ရွာငယ်လေးမှ လက်ဖက်စိမ်းလေးဟု ခေါ်သော မိန်းကလေး (၁)
Vol. 6 Ch. 81
စစ်သူကြီးသည် စိတ်ပျက်လက်ပျက်ဖြင့် သူ၏ မျက်ဝန်းကို မှိတ်ချလိုက်မိတော့သည်။
*မင်း လျှို့ဝှက်ချက်တွေကို အကုန်လုံး ဘူးပေါ်သလို ပေါ်အောင် ဖွင့်ချလိုက်ပြီလေ*
*မင်းက အကုန်ဖွင့်ချလိုက်ရုံတင် ဘယ်ကမလဲ၊ ယဉ်ကျေးမှု ဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဘာဖြစ်လို့ အမျိုးသမီး ဝတ်စုံ လဲဝတ်ထားရလဲဆိုတဲ့ အကြောင်းအရင်းခံ နိုင်ငံရေးလျှို့ဝှက်ချက်ကြီးကိုပါ ဧကရာဇ်ရဲ့ နားထဲကို အတိုင်းသား ရောက်သွားအောင် တိုက်ရိုက်ကြီး ဖော်ပေးလိုက်တာလေ*
ခဏအကြာတွင်မူ တော်ဝင်နန်းတွင်း ကိုယ်ရံတော်တစ်ဦးသည် စစ်သူကြီး၏ ဘေးနားသို့ ကပ်လာခဲ့သည်။
“စစ်သူကြီး၊ ဧကရာဇ်က ကျွန်တော့်ကို တဆင့် မေးခိုင်းလိုက်ပါတယ်၊ ဧကရာဇ်က ကိုယ့်လက်အောက် ငယ်သားတွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေထဲအထိ လိုက်လံစွက်ဖက်တတ်တဲ့ မင်းဆိုးမင်းညစ်မျိုးလို့ ထင်နေလို့လားတဲ့”
စစ်သူကြီး: “…”
*အခုလိုမျိုး နန်းတွင်းကိုယ်ရံတော်ကြီးရဲ့ အရှေ့မှာ ငါက ဟုတ်ပါတယ် ဘုရားလို့ ဗြောင်ကျကျ ထုတ်ပြောလို့ ရပါ့မလား*
စစ်သူကြီးသည် စိတ်မပါလက်ပါဖြင့် အတင်းအကျပ် ပြုံး၍ ပြန်ဖြေလိုက်သည်။
နန်းတွင်းကိုယ်ရံတော်သည် ဧကရာဇ်ထံသို့ သွားရောက်သတင်းပို့ရန် ထွက်ခွာသွားခဲ့ရာ စစ်သူကြီးမှာမူ အရပ်မျက်နှာအနှံ့မှ စူးစမ်းချင်စိတ်ပြည့်နှက်နေသော အကြည့်ပေါင်းမြောက်မြားစွာ မိမိထံသို့ ကျရောက် လာသည်ကို သိသိသာသာကြီး ခံစားလိုက်ရတော့သည်။ သူသည် ခဏမျှ တိတ်တဆိတ် အောင့်အီး သည်းခံနေခဲ့သော်လည်း နောက်ဆုံးတွင်မူ မအောင့်နိုင်တော့ဘဲ လူတိုင်းကို ဒေါသတကြီးဖြင့် ပြန်လည် စိုက်ကြည့် လိုက်တော့သည်။
*ဘာတွေ လာကြည့်နေကြတာလဲ၊ သွေးသောက် ညီနောင်တွေကို အရင်က တစ်ခါမှ မမြင်ဖူးဘူးလား၊ ငါက ဖူကျန့် နယ်သားကွ*
အကြောင်းမူကား ဖူကျန့်နယ်တွင် ဟိုးမင်းဆက်ဟောင်းလက်ထက်ကတည်းက ကျား၊ မ အချိုးအစား မမျှတမှုနှင့် အိမ်ထောင်ပြုနှုန်း နိမ့်ကျမှုတို့ကြောင့် အမျိုးသားအချင်းချင်း အဖော်အဖြစ် ယှဉ်တွဲနေထိုင်ကြခြင်းကို လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြသောကြောင့် ဖြစ်ပေသည်။
[ဒါက ဘယ်လိုတောင် လက်သီးပုန်းထိုးတဲ့ လှည့်ကွက်ကြီးလဲ]
ယဉ်ကျေးမှုဌာနမှ ဝန်ကြီး၏ မျက်နှာမှာမူ အလွန်အမင်း ဖြူဆုတ်သွားခဲ့ရပြီး မိမိ၏ မျက်နှာကို ကာကွယ်ရန် အတွက် လက်ထဲက သစ်သားအရာရှိတံဆိပ်ပြားကို အပေါ်သို့ အတင်း ဆွဲမြှောက်လိုက်မိတော့သည်။
စစ်သူကြီးသည်လည်း အခြားသူများကို ဒေါသတကြီး စိုက်ကြည့်နေခြင်းကို ရုတ်တရက် ရပ်တန့်လိုက်ပြီး မိမိ၏ ရင်ထဲက အပြစ်ရှိသလို ခံစားရမှုကို ဖုံးကွယ်ရန်အတွက် အကြည့်များကို ကမန်းကတန်း လွှဲဖယ် ပစ်လိုက် မိတော့သည်။
နန်းတွင်းအမတ်ကြီးများ: *ဒါက ဘာဖြစ်လို့ မကောင်းတဲ့ အတိတ်နိမိတ်ဆိုးကြီးတစ်ခုလိုမျိုး ရင်ထဲမှာ ခံစား နေရတာလဲ*
[ဒီလူနှစ်ယောက်က ဟိုးအစတုန်းက သွေးသောက်ညီနောင်အဖြစ် သစ္စာပြုခဲ့ကြစဉ်အခါက— တစ်ယောက်အပေါ် တစ်ယောက် သံယောဇဉ်ရှိကြတာအပြင် သူတို့နှစ်ယောက်စလုံးက ဖင်ပြောင်အောင် ဆင်းရဲမွဲတေ ခဲ့ကြတာ ၊နောက်ပိုင်းကျတော့ ဧကရာဇ်ရဲ့ တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်ပြီး တစ်ယောက်နဲ့တစ်ယောက် မိန်းမလိုမျိုး ဝတ်စုံလဲပြီးတော့ နှစ်ကြိမ်တိုင်တိုင် လက်ထပ်မင်္ဂလာဆောင်ခဲ့ကြတာ၊ အဲဒါက တခြားကြောင့်မဟုတ်ဘဲ မင်္ဂလာဆောင် လက်ဖွဲ့ပစ္စည်းတွေကို နှစ်ဆရအောင်လို့ တမင်သက်သက် လိမ်လည်စုဆောင်းခဲ့ကြတာ]
နန်းတွင်းအမတ်ကြီးများအားလုံးထံမှ တပြိုင်နက်တည်း သက်ပြင်းချလိုက်သံများ ထွက်ပေါ်လာခဲ့ကြသည်။
*ဪ၊ မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေ ရချင်လို့ လုပ်ခဲ့ကြတဲ့ ကိစ္စပဲလား*
ယဉ်ကျေးမှုဌာနမှ ဝန်ကြီးမှာမူ ရှက်လွန်းလှသဖြင့် သူ၏ သစ်သားအရာရှိတံဆိပ်ပြားကို မျက်နှာနှင့် ကပ်နေအောင် ပိုမို၍ ဖိကပ်ထားမိတော့သည်။
ဝန်ကြီးချုပ်သော်သည် ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားခဲ့သည်။
“နေပါဦး စစ်သူကြီး၊ ခင်ဗျား နန်းတွင်းမှာ နာမည်ကြီးနေတာက…”
ပိုမိုဆိုးရွားလှသော အတိတ်နိမိတ်ဆိုးကြီးတစ်ခုက လူတိုင်း၏ ခေါင်းပေါ်သို့ မိုးတိမ်အလား လွှမ်းမိုးလို့ လာခဲ့ ပြန်သည်။
ထိုအခိုက်တွင် ရှုရန်မြောင်၏ ရင်ထဲကနေ ထိန်းမနိုင်သိမ်းမရဘဲ ပေါက်ကွဲထွက်လာသော ရယ်မောသံကြီး ထွက်ပေါ်လာခဲ့တော့သည်။
[ဟားဟားဟားဟား]
[ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ ရယ်ချင်စိတ်ကို အသည်းအသန် အောင့်ထားရတာ ဗိုက်တွေကို နာလို့၊ ဧကရာဇ်ရဲ့ အရှေ့မှာတင် နန်းတွင်းကျင့်ဝတ်တွေ ပျက်ပြားပြီး ဗြောင်ကြီး ရယ်မိတော့မယ် ထင်တယ်]
[မင်္ဂလာလက်ဖွဲ့ပစ္စည်းတွေ လိုချင်လို့တင် လူတစ်ယောက်က ခုနစ်ကြိမ်တိုင်တိုင်တောင် မင်္ဂလာဆောင်ရဲတယ်၊ အဲဒီလို ဆောင်တာကလဲ အမြဲတမ်း လူတစ်ယောက်တည်းနဲ့ပဲ ဆောင်ခဲ့တာ၊ အဲဒီလူကလဲ တခြားသူမဟုတ်ဘဲ မိမိရဲ့ သွေးသောက်ညီနောင်က အမျိုးသမီးအဖြစ် ဟန်ဆောင်ထားတာကြီးကို]
[အားပါးပါး … ဗိုက်တွေ လိပ်တက်အောင် နာလှပြီဗျာ၊ ဟားဟားဟားဟား—]
[ဒါတွေအားလုံးကလဲ ယဉ်ကျေးမှု ဝန်ကြီးဌာနက ဒုတိယဝန်ကြီးရဲ့ ဘာအပြစ်ပြောစရာမရှိအောင် အလွန်အမင်း ပြောင်မြောက်လှတဲ့ မိတ်ကပ်လိမ်းခြယ်မှု စွမ်းရည်ကြောင့်ပေါ့ဗျာ၊ ဟားဟားဟား]
ဧကရာဇ်အိုကြီး: “!!?”
သူ အလွန်အမင်း အားကိုးရပါသည်ဆိုသော စစ်သူကြီးက အိမ်ထောင်ရေး ကံဆိုးနေခဲ့တာ မဟုတ်ဘူးတဲ့လား။
ဝန်ကြီးချုပ်သော်သည် စစ်သူကြီးထံသို့ လှည့်ကြည့်လိုက်ရင်း သူ၏ မျက်နှာတစ်ခုလုံးတွင် လှောင်ပြုံးကြီး ပြည့်နှက်လျက် စောင်းမြောင်း၍ ဆိုလိုက်တော့သည်။
“စစ်သူကြီး၊ ခင်ဗျားက သူတစ်ပါးအပေါ်မှာ မတရားသဖြင့် အမြတ်ထုတ်တဲ့ အတတ်ပညာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တာပဲ”
စစ်သူကြီးသည် အဝေးသို့ လျှောက်ကြည့်လေသည်။
“အာ… ဟိုလေ… ဒါကတော့ဖြင့်… အဟမ်း…”
*မင်္ဂလာဆောင် ခုနစ်ကြိမ်၊ အခမ်းအနားပေါင်း ခုနစ်ကြိမ် တိတိကြီးတောင်*
လက်ဖွဲ့ပစ္စည်းများတင် ပြဿနာ မဟုတ်ပေ။ နှစ်ပေါင်းများစွာအတွင်း လူတိုင်းက ဤမုဆိုးဖို စစ်သူကြီးသည် အတိတ်က ဆုံးရှုံးမှုများကြောင့် စိတ်ဒဏ်ရာအပြင်းအထန်ရပြီး အိမ်ထောင်ရေးအကြောင်းကို လုံးဝ မပြောချင် တော့ဟု ထင်မှတ်ခဲ့ကြသည်။ တကယ်တမ်းတွင်မူ …
*နေပါဦး၊ မင်္ဂလာဆောင် ခုနစ်ကြိမ်ဆိုတာကို ခဏ ထားလိုက်ဦး၊ နာရေးအခမ်းအနားပေါင်းလဲ ခြောက်ကြိမ်တောင် ရှိခဲ့တာ မဟုတ်လား၊ ဒါဆို ဒီလူက နာရေးအလှူငွေတွေကိုပါ…*
စစ်သူကြီးသည် ကောင်းကင်ကြီးကိုသာ မော့ကြည့်လိုက်မိရင်းက ဘာမှမသိသလိုမျိုး လေချွန်နေခဲ့တော့သည်။
[နေဦး၊ ဒါတင်မကသေးဘူး၊ ပိုပြီးတော့တောင် ရှိသေးတယ်၊ သူက ယဉ်ကျေးမှုဌာန ဒုတိယဝန်ကြီးနဲ့ ပူးပေါင်း ပြီးတော့ ဒုတိယဝန်ကြီးကို အမျိုးသမီးလို ဝတ်ဆင်ခိုင်းပြီး ယုံချန်းနယ်စားကြီးဆီကနေပါ ပိုက်ဆံတွေကို လိမ်ခဲ့ကြသေးတာဗျာ]
စစ်သူကြီး: “…”
ယဉ်ကျေးမှု ဒုတိယဝန်ကြီး: “…”
ယုံချန်းနယ်စားကြီး: “?”
ယုံချန်းနယ်စားကြီး: *အခုမှ ဒါက ငါနဲ့ ဘာဆိုင်လို့လဲ*
[ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ယဉ်ကျေးမှုဌာန ဒုတိယဝန်ကြီးက အမျိုးသမီးအဖြစ် ဝတ်ဆင်လိုက်တဲ့အခါမှာ ဘယ်လောက်တောင်အထိ လှပကျော့ရှင်းနေလို့ ယုံချန်းနယ်စားကြီးတစ်ယောက် ဒီလောက်အထိ ဖြူစင် ရိုးသားလှတဲ့ အချစ်စစ်အချစ်မှန်ကြီးနဲ့ အသည်းအသန် လိုက်လံ ပိုးပန်းခဲ့ရတာလဲဆိုတာကို တကယ်ကြီး သိချင် လှပြီ၊ နေ့တိုင်း စာတွေ အပြန်အလှန် ရေးကြတယ်၊ ပြီးတော့ ဆယ်ရက်မှတစ်ကြိမ်ပဲ ဆုံတွေ့ပြီး လက်ကလေး ကိုင်ရုံတင်ပဲတဲ့]
[ဒီအတင်းအဖျင်းစနစ်မျက်နှာပြင်က တကယ့်ကို သုံးစားမရဘူး၊ ဘာဖြစ်လို့ ဗီဒီယိုရုပ်ပုံတွေ ထုတ်မပြ ပေးနိုင်ရတာလဲ]
[လက်ဖက်စိမ်းလေးတဲ့၊ တကယ့်ကို ချိုသာပြီး နုနယ်လှတဲ့ နာမည်လေးပဲဗျာ၊ ယဉ်ကျေးမှု ဒုတိယဝန်ကြီးက သူ့ရဲ့ ပညာရပ်အပေါ်မှာ တကယ့်ကို နှံ့စပ်ကျွမ်းကျင်လွန်းတာပဲ]
ယုံချန်းနယ်စားကြီး၏ မျက်နှာတစ်ခုလုံးမှာ လက်ဖက်စိမ်းလေး ဝတ်ဆင်လေ့ရှိသည့် အစိမ်းရောင်ဝတ်ရုံထက်ပင် ပိုမို၍ စိမ်းဖတ်လို့ သွားခဲ့ရတော့သည်။ တစ်ချိန်တည်းမှာပင် ယဉ်ကျေးမှု ဒုတိယဝန်ကြီး၏ မျက်နှာမှာလည်း ဒေါသ ထွက်လာမှုကြောင့် ရဲရဲနီသွားခဲ့ရရာ ရှုရန်မြောင်၏ ကျေးဇူးကြောင့် သူ၏ နာတာရှည် သွေးပေါင်ကျရောဂါပါ ရုတ်တရက် အမြစ်ပြတ် ပျောက်ကင်းသွားခဲ့ရရှာသည်။
စစ်သူကြီးကမူ မျက်လုံးများကို အသာမှိတ်လျက် ကျောက်ရုပ်တစ်ရုပ်အလား မလှုပ်မယှက် ဆက်လက် ရပ်နေခဲ့ရာ ကြည့်ရသည်မှာ သူသည် မတ်တတ်ရပ်လျက် အိပ်ပျော်နိုင်သည့် အဆင့်မြင့်အတတ်ပညာကိုပင် တတ်မြောက် ထားသည့်အလားပင်။ ရှုရန်မြောင်၏ ရင်တွင်းရေရွတ်သံများနှင့် မိမိထံသို့ စိုက်ကြည့်လာနေသော ယုံချန်း နယ်စားကြီး၏ သတ်ဖြတ်လိုသောအကြည့်များကို လုံးဝဥဿုံ လျစ်လျူရှုထားခဲ့တော့သည်။
ယုံချန်း နယ်စားကြီးသည် သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ရင်း လည်ချောင်းထဲမှနေ၍ အေးစက်စက် အသံဖြင့် ရယ်မောလိုက်တော့သည်။ ထိုအတောအတွင်း ရှုရန်မြောင်ကမူ မီးလောင်ရာလေပင့်ဟန်ဖြင့် ရင်ထဲကနေ ဆက်လက်၍ ဆီဖြန်းပေးနေဆဲ ဖြစ်၏။
တော်ဝင်စာမေးပွဲကြီးမှာ မတရားသဖြင့် ခိုးချခဲ့ပါသည်ဟူသော စွပ်စွဲချက်များအတွက်မူ ထားလိုက်တော့မည်ဟုသာ သူ တွေးလိုက်မိသည်။
*ဘာပဲဖြစ်ဖြစ် ငါလဲ အသက်ရှင်လျက် လွတ်မြောက်နိုင်တော့မှာ မဟုတ်တာ၊ အဲ့လိုဆိုမှတော့ တစ်ခါတည်း လှဲပြီး ဒီအတင်းအဖျင်းတွေကိုပဲ ပျော်ပျော်ကြီး ဖတ်သွားတော့မယ်*
[ကျစ် … ကျစ် … ကျစ်၊ အမျိုးသမီးလို ဝတ်ဆင်တယ်၊ ပြီးတော့ နယ်စားကြီး မတော်တဆ ချပစ်ခဲ့တဲ့ ပစ္စည်း တစ်ခုခုကို ကောက်ရသလိုမျိုး ဟန်ဆောင်ပြီး စကားစမြည်ပြောဖို့ ဆင်ခြေရှာတယ်၊ ဝါး… စကား နည်းနည်း ပြောလိုက်ရုံနဲ့တင် နယ်စားကြီးရဲ့ ကိုယ်ပိုင်လက္ခဏာ အဆင့်အတန်းကိုပါ ထုတ်ပြောလာအောင် စည်းရုံး သိမ်းသွင်းနိုင်ခဲ့တာပဲ၊ တကယ့်ကို အကွက်ဆင်ရာမှာ ဆရာကျတာပဲ၊ တော်ဝင်ပညာရှိဟောင်းတစ်ဦးရဲ့ ဂုဏ်ပုဒ်နဲ့ တကယ့်ကို ညီညွတ်လှပါတယ်]
*စာမေးပွဲကို အလကား အောင်သွားတဲ့ ငါ့လို ကျောင်းသားနဲ့ တခြားစီပဲ*
[ကြည့်လိုက်ဦးမယ်၊ အဆင့်အတန်းကို သိသွားပြီးတဲ့နောက်မှာတော့… အားပါးပါး တကယ့်ကို ပါးနပ်လွန်တာပဲ]
ရှုရန်မြောင်သည် သူ၏ရင်ထဲ၌ မိန်းမပျိုလေးတစ်ဦးအလား စူးစူးရှရှ အသံသေးအသံကြောင်လေးဖြင့် လှိုက်လှိုက် လှဲလှဲ လိုက်လံတုပ၍ ရေရွတ်လိုက်တော့သည်
[အို၊ ရှင်က ယုံချန်း နယ်စားကြီးလား၊ ရှင်က ဟိုးတုန်းက ရန်သူ့တပ်ဖွဲ့တွေရဲ့ရန်ကနေ တံတားကြီးကို မားမား မတ်မတ် ကာကွယ်ပေးခဲ့ပြီး ဒဏ်ရာပေါင်း တစ်ဆယ့်ခုနစ်ခုထိ ရနေခဲ့တာတောင် ဓားတစ်လက်တည်းနဲ့တင် ရန်သူပေါင်း သုံးဆယ့်သုံးယောက်ကို အပြတ်ရှင်းပစ်ခဲ့ပြီး ရန်သူတွေကို တံတားပေါ် အကျော်မခံခဲ့တဲ့ တကယ့် သူရဲကောင်းကြီး မဟုတ်လား၊ အို … ခွင့်လွှတ်ပေးပါရှင်၊ ဒီနိမ့်ကျတဲ့သူကို ခွင့်လွှတ်ပေးပါ]
ထိုအသံထဲက ‘အို~’ ဆိုသည့် အာမေဋိတ်သံလေးမှာ မာယာအပြည့်နှင့် အလွန်အမင်း ဆွဲဆောင်မှုရှိလှလွန်းသဖြင့် အမတ်ကြီးအချို့ပင်လျှင် မိမိတို့ကိုယ်ကိုယ် ၎င်းအခြေအနေထဲတွင် ရောက်ရှိနေသည်ဟု မသိမသာ စိတ်ကူးယဉ် မိသွားကြပြီး ရင်ထဲ၌ ဒိန်းခနဲ ဒိန်းခနဲဖြင့် နှလုံးခုန်သံများ ပိုမိုမြန်ဆန်လာခဲ့ကြသည်။
သို့သော်လည်း သူတို့သည် ဘေးနားရှိ ယဉ်ကျေးမှုဌာန ဒုတိယဝန်ကြီး၏ မိတ်ကပ်မရှိဘဲ ပြောင်စင်နေသော ရုပ်ရည်သွင်ပြင်၊ ထင်ရှားပြတ်သားလှသော မျက်နှာကျ၊ ဓားကဲ့သို့ ထက်မြက်လှသော မျက်ခုံးအစုံနှင့် စူးရှလှသော အကြည့်ကြီးကို လှည့်ကြည့်လိုက်မိကြသောအခါ ၎င်းတို့၏ ရင်ခုန်သံများမှာ ထိုနေရာတင် ဆတ်ခနဲ ရပ်တန့် သွားခဲ့ရတော့သည်။
*ထားလိုက်ပါတော့လေ… ယုံချန်းနယ်စားကြီး တစ်ယောက်တည်းပဲ ဒီကံကောင်းခြင်းကို စံစားပါစေတော့*
ယုံချန်းနယ်စားကြီး: “…”
ထိုအခိုက်အတန့်တွင် သူသည် စာမေးပွဲ ခိုးချမှု ပြဿနာကို ဘေးဖယ်ထားလိုက်ပြီး ရှုရန်မြောင်ကိုသာ ဤနေရာတင် ချက်ချင်း အသက်ပျောက်အောင် သတ်ပစ်လိုက်ရမလားဟု ရင်ထဲ၌ အတည်ကြီး စဉ်းစားနေ မိတော့သည်။
[အပြစ်ပဲ၊ တကယ့်ကို အပြစ်ကြီးပဲ]
[မုဆိုးဖို ဖြစ်နေတာ ခုနစ်နှစ်၊ ရှစ်နှစ်လောက်ရှိနေတဲ့ ယုံချန်းနယ်စားကြီးခမျာ နောက်ဆုံးတော့ အချစ်စစ်နဲ့ ဆုံတွေ့ရပြီလို့ ထင်နေခဲ့တာ၊ အဲဒီအချစ်စစ်ကလဲ တစ်ပြားမှမရှိဘဲ ဆင်းရဲမွဲတေနေပြီး အဖိုးဖြစ်သူက ရေနွေးကြမ်း ရောင်းပြီး ရှာကျွေးနေတဲ့ သနားစရာ လက်ဖက်စိမ်းမလေး ဖြစ်နေတာကိုး]
[ကျစ် … ကျစ် … ကျစ်၊ တစ်ယောက်နဲ့တစ်ယောက် သိတာ ရက်ပိုင်းပဲ ရှိသေးတာကို၊ သူမရဲ့ မွေးနေ့နီးပြီလို့ ကြားလိုက်ရရုံနဲ့တင် နယ်စားကြီးက အရည်အသွေးမြင့် ပိုးထည်လိပ် ဆယ်လိပ်တောင် ချက်ချင်း ပေးပို့ခဲ့တာ၊ ဒါတင်မကသေးဘူး၊ သူမနဲ့တွေ့ပြီး ရက်ပေါင်း ငါးဆယ်အတွင်းမှာတင် သူမရဲ့ အဖိုးဖြစ်သူ အသည်းအသန် ဖျားနာနေလို့ ခါးသီးလှတဲ့ ဆောင်းရာသီအအေးဒဏ်ထဲမှာ လက်ဖက်ရည်ကြမ်း လိုက်လံ ရောင်းချနေ ရရှာတယ်ဆိုတာကို သိသွားတဲ့အခါကျတော့ နယ်စားကြီးခမျာ သနားလွန်းလို့ ငွေဒင်္ဂါး တစ်ရာတောင် ချက်ချင်း လက်ဆောင်ပေးဖို့ လုပ်ခဲ့တာ]
[ဒါပေမဲ့ သူက အဲဒီငွေတွေကို လက်မခံခဲ့ဘူး၊ ယဉ်ကျေးမှုဌာန ဒုတိယဝန်ကြီးက အဲဒီငွေတွေကို ဗြောင်ကြီး ငြင်းပယ်ပစ်ခဲ့တာ၊ မယုံနိုင်လောက်စရာပဲ၊ ကောင်းလိုက်တဲ့စွမ်းရည်]
[လိုချင်ရက်နဲ့ ဣန္ဒြေဆည်တာလား၊ တော်ဝင်ပညာရှိဟောင်းတစ်ဦးရဲ့ ဂုဏ်ပုဒ်နဲ့ တကယ့်ကို ထိုက်တန် လှပါတယ်၊ သူ့ရဲ့ ဉာဏ်များတဲ့အကွက်တွေက အဆုံးအစမရှိအောင်ကို နက်နဲလှပေတယ်]
ဧကရာဇ်အိုကြီးသည် မိမိ၏ နန်းတွင်းညီလာခံတစ်ခုလုံးရှိ အမတ်ကြီးများ၏ အာရုံစိုက်မှုအားလုံးမှာ စာမေးပွဲ ခိုးချမှုကနေ လက်ဖက်စိမ်းမလေး အရှုပ်တော်ပုံဆီသို့ အပြည့်အဝ ပြောင်းလဲသွားသည်ကို ကြည့်ရင်း နှုတ်ခမ်းတွန့် သွားလေသည်။
*မင်းတို့တွေ တော်ဝင်မြေးတော်ကို နည်းနည်းပါးပါး အားနာကြဦးမှပေါ့၊ သူ့ခမျာ ရှုရန်မြောင်ကို ဘဝပျက်အောင် လုပ်ဖို့အတွက် နန်းတွင်းအရာရှိ ဆယ်ယောက်ကိုပါ ဆွဲထည့်၊ ပြစ်မှုပေါင်း ငါးဆယ့်ရှစ်ခုအထိ သေသေချာချာ ဇာတ်လမ်းဆင်ပြီး အသည်းအသန် တင်ပြနေတာလေ*
*ဒါကို မင်းတို့က တစ်ယောက်မှ နားမထောင်ကြဘူး*
ဧကရာဇ်သည် ဝန်ကြီးများကို စိတ်ထဲမှ ခပ်ပြင်းပြင်းလေး တစ်ချက် ကြိမ်းမောင်းလိုက်ပြီးနောက်…
*အဟမ်း … ဒါနဲ့ နေပါဦး၊ ယဉ်ကျေးမှုဌာနက ဒုတိယဝန်ကြီး၊ မင်း ဘာတွေ ဆက်လုပ်ခဲ့သေးလဲ၊ ရှုရန်မြောင် မြန်မြန် ဆက်ပြောစမ်းပါ၊ တော်ဝင်မြေးတော် စွပ်စွဲတာတွေ ပြီးသွားရင် တခြားသူတွေ မရိပ်မိစေဖို့အတွက် ငါကိုယ်တိုင် ကြားကနေ ဝင်ပြီး စကားလမ်းကြောင်း လွှဲပေးရတော့မယ် ထင်တယ်*
[ဟားဟားဟားဟား၊ အလိုရှိနေပါလျက်နဲ့ မျက်နှာလွှဲပြီးမှ ပြန်လည်ဆွဲဆောင်တတ်တဲ့ ဥပါယ်တံမျဉ်၊ မာနကြီးပြီး အချစ်အတွက်ဆို အသိဉာဏ်ကင်းမဲ့သွားတတ်တဲ့ အလှပဂေး ငတုံးကြီးကို ဖမ်းစားတဲ့နေရာမှာတော့ဖြင့် တကယ့်ကို အညှာအတာမဲ့လှပေတယ်]