← Chapters

အခန်း ၂၈၀

Vol. 28 Ch. 280

အခန်း ၂၈၀

Vol. 28 Ch. 280

Chapter 280

ယဲ့ရှောင်ရှောင်၏ ဂရုတစိုက် စောင့်ကြည့်ကုသ‌ပေးမှုအောက်တွင် ဝမ်တာ့ကျီ အမြန်ဆုံး ပြန်လည် သက်သာလာခဲ့ပါသည်။

ယန်ကျွမ်းသည် အလုပ်တွင် ကြီးမားသော အမှားတစ်ခုကို ကျူးလွန်ခဲ့မိသောကြောင့် ညွှန်ကြားရေးမှူး ကျောက်ချွင်းဟွာက သူ့ကို အလုပ်မှ ယာယီဆိုင်းငံ့စေခဲ့သည်။

ထိုအခါ လီကျန်းက ဘဝင်မကျစွာဖြင့် ပွစိပွစိ ပြောလိုက်ပါသည်။

“ယာယီဆိုင်းငံ့တယ်ဟုတ်လား၊ အဲ့တာ သူ့ကို အနားယူဖို့ ခွင့်ရက်ပေးလိုက်တာနဲ့အတူတူပဲ မဟုတ်ဘူးလား၊ အဲ့တာဆို ဆေးခန်းက အလုပ်တွေအကုန်လုံးကို နင်တစ်ယောက်တည်း ဒိုင်ခံလုပ်ရတော့မှာပေါ့”

လီကျန်းမှာ ဇီးကွက်တစ်ကောင်ပမာ ယဲ့ရှောင်ရှောင်အား မျက်လုံးပြူးပြီး စိုက်ကြည့်နေပါသည်။

“အလုပ်ကနေ ဆိုင်းငံ့ခံရတယ်ဆိုရင် လစာမရဘူးလေ၊ ပြီးတော့ သူ့ကိုယ်ရေးမှတ်တမ်းထဲမှာလည်း အမည်းစက်တစ်ခု ကျန်ခဲ့ရင် နောက်နောင် ပညာသင်ဖို့နဲ့ အလုပ်အကိုင်ရှာဖွေဖို့ အရမ်းခက်ခဲသွားလိမ့်မယ်၊ ဒီအပြစ်ဒဏ်တစ်ခုတည်းနဲ့တင် အရမ်းပြင်းထန်နေပါပြီ”

ဤနေရာတွင် လစာက ယဲ့ရှောင်ရှောင်အတွက် အရေးမပါလှသော်လည်း ယန်ကျွမ်းကမူ ယဲ့ရှောင်ရှောင်လောက် ကြွယ်ဝသူ မဟုတ်ပေ။

လစာ ယွမ်ဆယ်ဂဏန်းဆိုလျှင်ပင် သူ့အတွက် အလွန်အရေးပါလှပါသည်။

လီကျန်း: “အရင်ကဆို ယန်ကျွမ်းက အလုပ်မှာ အရမ်းစေ့စပ်သေချာတာ၊ ဒီမှာတာဝန်ကျတဲ့အချိန်တောအတွင်း အမှားတစ်ခုမှ မကျူးလွန်ဖူးဘူး၊ ဒီတစ်ခေါက်မှ ဘယ်လိုဖြစ်ရတာလဲ မသိပါဘူး”

ယဲ့ရှောင်ရှောင် ခေါင်းခါလိုက်သည်။

မည်သည့်အကြောင်းအရင်းကြောင့်ပင်ဖြစ်စေ ယဲ့ရှောင်ရှောင် ဂရုမစိုက်ပါ။ ဆရာဝန်တစ်ဦးသည် ကိုယ်ရေးကိုယ်တာ ခံစားချက်များနှင့် အလုပ်တာဝန်များကို ခွဲခြားသိမြင်သင့်သည်ဟု သူမ ယုံကြည်ပါသည်။

သို့သော်လည်း လီကျန်းကမူ အမှန်တရားကို ခပ်မြန်မြန်ပဲ သိရှိခဲ့ရသည်။

ယန်ကျွမ်းတစ်ယောက် အလွန်စိတ်ဓာတ်ပြိုလဲနေရသည့် အဓိကအကြောင်းအရင်းမှာ ကျမ့်လဲ့ယင်နှင့် သက်ဆိုင်နေလေသည်။

ယန်ကျွမ်း အလုပ်မှ ဆိုင်းငံ့ခံရသည့် ၃ ရက်မြောက်နေ့တွင် ကျမ့်လဲ့ယင်နှင့် ဝူထောင်တို့နှစ်ဦး တရားဝင် စတွဲခဲ့ကြသည်။

စခန်းအတွင်း သတင်းများက အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့ပါသည်။ အတွင်းရေးကို မသိကြသူများက ဤစုံတွဲမှာ နတ်ဖက်သည့် စုံတွဲဟု ထင်မြင်ကြသကဲ့သို့ အတွင်းသိသူများကမူ ဤဖြစ်ရပ်မှာ အနည်းငယ် ရုပ်ခြည်းဆန်လွန်းသည်ဟု ခံစားမိကြသည်။

ထိုနှစ်ဦးသည် မည်သည့် အရိပ်အယောင် လက္ခဏာမှမပြဘဲ ရုတ်တရက်ကြီး တွဲလိုက်ကြခြင်းကြောင့်ပင်။

သို့သော် ယဲ့ရှောင်ရှောင်ကမူ ကျမ့်လဲ့ယင်ကို ပါးနပ်သော အမျိုးသမီးတစ်ဦးဟု ထင်မှတ်မိပါသည်။

ဉာဏ်ရည်ထက်မြက်သူတစ်ဦးဖြစ်သဖြင့် သူမကို အကျိုးအပြုနိုင်ဆုံး လက်တွဲဖော်ကိုသာ ရွေးချယ်ခဲ့သည်။

ယန်ကျွမ်းသာ အလုပ်မှ ဆိုင်းငံ့မခံရလျှင် သူမ ရက်အနည်းငယ်လောက် အချိန်ပေးကာ ဆက်လက် စဉ်းစားမိမည် ဖြစ်သော်လည်း လက်ရှိအခြေအနေများကြောင့် ကျမ့်လဲ့ယင်၏ ဆုံးဖြတ်ချက်များ ပိုမို ပြတ်သား ခိုင်မာသွားခဲ့ရပါသည်။

ယဲ့ရှောင်ရှောင်၏ ထင်မြင်ယူဆချက်များ မှန်ကန်သည်။

ကျမ့်လဲ့ယင်သည် ကောင်းကွက်ဆိုးကွက်များကို ချင့်ချိန် စဉ်းစားပြီးနောက် ဝူထောင်ကို ရွေးချယ်ဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် ဝူထောင်သည် ကျမ့်လဲ့ယင်ကို ရင်ခွင်ထဲထည့်ကာ ပွေ့ဖက်ထားပြီး တဖွဖွ တိုက်တွန်းနေသည်။

“လဲ့ယင်၊ ကိုယ်အခုချက်ချင်းပဲ အိမ်ထောင်ပြုဖို့ အစီရင်ခံစာကို တင်ချင်တယ်၊ အဲ့တာမှ ကိုယ်တခြားဒေသမှာ တာဝန်ကျတဲ့အခါ လဲ့ယင်ကိုပါ တစ်ပါတည်း ခေါ်သွားနိုင်မှာလေ”

ကျမ့်လဲ့ယင် အနည်းငယ် တွန့်ဆုတ်မိသည်။

“မမြန်လွန်ဘူးလားရှင်၊ ရှင့်မိဘတွေက…”

ဝူထောင်က အာမခံသည်။

“ကိုယ့်မိဘတွေက မင်းကို ကျိန်းသေ သဘောကျကြမှာပါ”

ဝူထောင်က ထိုသို့ပြောသော်လည်း ကျမ့်လဲ့ယင် အနည်းငယ် စိတ်ဖိစီးမိပါသေးသည်။

နှစ်ဖက်မိဘများပင် မတွေ့ဆုံရသေးဘဲ ဤကဲ့သို့ စီစဉ်လိုက်ခြင်းမှာ အလွန် စိတ်လောရာကျသည်။

သို့သော် ယခုခေတ်ကာလ၏ ပတ်ဝန်းကျင် အခြေအနေများမှာ ဤကဲ့သို့ပင် ဖြစ်သည်။ ဆက်သွယ်ရေး အဆင်မပြေမှုများကြောင့် လူအများစုမှာ လက်ထပ်ပြီး နှစ်အတော်ကြာမှသာ ဇနီးဖြစ်သူကို မိမိတို့၏ ဇာတိမြေသို့ ခေါ်ဆောင်သွားနိုင်ကြပါသည်။

ဝူထောင်သည် ကျမ့်လဲ့ယင်ကို နမ်းရှိုက်ရင်း ဆိုလိုက်သည်။

“လဲ့ယင် စိတ်မချဘူးဆိုရင် ကိုယ့်အိမ်ကို အခုပဲ ဖုန်းဆက်လိုက်မယ်၊ သူတို့သာ သိသွားရင် အရမ်းပျော်ကြမှာ၊ လဲ့ယင်ရဲ့ မိဘတွေကကော ဘယ်လိုလုပ်မလဲ၊ သူတို့ကိုကော ကြိုအသိပေးထားသင့်လား”

ကျမ့်လဲ့ယင်က ခေါင်းညိတ်သည်။

“ကျွန်မ မိဘတွေကလည်း သဘောကောင်းပါတယ်၊ ကန့်ကွက်မှာ မဟုတ်ဘူး”

အမှန်တွင် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကျမ့်လဲ့ယင်၏ မိဘများသည် သူမကို အိမ်ထောင်ပြုရန် အဆက်မပြတ် တိုက်တွန်းနေခဲ့ကြပါသည်။

သူမ၏ လုပ်ငန်းဂုဏ်ကြောင့် စစ်တပ်ထဲတွင် ဆက်လက်တာဝန်ထမ်းဆောင်နေသေးသရွေ့ မွေးရပ်မြေတွင် လက်တွဲဖော် ရှာဖွေဖို့ ဟူသည်မှာ မခက်လှပေ။

မူလက စပ်တပ်ထဲတွင် လူပျိုလူလွတ်များစွာရှိသဖြင့် သမီးဖြစ်သူ အိမ်ထောင်ပြုဖို့ မခဲယဉ်းလောက်ဟု မိဘများက ယုံကြည်ခဲ့ကြပါသည်။

ကျမ့်လဲ့ယင် အသက် ၂၅ နှစ် ပြည့်ခါမှသာ မိသားစုက သူမအား မကြာခဏ စတင်တိုက်တွန်းလာခဲ့ကြခြင်း ဖြစ်သည်။

ဝူထောင်: “ဘယ်လိုပဲဖြစ်ဖြစ် အသိပေးထားတာ ကောင်းပါတယ်၊ လက်ထပ်ပြီးသွားလို့ အခွင့်အရေးရရင် လဲ့ယင်ရဲ့ မိဘတွေကို ကိုယ်လိုက်တွေ့မယ်နော်”

ဝူထောင်က အနာဂတ်အတွက် အစစအရာရာ ကြိုတင်စီစဉ်နေသော်လည်း ကျမ့်လဲ့ယင်မှာ စိတ်သက်သာရာ မရဘဲ ပို၍ပင် စိုးရိမ်ပူပန်လာရပါသည်။

တစ်ဖက်တွင် ယန်ကျွမ်းသည် တစ်လတိတိ အလုပ်မှ ဆိုင်းငံ့ခံရပြီး လစာ တစ်လစာလည်း ဖြတ်တောက်ခံခဲ့ရသည်။ သူဆေးခန်းသို့ ပြန်ဝင်ချိန်တွင် ဒီဇင်ဘာလကုန်သို့ပင် ရောက်ရှိနေပါပြီ။

ယဲ့ရှောင်ရှောင်သည်လည်း နောက်ဆုံးတော့ ပုံမှန်အတိုင်း တစ်ရက်ခြားစီ အနားယူနိုင်ခဲ့ပါပြီ။ ယန်ကျွမ်းမှာမူ သူမနှင့် ရင်ဆိုင်ရတိုင်း အနည်းငယ် စိတ်မသက်မသာ ဖြစ်နေပုံရသည်။

သို့သော် ယဲ့ရှောင်ရှောင်တွင် ယန်ကျွမ်း၏ အတွေးများကို ဂရုစိုက်နေရန် အချိန်မရှိခဲ့ပေ။ အကြောင်းမှာ သူမထံသို့ တတိယအစ်ကို ယဲ့ချန်းနင် ရောက်ရှိလာခြင်းကြောင့်ပင်။

အထူးအခြေအနေမျိုးမှလွဲ၍ ပြင်ပလူများအား အခြေစိုက်စခန်းအတွင်းသို့ ဝင်ရောက်ခွင့် မပြုပါ။

သို့သော်လည်း ဧည့်သည်များသည် စခန်း ပြင်ပရှိ ဧည့်ဂေဟာအချို့တွင် တည်းခိုအနားယူနိုင်ပါသည်။ အထက်သို့ ကြိုတင်အစီရင်ခံထားသရွေ့ ဝန်ထမ်းများ၏ မိသားစုဝင်များသည် ထိုနေရာများ၌ တည်းခိုနေထိုင်ခွင့် ရှိကြသည်။

ယဲ့ချန်းနင် လာရောက်လည်ပတ်မည်ဟူသော စာတစ်စောင်ကို ယဲ့ရှောင်ရှောင် ကြိုတင်ရရှိခဲ့သော်လည်း မည်သည့်ရက်တွင် ရောက်ရှိလာမည်ကိုတော့ အတိအကျ မသိခဲ့ပေ။

မိသားစုဝင်တစ်ယောက် လာရောက်လည်ပတ်သည်ဟု တစ်စုံတစ်ယောက်က အကြောင်းကြားလိုက်သည်နှင့် ယဲ့ရှောင်ရှောင်တစ်ယောက် ယန်ကျွမ်း၏ စိတ်အခြေအနေကို ဂရုစိုက်ဖို့ပင် အချိန်မရှိတော့ဘဲ အလွန်ပျော်ရွှင်မြူးထူးစွာဖြင့် စခန်းအပြင်သို့ ပြေးထွက်လာခဲ့တော့သည်။

လီကျန်းက ယဲ့ရှောင်ရှောင်အား မနာလိုအားကျစွာ လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။

“အိမ်နဲ့ခွဲနေရတာ ဘယ်လောက်ကြာသေးလို့လဲ၊ သူ့မိသားစုက လာတောင် လည်နေကြပြီ”

ကျောက်ချွင်းဟွာသည် လီကျန်းကို ဆေးခန်းကောင်တာများအား သေချာ တိုက်ချွတ်ဆေးကြောဖို့ တာဝန် ပေးထားပြီး ယဲ့ရှောင်ရှောင်၏ ကိုယ်ရေးကိုယ်တာကိစ္စများကိုလည်း ဝင်မစွက်ဖက်ခဲ့ပေ။

အကြောင်းမှာ ယဲ့ရှောင်ရှောင်တစ်ယောက် ဤနေရာမှ မကြာမီ ပြန်လည်ထွက်ခွာသွားရတော့မည်ကို သူ သိနေခြင်းကြောင့်ပင်။

ယဲ့ချန်းနင်သည် ညီမဖြစ်သူကို တွေ့ဆုံဖို့အပြင် ဒေသတွင်းရှိ သိုးသားရေ ဈေးနှုန်းများကိုလည်း စုံစမ်းဖို့အတွက် ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။

ကုန်ပစ္စည်းထောက်ပံ့မှုသာ တည်ငြိမ်နေပါက သူတို့စက်ရုံတွင် ကက်ရှ်မီးယား ထုတ်ကုန်များအတွက် သီးခြား ထုတ်လုပ်မှုလိုင်းတစ်ခုကို တည်ထောင်နိုင်မည်ဖြစ်သည်။

သို့သော်လည်း ဤနေရာမှာ သဲကန္တာရနှင့် အလွန်နီးကပ်ပြီး သယ်ယူပို့ဆောင်ရေး ခဲယဉ်းသည့် နေရာတစ်ခုဖြစ်မှန်း ယဲ့ချန်းနင် နားလည်ပါသည်။ ကုန်ကြမ်းများအား အမြောက်အများ ဝယ်ယူနိုင်ဖို့အတွက်ဆိုလျှင် မြေပြန့်ဒေသများသို့ ရောက်ရှိသည်အထိ ဆက်လက်ခရီးနှင်ရဦးမည်ဖြစ်သည်။

“တတိယအစ်ကို! ဒီကို ဘယ်လိုရောက်လာတာလဲ!”

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်နှင့် ကျန့်နန်တို့နှစ်ဦးစလုံးကို အဝေးကြီးကတည်းက လှမ်းမြင်ခဲ့ရပါသည်။

“ဒီနေရာက တော်တော်ရှာရခက်တာပဲ၊ ငါ့ညီမ ဝိတ်တွေဘာတွေကျသွားလား ကြည့်ပါရစေဦး!”

ယဲ့ချန်းနင်သည် ညီမဖြစ်သူအား ပွေ့ဖက်လိုက်ပြီး ခေါင်းအစခြေအဆုံး စစ်ဆေးကြည့်လိုက်ပါသည်။

ယဲ့ရှောင်ရှောင်မှာ သုတ်သုတ်ပျာပျာ ပြေးလာခဲ့ရခြင်းကြောင့် မျက်နှာတစ်ခုလုံး နီမြန်းနေလေသည်။ ဝိတ်မကျသော်လည်း အသားအရေကတော့ ယခင်ကထက် အနည်းငယ် ညိုသွားပါသည်။

သို့သော် လူအုပ်ကြားထဲတွင် အခြားသူများထက် ပိုမိုတောက်ပနေဆဲ ဖြစ်သည်။

“ကျန့်နန်နဲ့ ငါ ရထားစီးပြီး လာခဲ့တာ၊ ဒီအထိရောက်ဖို့တော့ နွားလှည်းငှားလာခဲ့ရတာပေါ့”

ထို့နောက် ယဲ့ချန်းနင်သည် ယဲ့ရှောင်ရှောင်၏ လက်ထဲသို့ ပစ္စည်းများစွာ ထိုးထည့်ပေးလိုက်သည်။

“နင့်အတွက် အအေးတွေ မုန့်တွေ အများကြီးဝယ်လာတယ်၊ ကားနဲ့သာလာလို့ရရင် နင့်အတွက် ရေသန့်တွေလည်း အများကြီး ယူလာခဲ့ပါတယ်”

ဤခေတ်တွင် ရေသန့်များကို ဖန်ပုလင်းများဖြင့် ထုတ်လုပ်လေ့ရှိကြသဖြင့် ဤမျှဝေးလံသော ခရီးကို သယ်ဆောင်လာရလျှင် အကုန် ကွဲကြေသွားနိုင်ကြောင်း ယဲ့ရှောင်ရှောင် နားလည်ပါသည်။

“ဒီမှာ ရေရှားတယ်ဆိုပေမယ့် သောက်ဖို့ ရေတော့ ရှိပါတယ်”

ယဲ့ရှောင်ရှောင်သည် ယဲ့ချန်းနင်၏ လက်မောင်းကို ချိတ်လျက် ပြောလိုက်သည်။

“တတိယအစ်ကို၊ အထဲမှာ စကားပြောရအောင်”

စခန်းပြင်ပရှိ အဆောက်အအုံငယ်လေးများကို ဧည့်ဂေဟာဟု ခေါ်ဆိုသော်လည်း ဤနေရာတွင် ပတ်ဝန်းကျင် အခြေအနေက အလွန်ဆိုးရွားသဖြင့် ရေနွေးအနည်းငယ်နှင့် အိပ်စရာ အပူပေးကုတင်တစ်လုံးသာ စီစဉ်ပေးထားလေ့ ရှိပါသည်။

ယဲ့ချန်းနင်ကမူ စိတ်ထဲမထားခဲ့ပေ။ သူငယ်စဉ်က နေထိုင်ခဲ့သော နေရာမှာ ဤနေရာထက်ပင် ပိုမို နွမ်းပါးပါသေးသည်။

“တတိယအစ်ကို၊ သမီးအဆောင်ခန်းမှာ ပစ္စည်းတွေ အစုံအလင်ရှိတယ်၊ ခဏနေရင် သမီးယူလာပေးမယ်”

ဧည့်ဂေဟာအခန်းများတွင် အပူပေးကုတင်တစ်လုံးစီ ရှိသော်လည်း မီးဖိုမရှိပေ။ မီးအိုးအသေးလေးတစ်လုံးသာ ရှိပြီး အရပ်လေးမျက်နှာမှ လေများ တိုးဝင်နေသဖြင့် ညဘက်ကောင်းကောင်းအနားယူရန် ခက်ခဲပါလိမ့်မည်။

“မလောပါနဲ့ဦး၊ အရင်ထိုင်ပြီး စကားပြောကြရအောင်”

ယဲ့ရှောင်ရှောင်သည် ဤစခန်းတွင် လပိုင်းခန့်သာ နေခဲ့ရခြင်းဖြစ်သော်ငြား မိသားစုဝင်များက သူမကို နိုင်ငံခြားသွားစဉ်ကထက်ပင် ပိုမိုလွမ်းဆွတ် သတိရနေကြပါသည်။

မိဘနှစ်ပါးဖြစ်ကြသော မြောင်စွေ့ဖန်းနှင့် ယဲ့ကျန်းကော်တို့မှာ ယဲ့ရှောင်ရှောင် ဤကဲ့သို့နေရာမျိုးသို့ ရောက်ရှိနေကြောင်းကို လုံးဝ မသိကြသေးပေ။

သူမထံသို့ ပို့ဆောင်ပေးလိုက်သော အစားအသောက်အားလုံးကို ယဲ့ချန်းချင့်နှင့် ကျန်းရွှယ်တို့က စာတိုက်မှတဆင့် ပို့ဆောင်ပေးလိုက်ခြင်းဖြစ်ပါသည်။

မိဘနှစ်ပါးမှာမူ ယဲ့ရှောင်ရှောင်ကို ပေကျင်းမြို့ရှိ ဆေးရုံတစ်ခုခုတွင် အလုပ်သင်တာဝန် ထမ်းဆောင်နေခြင်း ဖြစ်မည်ဟုသာ ယုံကြည်ထားကြသည်။

“လုဟန်ချွမ်က်ို ရှာတွေ့ပြီမလား”

ယဲ့ရှောင်ရှောင်သည် ယခင်က စာထဲတွင် ထည့်သွင်းရေးသားပေးခဲ့သော်လည်း ယဲ့ချန်းနင်ကမူ မျက်လုံးနှင့် တပ်အပ် မမြင်ရမချင်း ယုံကြည်နိုင်မည် မဟုတ်ပေ။

လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း လုဟန်ချွမ် စိတ်ပြောင်းသွားခြင်း ရှိ၊ မရှိ မည်သူ သိနိုင်မည်နည်း။ အကယ်၍ ထိုကောင်သာ စိတ်ပြောင်းရဲလျှင် ယဲ့ချန်းနင်၏ လက်သီးများက အလှပြထားခြင်း မဟုတ်ပေ။

“ရှာတွေ့ပါပြီ၊ ခဏနေရင် သူ့ကို လာခိုင်းလိုက်မယ်”

ယဲ့ချန်းနင် ရောက်ရှိလာကြောင်းကို လုဟန်ချွမ် လုံးဝ မသိသေးပေ။

“အေးပါ အေးပါ၊ ခဏနေရင် နင်တို့နှစ်ယောက်စလုံး ဒီမှာ လာစားကြ၊ ဒီဒေသမှာ အရသာရှိတဲ့ အစားသောက်တွေ အများကြီး မရှိပေမယ့် အပြင်ကနေ ကြက်ကင်ဝယ်လာခဲ့တယ်၊ ခဏနေရင် ထမင်းစားဆောင်မှာ သွားနွှေးလိုက်လို့ ရတယ်”

All Chapters