တစ်စုံတစ်ယောက်က နန်းတွင်း စာမေးပွဲမှာ ခိုးချခဲ့တယ် (၁)
Vol. 6 Ch. 77
အိမ်ရှေ့စံမင်းသားက အားလုံးကို ကြားလိုက်ရပြီးနောက် တကယ့်ကို အဓိပ္ပာယ်မရှိလွန်းဟု ခံစားလိုက် ရတော့သည်။
*ငါ့မှာ စိတ်သဘောထားကြီးပြီး အကောင်းမြင်တတ်တာကို ဘာဖြစ်လို့ ငါ့အပြစ်လို့ လာပြောနေရတာလဲ၊ ပြီးတော့ ကျီပေဘုရင်ကလဲ ဒီလောက်လေးနဲ့တင် ဘာလို့ ဒီလောက်အထိ ဒေါသထွက်ပြီး သွေးအန်ရတာလဲ*
*ပြီးတော့ ငါက ဧကရာဇ်တောင် မလုပ်ချင်ဘူး၊ ငါ့ကျန်းမာရေးကလဲ သိပ်မကောင်းတာကြောင့် ဘယ်အချိန်မှာ ရုတ်တရက် သေသွားမလဲ မသိနိုင်ဘူး၊ အဲဒီလို မဖြစ်ခင်မှာ ငါ နှစ်သက်တဲ့အရာတွေကို ပျော်ပျော်ရွှင်ရွှင် လုပ်ခွင့် မရှိဘူးလား*
ထိုသို့ တွေးလိုက်မိပြီးနောက် အိမ်ရှေ့စံမင်းသားသည် ရုတ်တရက် ယုံကြည်မှုအသစ်တွေ ဝင်လာခဲ့တော့သည်။ အမတ်ကြီးများ၏ ထူးဆန်းသော အကြည့်များနှင့် ရင်ဆိုင်ခဲ့ရသည့် အခါမှာတောင်မှ သူ တည်တည်ငြိမ်ငြိမ် နေနိုင်ခဲ့သည်။ တည်ငြိမ်ရုံတင်မကဘဲ ရင်ထဲမှာပါ အနည်းငယ် ဝမ်းသာကျေနပ် နေခဲ့သေးသည်။
*ငါ့ရဲ့ ပျင်းရိအပျော်ကြိုက်တဲ့ အခြေအနေကို မြင်ရင် အမတ်ကြီးတွေအနေနဲ့ အကြီးအကျယ် စိတ်ပျက်သွားကြပြီး ငါ့ကို အိမ်ရှေ့စံရာထူးကနေ ဖယ်ရှားဖို့ နည်းလမ်းရှာကြမှာ အမှန်ပဲ မဟုတ်လား၊ ဟုတ်တယ်၊ ငါ့မှာ ရာထူး အဆောင်အယောင်တွေ အားလုံး မရှိတော့ရင် အလုပ်လုပ်စရာ မလိုတော့ဘူး၊ အဲဒီအခါကျရင် ရှုရန်မြောင်ရဲ့ အိမ်ဘေးနားဆီ ပြောင်းရွှေ့နေထိုင်ပြီး နေ့တိုင်း ဖြစ်ပျက်သမျှ ဇာတ်လမ်းတွေကို လိုက်ကြည့်တော့မယ်*
ဧကရာဇ်အိုကြီးသည် အိမ်ရှေ့စံမင်းသား၏ စိတ်ကူးကို ချက်ချင်းပင် ရိပ်မိသွားပြီး စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် စုတ်သပ်လိုက်မိသည်။ သူသည် ငတုံးပုံစံ ဖြစ်နေသော တော်ဝင်မြေးတော်ထံသို့ အကြည့်ကို လွှဲလိုက်သည့်အခါ ဒေါသမီးပွားများ ထပ်မံတောက်လောင်လာခဲ့သော်လည်း မိဖုရားဆောင်ဝင်းထဲတွင် ဒေါသတကြီး အော်ဟစ် ပေါက်ကွဲ၍ မဖြစ်ချေ။
“ဝူရင်နန်းဆောင်ဆီ သွားမယ်”
လေသံမှာ အေးဆေးလှသော်လည်း ငြင်းဆန်ခွင့် လုံး ဝမရှိသော အရှိန်အဝါ ပါရှိနေသည်။
“အစောင့်တွေ၊ တော်ဝင်မြေးတော်ကို ချည်နှောင်လိုက်ကြစမ်း၊ မင်းသမီးနှစ်ပါးကိုတော့ အရင်ဆုံး နန်းဆောင်ဆီ ပြန်လည်ပို့ဆောင်လိုက်”
“သမီးတော် ငြင်းဆန်ပါတယ်”
မင်းသမီး ရှန်းယန်က ခြေဆောင့်လိုက်မိသည်။ အလိုလိုက်ခံရပြီး ကြီးပြင်းလာသော ကလေးပီပီ၊ သူမသည် ခမည်းတော်ကို ရဲရဲဝံ့ဝံ့ စိုက်ကြည့်ရင်း အသံကျယ်ကြီးဖြင့် ကြေညာလိုက်တော့သည်။
“ပဉ္စမအစ်မတော်က အရာရှိရာထူး ရထားတာပဲ၊ နှစ်သစ်ကူးပြီးရင် သမီးတော်တို့လည်း ရာထူးရတော့မှာ၊ နဝမအဆင့် အရာရှိအားလုံးကို ပြန်လွှတ်ရင်လွှတ်၊ မလွှတ်ရင် သမီးတော်တို့ကိုပါ ဝူရင်နန်းဆောင်ဆီ လိုက်ခွင့်ပေးပါ၊ ခွဲခြားဆက်ဆံတာမျိုး၊ မျက်နှာသာပေးတာမျိုးတော့ လုံးဝ မလုပ်ပါနဲ့”
ဧကရာဇ် ဆုံးဖြတ်ချက်ချပြီးသည့်နောက်တွင် သူ့ကို တိုက်ရိုက် ပြန်လည် အာခံရဲသူဟူ၍ မင်းသမီး ရှန်းယန်နှင့် အိမ်ရှေ့စံ မင်းသားတို့သာ ရှိပေသည်။ သူမသည် ဒေါသတကြီး အော်ဟစ်ပြီးနောက် မင်းသမီး ဝမ်ရှို့ထံသို့ လှည့်ကြည့်လိုက်သည်။
“ပဉ္စမအစ်မတော်၊ တစ်ခုခု ပြောပါဦး၊ ပဉ္စမအစ်မတော်ရဲ့”
မင်းသမီး ရှန်းယန်သည် အသံကုန်ဟစ်၍ ဆက်လက်ပြောဆိုလိုက်သည်။
“ဒါ သမီးတော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးပဲ၊ တကယ်လို့ ခမည်းတော်က မပေးဘူးဆိုရင် သမီးတော်တို့ ဘာသာပဲ ထုတ်ဖော် တောင်းဆိုရမယ်၊ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေနေမယ်ဆိုရင်တော့ ဒီအခွင့်အရေးတွေကို အလုခံရမှာပဲ”
မင်းသမီး ဝမ်ရှို့၏ ရင်ထဲ၌ ဒိန်းခနဲ ဖြစ်သွားခဲ့ရသည်။
*ဒါက … ငါတို့ ရသင့်ရထိုက်တဲ့ အရာလား*
သူမသည်လည်း ဧကရာဇ်ထံသို့ လှည့်ကြည့်လိုက်မိတော့သည်။
“ခမည်းတော်… ခမည်းတော်ဘုရား…”
သူမသည် တစ်လုံးချင်းစီကို အားယူကာ အသည်းအသန် ပြောနေရလောက်အောင် အလွန်အမင်း စိုးရိမ် တုန်လှုပ် နေမိသော်လည်း ယခင်က အမြဲလိုလို ကြောက်ရွံ့ခဲ့ရသော ယခုအခါတွင် တိုင်းပြည်၏ အထွတ်အထိပ် အုပ်ချုပ်သူ ဖြစ်သော ခမည်းတော်အား နန်းတွင်း အခွန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးအနေဖြင့် မိမိ ရထိုက်သည့် အခွင့်အရေးကို တောင်းဆိုရန်အတွက် ရဲရဲဝံ့ဝံ့ စည်းရုံးလှုံ့ဆော်လိုက်တော့သည်။
“ခမည်းတော်၊ သမီးတော်က အခု အခွန်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အရာရှိတစ်ဦးအနေနဲ့ တရားဝင် တာဝန် ထမ်းဆောင်နေတာပါ၊ သမီးတော် ဘာအပြစ်မှ မကျူးလွန်ထားပါဘူး၊ သမီးတော် ညီလာခံ အစည်းအဝေးတွေကို တက်ရောက်ဖို့ တောင်းဆိုချင်ပါတယ်”
မင်းသမီး ရှန်းယန်သည် ကျေနပ်အားရစွာဖြင့် ပြုံးလိုက်ပြီးနောက် ဧကရာဇ်ကို ဦးညွတ်ဂါရဝပြုရင်း ခေါင်းမော့ကာ လျှောက်တင်လိုက်သည်။
“ခမည်းတော်၊ သမီးတော်လဲ ညီလာခံအစည်းအဝေးတွေကို တရားဝင် တက်ရောက်ချင်ပါတယ်”
အမတ်ကြီးများအားလုံး တိတ်ဆိတ်နေကြသည်။
အမျိုးသမီး အရာရှိ နှစ်ဦးစလုံးသည် အရာရှိတို့၏ ကျင့်ဝတ်သိက္ခာကို အပြည့်အဝ ထိန်းသိမ်းထားပြီး ဧကရာဇ်မနှင့် မျက်လုံးချင်း တိုက်ရိုက်မဆုံမိစေရန် ၎င်းတို့၏ အကြည့်များကို အောက်သို့ နှိမ့်ချထားကြ၏။ သို့သော် သူတို့သည် ဦးညွတ်နေကြသော်ငြားလည်း ကျောရိုးများမှာမူ မတ်မတ်နှင့် ဖြောင့်တန်းလို့ နေခဲ့သည်။ ပြင်းထန်လှသော ဖိအားများ အောက်တွင်ပင် သူတို့နှစ်ဦးစလုံးသည် ဘာတစ်ခုမှ တုန်လှုပ်ခြင်းမရှိဘဲ ခိုင်မာစွာ ရပ်တည်နေခဲ့ ကြပေသည်။
ရှုရန်မြောင်မှာမူ ခဏမျှ ကြောင်အသွားခဲ့ရ၏။
သူ့ရင်ထဲ၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားရသည်။
[ကောင်းရှန်းလား]
သူ၏ မိတ်ဆွေအရင်းအခြာလေးက မင်းသမီး ရှန်းယန် ဖြစ်နေခဲ့တာပါလား။
ဧကရာဇ်သည် ရှုရန်မြောင်ထံသို့ အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် ရုတ်တရက် လှည့်ထွက်ရင်း မိန့်ကြား လိုက်တော့သည်။
“ဝူရင်နန်းဆောင်ဆီ သွားမယ်”
ဤသည်မှာ ၎င်းတို့၏ တောင်းဆိုချက်ကို သဘောတူခွင့်ပြုလိုက်သည့် သဘောပင် ဖြစ်၏။ သို့သော်လည်း မင်းသမီး ရှန်းယန်အနေဖြင့် ချက်ချင်းကြီး ဝမ်းသာအားရ အောင်ပွဲခံ၍ မရသေးချေ။
အကြောင်းမူကား ဧကရာဇ်သည် ယခုအခါတွင် သူမ၏ အရာရှိအဆင့်အတန်း ဖြစ်တည်မှုကို တရားဝင် အသိအမှတ် ပြုလိုက်ပြီ ဖြစ်သောကြောင့်ပင်။ သူမ၏ တရားဝင် အရာရှိတံဆိပ်တုံးမှာ လက်ထဲသို့ ရောက်ရှိမလာသေး သော်လည်း ဤအခိုက်အတန့်သည် ဟိုးအရင်တုန်းက အခြေအနေနှင့် လုံးဝ ခြားနားသွားခဲ့ပြီ ဖြစ်သည်။
ယခင်က သူမကို ကလေးတစ်ယောက်အလား သဘောထားပြီး အလိုလိုက်ခဲ့ကြသော်လည်း ယခုအခါတွင် အရာရှိတစ်ဦးအဖြစ် အထင်အရှား အသိအမှတ်ပြုခံလိုက်ရလေပြီ။
ထို့ကြောင့် သူမသည် ကောင်းကောင်းကြီး ကြားလိုက်ရသည်မှာ …
[ကောင်းရှန်းလား]
[မင်းသမီး ရှန်းယန်]
[သူမက နောက်ကြောင်းကို ဖုံးကွယ်ထားခဲ့တာလား]
မင်းသမီး ရှန်းယန်သည် ရှုရန်မြောင်ကို ကျောပေးထားဆဲဖြစ်ရာ ထိုအသံကို ရှုရန်မြောင်က အပြင်သို့ နှုတ်မှ ဗြောင်ကျကျ ထုတ်ပြောလိုက်သည်ဟု ထင်မှတ်မှားသွားခဲ့သည်။
သူမသည် စိုးရိမ်တကြီးဖြင့် မျက်လုံးပြူးလိုက်မိသည်။
“နင် ငါ့ကို မမြင်ဘူး၊ နင် ငါ့ကို မမြင်ဘူး…”
သူမက မန္တန်ရွတ်သကဲ့သို့ တီးတိုးရေရွတ်ရင်း အရှေ့သို့ သုတ်ခြေတင် လျှောက်လှမ်းနေခဲ့တော့သည်။
ရှုရန်မြောင်: “ကောင်းရှန်း”
မင်းသမီး ရှန်းယန် ခြေလှမ်းများ တန့်သွားခဲ့သည်။ ထို့နောက်တွင်မူ… သူမသည် သူမ၏ ဝတ်ရုံစကတ်ကို မလျက် အတင်း လွတ်အောင် ပြေးတော့သည်။
ရှုရန်မြောင် မျက်လုံးများ ပြူးကျယ်သွားသည်။
“အဲဒီမှာ ရပ်လိုက်စမ်း”
သို့သော် မင်းသမီး ရှန်းယန်မှာမူ လျှပ်စီးကဲ့သို့ မြန်ဆန်လှသော နှုန်းဖြင့် ပြေးထွက်သွားခဲ့ရာ ခဏချင်း အတွင်းမှာတင် လူအုပ်ကြီးထဲသို့ တိုးဝင်ပျောက်ကွယ်သွားခဲ့တော့သည်။ ရှုရန်မြောင်အနေဖြင့် ဤအချိန်တွင် လူအုပ်ကြီးကို တိုးဝှေ့ပြီး လိုက်ဖမ်း၍ မရနိုင်တာကြောင့် ရင်ထဲ၌သာ ဒေါသတကြီး ရေရွတ်နေမိတော့သည်။
[သူ ငါ့ကို ညာခဲ့တာပဲ]
*တကယ့်ကို လွန်လွန်းတယ်၊ မတရားလိုက်တာ*
ဤသို့ စိတ်တိုဒေါသထွက်နေမှုသည် မကြာခင်မှာပင် ပစ်မှတ်အသစ်ဆီသို့ ရောက်ရှိသွားခဲ့တော့သည်။ ယင်းမှာ တော်ဝင်မြေးတော်ပင်။ သူသည် အတင်းအဖျင်း စနစ်မျက်နှာပြင်ကို ပြန်လည်ဖွင့်လိုက်ပြီး နောက်ကွယ်က အကြောင်းအရာများကို တရစပ် ပြန်လည်တူးဖော် စစ်ဆေးနေခဲ့တော့သည်။ လမ်းလျှောက်ရင်းနှင့်ပါ စူးစမ်းနေခြင်း ဖြစ်၏။
[နေပါဦး … ငါက တော်ဝင်မြေးတော်က သူ့ကိုယ်သူ မွေးစားသား ဖြစ်မှန်း မသိဘူးလို့ ထင်ထားခဲ့တာ၊ တကယ်ကျတော့ သူက သိနေခဲ့တာပဲလား]
သူ့ခြေလှမ်းများ တန့်သွားခဲ့ပြီး ပိုမို၍ အရသာရှိလှသော အတွင်းသတင်းဆိုးကြီးတစ်ခုကို မတော်တဆ ရှာဖွေ တွေ့ရှိ သွားသည့်အလား သူ့ရင်တွင်းရေရွတ်သံမှာ ရုတ်တရက် အလွန်အမင်း စိတ်လှုပ်ရှားမှုများ မြင့်တက် လာခဲ့တော့သည်။
[ပြီးတော့ သူက အိမ်ရှေ့စံ မင်းသမီးအပေါ်မှာပါ ရန်ငြိုးဖွဲ့ မုန်းတီးနေတာ ဟုတ်လား]
ဧကရာဇ်အိုကြီး လမ်းလျှောက်နေရင်း ခြေလှမ်းများ ရုတ်တရက် တန့်သွားခဲ့သည်။ အိမ်ရှေ့စံမင်းသားလည်း လမ်းခုလတ်တွင် ခြေလှမ်းတန့်သွားခဲ့၏။ နန်းတွင်းအမတ်ကြီးများအားလုံးပင်လျှင် မသိမသာ ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့ကြသည်။
အခွန် ဘဏ္ဍာရေးဝန်ကြီးချုပ်က သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ရင်း ဘေးနားရှိ တရားရေးရာ ဝန်ကြီးချုပ်ထံသို့ လှည့်၍ တီးတိုးမေးမြန်းလိုက်သည်။
“ငါ မှတ်မိသလောက်ဆိုရင် အိမ်ရှေ့စံမင်းသမီးက တော်ဝင်မြေးတော်အပေါ် အမြဲတမ်း အရမ်းကောင်းခဲ့တာ မဟုတ်လား၊ ဆယ်စုနှစ်တစ်ခုကျော်အထိ တော်ဝင်မြေးတော်က သူမရဲ့ သားအရင်းမဟုတ်ဘူးလို့ ဘယ်သူမှ သံသယ မဝင်ရလောက်အောင်ကို ကောင်းခဲ့တာလေ”
တရားရေးရာ ဝန်ကြီးချုပ်ကလည်း ချက်ချင်းပင် ဝင်ရောက်ထောက်ခံလိုက်သည်။
“ကောင်းရုံတင် ဘယ်ကမလဲဗျာ၊ သူမတူအောင်ကို ကောင်းခဲ့တာ၊ တော်ဝင်မြေးတော်အတွက် သူမရဲ့ ကိုယ်ပိုင် အမွေအနှစ် ပစ္စည်းတွေကိုတောင် ထုတ်သုံးပေးခဲ့တာ၊ ဥပမာ… ဘေးအန္တရာယ် ကယ်ဆယ်ရေး ရန်ပုံငွေ ရွှေဒင်္ဂါး သုံးထောင် ကိစ္စတုန်းကပေါ့၊ အဲဒါ အိမ်ရှေ့စံမင်းသမီးက တော်ဝင်မြေးတော်ကို ယုံကြည်လို့ အပ်နှံထားတဲ့ ပိုက်ဆံတွေလေ၊ ဒါပေမဲ့ သားဖြစ်သူရဲ့ ဂုဏ်သိက္ခာအတွက် အများပြည်သူရှေ့မှာတော့ သားဖြစ်သူရဲ့ ပိုက်ဆံပါ ဆိုပြီး ဗြောင်ပြောပေးခဲ့တာ”
သို့သော် ဤကဲ့သို့ ကောင်းမွန်လှသော အိမ်ရှေ့စံမင်းသမီးအပေါ် တော်ဝင်မြေးတော်က ရန်ငြိုးဖွဲ့နေသည်တဲ့လား။
ဝန်ကြီးချုပ် နှစ်ဦးစလုံး အပြန်အလှန် စိုက်ကြည့်လိုက်ကြပြီး ၎င်းတို့၏ မျက်လုံးများထဲတွင် တူညီသော ကောက်ချက် တစ်ခုကို မြင်လိုက်ကြရသည်။
*ဟား… ဒီကိစ္စရဲ့ နောက်ကွယ်မှာ တကယ့်ကို အရှုပ်တော်ပုံ ဒရမ်မာဆန်းကြီး ရှိနေတာ အမှန်ပဲ*
*ထပ်ပြောပါဦး၊ ငါတို့ကို ထပ်ပြောပြပါဦး*
အခြားသော နန်းတွင်းအရာရှိကြီးများအားလုံးလည်း ရင်ထဲ၌ ဤကဲ့သို့သော လျှို့ဝှက်ချက်ကို သိချင်ဇောဖြင့် တိတ်တဆိတ် စိတ်လှုပ်ရှားလို့ နေကြတော့သည်။
အမှန်အတိုင်း ပြောရလျှင် နန်းတွင်း အရာရှိတစ်ဦး ဖြစ်ရသည်မှာ တစ်ခါတရံ အလွန် ပျင်းစရာကောင်းလှပေသည်။ နေ့စဉ်နဲ့အမျှ စာရွက်စာတမ်း အလုပ်တွေကို ကိုင်တွယ် ဖြေရှင်းနေရခြင်း၊ သို့မဟုတ် နိုင်ငံရေး ပြိုင်ဘက်များနှင့် အာဏာ လုနေရခြင်းများဖြင့်သာ အချိန်ကုန်လေ့ရှိသည်။ ဆယ်စုနှစ်ပေါင်းများစွာ ကြာလာသည့်အခါတွင်မူ ပျော်စရာ အပန်းဖြေမှုများပင် ပျင်းစရာကောင်းလာတတ်သည်။ အခြားသူများ၏ အရှုပ်တော်ပုံများကို လိုက်လံ တူးဆွခြင်း ဆိုသည်မှာလည်း များသောအားဖြင့် မောက်မာသူ သို့မဟုတ် အကျင့်ပျက်ခြစားသူများကို ရာထူးကနေ ဖြုတ်ချရန်အတွက်သာ ရည်ရွယ်လေ့ရှိသည်။
သို့သော် ရှုရန်မြောင်၏ ရင်တွင်းရေရွတ်သံက ယူဆောင်လာပေးသည့် အရသာရှိလှသော အတင်းအဖျင်း အတွင်းသတင်းဆိုးကြီးများနှင့် ဘယ်အရာကမှ မယှဉ်နိုင်ချေ။
ဟိုးအရင်တုန်းကမှ သူတစ်ပါး၏ လှည့်ပတ်လိမ်လည်မှုကြောင့် ‘ရွှေပြားကပ် ဝက်နဂါး’ ကြီးတစ်ကောင်ကို ရွှေတုံးမြောက်မြားစွာ ပေးကာ အူကြောင်ကြောင်ဖြင့် ဝယ်ယူမိခဲ့ဖူးသဖြင့်အမတ်မင်းများအကြား မတရားသဖြင့် အကြီးအကျယ် နာမည်ပျက်ကာ ဒုက္ခရောက်ခဲ့ရရှာသော ဖန်းချန်နယ်စားကြီးပင်လျှင် ယခုအခါတွင်မူ မိမိ၏ နားအစုံကို အစွမ်းကုန် မတ်ကနဲ ထောင်လိုက်မိရင်းက၊ ဘေးနားရှိ ရှုရန်မြောင် ရှိရာ အရပ်မျက်နှာဆီသို့ ခန္ဓာကိုယ်ကို မသိမသာ တိတ်တဆိတ် တိုးကပ်လို့ နေမိတော့သည်။