← Chapters

အခန်း ၂၇၉

Vol. 28 Ch. 279

အခန်း ၂၇၉

Vol. 28 Ch. 279

Chapter 279

ဝူထောင်ပြောသည့် လမ်းလျှောက်ခြင်း ဟူသည်မှာ စခန်းပတ်ပတ်လည်၌ ဟိုဟိုဒီဒီ လျှောက်သွားခြင်းမျှသာ ဖြစ်သည်။

လက်ရှိတွင် အပြင်ဘက်၌ ရာသီဥတု အလွန်အေးစက်နေပြီဖြစ်၍ အဆောင်ခန်းများမှအပ စခန်းတွင်း၌ ဓာတ်ခွဲခန်းများ၊ စာသင်ခန်းများနှင့် ပစ္စည်းသိုလှောင်ခန်းများသာ ရှိကာ မည်သည့်နေရာကမှ သီးသန့်စကားပြောဆိုရန် သင့်တော်သည့် နေရာမျိုး မဟုတ်ပေ။

ကလေးထိန်းစင်တာ၏ မျက်နှာချင်းဆိုင်တွင် အားကစားကွင်းငယ်လေးတစ်ခုရှိသည်။ နွေရာသီတွင် ထိုနေရာ၌ ဘတ်စ်ကတ်ဘော ကစားသူက ကစား၊ အားကစားလုပ်သူက လုပ်နှင့် စည်စည်ကားကား ရှိတတ်သော်လည်း ဆောင်းတွင်း၌မူ လူသူကင်းမဲ့လေ့ရှိရာ အမိုးအကာအောက်ရှိ နေရာလေးမှာ စကားပြောဆိုဖို့ အကောင်းဆုံး နေရာတစ်ခု ဖြစ်လာခဲ့ပါသည်။

ဝူထောင်သည် သွယ်ဝိုက်မနေတော့ဘဲ ကျမ့်လဲ့ယင်အား ချက်ချင်းပင် ဖွင့်ပြောခဲ့တော့သည်။

“ဒေါက်တာကျမ့်… ကျွန်တော် ဒေါက်တာကျမ့်ကို သဘောကျနေတာ ကြာပါပြီ၊ အခုလို ဖွင့်ပြောဖို့ ဆုံးဖြတ်လိုက်ရတာကလည်း နောက်နှစ်ကျရင် ကျွန်တော်ဒီကနေ ထွက်သွားရနိုင်လို့ပါ”

ကျမ့်လဲ့ယင် ခေါင်းမော့ကြည့်ကာ မေးလိုက်သည်။

“ရှင်ဘယ်ကို သွားရမှာလဲ”

ဝူထောင်: “ကျွန်တော်လည်း သေချာမသိသေးဘူး၊ အတိုချုန်းပြောရရင်တော့ ကျွန်တော် တခြားဒေသကို ပြောင်းရွှေ့ရမှာ၊ ဒီမှာဆက်နေလို့ရမှာ မဟုတ်တော့ဘူး”

ကျမ့်လဲ့ယင် ရင်ထဲ လှုတ်ခတ်သွားရသည်။ ဝူထောင်သာ ဤနေရာမှ ထွက်သွားနိုင်လျှင် သူမလည်း ထွက်ခွာနိုင်လိမ့်မည် မဟုတ်ပါလား။

ဤနေရာရှိ ဝါကျင်ကျင် ဖုန်မှုန့်သဲမှုန့်များကို သူမ အလွန်စိတ်ကုန်နေပါပြီ။ ရေကိုပင် ချွေတာသုံးစွဲနေရသည့် ဘဝကို အလွန်မုန်းတီးလှလေပြီ။

သူမ၏ စိတ်ထဲတွင် ဤနေရာမှလွဲ၍ အခြားမည်သည့်နေရာကမဆို ပိုကောင်းမွန်လိမ့်မည်ဟု တွေးနေမိပါသည်။

သို့သော်လည်း ဝူထောင်၏ ဖွင့်ဟမှုကိုမူ ကျမ့်လဲ့ယင် ချက်ချင်း လက်မခံနိုင်သေးပေ။

“ကျွန်မကို စဉ်းစားဖို့ အချိန်နည်းနည်းလောက် ပေးလို့ရမလား”

ဝူထောင်သည် ကျမ့်လဲ့ယင်အား ရင်ခွင်ထဲ ရုတ်တရက် ဆွဲသွင်းလိုက်လေသည်။

“ရှင်… ရှင်ဘာလုပ်တာလဲ၊ သူများတွေ မြင်သွားဦးမယ်!”

ကျမ့်လဲ့ယင် အတင်းရုန်းကန်လေသည်။

ဝူထောင်ကလည်း သူမကို ချက်ချင်း ပြန်လွှတ်ပေးလိုက်ပါသည်။

“လဲ့ယင်၊ ကျွန်တော့်ကို အကြာကြီးတော့ မစောင့်ခိုင်းပါနဲ့နော်”

သူတို့နှစ်ဦး ပွေ့ဖက်နေကြချိန်တွင် မလှမ်းမကမ်းမှ တစ်စုံတစ်ယောက် ဖြတ်လျှောက်သွားသည်ကို နှစ်ဦးစလုံး သတိမပြုမိခဲ့ကြချေ။

--- --- ---

ယနေ့တွင် ယန်ကျွမ်းတစ်ယောက် သိသိသာသာ စိတ်နှင့်လူနှင့်မကပ် ဖြစ်နေခဲ့ပါသည်။

စာဖတ်ရင်းနှင့်လည်း အာရုံများ လွင့်ပြယ်နေတတ်သည်။ သူဂျူတီကျချိန်ဖြစ်၍ လူနာတစ်ယောက် ဆေးလာယူကာမှ အသိစိတ် ပြန်ကပ်သွားခဲ့ပါသည်။

ဆေးကိုထုတ်ပေးပြီးနောက် လူနာထွက်သွားသည်ကို ငေးကြည့်ရင်း ယန်ကျွမ်း ပြန်လည်မှိုင်တွေသွားခဲ့ပြန်သည်။

ဆေးခန်းတွင် ယဲ့ရှောင်ရှောင်နှင့် ယန်ကျွမ်းတို့နှစ်ဦး အလှည့်ကျ တာဝန်ယူရသဖြင့် ယန်ကျွမ်း၏ အခြေအနေကို ယဲ့ရှောင်ရှောင် မရိပ်စားမိခဲ့ပေ။

ယန်ကျွမ်း တစ်စုံတစ်ခု မူမမှန်သည်ကို အရင်ဆုံး သတိထားမိခဲ့သူမှာ လီကျန်းပင် ဖြစ်သည်။

နေ့လယ်စာစားချိန်အတွင်း လီကျန်းသည် အတင်းပြောဖို့အတွက် ယဲ့ရှောင်ရှောင်နှင့် ဘေးချင်းကပ်လျက် ထိုင်ခဲ့ပါသည်။

မလှမ်းမကမ်းတွင်ထိုင်နေသည့် ယန်ကျွမ်းအား လက်ညှိုးထိုးပြရင်း သူမ ပြောလိုက်သည်။

“ယန်ကျွမ်းရဲ့ စိတ်ဓာတ်ကျပြီး ဝိညာဉ်လွင့်နေတဲ့ပုံစံကို ကြည့်ပါဦး၊ သေချာပေါက် အသည်းကွဲနေတာပဲ ဖြစ်မှာ”

ယဲ့ရှောင်ရှောင်က သံသယဖြစ်မိသည်။

“သူက ရည်းစားတောင်ရှိတာ မဟုတ်ဘူး၊ ဘယ်လိုလုပ် အသည်းကွဲနိုင်မှာလဲ”

လီကျန်းက ချေပသည်။

“တစ်ဖက်သတ် ချစ်ရတာလည်း အချစ်တစ်မျိုးပဲလေဟယ်၊ နင်ဘယ်သူ့ကိုမှ တစ်ဖက်သတ် မချစ်ဖူးဘူးလား”

ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်ပါသည်။ သူမ အမှန်တကယ် တစ်ဖက်သတ် မချစ်ဖူးခဲ့ပေ။

အခြားသူသာဆိုလျှင် လေလုံးထွားနေသည်ဟု ဆိုနိုင်သော်လည်း ယဲ့ရှောင်ရှောင်ကမူ ပြစ်ချက်ကင်းပြီး လှပသည့် မျက်နှာလေးကို ပိုင်ဆိုင်ထားသူဖြစ်၍ လီကျန်း ပြန်လည်ချေပစရာစကား ပျောက်ဆုံးသွားခဲ့ပါသည်။

“မဆိုးပါဘူး မဆိုးပါဘူး!”

လီကျန်း လက်မသာ ထောင်ပြလိုက်ပြီး နေ့လယ်စာ ဆက်စားနေလိုက်တော့သည်။

အတန်ကြာသေအာခါ လီကျန်း ခေါင်းပြန်မော့လာပြီး မေးလိုက်သည်။

“လုဟန်ချွမ်အပြင် တကယ်ဘယ်သူနဲ့ တွဲဖူးသေးလဲ”

ယဲ့ရှောင်ရှောင် ခေါင်းခါလေသည်။

လီကျန်းက အလွန်နှမြောတသဖြစ်သွားသော အမူအရာဖြင့် ညည်းတွားလိုက်ပါသည်။

“ဒါဆိုရင်တော့ သူတော်တော် အမြတ်ထွက်သွားတာပေါ့”

“ဘယ်သူက အမြတ်ထွက်တာလဲ”

အနောက်ဘက်မှ လုဟန်ချွမ်၏ အေးတိအေးစက်လေသံ ရုတ်တရက် ထွက်ပေါ်လာသည်။

လီကျန်းတစ်ယောက် ထိတ်လန့်လွန်းသဖြင့် ဦး‌ရေပြားများပင် ဖျင်းခနဲဖြစ်သွားရသည်။ ထို့နောက် အမွေးပွနေသော ကြောင်တစ်ကောင်ပမာ ချက်ချင်းထခုန်ရပ်ကာ ထစ်ငေါ့စွာ ပြောလိုက်သည်။

“ဘာ… ဘာ အမြတ်မှမထွက်ပါဘူး၊ ကျွန်မ ဘာမှမပြောပါဘူး!”

ထို့နောက် သူမ၏ ပန်းကန်ကိုကိုင်လျက် တိတ်တဆိတ် လစ်ထွက်သွားခဲ့တော့သည်။

လုဟန်ချွမ်အား ယဲ့ရှောင်ရှောင် လှည့်မေးလိုက်ပါသည်။

“ဘာလို့ ရောက်လာတာလဲ”

လုဟန်ချွမ်ကမူ ယဲ့ရှောင်ရှောင်နှင့် မျက်နှာချင်းဆိုင်တွင် အေးအေးလူလူ ဝင်ထိုင်လိုက်ပါသည်။

“မင်းကို တွေ့ချင်လို့လေ”

“စားပြီးပြီလား”

“အင်း”

ထို့နောက် ယဲ့ရှောင်ရှောင်သည် အလောတကြီးမရှိဘဲ နေ့လယ်စာကို အေးအေးဆေးဆေး ဆက်လက်စားသုံးခဲ့သည်။

ပတ်ဝန်းကျင်မှာ အတော်လေး တိတ်ဆိတ်ငြိမ်သက်မှု ရှိနေသော်လည်း ယဲ့ရှောင်ရှောင် တစ်ခုခုပြောဖို့ ကြံလိုက်စဉ် မလှမ်းမကမ်းစားပွဲဝိုင်းမှ ဆူညံသံများစွာ ထွက်ပေါ်လာပါသည်။ ကြမ်းပြင်ပေါ် လဲကျနေသည့် လူတစ်ဦးကိုလည်း မြင်လိုက်ရသည်။

“အစ်ကိုဝမ်! ဘာဖြစ်တာလဲ၊ အဆင်ပြေရဲ့လား!”

လုဟန်ချွမ် ချက်ချင်းမတ်တပ်ထရပ်ကာ ထိုနေရာသို့ လျှောက်သွားလေသည်။ ယဲ့ရှောင်ရှောင်လည်း စားသောက်လို့ မပြီးသေးသော်ငြား တူများကိုချကာ အနောက်မှ ချက်ချင်း လိုက်လာခဲ့ပါသည်။

ထို့နောက် သတိလစ်နေသည့် လူရှေ့တွင် ယဲ့ရှောင်ရှောင် ဒူး‌ထောက်ချလိုက်ပြီး သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်။

“သွေးခုန်နှုန်းအရမ်းအားနည်းနေတယ်၊ ဒီနေ့ ဘာတွေ စားထားတာလဲ၊ ဒီ့မတိုင်ခင်က ဝမ်းတွေဘာတွေ လျှောတာမျိုးကော ရှိလား”

“ဒီနေ့မနက်က အစ်ကိုဝမ် နည်းနည်းဖျားတယ်လေ၊ အဲ့တာကြောင့် ဆေးခန်းမှာ သောက်ဆေးနည်းနည်း သွားယူတာ၊ ဆေးခန်းက ပေးလိုက်တဲ့ဆေးကို သောက်ပြီးကတည်းက အန်လိုက် ဝမ်းသွားလိုက်နဲ့ပဲ၊ အခု နေ့လယ်စာ စားပြီးရင် ဆေးခန်းကိုထပ်သွားပြီး IV သွားချိတ်ဖို့ စီစဉ်ထားတာ၊ ဒီအထိ ရောက်လာအောင်တောင် ကျွန်တော်ဘေးကနေ ကူတွဲပေးခဲ့ရတာလေ၊ ဒါပေမယ့် နေ့လယ်စာ တစ်လုတ်နှစ်လုတ်လောက် စားပြီးတာနဲ့ အကုန်ပြန်အန်ထွက်တာပဲ”

အစ်ကိုဝမ်ဆိုသူနှင့် ရင်းနှီးသည့် လူတစ်ယောက်က အသေးစိတ်ဝင်ရှင်းပြလိုက်ပါသည်။

ထိုစဉ် ယန်ကျွမ်းလည်း ရောက်ရှိလာခဲ့သည်။ ထိုလူမှာ မနက်က ဆေးခန်းသို့ လာပြီး သူ့ထံမှ သောက်ဆေး ယူဆောင်သွားသည့် လူနာဖြစ်မှန်း ယန်ကျွမ်း မှတ်မိသွားခဲ့ပါသည်။

“ငါသူ့ကို အဖျားကျဆေးရယ်၊ အရောင်ကျဆေးရယ် နည်းနည်းပဲ ပေးခဲ့တာပါ၊ တခြားဘာဆေးမှ မပေးဘူး”

ယဲ့ရှောင်ရှောင်က ညွှန်ကြားသည်။

“သူ့ကို ဆေးခန်းအရင်ခေါ်သွားရအောင်”

ဤကဲ့သို့ ရှုပ်ထွေးလှသည့်နေရာမျိုးတွင် ဆေးကုသမှုကို ဆောင်ရွက်နိုင်မည် မဟုတ်ချေ။

ဘေးနားတွင် လူများစွာ ရှိနေသဖြင့် ဝမ်တာ့ကျီအား ဆေးခန်းသို့ အလျင်အမြန် ပို့ဆောင်ပေးနိုင်ခဲ့ကြသည်။ အကိုက်အခဲ သက်သာစေရန်အတွက် ယဲ့ရှောင်‌ရှောင်က အပ်စိုက်ကုထုံးဖြင့် ဦးစွာ ကုသပေးခဲ့ပါသည်။

ဝမ်တာ့ကျီသည် ပြင်းထန်သော အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာကို ခံစားနေရခြင်းဖြစ်ပြီး အော့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ အကြိမ်များစွာ ခံစားရပြီးနောက် အားပြတ်ကာ သတိလစ်သွားခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် ယုတ္တိရှိရှိဆိုရလျှင် အဖျားကြီးရုံမျှဖြင့် ထိုသို့သော လက္ခဏာများ မဖြစ်ပေါ်နိုင်ပေ။

ယဲ့ရှောင်ရှောင်က မေးသည်။

“မနက်က သူ့ကို ပေးလိုက်တဲ့ဆေးတွေ ရှိသေးလား”

ထိုစကားကို ကြားသောအခါ အခန်းထဲတွင် စိတ်အဖိစီးဆုံးလူက ယန်ကျွမ်းဖြစ်သွားလေသည်။

“ရှောင်ရှောင်၊ ငါပေးလိုက်တဲ့ဆေးတွေက သာမန်ဆေးတွေပါ၊ အဲ့ဆေးတွေကြောင့် ဒီလိုပြဿနာမျိုး လုံးဝ မဖြစ်နိုင်ဘူး”

ယဲ့ရှောင်ရှောင်က ရှင်းပြသည်။

“ကျွန်မက ရောဂါလက္ခဏာတွေရဲ့ ဇစ်မြစ်ကို ရှာcsifရုံပါ”

ဝမ်တာ့ကျီသည် သူ့အင်္ကျီအိတ်ကပ်ထဲမှ စက္ကူထုပ်လေးတစ်ထုပ်ကို ထုတ်ပေးလိုက်ပါသည်။

“ကျွန်တော် နည်းနည်းပဲ သောက်ရသေးတာပါ၊ ကျန်တာတွေအကုန် ဒီထဲမှာ ရှိတယ်”

အဖြူရောင်သောက်ဆေး အများစုက တစ်ခုနှင့်တစ်ခု အလွန်ဆင်တူမှု ရှိခြင်းကြောင့် ရုတ်တရက်ကြည့်လိုက်လျှင် ပုံမှန် အဖျားကျဆေးဟု ထင်ရပါသည်။

သို့သော် ယဲ့ရှောင်ရှောင် ဆေးလုံးတစ်လုံးကို ထုခြေလိုက်ပြီး နှာခေါင်းနားကပ်ကာ သေသေချာချာ အနံ့ခံကြည့်လိုကသည်။

“ဒါအဖျားကျဆေးမှ မဟုတ်တာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းကို လှုံ့ဆော်ပေးတဲ့ ဆေးပဲ၊ ရှင်ပေးလိုက်တဲ့ အရောင်ကျဆေးတွေနဲ့ ဓာတ်ပြုရင် အခုလို ဝမ်းလျှောတာမျိုး အလွယ်တကူဖြစ်စေနိုင်တယ်”

“မဖြစ်နိုင်တာ!”

ယန်ကျွမ်းက ချက်ချင်း ကန့်ကွက်သည်။

သို့သော် သူ့လေသံတွင် ယုံကြည်မှုများ ကင်းမဲ့နေပါသည်။

သူတစ်နေကုန် စိတ်လွတ်ကိုယ်လွတ်ဖြစ်နေခဲ့သဖြင့် ဆေးမှားပေးမိခြင်းမျိုး ဖြစ်နိုင်ခြေရှိသည်။

ဆေးဝါးများ၏ ထုပ်ပိုးမှုနှင့် ပုံသဏ္ဌာန်များမှာ ဆင်တူညီလေ့ရှိပြီး သူသည် ယဲ့ရှောင်ရှောင်ကဲ့သို့ အနံ့ခံရုံမျှဖြင့် ဆေးအမျိုးအစားကို ခွဲခြားနိုင်စွမ်း မရှိပေ။

သို့သော် ဤကိစ္စအတွက် သူအပြစ်ပေးခံရ၍ မဖြစ်မှန်း ယန်ကျွမ်း ကောင်းကောင်းသိပါသည်။ လူနာကို ဆေးမှားပေးခြင်းဟူသည်မှာ ဆရာဝန်တစ်ဦးအတွက် အလွန်ကြီးမားသည့် ပြစ်မှုတစ်ခုပင် ဖြစ်သည်။

လူနာသာ ပြဿနာရှာဖို့ ဆုံးဖြတ်လိုက်ပါက သူ့ကိုယ်ရေးမှတ်တမ်းတွင် အမည်းစက်တစ်ခု စွန်းထင်သွားနိုင်ပါသည်။

ယဲ့ရှောင်ရှောင်ကမူ ထိုဆေးကို ကျောက်ချွင်းဟွာထံသို့သာ လွှဲပေးလိုက်သည်။

“တစ်ချက်လောက် ကြည့်ပေးပါဦး ညွှန်ကြားရေးမှူး၊ ကျွန်မ လူနာကို IV သွားချိတ်ပေးလိုက်ပါဦးမယ်”

ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို ဆေးရုံဆေးခန်း၏ ညွှန်ကြားရေးမှူးကသာ ဆုံးဖြတ်ရပါမည်။ ယဲ့ရှောင်ရှောင်သည် ဆရာဝန်တစ်ဦးအနေဖြင့် သူမ၏ တာဝန်ကို ထမ်းဆောင်ဖို့သာ လိုအပ်သည်။

“ဆေး… ဆေးမှားပေးမိတာတဲ့လား၊ ဒေါက်တာယန်! ခင်ဗျား ဘာလို့ ဒီ‌လောက် အခြေခံကျတဲ့ အမှားမျိုးကိုမှ ကျူးလွန်ရတာလဲ! ခင်ဗျားပေးတဲ့ဆေးကိုသောက်ပြီး အစ်ကိုကြီးဝမ် ဒီနေ့တစ်မနက်လုံး သန့်စင်ခန်းဆီကိုပဲ မနားတမ်း ပြေးနေရတာ ခင်ဗျားသိလား၊ အခု ထတောင် မထနိုင်တော့ဘူး!”

လူနာ၏ သူငယ်ချင်းဖြစ်သူမှာ လူနာထက် အဆပေါင်းများစွာ ဒေါသပိုထွက်နေပါသည်။ ဝမ်တာ့ကျီကမူ ပြဿနာရှာဖို့ပင် အားအင်မရှိတော့ချေ။

ယဲ့ရှောင်ရှောင်က IV ချိတ်ပေးရင်း သတိပေးလိုက်သည်။

“နောက်ရက်တွေထဲ မာတဲ့အစာတွေ စားလို့မရသေးဘူး၊ ဆန်ပြုတ်တွေ ဘာတွေပဲ သောက်လို့ရလိမ့်မယ်”

ဝမ်တာ့ကျီတစ်ယောက် သနားစရာကောင်းစွာ ခေါင်းသာညိတ်ပြနိုင်တော့သည်။ ဤကဲ့သို့အဖြစ်ဆိုးမျိုးနှင့် ကြုံတွေ့ရခြင်းမှာ သူကိုယ်တိုင်က ကံဆိုးလွန်းခြင်းကြောင့်သာ ဖြစ်ပါလိမ့်မည်။

ကျောက်ချွင်းဟွာသည် ယန်ကျွမ်းအား အပြင်သို့ ခေါ်ထုတ်သွားခဲ့သည်။

“ယန်ကျွမ်း၊ ဒီနရောမှာ မင်းရဲ့ဆေးပညာအရည်အချင်းက အမြင့်ဆုံးမဟုတ်ပေမယ့် အရင်ကဆို အလုပ်မှာ မင်းက အမြဲတမ်း စေ့စပ်သေချာပြီး ဝီရိယရှိတဲ့ကောင်ပါကွ၊ ဘာလို့ ဒီလိုအမှားမျိုးကို ကျူးလွန်မိရတာလဲ!”

ကျောက်ချွင်းဟွာ၏ ဒေါသတွင် စိတ်ပျက်အားလျော့မှုတို့ပါ ပါဝင်နေပါသည်။

နာလန်စခန်းသို့ ယန်ကျွမ်းရောက်ရှိနေသည်မှာ ၇ နှစ် ၈ နှစ်ခန့်ပင် ရှိနေပြီဖြစ်၍ သူ့အပေါ် ကျောက်ချွင်းဟွာ သံယောဇဉ် ရှိပါသည်။

သို့သော် ဗိုလ်မှူးလုအပါအဝင် လူပေါင်းများစွာ မျက်မြင်သက်သေရှိသဖြင့် ယန်ကျွမ်း၏ အမှားအယွင်းအား ပြတ်ပြတ်သားသား ကိုင်တွယ်ရပါမည်။

ယန်ကျွမ်းက ခေါင်းငုံ့လျက် တောင်းတောင်းပန်ပန် ပြောလိုက်သည်။

“ကျွန်… ကျွန်တော် မှားသွားပါတယ် ညွှန်ကြားရေးမှူး၊ ကျေးဇူးပြုပြီး ကျွန်တော့် ကိုယ်ရေးမှတ်တမ်းမှာ ဒီကိစ္စကို မထည့်လိုက်ပါနဲ့၊ ကျွန်တော် ဘွဲ့လွန်ဝင်ခွင့်စာမေးပွဲကို ဖြေချင်သေးလို့ပါ”

ကျောက်ချွင်းဟွာက ခက်ထန်စွာ ပြောလိုက်သည်။

“ဒီလိုအချိန်မျိုးမှာ မင်းက ဘွဲ့လွန်ကျောင်းတက်ဖို့ စဉ်းစားနေသေးတယ်ပေါ့! သွားစမ်း! မင်းအခန်းထဲမင်း ပြန်ဝင်ပြီး ကိုယ့်အပြစ်ကိုယ် ပြန်သုံးသပ်၊ ဒီကိစ္စက ငါတစ်ယောက်တည်း ဆုံးဖြတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး၊ ဝမ်တာ့ကျီက မင်းကို အရေးယူမလား မယူဘူးလားဆိုတဲ့အပေါ်မှာလည်း မူတည်သေးတယ်”

ယန်ကျွမ်းတစ်ယောက် အရှက်တကွဲအကျိုးနည်းစွာဖြင့် လှည့်ထွက်လာခဲ့ရတော့သည်။

All Chapters