ခရိုင်တစ်ခုမှ သားဆုပေး နတ်သမီး ပေါ်လာခဲ့တယ်၊ အဲ့လူက (၁)
Vol. 6 Ch. 85
ဧကရာဇ်အိုကြီးသည် မည်သည့်ခံစားချက်မျှ ဖော်ပြခြင်းမရှိသော မျက်နှာသေကြီးဖြင့် ဝူရင် နန်းဆောင်ထဲကနေ ဖြည်းဖြည်းမှန်မှန် ထွက်ခွာလာခဲ့ပြီး သူ၏ နောက်ကွယ်တွင်မူ မိမိတို့၏ ထူးဆန်းလှသော မျက်နှာအမူအရာများကို မနည်း အောင့်အီး ထိန်းချုပ်ထားကြရရှာသည့် နန်းတွင်းအမတ်မင်းကြီးတသိုက်က တကောက်ကောက် လိုက်ပါ လာခဲ့ကြသည်။ ဧကရာဇ်မင်းကြီး၏ ခေါင်းထဲတွင်မူ ထျန်းထုံမင်းဆက်၏ တစ်ဆယ့် နှစ်နှစ်မြောက်က ဖြစ်ရပ်ဆိုးကြီးများမှာ ကွက်ကွက်ကွင်းကွင်းနှင့် အဆုံးမရှိသော သံသရာကြီးတစ်ခုအလား တရစပ် ပြန်လည် ထင်ဟပ် နေခဲ့ရုံတင်မက အသေးစိတ်အချက်အလက်အသစ်ဆန်းများမှာလည်း အဆက်မပြတ် ပေါ်ထွက်လို့ နေခဲ့ရသည်။ သူသည် မျက်ဝန်းအစုံကို တင်းတင်းကြပ်ကြပ် မှိတ်ချလိုက်မိရင်းက အသက်ကို ပြင်းပြင်းရှူ သွင်းလိုက်သော်လည်း သူ၏ ဦးနှောက်ထဲတွင် အရိပ်လို ခြောက်လှန့်စွဲထင်ကျန်ရစ်နေခဲ့သည့် ရှုရန်မြောင်၏ ရင်တွင်း ရေရွတ်သံများကိုမူ ဘယ်လိုနည်းနဲ့မှ မောင်းထုတ်ပစ်၍ မရနိုင်ခဲ့ချေ။
သူ ဘယ်လိုမှ စဉ်းစားလို့ မရနိုင်တော့ပေ။ အဘယ်ကြောင့် ရှုရန်မြောင်က ဤကဲ့သို့သော လုပ်ရပ်မျိုးကို မင်းကောင်းမင်းမြတ်နှင့် သစ္စာရှိအမတ်တို့အကြားက ပုံမှန်ရှိတတ်စမြဲဖြစ်သော ရင်းနှီးကျွမ်းဝင်သော သံယောဇဉ် အမူအရာ တစ်ခုအဖြစ် သဘောမပေါက်နိုင်ရသနည်း။ ဧကရာဇ်တစ်ပါးက မိမိ၏ သစ္စာရှိအမတ်မင်း၏ လက်ကို ကိုင်တွယ် နှုတ်ဆက်တာက ဘာများ မှားယွင်းနေသလဲ။ ဒါက ဧကရာဇ်ရဲ့ မျက်နှာသာပေးမှု တန်ဖိုးထားမှုကို ပြသတာပဲ မဟုတ်ပါလား။
ဧကရာဇ်သည် မိမိ၏ သစ္စာရှိ အမတ်မင်းအပေါ် စကားချိုလေးများ ဆိုတတ်စမြဲဖြစ်ပြီး မိမိအနေဖြင့် ဘယ်လောက်တောင် မြတ်နိုးတန်ဖိုးထားကြောင်း ထုတ်ဖော်ပြောဆိုခြင်း၊ သူ့ကို အစစအရာရာ ဂရုစိုက် စောင့်ရှောက် ပေးချင်သော ဆန္ဒကို ဖော်ပြခြင်း၊ သို့မဟုတ် ညအချိန်တွင် ပခုံးချင်းယှဉ်၍ တစ်အိပ်ဆောင်တည်းမှာ အတူတူ အနားယူကြဖို့ အကြံပြုခြင်း သို့မဟုတ် ဧကရာဇ်နှင့် အမတ်မင်းတို့ အကြားက ညီညွတ်မျှတလှတဲ့ ဆက်ဆံရေးကြီးက ရေနဲ့ ငါးအလား ခွဲခြားလို့မရနိုင်အောင် ထပ်တူကျနေပါတယ်ဆိုပြီးတော့ တင်စား တတ်ကြသည်။
အကယ်၍ ဧကရာဇ်မတစ်ပါးအနေနှင့် လူတစ်ယောက်ယောက်ကို တကယ်ကြီး တန်ဖိုးထား မြတ်နိုးမိပြီ ဆိုလျှင် သူတို့အတွက် သီးသန့်ထူးခြားလှတဲ့ ရာထူးအဆင့်အတန်းတစ်ခုကို ဖန်တီး ပေးနိုင်သလို၊ အခြားသော အမတ်မင်းကြီးများ အားလုံးကိုလည်း သူတို့အရှေ့မှာ ဒူးထောက်ဦးညွှတ်ရိုသေဖို့ အမိန့်တော် ချမှတ်နိုင်သည်။ ဧကရာဇ်ခမျာ ရင်ထဲ၌ အလွန်အမင်း မချိတင်ကဲဖြစ်ကာ မတရားသဖြင့် စွပ်စွဲခံရသလို ခံစားရလေလေ ဖြစ်နေတော့သည်။
*ငါက တကယ်ကြီး ယောကျာ်းချင်း စိတ်ဝင်စားတဲ့လူ မဟုတ်ပါဘူး*
သူ တွေးလိုက်မိသည်။
*ငါက အရင်မင်းဆက်တွေတုန်းက ယောကျာ်းကော မိန်းမပါမကျန် စိတ်ဝင်စားတဲ့ အကျင့်ပျက် ဧကရာဇ်တွေလို လူစားမျိုး လုံးဝမဟုတ်ဘူး*
တစ်ချိန်တည်းမှာပင် ရှုရန်မြောင်မှာမူ တစ်ခုခု ထူးဆန်းနေသည်ကို ရိပ်မိနေဆဲဖြစ်ပြီး သမိုင်းမှတ်တမ်း အထောက်အထားများကို ဆက်လက်၍ ဟိုလှန်သည်လှန် လုပ်နေခဲ့သည်။ တစ်စုံတစ်ယောက်က မိမိအား စိုက်ကြည့်နေသည့်အလား ခံစားလိုက်ရသဖြင့် သူသည် နောက်သို့ လှည့်ကြည့်လိုက်ရာ စစ်မက်ရေးရာ ဝန်ကြီးဌာနက နန်းတွင်းအရာရှိတစ်ဦးကို လှမ်း၍ မြင်တွေ့လိုက်ရတော့သည်။
“ဘာဖြစ်လို့လဲ၊ ငါ့မျက်နှာပေါ်မှာ တစ်ခုခု ပေကျံနေလို့လား”
သူက လှမ်း၍ မေးမြန်းလိုက်သည်။
အဆိုပါ အရာရှိသည် ရှုရန်မြောင်အား မကျေမနပ် ကြည့်လိုက်မိသည်။
“ဘာမှမရှိပါဘူး၊ မင်း ဒီနေ့ည ဘေးအန္တရာယ်ဆိုးကြီးထဲကနေ လွတ်သွားလို့ တော်သေးတယ်လို့ ငါ တွေးနေမိတာ”
*တကယ်လို့သာ ငါတို့တွေလဲ ဒီလိုမျိုး အန္တရာယ်ထဲကနေ လွတ်မြောက်နိုင်ခဲ့ကြရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ၊ ဒါဆိုရင် ငါတို့ရဲ့ အထက်လူကြီး ဝန်ကြီးချုပ်ကြီးတွေ၊ စစ်သူကြီးတွေရဲ့ တလွဲ ရိုမန်တစ်ဆန်လှတဲ့ နန်းတွင်းအရှုပ်တော်ပုံ လျှို့ဝှက်ချက်ဆန်းတွေကို နားနဲ့မဆံ့အောင် ထပ်ပြီး ကြားနေရတော့မှာ မဟုတ်ဘူးလေ*
အရာရှိကြီးသည် ရင်ထဲ၌ ခါးသီးလှစွာဖြင့် ကျိန်ဆဲတွေးတောနေမိတော့သည်။
“ဟုတ်တယ်၊ ငါလဲ အဲ့လိုပဲ ခံစားရတယ်”
ရှုရန်မြောင်သည် ယခုအချိန်အထိ ရင်တဒိန်းဒိန်း ခုန်နေရဆဲ ဖြစ်သဖြင့် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် လိုက်မိတော့သည်။
“ဒီနေ့ညက တကယ့်ကို အန္တရာယ်များတာပဲ”
သူသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားသည်။
“တကယ်လို့သာ … ကြောင့် မဟုတ်ခဲ့ရင်…”
တကယ်လို့သာ ဧကရာဇ်က နန်းတွင်းက ဖြောင့်မတ်တဲ့ ဝန်ကြီးအမတ်ကြီးတွေကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ကြံဖျက်ဆီးဖို့ ကြံစည်နေတဲ့ တော်ဝင်မြေးတော်ဟောင်းရဲ့ ယုတ်မာလှတဲ့ အကွက်တွေကို ကြိုတင်ပြီးတော့ မျက်စိပွင့်နားပွင့် သေသေချာချာ မရိပ်မိခဲ့ဘူးဆိုရင်ပေါ့ …
ရှုရန်မြောင်သည် တုံးအလှသော လူစားမျိုး လုံးဝမဟုတ်ချေ။ သူသည် ဤနိုင်ငံရေး ကစားပွဲကြီးထဲတွင် တော်ဝင် မြေးတော်ဟောင်း၏ အဓိကပစ်မှတ်မှာ မိမိကိုယ်တိုင် လုံးဝမဟုတ်မှန်း ကောင်းကောင်းကြီး သိရှိနေခဲ့သည်။ ယဉ်ကျေးမှုဌာန ဒုတိယဝန်ကြီး၊ စစ်သူကြီးနှင့် ဟန်လင်း အကယ်ဒမီက ပညာရှိကြီးများအပါအဝင် အခြားသော အာဏာရှိ ဝန်ကြီးများကိုပါ ရာထူးမှ အတင်းအဓမ္မ ဆွဲချရန်အတွက် တော်ဝင်မြေးတော်ဟောင်းဘက်ကနေ အသုံးချလိုက်သည့် နယ်ရုပ်ကလေးတစ်ရုပ်မျှသာ ဖြစ်ပေသည်။
သို့သော်လည်း ဧကရာဇ်အနေဖြင့် မိမိ၏မျက်နှာအရှေ့တွင် ဤမျှလောက်အထိ ဗြောင်ကျကျ အာဏာလု ကျားကွက်ဆင်နေမှုကို ဘယ်လိုနည်းနဲ့မှ သည်းခံခွင့်လွှတ်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူသည် ရှုရန်မြောင်ကို လူအများအရှေ့၌ ဗြောင်ကျကျ စာခိုးချခွင့်ရအောင် နောက်ကွယ်ကနေ နည်းပညာမျိုးစုံနဲ့ ကူညီပေးခဲ့ခြင်း ဖြစ်ပေသည်။
“တကယ်လို့သာ ဧကရာဇ်ရဲ့ ကြီးမြတ်လှတဲ့ အမြော်အမြင်သာ မရှိခဲ့ဘူးဆိုရင် ငါတော့ အခုအချိန်မှာ မတရားသဖြင့် နန်းတွင်းအကျဉ်းထောင်ထဲ ရောက်နေလောက်ပြီဗျာ”
ရှုရန်မြောင်သည် အလွန်အမင်း တည်ကြည် လေးနက်လှသော မျက်နှာထားဖြင့် ရေရွတ်လိုက်တော့သည်။
“ဒီနေ့ကစပြီးတော့ ငါ့အနေနဲ့ ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် ပိုပြီးတော့ အစစအရာရာ သတိကြီးစွာ ထားရတော့မယ်၊ ပြင်ပကလူတွေနဲ့လည်း လျှောက်ပြီး ရောနှောမနေတော့သလို၊ ဘယ်တုန်းကမှလည်း ကိုယ်ပိုင် ဂိုဏ်းဂဏတွေ ဖွဲ့စည်းတာမျိုး လုံးဝလုပ်မှာ မဟုတ်တော့ဘူး”
[အတင်းအဖျင်းတွေကို အေးအေးလူလူ ထိုင်ပြီး ဖတ်ရှုခံစားနေရတာက ပိုပြီးတော့ ဘေးကင်းပါသေးတယ်ဗျာ၊ ဒီနန်းတွင်း နိုင်ငံရေး လောကကြီးက တကယ့်ကို ရက်စက် ကောက်ကျစ်လွန်းတယ်၊ ခြေလှမ်းတစ်ချက် မှားလိုက်တာနဲ့တင် မင်းက ဘာအဆင့်မှမရှိတဲ့ အသေခံအမြောက်စာ ဘဝကို ချက်ချင်း ရောက်သွားရော့တာ]
[ငါ ကြည့်ကြည့်ဦးမယ် … ထျန်းထုံ ဆယ့်ငါးနှစ်မြောက်က …]
ဘေးနားရှိ စစ်ဘက်ဆိုင်ရာ အရာရှိခမျာမှာမူ ရှုရန်မြောင်ကို ငေးငိုင်ကြည့်နေမိတော့သည်။
*ဆိုတော့ မင်းက ဧကရာဇ်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဆက်ပြီး မွှေနှောက်တူးဆွနေဦးမှာလား*
နောက်ဆက်တွဲ ကျင်းပပြုလုပ်ခဲ့ကြသော နှစ်သစ်ကူးအကြိုည နန်းတွင်းလှုပ်ရှားမှု အခမ်းအနား မှန်သမျှမှာ ချောမွေ့စွာ ပြီးဆုံးသွားခဲ့ရလေသည်။ မည်သူမျှ ထပ်မံ၍ ပြဿနာရှာခြင်း လုံးဝမပြုရဲကြတောချေ။ သို့သော် ထူးခြားချက်အနေဖြင့် ရှုရန်မြောင်တစ်ယောက်တည်းကသာလျှင် အတိတ်က နန်းတွင်း လျှို့ဝှက် သမိုင်း မှတ်တမ်းများကို မျက်တောင်မခတ်တမ်း တစိုက်မတ်မတ် ဇိမ်ခံကာ ဆက်လက်ဖတ်ရှုနေခဲ့ပြီး တစ်ဖက်တွင်မူ ဧကရာဇ်သည် အိုးတင်သည့် ဒယ်အိုးဖင်ပိတ်ကြီးထက်ပင် ပိုမို၍ မည်းမှောင်ပုပ်သိုးနေသော မျက်နှာသေကြီးဖြင့် တစ်ညလုံး ထိုင်နေခဲ့ရရှာခြင်း ဖြစ်ပေသည်။
နောက်တစ်နေ့ နံနက်ခင်း တရားဝင်နှစ်သစ်ကူးနေ့ နန်းတွင်းညီလာခံကြီး စတင်ကျင်းပသည့် အခါတွင် အရာရာ တိုင်းမှာ ပုံမှန်အတိုင်းပင် စနစ်တကျ လည်ပတ်နေခဲ့သည်။ သို့သော် ညီလာခံကြီးတစ်ခုလုံး ရုပ်သိမ်းရန် မိနစ်ပိုင်းအလို ရောက်ရှိခါနီးတွင် ဧကရာဇ်သည် မည်သူမျှ ကြိုတင်မှန်းဆမထားခဲ့ကြသော မိမိ၏‘ကိုးပြည်ထောင် နယ်မြေ တစ်ခုလုံးဆီသို့ တော်ဝင်လှည့်လည်ခရီးစဉ်ကြီးကို ချက်ချင်း စတင်ထွက်ခွာတော့မည်ဖြစ်ကြောင်း ရုတ်တရက် ကြေညာ မောင်းခတ် လိုက်လေတော့သည်။
နယ်စပ်ဒေသ အသီးသီးမှ အရာရှိများ သိသိသာသာ တုန်လှုပ်သွားခဲ့ကြသည်။
ဧကရာဇ်သည် ကိုးပြည်ထောင်နယ်မြေတစ်ခုလုံးဆီသို့ တော်ဝင်လှည့်လည်ခရီးစဉ် ထွက်ခွာရန် စီစဉ်နေရုံတင် မကဘဲ နယ်စပ်ဒေသအသီးသီးရှိ ဒုတိယဘုရင်ခံများအနေဖြင့် ဤတော်ဝင်စစ်ဆေးရေးခရီးစဉ်အတွင်း ဒေသန္တရ အုပ်ချုပ်ရေး ကိစ္စရပ်များကို အစအဆုံး တာဝန်ယူ ကိုင်တွယ်ထားကြရန်အတွက် ကျင်းယီဝေ တော်ဝင် ကိုယ်ရံတော်များကို ကြိုတင်၍ တိတ်တဆိတ် စေလွှတ်အကြောင်းကြားထားခဲ့ပြီးသား ဖြစ်ပေသည်။
ဤလုပ်ရပ်သည် ဒေသတွင်း အုပ်ချုပ်ရေးယန္တရား မည်မျှအထိ ကောင်းမွန်သည်၊ သို့မဟုတ် ပြည်သူလူထုအပေါ် မတရားသဖြင့် အဂတိလိုက်စားမှုများနှင့် ဖိနှိပ်ချုပ်ချယ်မှုများ ရှိ၊မရှိဆိုသည်ကို မည်သူမျှ ကြိုတင် ပြင်ဆင်ခွင့် မရစေဘဲ လူလစ်တုန်း ဝင်ရောက်စီးနင်းစစ်ဆေးမည့် အရေးပေါ်အလစ်အငိုက် စစ်ဆေးရေးအကွက်ကြီး ဖြစ်သည်မှာ လုံးဝဥဿုံ ထင်ရှားလှပေသည်။ ဤကဲ့သို့သော ထိပ်တန်းအမိန့်တော်ကို ညီလာခံကြီးအတွင်း၌တင် ရုတ်တရက်ကြီး ထုတ်ဖော်ကြေညာလိုက်ခြင်းအားဖြင့် မည်သည့်ဝန်ကြီးအမတ်တစ်ဦးမျှ နယ်က အကျင့်ပျက် အရာရှိများထံသို့ တိတ်တဆိတ် သတင်းပေးပို့ခြင်း လုံးဝမလုပ်ဆောင်နိုင်စေရန် ဧကရာဇ်ဘက်က ကြိုတင် ပိတ်ဆို့လိုက်ခြင်းလည်း ဖြစ်၏။
အမှန်တော့ ဤအကွက်ကြီးမှာ ဧကရာဇ် စနစ်တကျ ကြံစည်ထားခဲ့သည့် ပြတ်သားလှသော စစ်ဗျူဟာကြီး တစ်ခုပင် ဖြစ်ပေသည်။ အမတ်ကြီးများအားလုံး စုံစုံလင်လင် ရှိနေကြသည့်အချိန်တွင် သူက နန်းတွင်းအရာရှိ အနည်းငယ်မျှကိုသာ နေပြည်တော်၌ ကျန်ရစ်ခဲ့စေကာ တိုင်းပြည်အုပ်ချုပ်ရေးကို ခေတ္တထိန်းသိမ်းစေပြီး၊ ကျန်ရှိနေသော အမတ်မင်းကြီးများအားလုံးမှာမူ ယခုချက်ချင်းပင် အဝတ်အစားထုတ်များပြင်ဆင်လျက် ခရီး ထွက်ခွာရန် အမိန့်တော်ချမှတ်လိုက်တော့သည်။
*ဘာတဲ့၊ ပင်ပန်းလွန်းတယ် ဟုတ်လား၊ ငါကိုယ်တော် အသက် ခြောက်ဆယ်ကျော်နေတာတောင် တခါမှ မညည်းညူဖူးဘူး၊ မင်းတို့က ဘာတွေ ညည်းပြနေတာလဲ*
အိမ်ရှေ့စံ မင်းသားက စိတ်အားထက်သန်စွာ ဝင်ပြောလေသည်။
“မှန်လှပါ၊ မှန်လှပါ”
ထို့နောက် သူက ထပ်ပြောသည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုး ဒီတော်ဝင်လှည့်လည်ရေး ခရီးစဉ်မှာ အရှင်မင်းကြီးကို အဖော်ပြုပြီး သင်ယူခွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်၊ နေပြည်တော်က တိုင်းပြည်အုပ်ချုပ်ရေး လုပ်ငန်းဆောင်တာတွေကို စီမံခန့်ခွဲဖို့ အတွက်ကတော့ ဝန်ကြီးချုပ်သော် တစ်ယောက်တည်းနဲ့တင် ကောင်းကောင်းကြီး ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ် ဘုရား”
*ဝိုး … ပထမဆုံး အခွင့်အရေးမှာတင် သူ့ဦးလေးကို ကုန်းဆင်းလိုက်ပြီပဲ၊ တော်ဝင်မြေးတော်ဟောင်း သင်ယူခဲ့တဲ့ နေရာက ဒါကိုး*
အိမ်ရှေ့စံမင်းသား၏ ဦးလေး၊ ဝန်ကြီးချုပ်သော်: “…”
[မင်းက တကယ့်ကို အံ့ဩစရာကောင်းတဲ့ တူတော်မောင်ပဲ]
ဧကရာဇ်သည် အထူးတလည် တွေးတောနေခြင်း မရှိခဲ့ပါချေ။ မိမိတို့ ခရီးထွက်နေစဉ်အတွင်း နေပြည်တော်၏ အုပ်ချုပ်ရေး ယန္တရားကြီးကို နောက်ကွယ်ကနေ သစ္စာရှိရှိ ကြီးကြပ်ကွပ်ကဲပေးမည့်သူတစ်ဦးဦး ရှိနေသရွေ့ ကျန်တဲ့လူက မည်သူဖြစ်ဖြစ် ဘာမှအရေးကြီးမနေတော့ချေ။
“ကောင်းပြီ၊ ဒါဆိုရင် အိမ်ရှေ့စံက ငါကိုယ်တော်မြတ်နဲ့အတူ ခရီးလိုက်ပါစေ၊ ဝန်ကြီးချုပ်သော်က မြို့တော်မှာပဲ ကျန်ရစ်ပြီး တိုင်းပြည်ကို စောင့်ရှောက်စေ”
ရာထူး အဆင့်အတန်း နိမ့်ပါးလှသော အရာရှိငယ်ကလေးများမှာမူ ဤကဲ့သို့သော ထိပ်တန်းဆွေးနွေးပွဲကြီးတွင် မိမိတို့၏ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုရန် နေနေသာသာ အသက်ပင် ရဲရဲမရှူရဲကြဘဲ ငြိမ်သက် နေခဲ့ကြသည်။ သို့သော် တစ်ဖက်တွင်မူ ဒုတိယအဆင့်ရှိ ဝန်ကြီးများနှင့် အဆင့်မြင့်ဝန်ကြီးများမှာမူ တော်ဝင် လှည့်လည်ရေး ခရီးစဉ်၏ အဖိုးတန်လှသော နေရာတစ်ခုကို မိမိတို့ကိုယ်တိုင် မရရအောင် သိမ်းပိုက်နိုင်ရန်အတွက် အချင်းချင်း မျက်စိမှိတ်ပြလျက် အကွက်ဆင်ကာ အပြိုင်အဆိုင် ကြိုးပမ်းလာကြတော့သည်။
*နားလည်ပြီ၊ နေရာတွေက အကန့်အသတ် ရှိတယ်၊ တခြားလူတွေကို တွန်းထုတ်ပစ်နိုင်မှ ငါကိုယ်တိုင် နေရာရမှာ*
ထိုအခိုက်တွင် စစ်မက်ရေးရာဝန်ကြီးသည် ရှေ့သို့ တိုးထွက်လာခဲ့ပြီး သူ၏ ဝတ်ရုံလက်အင်္ကျီအစုံကို လေထဲတွင် တဖျပ်ဖျပ်ခါလျက် အလွန်အမင်း ဇာတ်နာလှသော အမူအရာဖြင့် လျှောက်တင်လိုက်တော့သည်။
“အရှင်မင်းကြီး၊ အခုအချိန်မှာ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေနဲ့ တိုင်းပြည်အတွက် အလုပ်ရုံ အသစ်တွေကို စနစ်တကျ ဒီဇိုင်းဆွဲ တည်ဆောက်နေရသလို၊ အခွန်ဘဏ္ဍာရေး ဝန်ကြီးဌာနကလဲ ဘဏ္ဍာရေးနဲ့ အရင်းအမြစ် တွေကို အသည်းအသန် စီမံခန့်ခွဲနေရတာ ဖြစ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်မျိုးတို့ စစ်မက်ရေးရာ ဝန်ကြီးဌာနမှာ လတ်တလော ချက်ချင်း ကိုင်တွယ်ဖြေရှင်းရမယ့် အရေးကြီးကိစ္စရပ်မျိုး ဘာမှမရှိသေးပါဘူး၊ ကျွန်တော်မျိုး အရှင်မင်းကြီးကို အဖော်ပြုရင်း ဂုဏ်ယူလို့ရနိုင်အောင် တောင်းဆိုချင်ပါတယ်”
[ဝိုး … တည့်ချလိုက်တာပဲ၊ ရက်စက်တယ်၊ နည်းကုန်လမ်းကုန် လုပ်တဲ့အကွက်ပဲ]
ဆောက်လုပ်ရေး ဝန်ကြီးချုပ်က သူ့အား စူးစူးရဲရဲ စိုက်ကြည့်လေတော့သည်။
“အရှင်မင်းကြီး၊ အလုပ်ရုံအသစ်တွေ တည်ဆောက်ရေးကိစ္စက အရေးကြီးလှတာ မှန်ပေမဲ့လဲ ဒါတွေကို ကျွန်တော်မျိုးရဲ့ ဒုတိယဝန်ကြီးတွေဆီ အကုန်လွှဲပြီး စနစ်တကျ ကြီးကြပ်ကွပ်ကဲခိုင်းထားလို့ ရပါတယ် ဘုရား၊ ဒါပေမဲ့ ကျွန်တော်မျိုး ကိုယ်တိုင်က ခရီးစဉ်အတွင်းမှာရှိတဲ့ ရေကာတာ အခြေအနေတွေ၊ ဆန်စပါးကျီတွေရဲ့ သိုလှောင်မှု အခြေအနေတွေနဲ့ ဆည်မြောင်းတာတမံ တည်ဆောက်ရေး၊ စိုက်ပျိုးရေးနဲ့ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းတွေကိုပါ သေသေချာချာ ကွင်းဆင်းစစ်ဆေးပေးနိုင်မှာ ဖြစ်ပါတယ် ဘုရား…
“ဒါပေမဲ့ စစ်မက်ရေးရာ ဝန်ကြီးဌာနရဲ့ သဘောသဘာဝကတော့ တခြားဌာနတွေနဲ့မတူဘဲ အလွန်အမင်း ထူးခြားလှပါတယ်”
ဆောက်လုပ်ရေး ဝန်ကြီးသည် စစ်မက်ရေးရာ ဝန်ကြီး၏ စကားကို အရှိန်အဟုန်ဖြင့် ဖြတ်တောက်ကာ ကြားဖြတ်လျှောက်တင်လိုက်တော့သည်။
“ဒီဌာနက တိုင်းပြည်ရဲ့ အရေးကြီးလှတဲ့ တော်ဝင် စာပို့ဆောင်ခတွေ၊ မြင်းဝယ်ယူရေး ရန်ပုံငွေတွေ၊ လောင်စာဆီ ထောက်ပံ့ကြေးတွေနဲ့ မြင်းစီးစာပို့စခန်းတွေရဲ့ ပြုပြင်ထိန်းသိမ်းစရိတ် စတဲ့ ထိပ်တန်းဘဏ္ဍာငွေ မြောက်မြားစွာကို အဓိက ကြီးကြပ်ကွပ်ကဲနေရတာ ဖြစ်ပါတယ်၊ တကယ်လို့သာ စစ်မက်ရေးရာ ဝန်ကြီးကိုယ်တိုင် မြို့တော်မှာ ရှိမနေခဲ့ဘူးဆိုရင် ဒီအဖိုးတန် ရန်ပုံငွေတွေကို ဘယ်သူကများ စနစ်တကျ စီမံခန့်ခွဲပေးနိုင်ပါတော့မလဲ ဘုရား၊ ဒါတွေကို လမ်းခရီးတစ်လျှောက်လုံး အတင်းအဓမ္မ သယ်ဆောင်သွားကြရမှာလား၊ တကယ်လို့ လမ်းခရီးမှာ တစ်ခုခု ပျောက်ဆုံးပျက်စီးသွားခဲ့ရင် ဘယ်သူက တာဝန်ယူမှာလဲ ဘုရား”
စစ်မက်ရေးရာ ဝန်ကြီး အမျက်ထွက်သွားလေသည်။
“မင်း”
[ဒါ နိုင်ငံရေးလောကရဲ့ အကောင်းတကာ့အကောင်းဆုံး ထိပ်တန်းကျားကွက် ဆော့ကစားမှုကြီးပဲ၊ အခွန် ဘဏ္ဍာရေး ဝန်ကြီး၊ ခင်ဗျားကော ဘာဖြစ်လို့ ဒီအတိုင်း ငြိမ်ကြည့်နေရတာလဲ၊ စစ်မက်ရေးရာ ဝန်ကြီးဌာနက ခင်ဗျားရဲ့ ဘဏ္ဍာရေးအာဏာတွေကို ဤမျှလောက်အထိ ဗြောင်ကျကျ လာရောက်ကျော်နင်းစွက်ဖက်နေတာကို ခင်ဗျား ဒီအတိုင်းပဲ လွှတ်ထားတော့မှာလား]
အခွန် ဘဏ္ဍာရေးဝန်ကြီးသည် သက်ပြင်းတစ်ချက် ချလိုက်သည်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုး အရှင့်ရဲ့ စိတ်တိုင်းကျ စီမံမှုအတိုင်း မြို့တော်မှာပဲ ကျန်ရစ်ခဲ့ရဖြစ်စေ၊ ခရီးစဉ်မှာ လိုက်ပါရဖြစ်စေ ဘာမဆို နာခံဖို့ အဆင်သင့်ရှိပါတယ် ဘုရား၊ ဒါပေမဲ့ တရားရေးရာ ဝန်ကြီးဌာနမှာက အခုချိန်အထိ ပြန်လည် စစ်ဆေးစီရင်ဖို့ စောင့်ဆိုင်းနေရတဲ့ နန်းတွင်းအမှုအခင်းပေါင်း မြောက်မြားစွာ ရှိနေဆဲ ဖြစ်ပါတယ်၊ တကယ်လို့ တရားရေးရာ ဝန်ကြီးက နေပြည်တော်ကနေ ခရီးထွက်ခွာသွားခဲ့မယ်ဆိုရင် မိမိတို့ရဲ့ မတရားခံရမှုတွေကို လာရောက်တိုင်တည်ပြီး အမှန်တရားကို အသည်းအသန် ရှာဖွေနေကြတဲ့ သာမန်အရပ်သား ပြည်သူလူထု မြောက်မြားစွာအတွက် တရားမျှတမှုတွေ သမိုင်းတွင်အောင် ကြန့်ကြာသွားရပါလိမ့်မယ်”
တရားရေးရာ ဝန်ကြီး သွေးပျက်သွားလေသည်။
“မင်း ဘာလို့ ငါ့ကို ဒီထဲ ဆွဲထည့်နေတာလဲ”
ထိုသို့ဖြင့် နန်းတွင်းဗဟို ဝန်ကြီးဌာနအသီးသီးက အမတ်ကြီးများသည် ညီလာခံအလယ်တွင် တစ်ဦးကိုတစ်ဦး လှည့်ပတ် ချောက်ချလျက် အလွန်အမင်း ပြင်းထန်လှစွာဖြင့် အပြိုင်အဆိုင် စကားစစ်ထိုး နေခဲ့ကြတော့သည်။ အဝေးနယ်စပ် ဒေသအသီးသီးကနေ တက်ရောက်လာကြသော စစ်ဘက်ဆိုင်ရာ အရာရှိကြီးများမှာမူ ဤမျှ အဆင့်မြင့်လှသော နန်းတွင်းကျားကွက်ဆော့ကစားမှုကြီးကို ကြည့်ရင်းက အံ့ဩတုန်လှုပ်လျက် ဆွံ့အလို့ နေခဲ့ကြရှာသည်။
[ဒီနန်းတွင်းဗဟိုက အမတ်ကြီးတွေက စစ်ဗျူဟာ သုံးဆယ့်ခြောက်ကွက်ကို တကယ့်ကို ဆရာကျကျ အသုံးချ နေကြတာပဲ၊ ကြည့်ရတာ နေရာရဖို့အတွက်ဆိုရင် အလှပြကွက် ဆွဲဆောင်မှုဗျူဟာတွေကိုပါ ဘာမှမထိန်ချန်ဘဲ ဇွတ်ထုတ်သုံးဖို့အထိ အဆင်သင့် ဖြစ်နေကြပုံပဲ]
ယဉ်ကျေးမှု ဝန်ကြီးချုပ်ကလည်း ငြင်းခုံလျှောက်တင်လိုက်ပြန်သည်။
“ခင်ဗျားတို့အားလုံး ကိုယ့်ရဲ့ ဒုတိယဝန်ကြီးတွေကို မြို့တော်မှာ ချန်ထားခဲ့ဖို့ စီစဉ်နေကြတာပေါ့လေ၊ ဒါပေမဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနကတော့ ဒီလို မလုပ်နိုင်ဘူး၊ ငါနဲ့ ငါ့ရဲ့ ဒုတိယဝန်ကြီးပါ မြို့တော်မှာ အတူတူ ကျန်ရစ်ခဲ့ရတာ ဖြစ်ဖြစ် ဒါ နှစ်ယောက်စလုံး ခရီးလိုက်ပါရတာဖြစ်စေဖြစ်၊ နှစ်ခုထဲက တစ်ခုပဲ လုပ်မှာပါ”
နောက်ဆုံးတွင် ဧကရာဇ်သည် အမတ်များ၏ အဆုံးမရှိသော ငြင်းခုံမှုများကို ရပ်တန့်စေရန်အတွက် အပြီးသတ် တော်ဝင်စီရင်ချက်ကို ပြတ်သားစွာ ချမှတ်ပေးလိုက်တော့သည်။
“ဝန်ကြီးချုပ်သော် မြို့တော်မှာ နေခဲ့”
*အိမ်ရှေ့စံကတော့ ရှောင်နိုင်သွားပြီ*
“ဆောက်လုပ်ရေး ဝန်ကြီး မြို့တော်မှာ နေခဲ့”
*အလုပ်ရုံတွေက တကယ် အရေးကြီးတယ်၊ ရှောင်ပိုင်ကျီ မြို့တော်မှာ မရှိတုန်း သူတို့ကို ပြီးအောင် လုပ်ခိုင်းရမယ်*
ဤသို့ဖြင့် အမတ်များသည် တော်ဝင် လှည့်လည်ရေး ခရီးစဉ်အတွက် ပြင်ဆင်ကြလေတော့သည်။