာ ဧည့်ခံလိုက်ပြီး စိတ်ဓာတ်ကျနေပုံပေါက်သည့် ယန်ကျွမ်းကို လှည့်ကြည့်လိုက်ပါသည်။
“ဒေါက်တာယန်က ဘာဖြစ်နေတာလဲ…”
ယန်ကျွမ်းက လက်ယမ်းပြကာ ပြောလိုက်သည်။
“ဘာမှမဖြစ်ပါဘူး”
ထို့နောက် သူ့အခန်းထဲသို့ ပြန်ဝင်ကာ စာအုပ်ကို ကောက်ကိုင်လျက် စာကိုသာ အသည်းအသန် အာရုံစိုက် ဖတ်ရှုနေလိုက်တော့သည်။
လုဟန်ချွမ်: “ဘာဖြစ်ရမှာလဲ၊ ပိုးပန်းတာ မအောင်မြင်လို့နေမှာပေါ့”
“သူ ဒေါက်တာကျမ့်ကို သွားတွေ့တာလား”
ထိုမေးခွန်းနှင့်အတူ လုဟန်ချွမ်အား ယဲ့ရှောင်ရှောင် တစ်ချက်လှမ်းကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ…”
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်၏ အကြည့်ကို အနည်းငယ် ဘဝင်မကျ ဖြစ်မိပါသည်။
“ရှင်ဒီမှာ တာဝန်ကျနေတာ ကြာပြီမဟုတ်ဘူးလား၊ အချစ်ရေးနဲ့ပတ်သက်ပြီး ဘာမှမကြုံဖူးဘူးလား”
ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်ကို ယုံကြည်သဖြင့် ယခင်က ထိုကဲ့သို့ ကိစ္စများကို မေးမြန်းခြင်း မရှိခဲ့ပေ။
လုဟန်ချွမ်ကမူ စိတ်မဆိုးဘဲ အနည်းငယ် ပျော်ရွှင်သွားပါသည်။
“ရှောင်ရှောင် သဝန်တိုနေတာလား”
ယဲ့ရှောင်ရှောင်၏ ခေါင်းလေးကို ပွတ်ပေးလျက် သူဆက်ပြောလိုက်သည်။
“စိတ်ချပါ၊ ကိုယ်ဘယ်သူ့ကိုမှ သဘောမကျပါဘူး၊ ရှောင်ရှောင့်ကိုပဲ ချစ်တာ”
ယဲ့ရှောင်ရှောင်: “ကျွန်မ မေးခွန်းကို မဖြေသေးဘူးနော်”
လုဟန်ချွမ် သက်ပြင်းချလိုက်သည်။
“ကြုံဖူးတာတွေတော့ ရှိပါတယ်၊ ဒါပေမယ့် ဘယ်သူဘယ်ဝါတွေလဲဆိုတာတောင် ကိုယ်မေ့နေပြီ”
ထိုမိန်းကလေးများ၏ အမည်သို့မဟုတ် မျက်နှာများကို သူ့အာရုံထဲ ခပ်ကြာကြာ ထည့်ထားလေ့မရှိပေ။ ထို့အပြင် အရေအတွက်ကလည်း များပြားလွန်းပါသည်။
“ဒေါက်တာကျမ့်ကကော”
လုဟန်ချွမ်: “…”
“ကိုယ်ငြင်းခဲ့တယ်လေ”
ယဲ့ရှောင်ရှောင်က သူ့နားရွက်လေးနှစ်ဖက်ကို ဆွဲလိမ်ပစ်လိုက်သည်။
“ငြင်းရမှာပေါ့! ရှင်က လက်ခံချင်လို့လား”
လုဟန်ချွမ်ကမူ ယဲ့ရှောင်ရှောင်ကို ခါးမှပွေ့ကာ ဆွဲမလိုက်ပါသည်။
ယဲ့ရှောင်ရှောင်: “ကျွန်မကို လွှတ်! ဒီမှာ လူတွေ အများကြီးရှိတယ်”
ဝင်းခြံထဲတွင် မည်သူမှ ရှိမနေသော်လည်း အခန်းတွင်းရှိ စာကြည့်စားပွဲများမှာ ပြူတင်းပေါက်များနှင့် မျက်နှာချင်းဆိုင် ရှိနေသဖြင့် အပြင်တွင် ဖြစ်ပျက်နေသမျှကို အလွယ်တကူ မြင်နိုင်ပါသည်။
လုဟန်ချွမ်ကလည်း စကားနားထောင်ပြီး သူမကို အောက်ပြန်ချပေးကာ လက်ကလေးကိုသာ ကိုင်ထားလိုက်သည်။
“သွားကြစို့၊ ညစာသွားစားကြမယ်၊ စိတ်မဆိုးပါနဲ့၊ ကိုယ့်ရင်ထဲမှာ ရှောင်ရှောင်ပဲ ရှိတယ်”
ဇနီးလောင်းလေး၏ နှလုံးသားကို အပြည့်အဝ မသိမ်းပိုက်နိုင်သေးသဖြင့် လုဟန်ချွမ်သည် လက်ရှိတွင် ရေခဲပါးပေါ်၌ လျှောက်လှမ်းနေရသကဲ့သို့ အလွန်သတိထားနေရခြင်းဖြစ်ပါသည်။
ယဲ့ရှောင်ရှောင်သည် သူမအနေဖြင့် ကျမ့်လဲ့ယင်အား အရိပ်အမြွက်လုံလုံလောက်လောက် ပေးခဲ့ပြီဖြစ်ကာ ကျမ့်လဲ့ယင်ကလည်း လုဟန်ချွမ်တွင် ဇနီးလောင်းတစ်ယောက် ရှိနေကြောင်းကို ကျိန်းသေ သိထားလောက်ပါပြီ။
ပညာတတ်ကာ တွေးခေါ်နိုင်စွမ်းရှိသူဖြစ်သည့်အလျောက် ကျမ့်လဲ့ယင်သည် နောက်နောင်တွင် စည်းကျော်သော လုပ်ရပ်မျိုးကို ထပ်မံလုပ်ဆောင်တော့မည် မဟုတ်ဟု ယဲ့ရှောင်ရှောင် ယူဆလိုက်ပါသည်။
နိုဝင်ဘာလအကုန်တွင် နာလန်စခန်း၌ ဆောင်းနှင်းများ စတင်ကျဆင်းလာခဲ့သည်။ ဤနေရာတွင် နှစ်စဉ် မိုးရေချိန် အလွန်နည်းပါးသော်လည်း ဆောင်းရာသီတွင် အပူချိန် အလွန်အမင်းကျဆင်းသွားသည့်အခါ နှင်းကျနိုင်ခြေ ရှိပါသည်။ သို့သော် ကြုံခဲလှသည့် အခြေအနေ ဖြစ်သည်။
များသောအားဖြင့် အနောက်မြောက်ပိုင်းဒေသ၏ ဆောင်းရာသီသည် ပြင်းထန်သော လေပြင်းအေးများနှင့်အတူ ကောင်ကင်ယံတစ်ခုလုံး သဲမုန်တိုင်းများဖြင့်သာ ဖုံးလွှမ်းနေလေ့ရှိပါသည်။
ဆေးခန်းအတွင်း၌ အပူပေးမီးဖိုတစ်လုံးရှိသော်လည်း အဆောင်ဘက်ရှိ ပတ်ဝန်းကျင်မှာမူ ထိုမျှလောက် သက်တောင့်သက်သာ မရှိချေ။
ယခုခေတ်အခါတွင် မီးဖိုများမှာ အလွန်ပင် ရှားပါးလှသော်လည်း မီးဖို သို့မဟုတ် အပူပေးကုတင်များသာ မရှိပါက ဤနေရာ၌ ဆောင်းရာသီကို ဖြတ်သန်းရန်မှာ မဖြစ်နိုင်လှပေ။
ညွှန်ကြားရေးမှူး ကျောက်ချွင်းဟွာက ယဲ့ရှောင်ရှောင်ကို ကြိုတင် အသိပေးထားသည်။
“ယန်ကျွမ်းနဲ့ လီကျန်းတို့နှစ်ယောက်စလုံး အခန်းထဲမှာ အပူပေးကုတင်တွေ ရှိကြတယ်၊ ဆောင်းဝင်ရင် နင်လည်း လီကျန်းနဲ့အတူ သွားအိပ်လိုက်နော်”
လီကျန်းက ကန့်ကွက်စရာမရှိပေ။ သူမ၏ အခန်းက လူ ၃ - ၄ ယောက်ခန့် အတူတူနေနိုင်လောက်အောင် ကျယ်ဝန်းပါသည်။
ယဲ့ရှောင်ရှောင်: “အဆင်ပြေပါ့မလား”
လီကျန်း: “ဒီမှာ အအေးဒဏ်ကြောင့် သေပါသေသွားနိုင်တာကို အဆင်ပြေပါ့မလား မေးနိုင်သေးတယ်ပေါ့”
ယဲ့ရှောင်ရှောင်: “အင်းပါ အင်းပါ၊ ကျွန်မ အစ်မအခန်းထဲမှာ လာနေပါ့မယ်”
လုဟန်ချွမ်သည် ယဲ့ရှောင်ရှောင်အတွက် အပူပေး မီးဖိုတစ်လုံး ပို့ဆောင်ပေးခဲ့ပါသည်။ ဤဒေသတွင် အပူပေးမီးဖို ရှာဖွေဖို့ မလွယ်ကူသော်လည်း မဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။
ယဲ့ရှောင်ရှောင်က အကြံပြုသည်။
“လီကျန်းရဲ့ အခန်းထဲမှာ ထားလိုက်ရအောင်၊ ဆောင်းတွင်းကျရင် ကျွန်မ သူနဲ့အတူ တစ်ကုတင်တည်း အိပ်ရမှာ”
ထိုအခါ သူတို့အခန်း ပို၍ပင် နွေးထွေးသွားပါလိမ့်မည်။ ထို့အပြင် သူမ ပေကျင်းသို့ ပြန်သည့်အခါ ထိုအပူပေး မီးဖိုကို လီကျန်းပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူမအခန်းထဲတွင် တစ်ခါတည်း ထည့်သွင်းထားလိုက်ခြင်းက ပိုအဆင်ပြေနိုင်ပါသည်။
လုဟန်ချွမ်ကလည်း သဘောတူသည်။
“အဲ့တာဆိုလည်း အဆင်ပြေပါတယ်၊ ကိုယ်မနက်ဖြန် မီးသွေးနဲ့ ထင်းတွေ ယူလာပေးမယ်၊ ဒါပေမယ့် အခန်းထဲမှာ မီးဖိုထားမယ်ဆိုရင် လေဝင်လေထွက်အပေါက်တစ်ပေါက်တော့ ဖွင့်ထားရမယ်နော်၊ အလုံပိတ်မထားနဲ့၊ မီးခိုးအဆိပ်သင့်သွားမယ်”’
ယဲ့ရှောင်ရှောင်: “ကျွန်မ သိပါတယ်”
လုဟန်ချွမ် ပြန်သွားသောအခါ လီကျန်းက ယဲ့ရှောင်ရှောင်၏ ပခုံးကို ပြေးဖက်လိုက်ပါသည်။
“ငါတို့ဆီ မီးဖိုတစ်လုံး ရောက်လာတော့မှာပဲ!”
ယဲ့ရှောင်ရှောင်က ပြုံးသည်။
“အဲ့လောက် ပျော်စရာကောင်းလို့လား”
“ဒါပေါ့! အပူပေး မီးဖိုတစ်လုံးသာ ရှိရင် ငါတို့ ကန်စွန်းဥတွေ၊ အာလူးတွေ ဖုတ်စားလို့ရတယ်၊ ရေနွေးအိုးလည်း တည်လို့ရတယ်၊ ဆောင်းရာသီကျရင် ရေခဲတွေပဲ ကိုက်စားစရာမလိုတော့ဘူး”
ထိုကဲ့သို့ အခက်အခဲများကို လီကျန်းအမှန်တကယ် ရင်ဆိုင်ခဲ့ရဖူးပါသည်။ ထို့ကြောင့် ဤဒေသတွင် ဆောင်းရာသီများက မည်မျှ အန္တရာယ်များနိုင်သည်ကို သူမ ကောင်းကောင်း နားလည်ထားသည်။
ယခု ဆောင်းရာသီရောက်ရှိလာသောအခါ အသားငါးများစွာကိုလည်း မပုပ်မသိုးဘဲ သိမ်းဆည်းထားနိုင်ပါပြီ။
ယဲ့ရှောင်ရှောင်သည် သူမ မိသားစု ပို့ဆောင်ပေးထားသည့် အသားခြောက်များကို လီကျန်း၏ အခန်းထဲသို့ ယူဆောင်လာခဲ့သည်။
“ဒါကို ကိုယ့်ဖာသာကိုယ် ချက်ဖို့ နည်းလမ်းရှာရအောင်၊ မဟုတ်ရင် ထမင်းစားဆောင်က အဒေါ်ကြီးဆီပဲ ပို့ပေးရလိမ့်မယ်”