← Chapters

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း ၂၇၈

Vol. 28 Ch. 278

Chapter 278

ယဲ့မိသားစု ပို့ဆောင်ပေးလိုက်သော အသားများက များပြားလှသဖြင့် ယဲ့ရှောင်ရှောင်သည် မိမိအတွက် အနည်းငယ်သာ ချန်ထားပြီး ကျန်သမျှကို လုဟန်ချွမ်ထံသို့ ပေးအပ်ကာ စစ်တန်းလျာရှိ ထမင်းစားဆောင်တွင် အားလုံးအတူတူ စားသောက်နိုင်ရန် စီမံခိုင်းလိုက်ပါသည်။

လီကျန်းက ယဲ့ရှောင်ရှောင်၏ လက်ထဲမှ အသားများကို လှမ်းယူရင်း ဆိုလိုက်သည်။

“ငါနင့်ကို အသားခြောက်မြေအိုးထမင်း ချက်ကျွေးမယ်”

၎င်းမှာ ချက်ပြုတ်ရ အလွန်လွယ်ကူပြီး လီကျန်းမှာလည်း အသက် ၈ နှစ်သမီးအရွယ်ကတည်းက အိမ်တွင် အချက်အပြုတ် တာဝန်ယူနိုင်ခဲ့သူဖြစ်၍ ယဲ့ရှောင်ရှောင်ကဲ့သို့ အလိုလိုက်ခံထားရသူမျိုးနှင့် များစွာ ခြားနားလှကာ ဟင်းချက်လက်ရာ အမှန်တကယ် ကောင်းမွန်လှပေသည်။

လီကျန်းတွင် ဆန်ဖြူအိုးတစ်လုံးရှိနေသည်ကို မြင်သောအခါ ယဲ့ရှောင်ရှောင် အလွန်အံ့အားသင့်သွားရပါသည်။

“ဒီမှာ ဆန်ဖြူတွေရှိနေတာပဲ!”

ထိုဆန်အိုးကို အသုံးမပြုဘဲ ပစ်ထားသည်မှာ ကြာပြီဖြစ်မှန်း ဝန်ခံဖို့ လီကျန်းအနည်းငယ် ရှက်ရွံ့မိပါသည်။ သို့သော် သေသေချာချာ စစ်ဆေးပြီးနောက် ဆန်များက မပျက်စီးသေးကြောင်း တွေ့ခဲ့ရသည်။

ဆန်ကို ရေဆေးပြီးနောက် ရေနှင့် အသားခြောက်များကို ထည့်ကာ ဒယ်အိုးကို မီးဖိုပေါ် တင်ထားလိုက်သည်။ သိပ်မကြာလိုက်ဘဲ အလွန်မွှေးပျံ့သည့် ထမင်းနံ့လေးက လေထဲသို့ ပျံ့လွင့်လာခဲ့ပါသည်။

ထိုအချိန်တွင် ယဲ့ရှောင်ရှောင်သည် အပြင်ဘက်၌ ဆီးနှင်းများ ကျဆင်းနေသည်ကို သတိပြုမိသွားခဲ့သည်။

“နှင်းတွေကျနေပြီ!”

ယဲ့ရှောင်ရှောင် အလွန်စိတ်လှုပ်ရှားစွာဖြင့် အပြင်သို့ ပြေးထွက်သွားခဲ့သည်။

ဖြူဖြူဖွေးဖွေး နှင်းပွင့်များအကြား ယဲ့ရှောင်ရှောင် ရောက်ရှိသွားသည့်အခါ သူမ၏ အသွင်အပြင်လေးက အဆုံးမဲ့သော နှင်းပွင့်များထက်ပင် ပိုမို လှပနေပါသေးသည်။

လီကျန်းလည်း ပြူတင်းပေါက်မှတဆင့် အပြင်သို့ လှမ်းကြည့်လိုက်သည်။ ယဲ့ရှောင်ရှောင်သည် အနီရင့်ရောင် ဂွမ်းအနွေးထည်ကို ဝတ်ဆင်ထားသဖြင့် နှင်းဖြူများအကြားတွင် ထင်ရှားတောက်ပလို့နေသည်။

လီကျန်းတစ်ယောက် ခေါင်းခါယမ်းရင်း ယဲ့ရှောင်ရှောင်မှာ သူမတို့၏ ပတ်ဝန်းကျင်နှင့် ယှဉ်လိုက်လျှင် အခြားကမ္ဘာတစ်ခုမှ ရောက်ရှီလာသူတစ်ဦးနှင့် တူလှသည်ဟု တွေးမိလေတော့သည်။ သူမ အလွန်လှပနေခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။

ယဲ့ရှောင်ရှောင်သည် အအေးဒဏ်ကို လုံးဝ ဂရုမစိုက်ဘဲ နှင်းပုံတစ်ပုံကို သိမ်းကျုံးယူကာ အဆောင်ခန်းထဲသို့ ယူဆောင်လာခဲ့သည်။

သို့သော် အခန်းတွင်းရှိ အပူရှိန်ကြောင့် သူမလက်ထဲမှာ ဖြူဖွေးသော နှင်းများမှာ မကြာမီမှာပင် အရည်ပျော်ကျသွားခဲ့ရတော့သည်။

“ထမင်းကျက်ပြီ၊ နင်ဒီမှာ ခဏဆောင့်နေဦး၊ ငါထမင်းစားဆောင်ဘက်သွားပြီး ဟင်းနည်းနည်း သွားယူလိုက်ဦးမယ်”

လီကျန်းသည် သူမ၏ ကူပွန်များကို ယူဆောင်ကာ ထမင်းစားဆောင်သို့ ထွက်ခွာရန် ပြင်ဆင်လိုက်ပြီး ယဲ့ရှောင်ရှောင်ကိုလည်း သေချာ မှာကြားခဲ့သေးသည်။

“မီးဖိုကို တစ်ခုခုနဲ့ အုပ်ထားလိုက်၊ ပြီးရင် အိုးကို အပေါ်ဘက်မှာတင်ပြီး နွှေးထားလိုက်၊ မတူးစေနဲ့နော်”

ယဲ့ရှောင်ရှောင်: “ဟုတ်ကဲ့ပါ”

ယနေ့ နှင်းကျနေသဖြင့် လီကျန်း ပြန်လာသောအခါ သတင်းကောင်းတစ်ခုကိုပါ ယူဆောင်လာခဲ့ပါသည်။

“ငါတို့တွေ ဒီနေ့ည ဖက်ထုပ်စားရမယ်တဲ့!”

ယဲ့ရှောင်ရှောင်: “တကယ်?”

စခန်းရှိ ထမင်းစားဆောင်များသည် မုန့်ပြားများမှတစ်ပါး ဂျုံဖြင့်လုပ်သော အစားအသောက်များကို လုပ်ခဲလှရာ ဖက်ထုပ်ဆိုလျှင် ပို၍ပင် ဝေးပါသေးသည်။

လူဦးရေများစွာ ရှိသည့် စခန်းတစ်ခုတွင် ဖက်ထုပ်လုပ်ဖို့ဟူသည်မှာလည်း အလွန်ပင် တာဝန်ကြီးမားပေလိမ့်မည်။

“အဲ့တာကြောင့် ဒီနေ့ည ငါတို့တွေ စောစောသွားရမယ်၊ မဟုတ်ရင် ငါတို့အတွက် တစ်ခုမှ ကျန်မှာ မဟုတ်ဘူး”

ထမင်းစားဆောင်က ဖက်ထုပ်များ လုံလောက်မှုရှိစေရန် အကောင်းဆုံး ကြိုးစားပေးမည်ဆိုသော်လည်း လူတန်းစေ့ စားနိုင်လိမ့်မည်ဟုတော့ အာမခံချက် မရှိပေ။

ယဲ့ရှောင်ရှောင်သည် ထမင်းဘူးထဲမှ မွှေးကြိုင်လှသော အသားခြောက်ထမင်းကို စားသုံးရင်း ခေါင်းညိတ် သဘောတူလိုက်ပါသည်။

ဖက်ထုပ်များ ကျွေးမည်ဟု ကြားသိလိုက်ရသောအခါ ယဲ့ရှောင်ရှောင်တို့အဖွဲ့သာမက စခန်းရှိ လူတိုင်း အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြသည်။

ကျိုးရှန့်ယန်က လုဟန်ချွမ်ကို ဖမ်းဆွဲထားကာ ပြောလိုက်သည်။

“မင်းဒီနေ့ ဘယ်မှ ပြေးဖို့ မကြံနဲ့နော်၊ အတူတူ စားကြမယ်”

လုဟန်ချွမ်: “မပြေးပါဘူး”

သူနှင့် ယဲ့ရှောင်ရှောင်တို့ နှစ်ဦးစလုံး နာလန်စခန်းတွင် တာဝန်ကျနေသည်ဆိုသော်ငြား ညစာအတူတူ စားနိုင်သည့် အကြိမ်အရေအတွက်က နည်းပါးလှပါသည်။

နှစ်ဦးစလုံး တာဝန်ကိုယ်စီ ရှိကြသဖြင့် အချိန်ညှိဖို့ ခက်ခဲလှပေသည်။

ကျိုးရှန့်ယန်: “ဒါဆို အတည်ဖြစ်ပြီနော်၊ ငါတို့ ထမင်းစားဆောင်ကို အတူတူသွားမယ်”

လုဟန်ချွမ်က ခေါင်းညိတ်သဘောတူလိုက်သော်လည်း သတိပေးလိုက်ပါသေးသည်။

“အရက်မသောက်ဘူးနော်”

ကျိုးရှန့်ယန်: “သိပါတယ်ကွာ သိပါတယ်၊ မင်းသောက်ချင်တယ်ဆိုရင်တောင် ငါမင်းကို မတိုက်ချင်ပါဘူး”

ဆောင်းရာသီအတွင်း အရက်ကလေးတစ်ငုံသောက်ခွင့်ရခြင်းမှာ အမြင့်မားဆုံးသော ပျော်ရွှင်မှုတစ်ရပ်ပင် ဖြစ်သည်။ လုဟန်ချွမ်သည် လူ့ဘဝကို ပျော်ရွှင်ခံစားတတ်သူမဟုတ်ဟု ကျိုးရှန့်ယန် တွေးမိပါသည်။

သို့သော် တစ်ဖက်လူက မိမိ၏ အထက်လူကြီးဖြစ်နေသဖြင့် သူ့အမိန့်များကို လျစ်လျူရှု၍ မရနိုင်ပေ။

ညနေစာစားချိန်သို့ ရောက်ရှိလာသောအခါမှသာ ယဲ့ရှောင်ရှောင်သည် ဤအခြေစိုက်စခန်းတွင် လူအမြောက်အများ ရှိနေသည်ကို အမှန်တကယ် တွေ့ခဲ့ရပါသည်။

ပုံမှန်အားဖြင့် သူမနှင့် လီကျန်းတို့ ထမင်းစားဆောင်သို့ လာရောက်သည့်အခါတွင် တန်းစီရလေ့ မရှိသော်လည်း ယနေ့တွင်မူ ထမင်းစားဆောင်၌ အလွန်ရှည်လျားလှသော လူတန်းရှည်ကြီးတစ်ခု ဖြစ်ပေါ်နေလေသည်။

ပုံမှန်ဆိုလျှင် အစားကောင်းကောင်း မစားတတ်သဖြင့် အစာအိမ်ဝေဒနာကို ခံစားနေရသော လီချန်းဖုန်းကိုပင် လူအုပ်ကြီးထဲတွင် ယဲ့ရှောင်ရှောင် လှမ်းမြင်လိုက်ရပါသည်။

ယဲ့ရှောင်ရှောင်ကို မြင်သောအခါ လူပေါင်းများစွာက ပြုံးပြ နှုတ်ဆက်သွားကြသည်။

သူမကဲ့သို့ ငယ်ရွယ်သည့် အလုပ်သင်ဆရာဝန်မလေးတစ်ဦးက ဤကဲ့သို့ နေရာမျိုးတွင် အချိန်အတော်ကြာအောင် နေထိုင်နိုင်ခဲ့ခြင်းမှာ အားလုံးအတွက် အံ့အားသင့်စရာဖြစ်လို့နေပါသည်။

ထမင်းစားဆောင်တွင် အသားဖက်ထုပ်နှင့် သက်သက်လွတ်ဖက်ထုပ် နှစ်မျိုးစလုံးကို စီစဉ်ပေးထားသည်။ စခန်းတွင် ဝက်သားမစားသူ အလွန် များပြားခြင်းကြောင့် အသားဖက်ထုပ်များကို သိုးသားနှင့် ဝက်သားဟူ၍လည်း နှစ်မျိုး ထပ်မံခွဲခြားထားသေးသည်။

လီကျန်းနှင့် ယဲ့ရှောင်ရှောင်တို့ကမူ အစားမရွေးသဖြင့် ပြဿနာ မရှိခဲ့ပေ။

လီကျန်းအား ယဲ့ရှောင်ရှောင် မေးလိုက်သည်။

“အစ်မ ဝက်သားစားလား”

လီကျန်း: “ငါ့အမေက ဟန်တရုတ်လူမျိုးလေ၊ အဲ့တာကြောင့် ငါအကုန်စားတယ်”

ထမင်းစားဆောင်တွင် စားသောက်ပြီးနောက် ယဲ့ရှောင်ရှောင်တို့နှစ်ဦး ဖက်ထုပ်စွပ်ပြုတ်တစ်ပန်းကန်စီသောက်လျက် ပြန်လာခဲ့ကြပါသည်။

တစ်ဖက်တွင် စစ်တန်းလျားရှိ ထမင်းစားဆောင်၌လည်း ညစာစားပွဲ စတင်နေခဲ့ပြီဖြစ်သည်။ ကျိုးရှန့်ယန်သည် လုဟန်ချွမ်အား ဆွဲခေါ်လာကာ တပ်ခွဲမှူး၊ တပ်စုမှူးအချို့နှင့်အတူ ထိုင်စေခဲ့သည်။

ဤတပ်ဖွဲ့တွင် အမျိုးသမီးရဲဘော် အလွန်နည်းပါးလှရာ ကျမ့်လဲ့ယင်နှင့် ဆက်သွယ်ရေးအရာရှိ အမျိုးသမီး နှစ်ဦးသာ ရှိကြသဖြင့် ကျိုးရှန့်ယန်က သူတို့ကို အတူတူလာထိုင်ဖို့ လူကြီးလူကောင်းပီသစွာ ဖိတ်ကြားခဲ့ပါသည်။

ကျမ့်လဲ့ယင်ကလည်း ထိုကဲ့သို့ အခွင့်အရေးမျိုးကို စောင့်မျှော်နေခြင်းပင်။

လုဟန်ချွမ်ဘေးတွင် သူမ ဝင်ထိုင်ကာ ပြောလိုက်သည်။

“ကျွန်မ ဒီမှာထိုင်လို့ရတယ်မလားဟင် ဗိုလ်မှူးလု”

လုဟန်ချွမ်က တစ်ချက် လှည့်ကြည့်လိုက်သည်။

“ရပါတယ်”

ထိုသို့ပြောပြီးပြီးချင်းမှာပင် လုဟန်ချွမ်သည် အခြားထိုင်ခုံတစ်လုံးသို့ ပြောင်းရွှေ့ကာ ထိုင်ခဲ့ပါသည်။ ထို့ကြောင့် ကျမ့်လဲ့ယင်၏ ဘေးတွင် လူငယ်တပ်သားတစ်ဦးသာ အစားထိုး ဝင်ရောက်လာခဲ့သည်။

တပ်သားငယ်လေးက အနည်းငယ် ကြောင်စီစီဖြစ်မိသော်လည်း ဒေါက်တာကျမ့်ဘေးတွင် ထိုင်ရ၍ စိတ်အနှောင့်အယှက် မဖြစ်မိပေ။ စခန်းတွင် ဖက်ထုပ်စားရသည်ဟူသည်က အလွန်ရှားပါးသဖြင့် အားလုံး ဖက်ထုပ်ထံသာ စိတ်ရောက်နေပြီး အလွန် စိတ်ဓာတ်တက်ကြွနေကြပါသည်။

ကျမ့်လဲ့ယင်တစ်ဦးတည်းသာ အတွေးပေါင်းစုံဝင်နေပြီး လုဟန်ချွမ်ဘက်သို့ မကြာခဏ လှည့်ကြည့်နေမိသည်။

လုဟန်ချွမ်သည် စခန်းတွင် စည်းမျဉ်းစည်းကမ်းများကို အလွန်လိုက်နာတတ်သူဖြစ်ရာ အရက်သောက်ဖို့ကိုလည်း အပြတ်အသတ် ငြင်းဆန်လေ့ရှိသူဖြစ်၍ သူမ၏ အစီအစဉ်များကို အကောင်အထည်ဖော်နိုင်မည် မဟုတ်ပေ။

ကျမ့်လဲ့ယင်တစ်ယောက် ရီဝေနေစဉ် သူမဘေးတွင်ထိုင်နေသည့်လူ ပြောင်းလဲသွားသည်ကို သတိမထားမိခဲ့ချေ။

“ဒေါက်တာကျမ့်၊ အစားအသောက်ပျက်နေတဲ့ ပုံပဲနော်”

ကျမ့်လဲ့ယင် အသိစိတ်ပြန်ကပ်လာပြီး ဘေးကို လှည့်ကြည့်လိုက်ရာ တပ်စခန်းမှ ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်လိုက်ရပါသည်။

ထိုသူသည် လက်ရှိတွင် ဒုတပ်ရင်းမှူးရာထူးရှိပြီး လုဟန်ချွမ်ထက် တစ်နှစ်နောက်ကျမှ ရောက်ရှိလာခဲ့သူဖြစ်သော်ငြား အရေးပါသည့် ရာထူးတစ်ခုကို ချီးမြှင့်ခံထားရသူဖြစ်သည်။

“မဟုတ်ပါဘူး၊ ဒီလောက်စားကောင်းတာကို အစားအသောက်ပျက်စရာလား”

ကျမ့်လဲ့ယင်တစ်ယောက် သူမ၏ အတွေးအစစ်အမှန်များကို မဖော်ပြဝံ့ချေ။

ယခုအခါ လုဟန်ချွမ်တွင် သတို့သမီးလောင်း ရှိနေသည်ကို လူတိုင်း သိရှိထားကြသဖြင့် သူမဘက်မှ အတင်းလုပ်ယူ လှုပ်ရှားပါက သူမသာ ဂုဏ်သိက္ခာ ထိခိုက်ရပါလိမ့်မည်။

ဝူထောင်သည် ကျမ့်လဲ့ယင် ကြည့်နေသည့် နေရာသို့ လှမ်းကြည့်လိုက်ရာ လုဟန်ချွမ်အား လှမ်းမြင်လိုက်ရသည်။ သူလည်း အခြေအနေကို နားလည်နိုင်ပါသည်။

ဗိုလ်မှူးလုသည် ငယ်ရွယ်သည်၊ ရုပ်ရည်ပြေပြစ်မှုရှိသည်၊ မိသားစုနောက်ခံအရှိန်အဝါ အလွန်ကြီးမားသည်။ ထို့ကြောင့် မိန်းကလေးတိုင်းအတွက် စံပြလက်တွဲဖော် ဖြစ်နိုင်မည့်လူမျိုး ဖြစ်သည်။

သို့သော် သူ့တွင် သတို့သမီးလောင်းတစ်ဦး ရှိပြီးသားဖြစ်ရာ ကျမ့်လဲ့ယင်တစ်ယောက် မည်မျှပင် ခိုးကြည့်နေပါစေ အကြောင်းထူးလာမည် မဟုတ်ပေ။

ဝူထောင်သည်လည်း ကျမ့်လဲ့ယင်ကို သဘောကျနေသူဖြစ်၍ အခွင့်အရေးကို အသုံးချဖို့ ဆုံးဖြတ်လိုက်သည်။

“ဒေါက်တာကျမ့်၊ မနက်ဖြန် အားလားမသိဘူး၊ အပြင်မှာ လမ်းလျှောက်ထွက်ဖို့ ဖိတ်ချင်လို့ပါ၊ ပြောစရာစကားလည်း နည်းနည်း ရှိလို့လေ”

ဤကဲ့သို့ ဆောင်းတွင်းကြီးတွင် လူပျို၊ အပျိုနှစ်ဦး မည်သည့်နေရာသို့ သွားနိုင်ပါမည်နည်း။ ဝူထောင်၏ ရည်ရွယ်ချက်များက ထင်ရှားသကဲ့သို့ ကျမ့်လဲ့ယင်ကလည်း လိုက်ပါရန် သဘောတူခဲ့ပါသည်။

ကျမ့်လဲ့ယင်သည် ယန်ကျွမ်းထက် ဝူထောင်ကို မျက်နှာသာ အနည်းငယ် ပိုပေးတတ်သည်။ ထို့အပြင် ယခုကဲ့သို့ အလွယ်တကူ သဘောတူလိုက်ရခြင်းမှာလည်း လုဟန်ချွမ်နှင့်ပတ်သက်၍ သူမတွင် မျှော်လင့်ချက် လုံးဝ မရှိတော့ဟု ခံစားနေရခြင်းကြောင့် ဖြစ်သည်။

ညစာစားသုံးပြီးကြသောအခါ ထမင်းစားဆောင်တွင် လူတဖြည်းဖြည်း နည်းပါးလာခဲ့ပါသည်။ နောက်ဆုံးတွင်တော့ ကျမ့်လဲ့ယင်တစ်ယောက် လုဟန်ချွမ်နှင့် သီးသန့်စကားပြောဆိုနိုင်မည့် အခွင့်အရေးကို ရရှိသွားခဲ့သည်။

လုဟန်ချွမ်သည် အမျိုးသမီးလုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရာတွင် အမြဲတမ်း စည်းနှင့်ဘောင်နှင့်သာ ဆက်ဆံတတ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကလည်း သူ့ကို ရှောင်ရှောင် အထူးသတိပေးထားခဲ့သေးသည်။

မိမိ၏ ဇနီးလောင်းကို အပြည့်အဝ မသိမ်းပိုက်နိုင်သေးသည့် အခြေအနေတွင် သူ့အပြောအဆိုနှင့် အပြုအမူများကို လွန်စွာ ဂရုစိုက်ရပါမည်။

ယဲ့ရှောင်ရှောင်သည် လုဟန်ချွမ်၏ စိတ်ဓာတ်ကို အပိုင်တွက်ထားနိုင်သည်ဟု ဆိုရမည်။

“ကျွန်မ ဘာသဘောနဲ့မှ ပြောတာ မဟုတ်ပါဘူး၊ ဒီတိုင်း ဆုတောင်းစကား လာပြောပေးတာပါ၊ အချစ်စစ်ကို ရှာတွေ့သွားတဲ့အတွက် ဂုဏ်ယူပါတယ် ဗိုလ်မှူးလု”

လုဟန်ချွမ်: “…”

သူ့အချစ်စစ်နှင့် ဆုံခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်ငြား ကျမ့်လဲ့ယင်က ယခုမှ ဂုဏ်လာပြုနေလေသည်။ ကျမ့်လဲ့ယင်၏ စကားကြောင့် လုဟန်ချွမ် မည်သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့သည်။

“စိတ်ချပါ ဗိုလ်မှူးလု၊ အရင်တုန်းက ကျွန်မပြောခဲ့ဖူးတာတွေကို ကျီစယ်တာလို့ပဲ သဘောထားလိုက်ပါ၊ နောက်လည်း ဗိုလ်မှူးလုကို ကျွန်မ ထပ်မနှောင့်ယှက်တော့ပါဘူး”

ထိုသို့ပြောပြီးနောက် ကျမ့်လဲ့ယင်တစ်ယောက် ပြတ်ပြတ်သားသားပင် လှည့်ထွက်သွားခဲ့တော့သည်။

လုဟန်ချွမ်မှာမူ အတန်ကြာအောင် စဉ်းစားကြည့်သော်လည်း ကျမ့်လဲ့ယင် ယခင်က ပြောခဲ့ဖူးသည့် စကားများကိုပင် မေ့လျော့နေခဲ့ပါပြီ။

ထို့အပြင် သူ့အား လာရောက်နှောင့်ယှက်နိုင်လိမ့်မည်ဟု သူမ အဘယ်ကြောင့် ယုံကြည်နေရသည်ကို လုဟန်ချွမ် မတွေးတတ်တော့ပေ။

All Chapters