← Chapters

အံ့ဩစရာပဲ၊ ဧကရာဇ်က စာခိုးချတာကို ကူညီပေးခဲ့တာတဲ့ (၂)

Vol. 6 Ch. 84

အံ့ဩစရာပဲ၊ ဧကရာဇ်က စာခိုးချတာကို ကူညီပေးခဲ့တာတဲ့ (၂)

Vol. 6 Ch. 84

သူသာ ယခင်ကတည်းက တစ်ထပ်တည်း ရေးပြနိုင်ခဲ့ပါက မိမိကိုယ်ကို အပြစ်မဲ့ကြောင်း သက်သေပြခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။

တော်ဝင်မြေးတော်သည် ရှုရန်မြောင်၏ စာရေးစားပွဲနှင့် အတန်ငယ်ကွာဝေးသော နေရာတစ်ခုတွင် မတ်တတ်ရပ်နေခဲ့သည်။ ထိုစဉ် ကျင်းယီဝေ ကိုယ်ရံတော်တစ်ဦး၏ ကျောပြင်ကြီးက သူ၏အမြင်အာရုံကို ရုတ်တရက် ပိတ်ဆို့သွားခဲ့သဖြင့် သူသည် ဇဝေဇဝါဖြစ်လျက် မျက်မှောင်ကြုတ်သွားခဲ့ရပြီး ၎င်းကိုယ်ရံတော်အား ဒေါသတကြီး ကြိမ်းမောင်းရန် ပြင်လိုက်စဉ်မှာပင် အဆိုပါကိုယ်ရံတော်က ဘေးသို့ ပါးနပ်စွာ ချက်ချင်း ဖယ်ပေး လိုက်တော့သည်။ ခဏအကြာတွင်မူ စားပွဲခုံပေါ်သို့ မှင်ကျောက်ပြင် တစ်ခု တိုးလာခဲ့ရာ ၎င်းမှာ သဘောဖြင့် လာရောက်ချထားပေးခြင်းသာ ဖြစ်ပေသည်။

သို့သော် ရှုရန်မြောင်ကမူ ထိုအတောအတွင်း ဘာတွေဖြစ်ပျက်သွားခဲ့သည်ကို အထင်အရှားကြီး မြင်တွေ့လိုက် ရလေသည်။ ထိုမျက်စိတစ်မှိတ်အတွင်းမှာတင် ကျင်းယီဝေ ကိုယ်ရံတော်သည် စက္ကူအလွတ်ကြီးပေါ်သို့ အရည်တစ်မျိုးကို ခပ်သွက်သွက် ဖြန်းပက်လိုက်ခဲ့ခြင်း ဖြစ်ပြီး ချက်ချင်းဆိုသလိုပင် စက္ကူမျက်နှာပြင်ပေါ်၌ ဖျော့တော့တော့ အပြာရောင် သို့မဟုတ် ခရမ်းရောင်သန်းနေသော စာလုံးကြီးများ ထင်ဟပ်ပေါ်ထွက်လို့ လာခဲ့တော့သည်။

“ပြစ်မှုတစ်ခုကို လုပ်ကြံဖန်တီးဖို့အတွက်ဆိုရင် ဆင်ခြေရှာရတာ ဘယ်တုန်းကမှ မခက်ခဲပါ”

၎င်းစာလုံးများမှာ ဖျော့တော့နေသော်လည်း အတိုင်းသား ဖတ်ရှုနိုင်ရုံတင်မက စုတ်ချက်တစ်ခုချင်းစီမှာလည်း မူလစာမေးပွဲ အဖြေလွှာအတိုင်း တထပ်တည်း တူညီနေခဲ့ကြသည်။ ရှုရန်မြောင်၏ မျက်စိသူငယ်အိမ်အစုံမှာ အလွန်အမင်း ထိတ်လန့်သွားမှုကြောင့် ဆတ်ခနဲ ကျုံ့ဝင်သွားခဲ့ရရှာတော့သည်။

[နေပါဦး… ဒါက တကယ့်ကို ကစီဓာတ်နဲ့ အိုင်အိုဒင်း ဓာတ်ပြုခြင်းကြီး မဟုတ်လား]

[ဒါ လူအများကြီးရဲ့ မျက်စိအရှေ့မှာတင် ဗြောင်ကျကျ စာခိုးချပေးနေတာကြီးပဲဗျ]

ဧကရာဇ်သည် သူ၏ တော်ဝင်လက်ဖက်ရည်ကြမ်းကို အေးအေးလူလူ ဆက်လက်သုံးဆောင်နေခဲ့ပြီး သူ၏ မျက်နှာ အမူအရာမှာလည်း ဘာကိုမှ ခန့်မှန်း၍မရနိုင်လောက်အောင်အထိ တည်ငြိမ်အေးစက်လို့ နေခဲ့တော့သည်။

အကယ်၍ တော်ဝင်မြေးတော်နှင့် နန်းတွင်းကလူများက အမှန်တရားကို ဤမျှလောက်အထိ အသည်းအသန် လိုချင်နေကြသည်ဆိုလျှင် သူကလည်း ၎င်းတို့အတွက် ပြီးပြည့်စုံလှသော ‘အမှန်တရား’ တစ်ခုကို ပေးလိုက်ရုံသာ ရှိတော့သည်။

တော်ဝင်မြေးတော်နှင့် စုရုံးရောက်ရှိနေကြသော ဝန်ကြီးအမတ်ကြီးများအားလုံးသည် ရှုရန်မြောင်ကို စိုက်ကြည့် နေခဲ့ကြရာ သူသည် အချိန်ခဏမျှ တုံ့ဆိုင်းနေခဲ့ပြီး ရင်ထဲ၌ အတွေးနက်နေဟန် ဆောင်လိုက်ပြီးမှသာ စုတ်တံကို ကောက်ကိုင်လိုက်တော့သည်။ သူသည် စုတ်တံကို မှင်အိုးထဲသို့ အသာအယာနှစ်ကာ စာလုံးများကို ဖြည်းဖြည်း မှန်မှန်နှင့် စနစ်တကျ လိုက်လံ ထပ်ရေးသားခဲ့လေသည်။ နောက်ဆုံးစာလုံးကြီးကို ရေးသားပြီးသွားခဲ့ပြီး နောက်တွင်မူ သူသည် စုတ်တံကို ပြန်လည်ချထားလိုက်ပြီး မတ်တတ်ရပ်လျက် ဧကရာဇ်ထံသို့ ရိုသေစွာ ဦးညွှတ် လျှောက်တင်လိုက်တော့သည်။

“အရှင်မင်းကြီး၊ ကျွန်တော်မျိုး ရေးသားလို့ ပြီးပါပြီ”

တော်ဝင်မြေးတော်သည် ရှေ့ဆက်၍ မစောင့်ဆိုင်းနိုင်တော့ချေ။ သူသည် ရှုရန်မြောင်၏ စားပွဲအရှေ့သို့ အလောတကြီး ပြေးထွက်သွားခဲ့ပြီး စက္ကူအလွတ်ကြီးပေါ်တွင် ထင်ဟပ်နေသော ရဲရဲတောက် မည်းနက်လှသည့် မှင်ရောင်စာလုံး ရှစ်လုံးကြီးကို မြင်လိုက်ရသည်နှင့်တပြိုင်နက် သူ၏ မျက်နှာတစ်ခုလုံး ချက်ချင်း ပျက်ယွင်း သွားခဲ့ရတော့သည်။ ကျင်းယီဝေ ကိုယ်ရံတော်များသည် အဆိုပါစာရွက်ကို ကောက်ယူကာ ပထမဦးစွာ ဧကရာဇ် ထံသို့ သွားရောက်တင်ပြခဲ့ကြသည်။ ဧကရာဇ် စစ်ဆေးကြည့်ရှုပြီးသွားသည့် အခါတွင်မူ ညီလာခံရှိ အမတ်များ အားလုံး ဆက်လက်ကြည့်ရှုနိုင်ရန် အောက်သို့ လွှဲပြောင်းပေးအပ်လိုက်တော့သည်။

အဆိုပါစာရွက်သည် ဝန်ကြီးချုပ်သော်၏ လက်ထဲသို့ ရောက်ရှိလာခဲ့သောအခါ သူသည် ၎င်းစက္ကူ၏ ထူးခြား လှသော သားရေမျက်နှာပြင် အသွင်အပြင်ကို ချက်ချင်း သတိပြုမိသွားခဲ့ရသည်။ ထိုအရာမှာ အလွန်အမင်း ကွေးညွတ် ဆွဲဆန့်ရလွယ်ကူလှသော သဘော သဘာဝရှိနေခဲ့ခြင်းပင် ဖြစ်၏။ ဝန်ကြီးချုပ်သော်သည် ထိုအရာကို တစ်ချက်ကြည့်ရုံဖြင့် ချက်ချင်း ရိပ်မိသွားခဲ့သည်။

*ဒါ ရွှမ်စက္ကူကြမ်းပဲ*

၎င်း ရွှမ်စက္ကူကြမ်းတွင် အလွန်အမင်း ထူးခြားလှသော ဂုဏ်သတ္တိတစ်ခု ရှိပေသည်။ ၎င်းသည် မှင်ရည်များကို စုပ်ယူနိုင်စွမ်းအား အလွန်ကောင်းမွန်လှခြင်း ဖြစ်၏။ ထို့ကြောင့် ၎င်းပေါ်တွင် ရေးသားလိုက်သော စာလုံး မှန်သမျှမှာ ပိုမို၍ ထင်ရှားပြတ်သားပြီး ညီညာမျှတလှသော အသွင်သဏ္ဌာန်ကို ဆောင်လေ့ရှိသည်။ ပန်းချီ ဆရာကြီးများသည် ဤစက္ကူ၏ မှင်ထိန်းသိမ်းနိုင်စွမ်းကြောင့် ပန်းချီကားများကို ပိုမို၍ တောက်ပကျော့ရှင်းစေကာ သုံးဖက်မြင် မျဉ်းကြောင်းများအလား ဖန်တီးနိုင်သဖြင့် ဤစက္ကူကို အထူးတလည် တန်ဖိုးထားကြခြင်း ဖြစ်၏။ သို့သော်လည်း ၎င်း၏ အဓိကအားနည်းချက်မှာ ၎င်းစက္ကူပေါ်တွင် စာလုံးအသစ်များကို အစကနေ စတင် ရေးသားရန်မှာ အလွန်အမင်း ခက်ခဲလှခြင်းပင် ဖြစ်သည်။ ၎င်းသည် စုတ်ချက်များကို အလွယ်တကူ စီးဆင်းခွင့် မပေးဘဲ ခုခံထားတတ်သဖြင့် စာကို ညင်သာချောမွေ့စွာ ရေးသားရန်မှာ မလွယ်ကူလှချေ။

သို့သော် ရှုရန်မြောင်အနေဖြင့် စာကို အစကနေ စဉ်းစားပြီး အပင်ပန်းခံ ရေးသားနေစရာ အကြောင်းမရှိခဲ့ပါချေ။ သူသည် စက္ကူပေါ်တွင် ကြိုတင်၍ ထင်ဟပ်နေနှင့်ပြီးသားဖြစ်သော ဖျော့တော့တော့ အပြာရောင် စာလုံးများ ပေါ်သို့ မှင်ရည်ဖြင့် ထပ်ဆင့်၍ ပုံတူကူးချ ပွတ်ဆွဲလိုက်ခြင်းသာ ဖြစ်ပြီး ထိုသို့ ထပ်ရေးလိုက်ခြင်းဖြင့် အောက်က ဓာတ်ပြုမှင်ရောင်များကို လူမမြင်နိုင်စေရန် ပြီးပြည့်စုံစွာ ဖုံးအုပ်ပစ်လိုက်ခြင်းသာ ဖြစ်ပေသည်။

ဝန်ကြီးချုပ်သော်၏ မျက်ဝန်းအစုံမှာ အဓိပ္ပာယ်ပါပါဖြင့် လှုပ်ရှားသွားခဲ့သော်လည်း သူသည် ဘာမှထုတ်မပြောဘဲ တိတ်ဆိတ်စွာဖြင့်သာ စာရွက်ကို နောက်လူများထံသို့ ထပ်ဆင့် လွှဲပြောင်းပေးလိုက်တော့သည်။ လူတိုင်း သေသေချာချာ ကြည့်ရှုပြီးသွားကြသည့် အခါတွင်မူ ဧကရာဇ်၏ သြဇာညောင်းလှသော အသံနက်ကြီးမှာ နန်းဆောင်တစ်ခုလုံး ထစ်ချုန်း၍ ထွက်ပေါ်လာခဲ့တော့သည်။

“ဘယ်လိုလဲ၊ ဒီစာလုံးတွေက မူလ တော်ဝင်စာမေးပွဲတုန်းက အဖြေလွှာထဲက စာလုံးတွေနဲ့ တထပ်တည်း တူညီရဲ့လား”

အမတ်ကြီးများ အားလုံးသည်လည်း တပြိုင်နက်တည်း ကမန်းကတန်းပင် ပြန်လည် ဖြေကြားလိုက်ကြတော့သည်။

“တထပ်တည်း တူညီလှပါတယ် ဘုရား”

“ဒါ မဖြစ်နိုင်ဘူး”

မျှော်လင့်မထားခဲ့ရသော ဖြစ်ရပ်သည် ရုတ်တရက် အလှည့်အပြောင်း ဖြစ်သွားခဲ့ရသဖြင့် တော်ဝင်မြေးတော် တစ်ယောက် လုံးဝဥဿုံ သွေးပျက်ပြာသလဲ ဖြစ်သွားခဲ့ရရှာတော့သည်။

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ ဘာလို့လဲ”

“မင်းရဲ့ အဓိပ္ပာယ်မရှိ အော်ဟစ်နေတာတွေကို ချက်ချင်းရပ်စမ်း”

ဧကရာဇ်သည် ဒေါသတကြီး ကြိမ်းမောင်းလိုက်ရင်းက သူ၏ စကားကို ဖြတ်တောက်လိုက်တော့သည်။

ဧကရာဇ်သည် ထရပ်ကာ စူးရှထက်မြက်လှသော မျက်လုံးအစုံဖြင့် စိုက်ကြည့်လျက် အမိန့်တော်ကို တရစပ် ပြောကြားလိုက်သည်။

“တော်ဝင်မြေးတော် ကောင်းချီရှန်းက စိတ်သဘောထား သေးသိမ်ပြီး အတ္တကြီးတယ်၊ သူ့မှာ မြင့်မြတ်တဲ့ မင်းကောင်းမင်းမြတ်တွေမှာ ရှိအပ်တဲ့ အမြော်အမြင်ဗဟုသုတ လုံးဝကင်းမဲ့နေရုံတင်မကဘဲ တရားမျှတတဲ့ ကျင့်ဝတ်သိက္ခာတွေကို လိုက်နာစောင့်ထိန်းခြင်းလည်း မရှိ၊ တိုင်းပြည်ကို အုပ်ချုပ်နိုင်မယ့် စွမ်းရည်မျိုးလဲ မရှိဘူး၊ သူက နန်းတွင်းညီလာခံအလယ်မှာ လှည့်ပတ်လိမ်လည်ဖို့ ကြံစည်ခဲ့တဲ့အပြင် နန်းဆောင်အတွင်းမှာလဲ အကျ င့်စာရိတ္တ ပျက်ပြားပြီး ဖြောင့်မတ်မှန်ကန်လှသော နန်းတွင်းအမတ်တွေကို မတရားသဖြင့် စုန်းစုန်း မြုပ်အောင် လုပ်ကြံစွပ်စွဲခဲ့ပြီး နန်းတွင်းကိုပါ ညစ်ညမ်းစေခဲ့တယ်”

“အဲ့ဒါကြောင့် ယခုအချိန်ကစပြီး သူ့ရဲ့ တော်ဝင်မြေးတော် ဘွဲ့ထူးဂုဏ်ပုဒ်အားလုံးကို အပြီးအပြတ် ရုပ်သိမ်း ပယ်ဖျက်လိုက်ပြီး၊ သာမန်အရပ်သားအဆင့်သို့ လျှော့ချပြီး ယူနန်ပြည်နယ်ဆီ နယ်နှင်ဒဏ် ပေးမယ်၊ ဒီတော်ဝင်အမိန့်ပြန်တမ်းကို ချက်ချင်း ရေးသားပြုစုစေပြီး တိုင်းပြည်တစ်ခုလုံး သိရှိစေရန် အမြန်ဆုံး ကြေညာ မောင်းခတ်စေ”

ဧကရာဇ်၏ လေသံမှာ မည်သည့်ငြင်းခုံကန့်ကွက်မှုကိုမျှ လုံးဝ လက်ခံမည့် ဟန်မရှိပေ။

နန်းတွင်းစာချွန်တော်ရုံးက အမိန့်ပြန်တမ်းကို ချက်ချင်း ရေးသားပြုစုခဲ့ကြပြီး ဝန်ကြီးဌာန ခြောက်ခုကလည်း သက်ဆိုင်ရာ ဥပဒေများနှင့် သာဓကဟောင်းများကို ရှာဖွေကိုးကားခဲ့ကြကာ ဟန်လင်း အကယ်ဒမီကလည်း စာသား အမှားအယွင်းများနှင့် တော်ဝင်အမည်နာမ ကန့်သတ်ချက်များ ရှိမရှိ စေ့စပ်စွာ စစ်ဆေးခဲ့ကြပြီးနောက် နန်းတွင်း အတွင်းဝန်များ ရုံးချုပ်က အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြတော့သည်။ တရားရေးရာ ဝန်ကြီး ဌာနမှသည် တော်ဝင်အိမ်တော်ထိန်းရုံးအထိ ဝန်ကြီးဌာန အဆင့်ဆင့်သည် ၎င်းတို့၏ တရားဝင် တံဆိပ်တုံးများကို ထပ်ဆင့် နှိပ်နှိပ်ပေးခဲ့ကြပြီး၊ ဤလုပ်ငန်းစဉ်ကြီးတစ်ခုလုံးမှာ မည်သည့် ကန့်ကွက်မှု တစ်စုံတစ်ရာမျှ မရှိဘဲ ပြီးပြည့်စုံစွာ လည်ပတ်သွားခဲ့တော့သည်။

အမတ်တစ်ဦးတစ်ယောက်မျှပင် တော်ဝင်အရိုက်အရာ ဆက်ခံမည့်သူအား ရာထူးမှ ဖယ်ရှားလိုက် ခြင်းကြောင့် တိုင်းပြည်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မတည်ငြိမ်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော် လျှောက်တင်ခြင်း လုံးဝမပြုခဲ့ကြချေ။

တော်ဝင်မြေးတော်၏ ခြေထောက်နှစ်ဖက်စလုံးမှာ တုန်ယင်နေပြီး မတ်တတ်ရပ်နိုင်ရန်ပင် ရုန်းကန်နေရသည်။

သူသည် သာမန် နန်းတွင်း အရာရှိငယ်လေးတစ်ဦးကို မတရားသဖြင့် လုပ်ကြံစွပ်စွဲခဲ့မိရုံမျှဖြင့် မိမိ၏ အဖိုးအရင်း ကိုယ်တိုင်က မိမိအား ရာထူးမှ ဤမျှအထိ ပြတ်ပြတ်သားသား ဖယ်ရှားပစ်လိမ့်မည်ဟု ဘယ်လိုနည်းနဲ့မှ သဘော မပေါက်နိုင်တော့ချေ။ သူ၏ ခမည်းတော်ကိုယ်တိုင်ကပင် သူ၏ဘက်မှနေ၍ ကာကွယ်ပြောဆိုခြင်း စကား တစ်လုံးမျှပင် ထွက်မပြောခဲ့ပါချေ။ ဘယ်လိုလုပ် သာမန်အရာရှိတစ်ယောက်က သူ၏ မြေးအရင်း၊ သားအရင်းထက် ပို၍ အရေးပါနေရသနည်း။ သူ့အပေါ် သစ္စာခံထားသော အမတ်များက အဘယ်ကြောင့် ငြိမ်နေရသနည်း။ သူသာ လဲသွားပါက သူတို့က ဘယ်လိုလုပ် ရပ်တည်နိုင်မည်နည်း။

သူ၏ မျက်ဝန်းအစုံမှာ မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် တစ်ချိန်က မိမိအား ကျောထောက်နောက်ခံ ပေးခဲ့ဖူးသော အမတ်များထံသို့ အသည်းအသန် လှည့်လည်စိုက်ကြည့်လိုက်မိသော်လည်း ထိုလူများမှာ တစ်ယောက်ပြီး တစ်ယောက် သူ၏ အကြည့်ကို မသိမသာ ရှောင်လွှဲပစ်လိုက်ကြတော့သည်။ ထိုအခါမှသာ ထိတ်လန့်တုန်လှုပ်မှုနှင့် သွေးပျက်ပြာသလဲဖြစ်မှု အရိပ်အယောင်များက သူ၏ မျက်နှာထက်တွင် အထင်အရှား နေရာယူလာခဲ့တော့သည်။

*ဒါက ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ*

ကျင်းယီဝေ ကိုယ်ရံတော်များက သူ၏အနားသို့ တိုးကပ်လာခဲ့ကြသည်။

“ဒီဘက်ကို ကြွပါ”

သူက နေရာမှ ရုန်းကန်ပြီး မရွှေ့မပြောင်းဘဲ ငြင်းဆန်နေခဲ့သောအခါ ကိုယ်ရံတော်များက သူ့ကို လက်မောင်း နှစ်ဖက်မှနေ၍ ဆတ်ခနဲ မြှောက်လိုက်ကြပြီး အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့ကြတော့သည်။

“ငါ့ကိုလွှတ်… ငါ့ကိုလွှတ်ကြစမ်း”

သူသည် ခြေထောက်များကို လွှဲယမ်းကန်ကျောက်ရင်း အသည်းအသန် အော်ဟစ်ရုန်းကန်နေခဲ့သော်လည်း နန်းတွင်း ကိုယ်ရံတော်များက သူ့ကို တင်းကြပ်စွာ ချုပ်ကိုင်ထားခဲ့ကြပြီး ယူနန်ပြည်နယ်သို့ နယ်နှင်ဒဏ်မပေးမီ ခေတ္တ ထိန်းသိမ်းထားမည့် နန်းတွင်းအကျဉ်းထောင်ဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားခဲ့ကြလေတော့သည်။

နန်းတွင်း အကျဉ်းထောင်ကြီး တစ်ခုလုံးသည် ခြောက်ခြားဖွယ်ကောင်းလောက်အောင်အထိ တိတ်ဆိတ် ငြိမ်သက်လို့ နေခဲ့ရာ သေးငယ်လှသော အသံဗလံကလေးများပင်လျှင် ပဲ့တင်ထပ်ကာ အတိုင်းသား ကျယ်လောင်စွာ ထွက်ပေါ်နေခဲ့သည်။

အပြင်ဘက်က ရုန်းရင်းဆန်ခတ် အော်ဟစ်သံများကို ကြားလိုက်ရသောအခါ အကျဉ်းထောင်ထဲရှိ သံတိုင်များ နောက်ကွယ်မှ သမက်တော်ဟောင်းသည် နေရာမှ ဆတ်ခနဲ ထထိုင်လိုက်မိတော့သည်။ အစက သူသည် အကျဉ်းထောင်ထဲသို့ လူသစ်တစ်ယောက် ထပ်မံရောက်ရှိလာခြင်း ဖြစ်လိမ့်မည်ဟုသာ ထင်မှတ်ထားခဲ့သော်လည်း သေသေချာချာ မြင်လိုက်ရသည့် အခါတွင်မူ။

“တော်ဝင်မြေးတော်”

သမက်တော်ဟောင်းသည်လည်း ထိတ်လန့်နေလေသည်။

“မင်းပဲလား”

ကျင်းယီဝေ ကိုယ်ရံတော်ကမူ အေးစက်ပြတ်သားလှသော လေသံဖြင့် ချက်ချင်းပင် ကြားဖြတ်ကာ ပြင်ဆင်ပေးလိုက်တော့သည်။

“သူက အခုအချိန်ကစပြီး တော်ဝင်မြေးတော် မဟုတ်တော့ဘူး”

သမက်တော်ဟောင်းသည် ထိုစကားကို ကြားလိုက်ရသောအခါ ပိုမို၍ပင် အံ့အားသင့်မှင်တက်သွားခဲ့ရရှာသည်။

“ရာထူးဘွဲ့ထူးတွေ အားလုံး ရုတ်သိမ်းခံလိုက်ရတာလား”

*အပြင်မှာ ဘာတွေ ဖြစ်နေတာလဲ*

တစ်ချိန်တည်းမှာပင် နန်းတွင်းညီလာခံအလယ်၌ ဧကရာဇ်သည် ရှုရန်မြောင်အား မိမိ၏အနားသို့ တိုးလာရန် နွေးထွေးပျူငှာလှသော လေသံဖြင့် လက်ဟန်ပြလျက် ခေါ်ယူလိုက်တော့သည်။

“မင်း တော်တော်လေး ထိတ်လန့် တုန်လှုပ်သွားလား”

*ငါ့မြေးတော်ရဲ့ လုပ်ကြံစွပ်စွဲချက်တွေကြောင့် မင်း လိပ်ပြာလွင့်ပြီး သွေးပျက်မသွားခဲ့ဘူးမလား၊ ရင်တွေ တဒိန်းဒိန်း ခုန်တာမျိုးကော၊ ထိတ်လန့်လွန်းလို့ ရုတ်တရက် အသက်ပျောက်သွားမတတ် ခံစားချက်မျိုးကော မဖြစ်ခဲ့ရဘူးမလား*

ရှုရန်မြောင်သည်လည်း ဧကရာဇ်၏ မိမိအပေါ် ယုံကြည်ပေးမှုနှင့် ကာကွယ်ပေးမှုများကြောင့် ရင်ထဲ၌ အလွန်အမင်း စိတ်လှုပ်ရှားသွားလေသည်။

“ကျွန်တော်မျိုးအပေါ် ဒီလောက်အထိ အလေးအနက် ယုံကြည်ပေးခဲ့တဲ့အတွက် အရှင်မင်းကြီးရဲ့ ကျေးဇူးတော် ကြီးမားလှပါတယ် ဘုရား”

ဧကရာဇ်သည် ရှုရန်မြောင်၏ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

“ဒီလောက် ဂါဝရ ပြုစရာ မလိုပါဘူး၊ မင်းတစ်ယောက်တည်းက စစ်သည်တော် တစ်ထောင်၊ မြင်းသည်တော် တစ်သောင်းထက်တောင် ပိုမိုပြီးတော့ အဖိုးထိုက်တန်ပါတယ်”

ဧကရာဇ်၏ စိတ်ထဲ၌ အမှတ်တရများစွာ ဖြတ်သန်းထင်ဟပ်လို့ လာခဲ့တော့သည်။ ရှန်းတုန်း နယ်မြေက ကပ်ဘေးသင့် ပြည်သူတွေအတွက် ထောက်ပံ့ရေး ရန်ပုံငွေတွေကို နန်းတွင်း အကျင့်ပျက် အမတ်တွေက နောက်ကွယ်ကနေ တိတ်တဆိတ် ခိုးယူမောင်ပိုင်စီးခဲ့ကြတဲ့ အကြီးစား အရှုပ်တော်ပုံ၊ တောင်ပိုင်းနန်ယွဲ့ နယ်စပ်မှ တရားမဝင် လျှို့ဝှက်ပုန်ကန်ဖို့အတွက် ကြံစည်နေကြတဲ့ အကွက်တွေကို ကြိုတင်ပြီးတော့ ဖော်ထုတ် ဟန့်တားနိုင်ခဲ့မှု၊ ပင်လယ်ရပ်ခြားကနေ ရောက်ရှိလာခဲ့တဲ့ လျှို့ဝှက်ဆန်းပြားလှတဲ့ ကောက်ပဲသီးနှံ အသ စ်အဆန်းများ၊ ပြီးတော့… လတ်တလောမှာတင် နန်းတွင်း အစိုးရယန္တရားတစ်ခုလုံးကို သန့်စင်ပစ်နိုင်ခဲ့တဲ့ အဂတိ လိုက်စားသူ ဝန်ကြီးအမတ်ဆိုးတွေကို အမြစ်ပြတ် တိုက်ဖျက်နိုင်ခဲ့မှုတွေအထိ…

ဧကရာဇ်က ပို၍ တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏အသံက ညင်သာကာ ချစ်ခင်မှုများနှင့် ပြည့်နှက်နေ၏။

“ငါ့ရဲ့ ချစ်လှစွာသော အမတ်မင်း”

“နန်းတွင်းရဲ့ နှစ်သစ်ကူး ညီလာခံကြီး ပြီးဆုံးသွားတာနဲ့ တပြိုင်နက် ငါကိုယ်တော်မြတ် နန်းတွင်းထဲက အရပ်ဘက်၊ စစ်ဘက်ဆိုင်ရာ ဝန်ကြီးအမတ်ကြီးတွေအားလုံး အပါအဝင်၊ နယ်စပ်ဒေသ အသီးသီးကနေ နန်းတော်ဆီကို ပြန်လည် ရောက်ရှိ လာကြမယ့် တော်ဝင်စာစစ်မှူးချုပ်တွေကိုပါ အတူတူခေါ်ဆောင်ပြီးတော့ ငါတို့ရဲ့ ကိုးပြည်ထောင် နယ်မြေတစ်ခုလုံးဆီကို ကြီးကျယ်ခမ်းနားလှတဲ့ တော်ဝင်လှည့်လည်ခရီးစဉ်ကြီးတစ်ခု ထွက်ခွာ ကြဦးစို့”

All Chapters