အခန်း ၃၁၈
Vol. 32 Ch. 318
အခန်း (၃၁၈) ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်၊ ဒီမိန်းမပျိုလေးကတော့ အတော်လေး ရိုင်းစိုင်းတာပဲ
"သူက ဒီကို ဘာလို့ ရောက်လာရတာလဲ..."
လီလန်သည် မျက်မှောင် အနည်းငယ် ကြုံ့လိုက်၏။ သူသည် ကျိုးချွန်းယန်နှင့် စကားအချေအတင် လုပ်နေရန် အချိန်မရှိချေ။ ထို့ကြောင့် လက်ညှိုးတစ်ချောင်းဖြင့် နားကို ပိတ်ထားကာ ကျန်လက်တစ်ဖက်ဖြင့် မေးစေ့ကို ထောက်လျက် စာရွက်ပေါ်တွင် ခဲတံဖြင့် ဆက်လက် ရေးသားနေလိုက်သည် ။
"အိမ်မှာ ဘယ်သူရှိလဲ..."
"အဖွဲ့ခေါင်းဆောင်လီ …ကျွန်မ ရှင်နဲ့ စကားပြောစရာရှိတယ်..."
သို့သော်လည်း ကျိုးချွန်းယန်၏ အော်ဟစ်သံများမှာ တံခါးအက်ကြောင်းမှတစ်ဆင့် လီလန်၏ နားထဲသို့ ရောက်ရှိလာတော့၏။
"ဒီပညာတတ်လူငယ်မလေးကတော့..."
လီလန်၏ ရင်ထဲတွင် ဒေါသအနည်းငယ် ထွက်ပေါ်လာသည်။ သူသည် စာရွက်နှင့် ခဲတံကို ဗီရိုထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ကန်းပေါ်မှ ခုန်ဆင်း၍ တံခါးဖွင့်ပေးလိုက်၏ ။
ကျိုးချွန်းယန်တစ်ယောက် အပြင်တွင် ဆက်လက် အော်ဟစ်နေခြင်းမှာ မကောင်းပေ။ အိမ်နားတစ်ဝိုက်တွင် အိမ်နီးချင်းများ ရှိနေသည် မဟုတ်ပါလော။
အကယ်၍သာ လီလန်က သူမကို ဤအတိုင်း ဆက်အော်ခိုင်းထားပါက မသိနားမလည်သူတို့က သူတို့နှစ်ဦးကြားတွင် မရှင်းလင်းသည့် ဆက်ဆံရေး ရှိနေသည်ဟု ထင်မှတ်သွားပေလိမ့်မည်။
တွေးကြည့်ပါာ ပညာတတ်လူငယ်မလေးတစ်ယောက်က နေ့ခင်းကြောင်တောင်ကြီး တံခါးဝတွင် ပိတ်ရပ်နေပြီး အိမ်ထဲသို့ ကျယ်လောင်စွာ အော်ဟစ်နေပါက အနီးအနားမှ အိမ်နီးချင်းများက ကဲ့ရဲ့စရာ ဖြစ်လာမည် မဟုတ်ပါလော။ ကျိုးချွန်းယန်က သူမ၏ ဂုဏ်သိက္ခာကို ဂရုမစိုက်သော်လည်း လီလန်ကတော့ ဂရုစိုက်သည်။
"ဒီမိန်းမကတော့..."
လီလန်က ခေါင်းကို ခါယမ်းလိုက်သည်။ သူသည် သူမကို အမြန်ဆုံး ထွက်သွားစေချင်သည်။ သူ့တံခါးဝတွင် ရူးမိုက်စွာ အော်ဟစ်နေခြင်းကို ရပ်တန့်စေချင်၏။ ကြီးမားသော မြို့ကြီးမှလာသည့် ပညာတတ်လူငယ်မလေးတစ်ယောက်က အနည်းဆုံးတော့ ကိုယ့်ကိုယ်ကို ထိန်းချုပ်သင့်သည် မဟုတ်ပါလော။
လီလန်သည် တံခါးလိုက်ကာကို ဆွဲဖယ်လိုက်ပြီး စိတ်ထဲတွင် အေးစက်စက် အမူအရာဖြင့် လှေကားထစ်များအတိုင်း ဆင်းလာလိုက်သည်။
"ကျွန်တော် အိမ်မှာရှိတယ်၊ ဘာလို့ အော်နေရတာလဲ..."
လီလန်က သည်းမခံမနိုင်သည့် အသံဖြင့် ပြောလိုက်၏။ သူသည် အိမ်ဝင်းတံခါးကို သော့ဖွင့်ပြီး ဆွဲဖွင့်လိုက်သည်။
"အဖွဲ့ခေါင်းဆောင်လီ ရှင် အိမ်မှာ ရှိသားပဲ..."
လီလန်က တံခါးဖွင့်ပေးသည်ကို မြင်လိုက်ရသောအခါ ကျိုးချွန်းယန်၏ မျက်လုံးများမှာ ချက်ချင်းပင် တောက်ပလာတော့သည်။
"ကျွန်တော့်ကို ဘာကိစ္စရှိလို့လဲ..."
လီလန်၏ မျက်နှာမှာ တင်းမာနေ၏။
"အမ်…. အဖွဲ့ခေါင်းဆောင်လီ၊ ကျွန်မ အထဲဝင်ပြီး ပြောလို့ရမလား..."
ကျိုးချွန်းယန်က အိမ်ဝင်းအတွင်းသို့ လက်ညှိုးထိုးလိုက်သည်။
"ဒီမှာပဲ ပြောလိုက်ပါ..."
လီလန်က ခေါင်းကို ခါလိုက်သည်။ လက်ရှိတွင် အိမ်၌ ဘယ်သူမှ မရှိပေ။ သူ့အဖေက ညီမငယ်နှစ်ယောက်ကို ခေါ်၍ မှိုရှာရန် တောင်ပေါ်သို့ တက်သွားသည်ဖြစ်ရာ အကယ်၍သာ ကျိုးချွန်းယန်ကိုသာ အထဲသို့ ဖိတ်ခေါ်ပါက ယောကျာ်းတစ်ယောက်နှင့် မိန်းမတစ်ယောက်သာ ရှိနေမည်ဖြစ်သည်။ အကယ်၍ တစ်ခုခု ဖြစ်ခဲ့ပါက သူသည် ပါးစပ်အပိုတစ်ခု ပိုလာသကဲ့သို့ ဖြစ်ပေလိမ့်မည်။ တံခါးဝတွင် ရပ်ပြောပါက အနီးအနားတွင် အိမ်နီးချင်းများ ရှိနေသဖြင့် သက်သေအဖြစ် ရှိနေပေလိမ့်မည်။
"အို့… အဖွဲ့ခေါင်းဆောင်လီ ကျွန်မကို အထဲဝင်ခိုင်းလိုက်ပါတော့ရှင်..."
"လွန်ခဲ့တဲ့ နှစ်ရက်က တောင်ပေါ်မှာ မှိုရှာသွားတုန်းက အများကြီး လမ်းလျှောက်ခဲ့ရလို့ ခြေထောက်တွေ နာနေတာ လှုပ်လိုက်တိုင်း နာတယ်... အထဲဝင်ပြီး ခဏလောက်ထိုင်ခုံမှာ ထိုင်ပြီး နားချင်လို့ပါ..."
လီလန် သတိလက်လွတ် ဖြစ်နေသည့် အချိန်ကို အခွင့်ကောင်းယူ၍ ကျိုးချွန်းယန်က အိမ်ဝင်းတံခါးကို တွန်းဖွင့်ပြီး တိုက်ရိုက် ဝင်လာတော့သည်။
"ဟေ့…ခင်ဗျား..."
ကျိုးချွန်းယန် သူ၏ အိမ်ဝင်းအတွင်းသို့ ဝင်လာသည်ကို မြင်လိုက်ရသောအခါ လီလန်က ချက်ချင်း မျက်မှောင်ကြုံ့လိုက်ရ၏။
ဤပညာတတ်လူငယ်မလေးမှာ အလွန်ပင် ရိုင်းစိုင်းပြီး လူမှုရေးအသိတရားပင် မရှိတော့ပေ။ သို့သော်လည်း ခွေးအိမ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် သူ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ပေါ်လာတော့သည်။
ကျိုးချွန်းယန်သည် ဝင်းထဲသို့ ဝင်ပြီးနောက် လှည့်ကြည့်ရာ လီလန်က တံခါးဝတွင်ပင် ရပ်နေဆဲ ဖြစ်သည်။
"အဖွဲ့ခေါင်းဆောင်လီ....ရှင် မလာဘူးလား..."
ကျိုးချွန်းယန်က မေးလိုက်၏။ လီလန်သည် သူမနောက်မှ ဝင်းအတွင်းသို့ လိုက်သွားသော်လည်း တံခါးကိုတော့ ပိတ်မထားဘဲ ဟထားလိုက်သည်။
တံခါးဟထားသည်ကို မြင်သောအခါ ကျိုးချွန်းယန်က အမြန်သတိပေးလိုက်သည်။
"အဖွဲ့ခေါင်းဆောင်လီ တံခါးပိတ်လိုက်ပါဦး..သူခိုးတွေ ဝင်လာရင် မကောင်းဘူးလေ..."
"ရဲဘော်ချွန်းယန် ကျွန်တော့်ကို ဘာပြောချင်တာလဲ..."
လီလန်၏ မျက်နှာတွင် စိတ်မရှည်သည့် အရိပ်အယောင်များ ပေါ်လာသည်။ နေ့ခင်းကြောင်တောင်ကြီး တံခါးပိတ်ပြီး ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် အထဲတွင် ရှိနေပါက ရွာသားများက သူ့အကြောင်း ကဲ့ရဲ့ပြောဆိုနေမည်ကို လိုချင်နေသည်လား။
လီလန်၏ အေးစက်စက် အမူအရာကို မြင်လိုက်ရသောအခါ ကျိုးချွန်းယန်က တိုးတိုးလေး ရယ်မောလိုက်သည်။
"ကျွန်မကိုယ်တိုင် လာခဲ့တာဆိုတော့ ပြောစရာ ရှိလို့ပေါ့..."
"အဖွဲ့ခေါင်းဆောင်လီ…ရှင်နဲ့ ဆရာမလုအန်းနာတို့ တွဲနေတယ်လို့ ကြားတယ် အဲဒါ တကယ်ပဲလား..."
ကျိုးချွန်းယန် ပြောနေရင်းနှင့်ပင် လီလန်၏ အိမ်ဝင်းအတွင်း အခြေအနေကို စူးစမ်းနေသည်။ မီးဖိုခန်းမှာ တံခါးပိတ်ထားပြီး အဓိက ခန်းမဆောင်တွင် ဘယ်သူမှမရှိ၊ ဝင်းထဲတွင်လည်း လီလန်တစ်ယောက်တည်း ရှိနေသည်။
လီလန်တစ်ယောက်တည်း အိမ်မှာ ရှိနေသည်ကို မြင်လိုက်ရသည်နှင့် ကျိုးချွန်းယန်၏ နှုတ်ခမ်းစွန်းတွင် အပြုံးတစ်ခု ပေါ်လာတော့သည်။
"လုအန်းနာ..."
ထိုနာမည်ကို ကြားလိုက်ရသဖြင့် လီလန် မျက်မှောင်ကြုံ့လိုက်သည်။ ဆရာမလုနှင့် သူ၏ နီးကပ်သော ဆက်ဆံရေးမှာ ရွာထဲတွင် လျှို့ဝှက်ချက် မဟုတ်တော့ပေ။
ထို့အပြင် သူသည် စက်ဘီးကို နင်း၍ လုအန်းနာကို တင်ကာ မြို့နယ်နှင့် ပညာတတ်လူငယ်ရုံးသို့ မကြာခဏ သွားလာလေ့ရှိသည်။ ရွာသားများစွာမှာ သူတို့နှစ်ဦးကို လမ်းတစ်လျှောက်တွင် မြင်တွေ့ဖူးကြသည်။ သူတို့၏ ဆက်ဆံရေးမှာ နီးကပ်လှ၏။ ဆရာမလုမှာ စက်ဘီးနောက်တွင် ထိုင်ရင်း သူ၏ခါးကိုပင် သိုင်းဖက်ထားလေ့ ရှိသည်။ ရွာသားများ မြင်တိုင်း "အဖွဲ့ခေါင်းဆောင်လီ၊ ဆရာမလုကို အလည်ခေါ်သွားပြန်ပြီလား" ဟု စနောက်လေ့ ရှိကြ၏။
"အိုး….အဖွဲ့ခေါင်းဆောင်လီ ဆရာမလုကို ဘယ်တော့အိမ်ခေါ်ပြီး လက်ထပ်မလဲ..."
"လီလန်…ရှင်တို့နှစ်ယောက် ဘယ်တော့ လက်ထပ်မလဲ ကျွန်မ မင်္ဂလာလက်ဖွဲ့ ထည့်ပေးမယ်လေ..."
ဤစကားများကို ကြားတိုင်း လီလန်ကသာ သိနားလည်သည့် အပြုံးဖြင့် ပြုံးပြလိုက်သည်။ စက်ဘီးနောက်တွင် ထိုင်နေသည့် လုအန်းနာမှာမူ ရှက်ရွံ့စွာဖြင့် သူ၏ကျောကို အသာအယာ ဆွဲဆိတ်ပြီး "မြန်မြန်၊ မြန်မြန်..." ဟု တိုးတိုးလေး ပြောတတ်သည်။
သူတို့၏ ဆက်ဆံရေးမှာ ရွာထဲတွင် လျှို့ဝှက်ချက် မဟုတ်တော့ဘဲ နောက်ဆုံးအဆင့်သို့ ရောက်ရန်သာ လိုတော့သည်။ သို့သော်လည်း လုအန်းနာ၏ ဆုံးဖြတ်ချက်ကို လီလန်က မခန့်မှန်းနိုင်သေးပေ။ လုအန်းနာက သူနှင့် တွဲရုံသာ တွဲလိုပြီး လက်ထပ်လိုခြင်း မရှိမည်ကို သူ စိုးရိမ်နေသည်။
နောက်ဆုံးတော့ လုအန်းနာသည် ရှန်ဟိုင်းမှ မွေးဖွားကြီးပြင်းလာသည့် ပညာတတ်လူငယ်မလေးတစ်ယောက်ဖြစ်ပြီး မြို့ကြီးပြကြီး၏ သာယာမှုများကို စွန့်လွှတ်ကာ ဆင်းရဲသည့် တောင်ပေါ်ရွာတွင် အခြေချနိုင်ပါ့မလား။
အကယ်၍သာ သူမက ရွှမ်းရွှေရွာတွင် ပညာတတ်လူငယ်အဖြစ် နှစ်အနည်းငယ်သာ နေလိုပြီး သူနှင့် တွဲရုံသာ တွဲလိုပါက သူလည်း နောက်ဆုံးအဆင့်ထိ မသွားဘဲ နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့်သာ ထားနိုင်သည်။
အတိတ်ဘဝက လီလန်သည် ပညာတတ်လူငယ်များက ဘွဲ့ရပြီးနောက်၊ အစိုးရဝန်ထမ်းဖြစ်လာပြီးနောက် သို့မဟုတ် တည်ငြိမ်သည့် အလုပ်ရလာသောအခါ ရည်းစားဟောင်းကို စွန့်ပစ်လိုက်သည့် သတင်းများစွာကို ကြားဖူးသည်။ "ကုန်းပေါ်တက်တာနဲ့ ချစ်သူကို စွန့်ပစ်ခြင်း" ဆိုသည့် စကားမှာ ဤအကြောင်းပင် ဖြစ်သည်။ ထိုသို့သော သတင်းများစွာ ရှိသည်။
လီလန်က လုအန်းနာနှင့် နောက်ဆုံးအဆင့်ထိ မသွားသေးခြင်းမှာ လုအန်းနာက ထိုကဲ့သို့သော အမျိုးသမီး ဖြစ်နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ ရေစီးရာသို့ လှေပါစေ ဆိုသလိုပင်၊ တံတားရောက်မှသာ လှေစင်းမည်ဟု သူ ယူဆသည်။ လောဂျစ်အရဆိုလျှင် ဆရာမ လုနှင့် သူ၏ ဆက်ဆံရေးမှာ အလွန်ရှင်းလင်းနေပြီး ဖြစ်လျက်နှင့် ကျိုးချွန်းယန်က ဘာလို့ ထပ်မေးနေရတာလဲ။
*ဒီပညာတတ်လူငယ်မလေးက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာလား…*
လီလန်၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားသည်။ သူသည် ခွေးအိမ်ကို တစ်ချက် ကြည့်လိုက်ပြီး တောကြောင်ရိုင်းပေါက်စနှင့် အတွင်းစိတ်မှတစ်ဆင့် ဆက်သွယ်လိုက်သည်။
ဤကောင်လေးမှာ သူ အယဉ်ကျေးဆုံး မွေးမြူထားသည့် ပထမဆုံးသားရဲဖြစ်ပြီး သူတို့နှစ်ဦးကြားတွင် တယ်လီပသီဖြင့် ဆက်သွယ်နိုင်သည်။
လီလန်၏ အမိန့်ပေးသံနှင့်အတူ ထိုကောင်လေးမှာ ခွေးအိမ်ထဲမှ ထွက်လာ၏။ သူ၏ နောက်တွင် အမဲလိုက်ခွေးနှစ်ကောင်က လိုက်ပါလာသည်။ ၎င်းတို့မှာ မွန်ဂိုလီးယား အမဲလိုက်ခွေး ဟေးလုံနှင့် ထူးချွန်သည့် ချုံထော်ခွေး ပိုင်လုံတို့ ဖြစ်သည်။
လီလန်၏ ဆက်သွယ်မှုအောက်တွင် တောကြောင်ရိုင်းပေါက်စလေးက သူ၏ ခွေးဦးလေးနှစ်ကောင်ဆီသို့ အော်ဟစ်လိုက်သည်။
ဟေးလုံနှင့် ပိုင်လုံတို့မှာ အမိန့်ကို နားလည်သွားပြီး သူတို့၏ အမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားသည်။ အရင်က ယဉ်ကျေးနေသည့် ခွေးများမှသည် အမျက်ဒေါသထွက်နေသည့် သားရဲများအဖြစ် ပြောင်းလဲသွားတော့၏ ။
"ဝုတ်..."
"ဝုတ် ဝုတ် ဝုတ်..."
"ဝုတ် ဝုတ်…
အိမ်ဝင်းထဲတွင် ဒေါသတကြီး အော်ဟစ်နေသည့် ခွေးဟောင်သံများ ထွက်ပေါ်လာတော့သည်။
"အဖွဲ့ခေါင်းဆောင်လီ…ဒီ… ဒါ..."
အရပ်ရှည်သည့် အမည်းရောင်နှင့် အဖြူရောင် အမဲလိုက်ခွေးနှစ်ကောင်က သူမဆီသို့ ပြေးလာသည်ကို မြင်လိုက်ရသောအခါ ကျိုးချွန်းယန်မှာ မျက်နှာဖြူစပ်သွားတော့သည်။
လီလန်က မျက်ခုံးတစ်ချက် ပင့်လိုက်၏။
"ရဲဘော်ချွန်းယန်…တောင်းပန်ပါတယ်၊ ကျွန်တော့်ရဲ့ အမဲလိုက်ခွေးတွေက သူစိမ်းတွေကို မကျင့်သားရသေးလို့ပါ..."