ရွာငယ်လေးမှ လက်ဖက်စိမ်းလေးဟု ခေါ်သော မိန်းကလေး (၂)
Vol. 6 Ch. 82
[နယ်စားကြီးရှင် … နယ်စားကြီးရဲ့ စေတနာတွေကို ဒီမိန်းကလေး သိပါတယ်၊ ဒါပေမဲ့ နယ်စားကြီးဆီကနေ ငွေတွေ အများကြီးကို လက်ခံလိုက်မယ်ဆိုရင် နယ်စားကြီးဘက်ကကော ဘယ်လိုနည်းနဲ့ ဆက်ပြီး အဆင်ပြေပြေ နေထိုင်သွားနိုင်ပါ့မလဲရှင်]
[ဟားဟားဟားဟားဟားဟားဟားဟား]
[နယ်စားကြီးက တကယ့် လူကောင်းပါ၊ ဒါပေမဲ့ ကျွန်တော်မျိုးမအနေနဲ့ နယ်စားကြီးရဲ့ ငွေတွေကိုတော့ဖြင့် ဒီအတိုင်း ဗြောင်ကြီး မယူရဲပါဘူး၊ အဲဒီအစား ကျွန်တော်မျိုးမက လက်ဖက်ခြောက်အချို့ကိုပဲ အပြန်အလှန်အနေနဲ့ လာပေးပါရစေနော်၊ မဟုတ်ရင်တော့ ကျွန်တော်မျိုးမ ရင်ထဲမှာ အပြစ်ရှိသလိုမျိုး ခံစားနေရမှာပါ]
[ဟားဟားဟားဟားဟားဟားဟားဟား]
[နယ်စားကြီးက တကယ့်ကို သဘောကောင်းလွန်းပါတယ်၊ နယ်စားကြီးသာ မရှိရင် ကျွန်တော်မျိုးမ ဘာဆက်လုပ်ရမှန်းတောင် သိတော့မှာ မဟုတ်ပါဘူးရှင်]
[ဟားဟားဟားဟားဟားဟားဟားဟား]
[ယုံချန်းနယ်စားကြီးဟာ ငွေဒင်္ဂါးတစ်ရာ အကုန်အကျခံပြီးတော့ သိုလှောင်ရုံအပြည့်ရှိတဲ့ အရည်အသွေး မပြည့်မီဘဲ သက်တမ်းလွန်ပြီး ပုပ်သိုးနေတဲ့ အညံ့စားလက်ဖက်ခြောက်တွေကို တစ်နင့်တစ်ပိုးကြီး ဝယ်ယူလိုက်ရတာ၊ ဟားဟားဟားဟားဟားဟား]
[ပြီးတော့ သူက သူ့ရဲ့သားဖြစ်သူကိုပါ လျှို့ဝှက်တိုင်ပင်ပြီးတော့ လက်ဖက်စိမ်းမလေးက ဘယ်လောက်တောင်အထိ နုနယ် သိမ်မွေ့ပြီး သီလသမာဓိနဲ့ ပြည့်စုံတဲ့ မိန်းကလေး ဖြစ်ကြောင်း အမွှမ်းတင်ပြီး ချီးကျူးခဲ့သေးတာ၊ သူ့ရဲ့ အဖိုးဖြစ်သူ အသည်းအသန် ဖျားနာနေတာတောင်မှ သူ့ရဲ့ ဘဏ္ဍာရေးအခြေအနေကိုပါ ထောက်ထား ငဲ့ညှာ ပေးရှာတယ် ဆိုပြီးတော့လေ၊ ဟားဟားဟားဟားဟား]
ထိုအချိန်က ထိုစကားလုံးများမှာ အလွန်အမင်း ချိုမြိန်လှပြီး စိတ်လှုပ်ရှားစရာ ကောင်းလွန်းသဖြင့် ရင်ခုန်သံများကို မြန်ဆန်စေခဲ့သည်မှာ အမှန်ပင် ဖြစ်၏။ သို့သော်လည်း ယခုအချိန်တွင်မူ ထိုစကားလုံးများကို ပြန်လည် ကြားယောင်မိရုံနှင့်တင် နယ်စားကြီးအား ဒေါသတကြီး အံကြိတ်မိစေရုံတင်သာမက ဧကရာဇ်၏ ရှေ့မှောက်တွင် အော့အန်ချင်စိတ်ကို အနိုင်နိုင် ထိန်းချုပ်နေရသည်။
ယခုအချိန်တွင်မူ နယ်စားကြီးသည် အဖြစ်အပျက် အစအနအားလုံးကို ချိတ်ဆက်မိသွားခဲ့ပြီ ဖြစ်သည်။
ယဉ်ကျေးမှုဌာန ဒုတိယဝန်ကြီးနှင့် စစ်သူကြီးတို့သည် မိတ်ဆွေကောင်းများ ဖြစ်ကြပြီး စစ်သူကြီး ဆိုသည်မှာလည်း ယခင်က သူ့ထံမှ စစ်ရေးစွမ်းဆောင်ချက် ဂုဏ်ပြုဆုတံဆိပ်အချို့ကို ခိုးယူလုယက်သွားခဲ့ဖူးသူ မဟုတ်ပါလား၊ ထိုသို့ဆိုလျှင် ဤသည်က ကလဲ့စားချေခြင်းလေလား။
စစ်သူကြီး: “ဟဲဟဲ”
*ငါ့ဆီကနေ စွမ်းဆောင်ချက် ရမှတ်တွေကို လာပြီး လုဖို့ ကြံစည်တဲ့ကောင်မှန်သမျှ ငရဲပြည်မှာပဲ ပုပ်သိုး သွားသင့်တာကွ၊ ငါ့ရဲ့ အောင်မြင်မှုတွေကို ဘယ်သူ့ကိုမှ လာပြီး အလကား လုယူခွင့် မပေးနိုင်ဘူး*
တစ်ချိန်တည်းမှာပင် အခြားသော အမတ်ကြီးများမှာမူ အံ့ဩလွန်းလှသဖြင့် လုံးဝ ဥဿုံ မှင်တက်သွားခဲ့ရရှာသည်။
*ဘယ်လိုနည်းနဲ့များ … ယဉ်ကျေးမှုဌာန ဒုတိယဝန်ကြီးက ဒီလောက်အထိ ကျွမ်းကျင်နိုင်ရတာလဲ၊ သူက ဘယ်လိုမျိုး ဖြူစင်ရိုးသားဟန်နဲ့ မာယာကျော့ကွင်း ဆွဲဆောင်မှုကို မျှတအောင် ပြီးပြည့်စုံစွာ အကွက်ဆင် နိုင်ခဲ့တာလဲ၊ ပြီးတော့ ဒီလို သိမ်မွေ့နုနယ်လှတဲ့ မာယာလေးနဲ့တင် ငွေဒင်္ဂါးတစ်ရာကိုပါ ပါးပါးနပ်နပ်နဲ့ လိမ်လည် ယူသွားနိုင်ခဲ့တယ်လို့၊ ဪ ပြီးတော့ အရည်အသွေးမြင့် ပိုးထည်လိပ် ဆယ်လိပ်အပြင် နယ်စားကြီးဘက်ကနေ သိသိသာသာကြီး လက်ဆောင်ပေးခဲ့မိဦးမယ့် အခြားသော အဖိုးတန်ပစ္စည်းတွေဆိုရင်လည်း ဘယ်လောက်တောင် များပြားလိုက်မလဲဆိုတာ မသိနိုင်ဘူး*
အကယ်၍ ၎င်းတို့၏ ရင်တွင်းခံစားချက်အတွေးများကို ရုပ်ပုံအဖြစ် ထုတ်ပြနိုင်ခဲ့မည်ဆိုပါက ညီလာခံ တစ်ခုလုံးသည် ပြင်းထန်လှသော လှိုင်းတံပိုးများနှင့် မိုးခြိမ်းသံများ ပြည့်နှက်နေသည့် ပင်လယ်ပြင်ကြီး တစ်ခု အလား ဖြစ်နေပေလိမ့်မည်။ ဤသည်မှာ မျက်စိပွင့်နားပွင့် ဖြစ်ရုံတင်သာမ သူတို့အတွက် တကယ့်ကို ဝိညာဉ် ရေးရာပိုင်းအထိပါ အလင်းပွင့်သွားရသည့်အလား ခံစားလိုက်ရခြင်း ဖြစ်ပေသည်။
ဧကရာဇ်အိုကြီး: *ကြည့်ရတာ နောင်အနာဂတ်မှာ ဒီလိုမျိုး ရိုမန်တစ်ဆန်တဲ့ အချုပ်အနှောင် အရှုပ်အထွေးတွေထဲ လုံးဝ ဝင်မပတ်သက်မိအောင် ရှောင်ကြဉ်တာကပဲ အကောင်းဆုံး ဖြစ်လိမ့်မယ် ထင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ မသိဘဲနဲ့ အိပ်ရာထဲ အတူတူ လှဲလျောင်းမိတဲ့လူက မိမိနဲ့ သွေးသားတော်စပ်တဲ့ ဆွေမျိုးရင်းချာကြီး ဖြစ်နေနိုင်တဲ့ အန္တရာယ်ရှိရုံတင်မကဘဲ နောက်ဆုံးကျတော့ ကိုယ့်ရဲ့ ကိုယ်ပိုင် အမတ်ကြီးတွေထဲက တစ်ယောက်ယောက် ဖြစ်နေတာမျိုးပါ ကြုံတွေ့ရနိုင်လို့ပဲ*
တကယ့်ကို ကြောက်စရာကောင်းလှပေသည်။
ဧကရာဇ်မသည် မိမိကိုယ်တိုင် မိန်းမပျိုလေးတစ်ဦးကို အိပ်ရာထက်သို့ ခေါ်ဆောင်သွားခဲ့ပြီးခါမှ ထိုမိန်းမပျိုလေးက ရုတ်တရက်ကြီး ယောက်ျားရင့်မာကြီး၏ အသံဖြင့် “အရှင်မင်းကြီး မလုပ်ပါနဲ့၊ ကျွန်တော်မျိုးက ဘယ်ဝန်ကြီးချုပ်ကြီးပါ ဘုရား~” ဟု အော်ဟစ်လိုက်မည့် ဖြစ်ရပ်ဆိုးကြီးကို မြင်ယောင်မိရုံနှင့်တင် ခန္ဓာကိုယ် တစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ ထိုသို့သာ တကယ်ဖြစ်လာခဲ့လျှင် သူသည် ထိတ်လန့် လွန်းလှသဖြင့် ထိုနေရာတင် ချက်ချင်း အသက်ပျောက်သွားနိုင်ပေတော့သတည်း။
ယခုအချိန်တွင်မူ တော်ဝင်မြေးတော်သည် ရှုရန်မြောင်အပေါ် မတရားသဖြင့် လုပ်ကြံဖန်တီးထားသော စွပ်စွဲချက် ပေါင်း ခုနစ်ဆယ့်လေးခုအထိ တရစပ် တင်ပြခဲ့ပြီး ဖြစ်ပေသည်။
တော်ဝင်မြေးတော်သည် ပြတ်သားလှသော လေသံဖြင့် ဆက်လက်ကြေညာလိုက်ပြန်သည်။
“ဒါတင် မကသေးပါဘူး ဘုရား၊ ဟန်လင်းအဖွဲ့ဝင် ပညာရှိကြီး လျှိုယီလဲ ပါဝင်ပတ်သက်နေပါသေးတယ် ဘုရား၊ သူက တော်ဝင်စာမေးပွဲခန်းမဆောင်တွေကို လှည့်လည်စစ်ဆေးနေတဲ့အချိန်တုန်းက ရှုရန်မြောင်ကို စာခိုးချခွင့် ရအောင် တမင်သက်သက် သတိလက်လွတ် ငိုက်မြည်းနေခဲ့ဟန် ဆောင်ခဲ့တာ အထင်အရှားပဲ ဖြစ်ပါတယ် ဘုရား၊ သူတို့နှစ်ယောက် နောက်ကွယ်မှာ သေချာပေါက် ကြိုတင်ပူးပေါင်း ကြံစည်ထားခဲ့ကြတာပါ ဘုရား”
ဟန်လင်းပညာရှိ လျှိုယီခမျာမှာမူ ၎င်းစကားကို ကြားလိုက်ရသောအခါ လုံးဝအူကြောင်ကြောင် ဖြစ်သွားခဲ့ရရှာသည်။
*တော်ဝင်မြေးတော်က ငါ့အပေါ်မှာ ဘယ်လိုမျိုး ရန်ငြိုးရန်စတွေ ပြင်းထန်နေလို့ ဒီလောက် ရက်ရက်စက်စက် စွပ်စွဲရတာလဲ*
သူ ထိုစဉ်က တကယ်ကြီး ပင်ပန်းနွမ်းနယ်နေခဲ့တာတော့ အမှန်ပင် ဖြစ်၏။ သို့သော် ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းမှာ … ထိုအကြောင်း မပြောတာက ပိုကောင်းပေသည်။ အဓိကအချက်မှာ သူသည် တကယ်တမ်း အိပ်ပျော်သွားခဲ့ခြင်း သို့မဟုတ် မိမိ၏ တာဝန်ဝတ္တရားများကို ပျက်ကွက်ခဲ့ခြင်း လုံးဝမရှိခဲ့ပါချေ။ ထို့ပြင် စာမေးပွဲ ခိုးချမှုကို ကူညီပေးခဲ့သည်ဆိုသည်မှာလည်း ပို၍ပင် မဖြစ်နိုင်တော့ချေ။
ထို့အပြင် အဘယ်ကြောင့် သူ့ကို ဤအရှုပ်တော်ပုံကြီးထဲ ဆွဲသွင်းရသနည်း။ လက်ရှိမှာတင် ယုံချန်းနယ်စားကြီး၊ ယဉ်ကျေးမှုဌာန ဒုတိယဝန်ကြီးနှင့် စစ်သူကြီးတို့ သုံးယောက်စလုံးမှာ အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး ဘဝပျက်လုမတတ် အခြေအနေနဲ့ ရုန်းကန်နေရသည်နှင့် လုံလောက်နေပြီ မဟုတ်ပါလား။
[ဟန်လင်းပညာရှိ လျှိုယီက ငါ့ကို စာခိုးချဖို့ အချိန်ပေးချင်လို့ တမင်သက်သက် သန်းဝေငိုက်မြည်းချင်ယောင် ဆောင်ခဲ့တယ် ဟုတ်လား၊ တော်ဝင်စာမေးပွဲကြီး မကျင်းပမီ တစ်ရက်အလို ညတုန်းက သူတစ်ယောက်တည်း ဝက်ခြံထဲမှာ မွေးဖွားခါနီး ဝက်မကြီးကို တစ်ညလုံး မအိပ်မနေဘဲ အစောင့်အရှောက် လိုက်ကူပေးနေခဲ့တာလေ၊ အဲဒီလိုမျိုး လုပ်ခဲ့ရတဲ့လူက ဘယ်သူကများ မပင်ပန်းဘဲ နေပါ့မလဲ၊ ဒါပေမဲ့ သူက တာဝန်ကျနေတဲ့အချိန်တုန်းက လုံးဝ အိပ်ပျော်မသွားခဲ့ဘဲ တော်ဝင်စာမေးပွဲခန်းမဆောင်တွေကို အရမ်းကို ကြိုးစားပမ်းစားနဲ့ စေ့စေ့စပ်စပ် လှည့်လည်စစ်ဆေးခဲ့တာ]
ဟန်လင်းအဖွဲ့ဝင် ပညာရှိကြီး လျှိုယီခမျာမှာမူ ၎င်းစကားကို ကြားလိုက်ရသည်နှင့်တပြိုင်နက် မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားခဲ့ရပြီး ဧကရာဇ်၏ ရှေ့မှောက်သို့ အလောတကြီး ပြာပြာသလဲ ပြေးထွက်လျက် အော်ဟစ်လျှောက်တင်လိုက်တော့သည်။
“အရှင်မင်းကြီး”
“ကျွန်တော်မျိုး… ကျွန်တော်မျိုး စစ်သူကြီးရဲ့ စကားကို ထောက်ခံပါတယ် ဘုရား၊ အမတ် ရှုရန်မြောင်က တော်ဝင် စာမေးပွဲကြီးမှာ မတရားသဖြင့် ခိုးချမှုမျိုးကို ဘယ်လိုနည်းနဲ့မှ လုပ်ဆောင်မယ့် လူစားမျိုး မဟုတ်ပါဘူး ဘုရား၊ သူ… သူ… သူက စာမေးပွဲမဖြေဆိုမီတုန်းက သန့်စင်ပြီးသား ရေသန့်ကို တကူးတက ရွေးချယ်သောက်သုံးခဲ့တာ ဖြစ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက စိတ်နှလုံး ဖြူစင်ရိုးသားလှတဲ့ လူကောင်းသူကောင်းတွေသာလျှင် ဒီလို သန့်စင်လှတဲ့ ရေဓာတ်ကို သောက်သုံးထိုက်တယ်လို့ အလေးအနက် ယုံကြည်ထားခဲ့လို့ ဖြစ်ပါတယ်၊ ဒီလောက် စိတ်ကောင်း နှလုံးကောင်းရှိတဲ့လူက ဘယ်လိုနည်းနဲ့များ စာမေးပွဲမှာ မတရားတဲ့ လာဘ်ပေးလာဘ်ယူမှုမျိုးကို လုပ်ဆောင်ပါ့မလဲ ဘုရား”
တော်ဝင်မြေးတော်သည် ဒေါသအမျက်ချောင်းချောင်း ထွက်လွန်းလှသဖြင့် မျက်နှာတစ်ခုလုံး နီမြန်းလို့ လာခဲ့ရသည်။
လျှိုယီကက မိမိကိုယ်တိုင် ပြစ်မှုထဲတွင် အတင်းအဓမ္မ ဆွဲသွင်းခံထားရသဖြင့် ရှေ့ထွက်ကာ ကာကွယ် ပြောဆို လာခြင်းမှာ အံ့ဩစရာ မဟုတ်သော်လည်း သူ အသည်းအသန် ရှာကြံထုတ်ပြောလိုက်သည့် ဆင်ခြေဆိုးကြီးကမူ ဤသို့ ဖြစ်နေသည်တဲ့လား။ သူက မိမိကို တမင်သက်သက် လှောင်ပြောင်စောင်းမြောင်းနေခြင်းများလား။
ထို့အပြင် ဤကဲ့သို့သော အခြေအနေဆိုးကြီးကို အခွင့်ကောင်းယူပြီး ရှုရန်မြောင်၏ သီလသမာဓိ ကြီးမြတ်ပုံကိုပါ ထည့်သွင်း ချီးကျူးသွားလိုက်သေးသည်။
*ဒီလောကကြီးထဲမှာ တရားမျှတမှုဆိုတာ တကယ်ကြီး မရှိတော့ဘူးလား*
လျှိုယီမှာမူ ရုတ်တရက် အသက်လုရမည့် အခြေအနေကြီးနှင့် ကြုံတွေ့လိုက်ရသဖြင့် စိတ်လှုပ်ရှားကာ ခေါင်းထဲသို့ ပေါ်လာသမျှ စကားလုံးမှန်သမျှကိုသာ အမူအရာမပျက် ရှေ့နောက်မညီဘဲ မျက်နှာပြောင်တိုက်၍ လျှောက်တင် လိုက်မိခြင်း ဖြစ်ပေသည်။
[နို့က… လူကို အသက်ပိုပြီး ရှည်စေနိုင်တယ်တဲ့ဗျာ…]
ဧကရာဇ်အိုကြီးသည် ခေတ္တမျှ ဆွံ့အလျက် တိတ်ဆိတ်သွားခဲ့ရပြီးနောက် ဝန်ကြီးချုပ်ကို မိမိ၏အနားသို့ တိုးလာရန် လက်ဟန်ခြေဟန်ဖြင့် လှမ်း၍ အချက်ပြလိုက်တော့သည်။
“အဲဒါက ဘာနို့မို့လို့လဲ”
ဝန်ကြီးချုပ်သည် အလွန်အမင်း အိုးတိုးအမ်းတန်းနိုင်လှသော အမူအရာဖြင့် တုံ့ဆိုင်းနေခဲ့ရပြီးမှ စိတ်မပါလက်ပါ လေသံခြောက်ခြောက်ကြီးဖြင့် တိုးတိုးလေး ပြန်လည်ဖြေကြားလိုက်ရှာသည်။
“…ဝက်မကြီးရဲ့ နို့ပါ ဘုရား”
“ဝက်နို့ ဟုတ်လား၊ အသက်ရှည်စေတယ် ဟုတ်စ”
“အဲဒါကတော့ … လျှိုယီဘက်ကနေ အလေးအနက် ယုံကြည်စွဲလမ်းနေတဲ့ အယူအဆဆန်းကြီး ဖြစ်ပုံရပါတယ် ဘုရား”
ဟန်လင်းအဖွဲ့ဝင် ပညာရှိကြီး လျှိုယီ: *ငါ ဆက်ပြီး အသက်မရှင်ချင်တော့ဘူး*
လွန်ခဲ့သော သုံးနှစ်တာကာလပတ်လုံး လျှိုယီသည် ဤအသက်ရှည်နည်း လျှို့ဝှက်ချက်ကို အဟုတ်ကြီးမှတ်ကာ သန်းခေါင်ယံအချိန်တိုင်း ဝက်ခြံများထဲသို့ တိတ်တဆိတ် ခိုးဝင်ခဲ့ရရှာခြင်း ဖြစ်သည်။ ယခု သူ၏ အရှက်ရစရာ ထိပ်တန်း လျှို့ဝှက်ချက်ဆိုးကြီးမှာ နန်းတွင်းညီလာခံတစ်ခုလုံးရှိ အမတ်များအားလုံးအရှေ့တွင် ဗြောင်ကျကျ ဖော်ထုတ်ခြင်း ခံလိုက်ရလေပြီ။ သူ့မျက်နှာပေါ်တွင် ရှက်လွန်းလှသဖြင့် မျက်ရည်များပင် တရဟော စီးကျလို့ လာခဲ့ရတော့သည်။
*ဒါ ရှောင်ပိုင်ကျီရဲ့ အပြစ် မဟုတ်ဘူး၊ သူက တမင်သက်သက် လုပ်ခဲ့တာမှ မဟုတ်တာ၊ ဒါတွေအားလုံးက ဒီကောင်စုတ် တော်ဝင်မြေးတော်ကြောင့်ပဲ*
လျှိုယီသည် တစ်နန်းဆောင်လုံး အတိုင်းသား ကြားရလောက်အောင်အထိ အံကို တကျိကျိ ကြိတ်ကာ တော်ဝင်မြေးတော်၏ ဘဝင်ခိုင်နေသော မျက်နှာဆိုးကြီးကို လက်သီးဖြင့် ဖြတ်ရိုက်ခြင်း၊ မျက်ခွက်ကို တည့်တည့်ထိုးခြင်းနှင့် ဝေ့ဝိုက်ကန်ကျောက်ခြင်း စသည့် အကြမ်းဖက်နည်းလမ်းပေါင်းစုံဖြင့် စိတ်ကူးထဲ၌ အသေသတ်ကာ ရန်ငြိုးဖြေနေမိတော့သည်။
ထိုအခိုက်တွင် တော်ဝင်မြေးတော်သည် ဘယ်ကနေ ဘယ်လို အင်အားတွေ ရောက်ရှိလာသည်မသိဘဲ အသည်းအသန် အော်ဟစ်ကာ လျှောက်တင်လိုက်ပြန်သည်။
“အရှင်မင်းကြီး၊ ရှုရန်မြောင်က ကိုယ်ပိုင်အကျိုးစီးပွားအတွက် နန်းတွင်းထဲမှာ ဂိုဏ်းဂဏတွေ ဖွဲ့စည်းထား ပါသေးတယ်၊ အခု စစ်သူကြီးနဲ့ ဟန်လင်းပညာရှိ လျှိုယီတို့ကိုပဲ ကြည့်ပါ၊ သူတို့က ညီလာခံအလယ်မှာတင် ရှုရန်မြောင်အတွက် ဗြောင်ကျကျ လိမ်လည်ပြီး ကာကွယ်ပေးနေကြတာ အထင်အရှားပဲ မဟုတ်ပါလား ဘုရား”
[အိုင်ယား … တော်ဝင်မြေးတော်ရဲ့ စိတ်ဓာတ်က တကယ့်ကို ညစ်ပတ်စုတ်ပဲ့လွန်းတာပဲ၊ သူ မြင်သမျှ အရာရာတိုင်းက အပုပ်နံ့တွေချည်း ထွက်နေတော့တာပဲ၊ စစ်သူကြီးနဲ့ လျှိုယီတို့ဆိုတာက စိတ်ကောင်းနှလုံးကောင်း ရှိကြတဲ့ လူကောင်းသူကောင်းတွေမို့လို့ပါ၊ သူတို့ခမျာ ဉာဏ်ရည်ဉာဏ်သွေးပိုင်း နည်းနည်းလေး အားနည်းရှာ ကြပေမဲ့လဲ ငါ့ကို ကူညီချင်ဇောနဲ့ သူတို့ တတ်နိုင်သလောက် ဆင်ခြေဆိုးကြီးတွေကို အသည်းအသန် စဉ်းစားပြီး ဝိုင်းကာကွယ်ပေးနေကြရှာတာ]
စစ်သူကြီးနှင့် လျူရိ: *ဘာလို့ ငါလို့ စော်ကားခံလိုက်ရတယ်လို့ ခံစားလိုက်ရတာလဲ*
[ဒါပေမဲ့ အခုအချိန်မှာ အခြေအနေကို ပြောင်းပြန်လှန်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး၊ ဟူး… စိတ်မကောင်းစရာပဲ၊ ငါ အသည်းအသန် စောင့်ကြည့်နေခဲ့ရတဲ့ နန်းတွင်းဒရာမာ အပိုင်းအဆက်ကြီးကိုတောင် အဆုံးအထိ ကြည့်ခွင့်မရတော့ဘူး၊ မနေ့ညတုန်းက ဧကရာဇ်က မိဖုရားခေါင်ကြီးကို အကြီးအကျယ် စိတ်ဆိုးဒေါသထွက်အောင် လုပ်မိခဲ့လို့ နန်းဆောင်ထဲကနေ အတင်းအဓမ္မ မောင်းထုတ်ခြင်း ခံလိုက်ရတာ၊ အဲဒီပြဿနာကြီး ဘယ်လိုပြေလည်သွားလဲဆိုတာကို ငါ အဆုံးအထိ မမြင်လိုက်ရဘူး၊ ကြည့်ရတာ ဒီနေ့ ဧကရာဇ်က သူ့ရဲ့ မျက်နှာပေါ်မှာ မှင်အမည်းတွေအပြည့် သုတ်လိမ်းပြီးတော့ မိဖုရားခေါင်ကြီးရဲ့ စိတ်ကျေနပ်မှုကို ပြန်လည်ရရှိဖို့အတွက် ကြောင်ကလေးတစ်ကောင်လိုမျိုး ဟန်ဆောင်ပြီး သွားရောက်ချော့မြှူဖို့အထိ အတည်ကြီး ဆုံးဖြတ်ထားပုံရတယ်]
“ဒုန်း”
ဧကရာဇ်အိုကြီးသည် စားပွဲကို အရှိန်အဟုန်ဖြင့် ဒေါသတကြီး ရိုက်ချလိုက်ကာ ရှုရန်မြောင်၏ အဆုံးမရှိ ထွက်ပေါ်နေသော ရင်တွင်းရေရွတ်သံများကို ချက်ချင်းပင် ဖြတ်တောက်လိုက်တော့သည်။
“အမတ် ရှုရန်မြောင်က တော်ဝင်စာမေးပွဲကြီးမှာ ခိုးချခြင်း မရှိခဲ့ဘူးလို့ ငါကိုယ်တော် ယုံကြည်တယ်၊ သူ့ကို စွဲချက်တွေကနေ အပြီးအပြတ် ပယ်ဖျက်ပြီး လွတ်ငြိမ်းခွင့် ပေးတယ်”
*ဘာကြောင်လဲ၊ အဲ့လိုမျိုး တစ်ခါမှ မဖြစ်ခဲ့ဘူး*
နန်းတွင်းအမတ်ကြီးများအားလုံးသည်လည်း တကယ်လို့သာ အနည်းငယ်မျှ နှောင့်နှေးကြန့်ကြာသွားခဲ့ပါက ရှုရန်မြောင်၏ ရင်ထဲကနေ နောက်ထပ် မည်သို့သော ထိပ်တန်း အတွင်းသတင်းဆိုးကြီးများ ပေါက်ထွက် လာဦးမလဲ ဆိုသည်ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြသဖြင့် ကမန်းကတန်းပင် တပြိုင်နက်တည်း ထောက်ခံ အော်ဟစ်လိုက်ကြတော့သည်။
“မှန်လှပါ၊ မှန်လှပါ ဘုရား၊ အပြစ်အားလုံးကနေ ကင်းလွတ်ခွင့် ပေးသင့်ပါတယ် ဘုရား”
“အရှမင်းကြီးက အမြော်အမြင် ကြီးလှပါတယ်”
“အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ညီလာခံကို အမြန်ဆုံး ရုပ်သိမ်းပြီးတော့ အမတ် ရှုရန်မြောင်ကို အနားယူခွင့် ပေးသင့်ပါတယ်၊ သူခမျာ အချိန်အကြာကြီး မတ်တတ်ရပ်နေခဲ့ရတာမို့လို့ တကယ့်ကို ပင်ပန်းနွမ်းနယ်နေရှာမှာ သေချာပါတယ် ဘုရား။”
တော်ဝင်မြေးတော်: “…”
သူသည် ညီလာခံတစ်ခုလုံး၏ စိတ်အခြေအနေကိုပင် မေးခွန်းထုတ်ချင်လာသည်။ ရှုရန်မြောင်က သူတို့အားလုံးကို ဆေးခပ်ထားလေသလား။