← Chapters

အခန်း ၃၁၆

Vol. 32 Ch. 316

အခန်း ၃၁၆

Vol. 32 Ch. 316

အခန်း (၃၁၆) မဂ္ဂဇင်း စာမူပေးပို့ရမည့်လိပ်စာ

ကျန်းရှောင်ဖုန်းသည် လုံကျန်းဟူနောက်သို့လိုက်၍ တိရစ္ဆာန်ကုသရေးပညာရပ်များကို သင်ယူရန် ဝမ်းမြောက်ဖွယ် ဆုံးဖြတ်ချက်ချလိုက်ကြသည်။ လီလန်၏ အမြင်အရ ကျန်းရှောင်ဖုန်းကို မုဆိုးအဖွဲ့ထဲ ဝင်ခွင့်ပြုခြင်းက အဆင်ပြေလှသည်။ သူမ သေနတ်ကို မကိုင်တွယ်သရွေ့ တောင်ပေါ်တက်ပြီး အမဲလိုက်ခွင့်ပြုရန် အဆင်ပြေနေခဲ့သည်။

ဤကိစ္စနှင့်ပတ်သက်၍ လီလန်က ကျန်းရှောင်ဖုန်းအား လှည့်စားရန် ရည်ရွယ်ချက်ရှိခဲ့သော်လည်း သူ၏စေတနာမှာ အမှန်တကယ် သန့်စင်လှသည်။ ကျန်းရှောင်ဖုန်းတွင် စန်းဟော့ရွာ၌ ဆွေမျိုးဆို၍ အဘွားတစ်ယောက်သာရှိပြီး သူမ၏ မိသားစုမှာလည်း ဆင်းရဲနွမ်းပါးလှသည်။

သူမသာ တိရစ္ဆာန်ကုဆရာဝန်လုံထံမှ တိရစ္ဆာန်ကုသရေးပညာရပ်များကို သင်ယူပြီး တိရစ္ဆာန်ကုဆရာဝန်တစ်ယောက် ဖြစ်လာခဲ့မည်ဆိုလျှင် ဤပညာရပ်ကို အားကိုး၍ နောင်အနာဂတ်တွင် သူမအတွက် စားဝတ်နေရေး အခက်အခဲရှိမည် မဟုတ်တော့ပေ။

ထို့အပြင် အိမ်တိုင်းလိုလို သိုးနှင့် နွားများ မွေးမြူကြသော ကျောက်ဘိုင်တောင်တန်းဒေသတွင် တိရစ္ဆာန်ကုဆရာဝန်ဆိုသည်မှာ အသက်အရွယ်ကြီးရင့်လာသည်အထိ လုပ်ကိုင်နိုင်သော အသုံးဝင်သည့် အသက်မွေးဝမ်းကျောင်းတစ်ခု ဖြစ်လေသည်။ အနည်းငယ် ပင်ပန်းပြီး ညစ်ပေခြင်းသာ ရှိသည်။ သို့သော်လည်း ငတ်မွတ်သေဆုံးရခြင်းနှင့် နှိုင်းယှဉ်ပါက ညစ်ပေခြင်းနှင့် ပင်ပန်းခြင်းတို့မှာ အသေးအဖွဲ ကိစ္စရပ်များသာ ဖြစ်တော့သည်။

ကျန်းရှောင်ဖုန်း၏ ဖခင်နှင့် လီလန်၏ ဖခင်တို့မှာ သွေးသောက်ညီအစ်ကိုများဖြစ်ကြသည်။ ထို့ပြင် ကျန်းရှောင်ဖုန်းမှာ လီလန်၏ ကလေးသတို့သမီး ဖြစ်နေသောကြောင့် အကြောင်းပြချက်အရရော သံယောဇဉ်အရပါ လီလန်သည် လက်ပိုက်ကြည့်မနေနိုင်ခဲ့ပေ။ သို့သော်လည်း သူ လုပ်ပေးနိုင်သည်မှာ ဤမျှသာဖြစ်ပြီး သူမ၏ အနာဂတ်အတွက်မူ ကျန်းရှောင်ဖုန်း ကိုယ်တိုင်သာ ဖန်တီးရမည် ဖြစ်သည်။

သူသည် ကျန်းရှောင်ဖုန်းအား အနာဂတ်အတွက် မှန်ကန်သော လမ်းကြောင်းတစ်ခုကိုသာ ပြသပေးခဲ့ခြင်း ဖြစ်သည်။ သူမ မည်မျှအထိ ခရီးဆက်နိုင်မည်နှင့် တိရစ္ဆာန်ကုဆရာဝန်တစ်ယောက်အနေဖြင့် အသက်မွေးဝမ်းကျောင်းပြုနိုင်မည်လားဆိုသည်မှာ ကျန်းရှောင်ဖုန်း ကိုယ်တိုင်အပေါ်တွင်သာ မူတည်နေသည်။ သူမသာ ဤအခက်အခဲကို သည်းခံနိုင်မည်ဆိုပါက နောင်အနာဂတ်တွင် ဘဝကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

လီလန်သည် တိရစ္ဆာန်ကုဆရာဝန်လုံနှင့် အဒေါ်ကြီးကျူးတို့ကို လိုက်လံပို့ဆောင်နှုတ်ဆက်လိုက်သည်။ ရှောင်ဖုန်းသည်လည်း ပညာသင်ယူရန်အတွက် တိရစ္ဆာန်ကုဆရာဝန်လုံနောက်သို့ လိုက်သွားခဲ့ပြီး ယနေ့မှစ၍ သူမသည် တိရစ္ဆာန်ကုဆရာဝန်လုံ၏ ပထမဆုံး တပည့်ဖြစ်လာခဲ့သည်။

"အဲ့ကောင်မလေး အခက်အခဲတွေကို သည်းခံနိုင်ပြီး အောင်မြင်မှုတစ်ခုခု ရလာပါစေလို့ မျှော်လင့်ပါတယ်..."

လီလန်သည် ရှောင်ဖုန်း၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း တွေးတောလိုက်သည်။

ငယ်ရွယ်သော မိန်းကလေးတစ်ယောက်အနေဖြင့် သူ၏နောက်သို့လိုက်ကာ တောင်ပေါ်တက်၍ အမဲလိုက်ခြင်း၊ တောင်ပေါင်းတစ်သောင်းထဲသို့ ဝင်ရောက်ခြင်းနှင့် သားရဲတိရစ္ဆာန်များကို တိုက်ခိုက်ခြင်းတို့မှာ အလွန်အန္တရာယ်များပြီး ပင်ပန်းဆင်းရဲလှသည်။ ရွာထဲတွင်သာနေ၍ ပညာရပ်တစ်ခုကို သင်ယူကာ တိရစ္ဆာန်ကုဆရာဝန်တစ်ယောက် ဖြစ်လာခြင်းက ပို၍ အလားအလာကောင်းလှသည်။

“မြောင်…”

ထိုအချိန်တွင် သူ၏ခြေရင်း၌ ဝပ်နေသော ကျားသစ်ပေါက်စကလည်း အသံပြုလိုက်လေသည်။ ထိုအကောင်ပေါက်လေးမှာ ရှောင်ဖုန်းနှင့် မခွဲခွာချင်ဖြစ်နေသည်။

"ကိစ္စမရှိပါဘူး... မင်းရဲ့ရောဂါ အပြည့်အဝ ပျောက်ကင်းသွားအောင် ငါ့အိမ်မှာ ရက်အနည်းငယ်လောက် ဆက်နေလို့ရတယ်... မင်း ဒ္မှာနေမယ့်အချိန်အတွင်း ရှောင်ဖုန်းကို တွေ့ခွင့်ရဦးမှာပါ..."

လီလန်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကျားသစ်ပေါက်စ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

ရှောင်ဖုန်းသည် လူသားကြောင်ဆေးပင်ဆိုသော သူမ၏ နာမည်ပြောင်နှင့် အမှန်တကယ်ပင် ကိုက်ညီလှသည်။ သူမ ထွက်သွားသည်မှာ မကြာသေးသော်လည်း ကျားသစ်ပေါက်စမှာ သူမကို လွမ်းဆွတ်နေပြီ ဖြစ်သည်။

"လာ... အထဲဝင်ကြစို့... ငါ မင်းကို သောက်ဖို့ ဆိတ်နို့ ဖျော်ပေးမယ်..."

ယခုအခါ ကျားသစ်ပေါက်စ၏ အူလမ်းကြောင်း ရောင်ရမ်းခြင်းမှာ သက်သာလာပြီဖြစ်၍ အာဟာရဖြည့်တင်းရန်အတွက် ဆိတ်နို့အနည်းငယ် သောက်နိုင်ပြီဖြစ်သည်။ လီလန် တံခါးကို သော့ခတ်တော့မည့်အချိန်တွင် အိမ်ဝိုင်းတံခါးဝအပြင်ဘက်မှ လူတစ်ယောက်က လှမ်းခေါ်လိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ... တံခါးမပိတ်နဲ့ဦး..."

လီလန် မျက်မှောင်ကြုတ်သွားသည်။ အသံမှာ အနည်းငယ် ရင်းနှီးနေသယောင် ရှိသည်။ ထို့နောက် သူက တံခါးကို ဆွဲဖွင့်၍ ကြည့်လိုက်သည်။

"ကျန်းချောင်ရင်... မင်း ဘာလို့ ဒီကိုဘာလို့ရောက်လာတာလဲ..."

လီလန် အလွန်အံ့သြသွားသည်။ ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ ပညာတတ်လူငယ်ရုံးမှ ကျန်းချောင်ရင်ပင် ဖြစ်သည်။

"အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျားက အလုပ်များတော့ မေ့လွယ်တာပဲ... မှတ်မိသေးရဲ့လား... မနေ့က ခင်ဗျားပဲ သတင်းစာတွေနဲ့ မဂ္ဂဇင်းတွေအတွက် စာမူပေးပို့ရမယ့် လိပ်စာတွေကို စုဆောင်းပေးဖို့နဲ့ ဒီနေ့ လာပေးဖို့ ကျွန်တော့်ကို ပြောခဲ့တာလေ..."

ကျန်းချောင်ရင်သည် သူ၏ ရင်ခွင်ထဲမှ အနီရောင်အစင်းများပါသော ဝါကျင့်ကျင့် စာအိတ်တစ်အိတ်ကို ထုတ်ယူလိုက်သည်။ လီလန်က ၎င်းကို ဖွင့်ကြည့်လိုက်ရာ သတင်းစာများနှင့် မဂ္ဂဇင်းများအတွက် စာမူပေးပို့ရမည့် လိပ်စာများစွာကို ၎င်းတို့၏ စာတိုက်သင်္ကေတများနှင့်အတူ တွေ့လိုက်ရသည်။ ကျီလင်နေ့စဉ်သတင်းစာ၊ မြောက်ပိုင်းစာပေ၊ ချန်းရှန်း၊ ချန်ချွန်း၊ ယာ့လူမြစ် နှင့် အရှေ့မြောက်ပိုင်းစာပေ တို့ဖြစ်ကြသည်။ ၎င်းတို့အားလုံးမှာ အရှေ့ပိုင်းပြည်နယ်သုံးခုတွင် နှိုင်းယှဉ်ချက်အရ လူသိများသော စာပေမဂ္ဂဇင်းကြီးများ ဖြစ်ကြသည်။

"ရဲဘော်ကျန်း... ကျေးဇူးပဲ..."

ပြောရင်း လီလန်သည် စာရွက်ကို ခေါက်၍ သိမ်းဆည်းလိုက်သည်။ ကျန်းချောင်ရင်သည် တစ်ခဏမျှ တွေဝေသွားပြီးနောက်

"အဖွဲ့ခေါင်းဆောင်လီ... ဒါတွေက အတော်လေး ကြီးမားတဲ့ စာပေမဂ္ဂဇင်းတွေချည်းပဲ... ခင်ဗျား စာမူပို့မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသင့်တယ်... သူတို့ရဲ့ အယ်ဒီတာတွေက စံသတ်မှတ်ချက် တော်တော်လေး မြင့်တယ်..."

ကျန်းချောင်ရင်က သူ့အား သတိပေးလိုက်သည်။ လီလန် ခေါင်းညိတ်ပြလိုက်၏။

"သေချာတာပေါ့... မဂ္ဂဇင်းကြီးတွေဆိုတော့ စံသတ်မှတ်ချက်တွေ မြင့်ကြမှာပဲ... ပြီးတော့ စာမူတစ်ခုကို ပုံနှိပ်ထုတ်ဝေနိုင်ခြင်းရှိမရှိဆိုတဲ့အပေါ်မှာလည်း သူတို့က တိကျပြတ်သားကြမှာ အသေအချာပဲ..."

"ဒါပေမဲ့ ကိစ္စမရှိပါဘူး... ပယ်ချခံရရင်လည်း ဆက်ပို့နေမှာပဲ... ဘယ်လိုပဲဖြစ်ဖြစ် မဂ္ဂဇင်းတွေက အများကြီးပဲလေ... နောက်ထပ် စာမူနည်းနည်းလောက်ရေးပြီး အများကြီးဆီ ပို့လိုက်မယ်... သေချာပေါက် တစ်ခုမဟုတ် တစ်ခုကတော့ လက်ခံမှာပဲ မဟုတ်လား..."

လီလန်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

ယခုအခါတွင် သူသည် ထိပ်တန်းစာပေဆရာသခင်တစ်ဦး၏ ပါရမီကို စုပ်ယူရရှိထားပြီဖြစ်၍ ဝတ္ထုအချို့ကို ရေးသားကာ ဤမဂ္ဂဇင်းများထံသို့ ပေးပို့ရန် အချိန်အနည်းငယ် ယူရမည်ဖြစ်သည်။ စာမူတစ်ခု လက်ခံခံရပါက သူ ငွေရမည်ဖြစ်သည်။

အကယ်၍ လက်မခံလျှင်လည်း ထားလိုက်တော့မည်။ ဘာပဲဖြစ်ဖြစ် စာရေးခြင်းက သူ၏ အဓိကအလုပ် မဟုတ်ပေ။ သူ၏ အဓိကအလုပ်မှာ တောင်ပေါ်တက်၍ အမဲလိုက်ခြင်းသာ ဖြစ်သည်။ စာရေးခြင်းဆိုသည်မှာ အပိုငွေ အနည်းငယ်ရှာဖွေရန် နည်းလမ်းတစ်ခုမျှသာ ဖြစ်လေသည်။

အနည်းဆုံးတော့ ဤနှစ်အနည်းငယ်အတွင်း စာပေများ ခေတ်စားနေပြီး ဝတ္ထုများကို မရေမတွက်နိုင်သော ပညာတတ်လူငယ်များက အထူးတလည် ရှာဖွေဖတ်ရှုကြသဖြင့် ဈေးကွက်မှာ ကြီးမားလှသည်။ ဈေးကွက်ရှိလျှင် စာဖတ်သူများ ရှိစမြဲပင်။ ပုံနှိပ်ထုတ်ဝေခွင့်ရသရွေ့ သူ စာမူခရရှိမည်ဖြစ်ပြီး စာမူတစ်ခုအတွက်ရရှိမည့် စာမူခမှာ အတော်လေး များပြားလေသည်။

နောက်ထပ် ဆယ်နှစ်ကျော်ကြာလျှင် မိုယန်အမည်ရှိ စာရေးဆရာတစ်ဦးသည် သူ၏ ဝတ္ထုဖြစ်သော နှံစားပြောင်းနီဖြင့် ကမ္ဘာတစ်ဝန်းတွင် နာမည်ကြီးလာမည်ဖြစ်ပြီး စာပေလောကတွင် တောက်ပသော ကြယ်ပွင့်တစ်ပွင့်အဖြစ် ထင်ရှားလာမည်ဖြစ်သည်။

သို့သော်လည်း လီလန်သည် ထိုစာရေးဆရာ၏ နှံစားပြောင်းနီအပါအဝင် နောက်ပိုင်း လက်ရာများကို သိပ်သဘောမကျလှပေ။ အကြောင်းပြချက်မှာ ရိုးရှင်းလှသည်။ အများသိစေရန်အတွက်သာ ရေးသားခြင်းဖြစ်ပြီး ဝေဖန်ရန်အတွက်သာ ဝေဖန်ခြင်းဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူ၏ ရပ်တည်ချက်မှာ အနည်းငယ် ယိမ်းယိုင်နေလေသည်။

လီလန်၏ စကားကို ကြားလိုက်ရသောအခါ ကျန်းချောင်ရင် အသက်ရှူမှားသွားသည်။

"အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျားက စာမူရေးတာကို ဂေါ်ဖီထုပ်တွေ စိုက်သလို၊ အာလူးတွေ တူးသလို သဘောထားနေတာပဲ..."

ထိုမျှလောက် မရိုးရှင်းပါချေ။ စာလုံးရေ သောင်းဂဏန်းဖြစ်စေ၊ ထောင်ဂဏန်းဖြစ်စေ စာမူတစ်ခုကို စိတ်ထဲမှနေ၍ ကြီးမားသော ကြိုးစားအားထုတ်မှုများဖြင့် စကားလုံးတစ်လုံးချင်းစီကို သေချာစွာ ဖန်တီးရခြင်းဖြစ်သည်။ တစ်ပုဒ်ပြီးစီးရန်အတွက် တစ်လ သို့မဟုတ် လပေါင်းများစွာ အချိန်ယူရသည်။ ဝတ္ထုတစ်ပုဒ်ရေးရန်မှာ ထိုမျှလောက် မလွယ်ကူလှပေ။

နေ့စဉ်နေ့တိုင်း ခေါင်းကို ပူထူအောင် စဉ်းစားရပြီး စားပွဲတွင်ထိုင်ကာ တွေးပြီးရင်း တွေးနေရသည်။ နောက်ဆုံးတွင် ဇာတ်အိမ်ကို စဉ်းစားလို့ရသွားသည့်တိုင် စကားလုံးတစ်လုံးချင်းစီကို သေချာစွာ ရေးသားရသေးသည်။ အကယ်၍ ကောင်းစွာမရေးနိုင်လျှင် သို့မဟုတ် အချက်တစ်ချက်က သဘောမကျစရာ ဖြစ်နေလျှင် အားလုံးကို ဖျက်ပြီး ပြန်ရေးရသည်။

ထို့ကြောင့် နေ့တစ်နေ့၏ အဆုံးတွင် စားပွဲအောက်ရှိ ကြမ်းပြင်ပေါ်၌ တွန့်ကြေနေသော စာကြမ်းများ ပြည့်နှက်နေတတ်သည်။ တစ်နေ့တည်းတွင် စက္ကူရွက်ပေါင်း ဆယ်နှင့်ချီ၍ အလဟဿ ဖြစ်သွားတတ်သည်။ ဝတ္ထုတစ်ပုဒ်ရေးရန်မှာ လုံးဝမလွယ်ကူလှပေ။ ဤသည်မှာ ဖန်တီးမှုအလုပ်၊ ဖန်တီးမှုပုံစံတစ်ရပ်ဖြစ်ပြီး ဖန်တီးမှုအလုပ်သည် စိတ်ပိုင်းဆိုင်ရာအရ အလွန်ပင်ပန်းလှသည်။ နေ့စဉ်နေ့တိုင်း ဦးနှောက်ဆဲလ် မည်မျှကုန်ဆုံးသွားသည်ကို ပြောပြ၍ပင် မရနိုင်ချေ။

"ဘာဖြစ်လို့လဲ... ဘာလို့ အဲဒီလောက်တောင် အံ့သြနေရတာလဲ..."

လီလန်သည် ကျန်းချောင်ရင်အား ထူးဆန်းစွာ ကြည့်လိုက်သည်။

"ဘာမှ... ဘာမှမဖြစ်ပါဘူး..."

ကျန်းချောင်ရင်က ခေါင်းယမ်းလိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျား စာမူရေးလို့ပြီးပြီလား... ပြီးသွားရင် ကျွန်တော် တစ်ချက်လောက် ကြည့်လို့ရမလား..."

ကျန်းချောင်ရင်က စမ်းသပ်သည့်သဘောဖြင့် မေးလိုက်သည်။

"မပြီးသေးပါဘူး..."

လီလန်က ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်သည်။

"မနေ့က ကျားသစ်ပေါက်စကို မြို့ပေါ်ခေါ်သွားပြီး ဆရာဝန်ပြဖို့ အလုပ်ရှုပ်နေတာ... ပြီးတော့ တိရစ္ဆာန်ကုဆရာဝန်ကို လူလိမ်ဆီကနေ တရားမျှတမှုရအောင်လည်း ကူညီပေးခဲ့ရသေးတယ်... တစ်နေ့လုံး အလုပ်ရှုပ်နေတာဆိုတော့ စာမူရေးဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ..."

လီလန်က ခေါင်းယမ်းလိုက်သည်။

ကျန်းချောင်ရင်က "အာ... အိုး..." ဟု အာမေဍိတ်သံပြုလိုက်ပြီးနောက်၊

"ဟုတ်တယ်... ဟုတ်တယ်... ကျွန်တော် အရမ်းလောသွားတယ်... တစ်ရက်ပဲ ရှိသေးတာကို အဖွဲ့ခေါင်းဆောင်လီက ဘယ်လိုလုပ် စာမူတစ်ပုဒ်ကို ဒီလောက်မြန်မြန် ပြီးနိုင်မှာလဲ..."

စာအုပ်ပိုးကောင်ဖြစ်သော ကျန်းချောင်ရင်သည် အနေခက်စွာဖြင့် ခေါင်းကုတ်လိုက်ပြီး ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

စာမူတစ်ခုရေးခြင်းသည် အချိန်ယူရသော အလုပ်ဖြစ်ပြီး တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း မပြီးနိုင်ပေ။ အနည်းဆုံးအနေဖြင့် စာမူတစ်ခု ထွက်ပေါ်လာစေရန်အတွက် စာကြည့်ခန်းထဲတွင် အောင်းကာ ဆယ်ရက်မှ လဝက်အထိ အချိန်ယူ၍ ရေးသားရမည်ဖြစ်သည်။ ထို့အပြင် ဤကဲ့သို့သော အရာမှာ ရေးချင်တိုင်း ရေး၍ရသည့်အရာ မဟုတ်ဘဲ စိတ်ကူးဉာဏ်ကွန့်မြူးမှု အနည်းငယ် လိုအပ်လှသည်။

"ဒါဆိုရင်လည်း အဖွဲ့ခေါင်းဆောင်လီ... ခင်ဗျား စာရေးတာကို ကျွန်တော် အနှောင့်အယှက် မပေးတော့ဘူး... ခင်ဗျားအလုပ်ပဲ ဆက်လုပ်ပါတော့..."

မဂ္ဂဇင်း စာမူပေးပို့ရမည့် လိပ်စာများကို ပေးပို့ပြီးသွားပြီဖြစ်ရာ ကျန်းချောင်ရင်၏ အလုပ်မှာ ပြီးစီးသွားပြီဖြစ်သည်။ သူသည် လီလန်အား နှုတ်ဆက်၍ လှည့်ထွက်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံပေါ်ကာ အမြန်လှည့်ကြည့်လိုက်သည်။

"အဖွဲ့ခေါင်းဆောင်လီ... ကျွန်တော် ခင်ဗျားနဲ့ စာမူတွေအကြောင်း ပြောဖို့ အလုပ်ရှုပ်နေလို့ အဲ့ကိစ္စကို မေ့သွားတယ်..."

"ဟင်..."

လီလန်က နားမလည်နိုင်သလို ဖြစ်သွားသည်။

"ရဲဘော်ကျိုးချွန်းယန်က ခင်ဗျားကို ရှာနေတယ်... သူမက ခင်ဗျားကို ပညာတတ်လူငယ်ရုံးဆီ လာစေချင်နေတာ..."

All Chapters