အမဲလိုက်ခံရခြင်း (၁)
Vol. 72 Ch. 1136
ဂြိုဟ်ပတ်ရထားလမ်းပေါ်တွင် အနန္တရထား၏ အရှိန်သည် တဖြည်းဖြည်းလျော့ကျလာခဲ့ပြီး လင်းရှန်သည် နံပါတ် ၂ တွဲဆီသို့ ရောက်ရှိလာပြီး ကုဒ်အမျိုးမျိုးကို ဘာသာပြန်နေသည့် မော်နီတာအမြောက်အမြားကို အရင်ဆုံးမြင်တွေ့လိုက်ရသည်၊၊
အလယ်ရှိ မျက်နှာပြင်တစ်ခုတည်းတွင်သာ ဘိုင်နရီကုဒ်တန်းတစ်ခုက ငြိမ်သက်စွာ ရှိနေခဲ့သည်၊၊
01110000, 01101111, 01110111, 01100101, 01110010
“ဒါက ဘာလဲ” လင်းရှန်သည် ကီကီကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်၊၊
“ထပ်နေတဲ့ ပတ်လမ်းတွေကို ကျွန်မဖယ်လိုက်တယ်၊၊ ပြီးတော့ ၆၄ ပဲဖြစ်ဖြစ် ၁၀ ပဲဖြစ်ဖြစ် ပတ်လမ်းကုဒ်တွေ ပုံဖော်ထားတဲ့ ကုဒ်တွေ ခြားနားချက်ကုဒ်တွေ မော့စ်ကုဒ်တွေ အကုန်လုံးကို စမ်းကြည့်ပြီးတဲ့နောက်မှာတော့...”
ကီကီသည် သကြားလုံးကို စုပ်ရင်း လင်းရှန်၏ အကြည့်အောက်တွင် ကီးဘုတ်ကို လက်ချောင်းတစ်ချောင်းဖြင့် အသာအယာတောက်လိုက်ရာ ထိုဘိုင်နရီကုဒ်သည် စနစ်တကျစီထားသော အင်္ဂလိပ်စာလုံး ငါးလုံးအဖြစ် ချက်ချင်း ပြောင်းလဲသွားခဲ့သည်၊၊ ထိုစာလုံးများပေါ်လာသည်နှင့် လင်းရှန်၏ အကြည့်သည် ထိုစာလုံးငါးလုံးပေါ်သို့ ချက်ချင်းစူးစိုက်သွားခဲ့သည်၊၊
P——O——W——E——R
“ပါဝါလား”
“ဒါက ဘာသာပြန်လို့ရပြီး ဖတ်လို့ရတဲ့ တစ်ခုတည်းသောအဖြေပဲ၊၊ ကျန်တာတွေက အဓိပ္ပာယ်မရှိတဲ့ စာသားတွေ”
ကီကီက လင်းရှန်ကို တည်ငြိမ်စွာ ကြည့်ရင်း “ကောင်းပြီ၊၊ အခုမေးခွန်းက ဒါက ဘာကိုဆိုလိုတာလဲ… စွမ်းအားလား၊ လျှပ်စစ်လား၊ ခွန်အားလား… အားး ကျွန်မ အင်္ဂလိပ်စာကို မုန်းလိုက်တာ...”
လင်းရှန်၏ မျက်ဝန်းများတွင် မော်နီတာမှ မှိန်ပျပျအလင်းပြန်နေပြီး သူက လေးနက်သော လေသံဖြင့် ပြောလိုက်သည်၊၊
“ပြီးတော့ ဒါကို ဘယ်သူ့ကို ပြောခဲ့လဲဆိုတဲ့ အကြောင်းအရာနောက်ခံကိုလည်း ငါတို့ မသိဘူး၊ ကွက်လပ်ဖြစ်နေသလိုမျိုးပဲ...”
သူက ပြောရင်းနှင့် ကီကီကို ကြည့်လိုက်ရာ ၎င်းတို့နှစ်ဦးစလုံးသည် တစ်ဦး၏ မျက်ဝန်းထဲမှတစ်ဆင့် အချင်းချင်းနားလည်မှုရရှိသွားခဲ့ကြသည်၊၊
“တောင်ဘက်ကောင်းကင်ဂိတ်ကိုပို့တဲ့ ခုခံခွင့်မရှိဆိုတာလား”
လင်းရှန်က ခေါင်းညိတ်သည်၊၊
“တောင်ဘက်ကောင်းကင်ဂိတ်က သတင်းအချက်အလက်က တရုတ်လိုလေ၊၊ ဒါပေမဲ့ ဒါက အင်္ဂလိပ်လိုဖြစ်နေတယ်၊၊ မတူညီတဲ့ သက်ရှိတွေက ပို့တာဖြစ်နိုင်မလား”
“မသေချာဘူး၊၊ ပေးပို့မှုစွမ်းရည်ပြဿနာနဲ့ သက်ဆိုင်နိုင်တယ်”
ကီကီက အနည်းငယ် ပြုံးရင်း လင်းရှန်ကို စိတ်ရှည်လက်ရှည် ရှင်းပြသည်၊၊
“တရုတ်စာလုံးတွေကို ကွန်ပျူတာထဲမှာ Byte နှစ်ခုနဲ့ သိမ်းဆည်းတယ်၊၊ တရုတ်စာလုံး နှစ်လုံးကို ဟက်ဆာဒီစီမယ်ကနေ ဒီစီမယ်ကို ပြောင်းပြီး Byteတစ်ခုချင်းစီရဲ့ ဒီစီမယ်တန်ဖိုးကို ၈ ဘစ် ဘိုင်နရီအဖြစ် ပြောင်းရတယ်၊၊ အကြွင်းရလဒ်ရဖို့ ၂ နဲ့ စားရပြီး ပြောင်းပြန်ပြန်စီရတယ်၊၊ ပြောင်းလဲတဲ့ လုပ်ငန်းစဉ်က ပိုရှုပ်ထွေးတယ်၊၊ ဒီ ၆၄ ကကိုပဲ စိတ္တဇဆန်နေပြီပဲဟာ… အဲဒီလောက် အဆင့်တွေ အများကြီးထပ်ပေါင်းလိုက်ရင် နတ်ဘုရားတွေတောင် တွေးနိုင်မှာ မဟုတ်တော့ဘူး...”
“ဒါ့အပြင် တောင်ဘက်ကောင်းကင်ဂိတ်က ကောင်းကင်အကာကွယ်ရဲ့ အပြင်ဘက်မှာ ရှိနေတာလေ၊၊၊ ပြီးတော့ ပန်ဒါအက်စ် ၄ တီ အရည်ဆီနွန်ထောက်လှမ်းကိရိယာရဲ့ အမှောင်ဒြပ်မှုန်လှိုင်းတွေကနေတစ်ဆင့် ဖတ်ခဲ့ရတာပဲ၊၊ ပြီးမှ ဆွဲငင်အားလှိုင်းတွေကို သုံးခဲ့တယ်၊၊ ကွာခြားချက်ရှိလိမ့်မယ်လို့ ကျွန်မထင်တယ်၊၊ ဒါပေမဲ့ တစ်ချက်တော့ ရှိတယ်...”
ကီကီက လင်းရှန်ကို ဆွံ့အစွာကြည့်ရင်း “တရုတ်စာနဲ့ အင်္ဂလိပ်စာနှစ်ခုစလုံးက ကျွန်မတို့ အပြာရောင်ဂြိုလ်လူသားယဉ်ကျေးမှုပဲ မဟုတ်ဘူးလား”
“ဒါလည်း ဟုတ်တာပဲ... ဒါဆို မင်းပြောချင်တာက ဒီသတင်းစကားက လျှို့ဝှက်ဆန်းကြယ်အောင်လုပ်ထားတာမဟုတ်ဘဲ အရမ်းရှုပ်ထွေးလွန်းနေတာပေါ့ ဟုတ်လား”
လင်းရှန်က ပြောလိုက်သည်၊၊
ကီကီက သက်ပြင်းတစ်ချက်ချရင်း မော်နီတာကို ကြည့်လိုက်သည်၊၊
“လျှို့ဝှက်ဆန်းကြယ်လားဆိုတာကတော့ ပြောရခက်တယ်၊၊ ဒါပေမဲ့ ယုတ္တိဗေဒအရပြောရရင် ယဉ်ကျေးမှုနှစ်ခုက အရမ်းဝေးကွာနေပြီး သတင်းအချက်အလက်ကို တိတိကျကျပေးပို့ဖို့ လိုအပ်တယ်ဆိုရင် ဒါက မလွယ်ကူဘူး၊၊ ဒါတွေက ကုဒ်အနည်းငယ်ပဲလို့ မထင်နဲ့… အနည်းဆုံးတော့ ကျွန်မတို့ရဲ့ လက်ရှိလူသားနည်းပညာနဲ့ဆိုရင် နဂါးငွေ့တန်းက ကျော်လွှားလို့မရတဲ့ တောင်ကြီးတစ်လုံးပဲ”
လင်းရှန်၏ အမူအရာက ရှုပ်ထွေးနေပြီး သတ္တုအန်စာတုံး၏ ပဟေဠိသည် နောက်ဆုံးတွင် ဖြေရှင်းလို့ရခါနီးပြီဟု ခံစားနေရသည်၊၊ သို့သော်လည်း သူသည် မိမိရှေ့မှ စာလုံးများအတွက်သာမက ထိုစာလုံးများ ပေးပို့ခဲ့သည့် ယဉ်ကျေးမှုအား အမည်မသိကြောက်ရွံ့မှုနှင့် စူးစမ်းလိုစိတ်ကို ခံစားလိုက်ရသည်၊၊
ဝီ ဝီ၊၊
အပြင်ဘက်မှ လေသံတစ်ခု ထွက်ပေါ်လာရာ လင်းရှန်သည် စွမ်းအားဝတ်စုံ၏ စနစ်မြင်ကွင်းကို အသက်သွင်းလိုက်ပြီး ကင်းစောင့်စနစ်က အနန္တရထား၏ အပြင်ဘက် ၃၆၀ ဒီဂရီ မြင်ကွင်းကို ပြသနေသည်၊၊ ၎င်းတို့သည် မြို့တစ်မြို့၏ အစွန်းနားသို့ ရောက်ရှိလာပုံရပြီး ရေဒါစနစ်များက ပျက်စီးနေသော အဆောက်အအုံအုပ်စု၏ ပုံသဏ္ဌာန်ကို စကင်ဖတ်နေသည်၊၊
“ဒါက ကိုစတာရီကာက အလတ်စားမြို့တစ်မြို့ဖြစ်တဲ့ ယူပါလာဖြစ်ရမယ်”
ကီကီက ဟိုလိုဂရမ်မြေပုံကို ဖွင့်ပြီး ချဲ့ကြည့်ကာ “ဒီမှာ၊ အင်း... ဒါက သေဆုံးနေတဲ့မြို့တော်ဖြစ်နေတာ ကြာပြီထင်တယ်၊၊ အာရုဏ်ဦးဗဟိုစင်တာက အဓိကတပ်ဖွဲ့တွေက ဒီမှာ ခဏပဲရပ်နားခဲ့ကြတယ်၊၊ ဘာလို့လဲဆိုတော့ အရှေ့မှာ နီကာရာဂွာရေအိုင် ရှိနေလို့ပဲ၊၊ ကျွန်မတို့ အဲဒါကို မြန်မြန်ဖြတ်ကျော်ရမယ်၊၊ ဘယ်ဘက်မှာ ပစိဖိတ်သမုဒ္ဒရာရှိပြီး ညာဘက်မှာ ရေအိုင်ကြီးတစ်ခုရှိတယ်၊၊ အကောင်ကြီးတွေ ပေါ်လာနိုင်တဲ့ နေရာပဲ”
လင်းရှန်က အခြေအနေကို အကဲခတ်ရင်း အချိန်ကို တစ်ချက်ကြည့်လိုက်သည်၊၊
“မှောင်တော့မယ်၊၊ ဒီညတော့ ရပ်ပြီး စောင့်ကြည့်ရမယ်၊၊ မနက်ဖြန်ကျမှ မက္ကဆီကိုထဲကို သွားကြမယ်”
“အိုခီ” ကီကီက ခေါင်းညိတ်လိုက်သည်၊၊
၁၈ နာရီ ၃၀ မိနစ်တွင် အနန္တရထားသည် ပျက်စီးယိုယွင်းနေသော မြို့ပျက်ကြီး၏ အပြင်ဘက်တွင် တဖြည်းဖြည်းရပ်တန့်သွားခဲ့ပြီး ၎င်း၏ သံဘီးများသည် ရထားလမ်းပေါ်ရှိ ကွန်ကရစ်အပိုင်းအစများနှင့် သံချောင်းများကို ကြိတ်ချေကာ သတ္တုချင်းပွတ်တိုက်သံများနှင့်အတူ ရပ်တန့်သွားခဲ့သည်၊၊ လက်နက်တပ်ဆင်ထားသော ရထားကြီးသည် သွေးနီရောင်မြူများအောက်တွင် တိတ်ဆိတ်စွာ အနားယူနေခဲ့သည်၊၊
ရာနှင်ချီသော ကာကွယ်ရေးဒရုန်းများက ညဥ့်ငှက်များကဲ့သို့ ရထားတစ်စီးလုံးကို ဝန်းရံပျံသန်းနေကြပြီး တည်ငြိမ်လျှပ်စစ်စက်ကွင်း ကာကွယ်ရေးကွန်ရက်ကို အသက်သွင်းလိုက်ရာ ဒရုန်းများသည် အနီအောက်ရောင်ခြည်သတိပေးချက် သီးခြားဇုန်တစ်ခုကို ဖန်တီးပြီး ရထားတစ်စီးလုံးကို မမြင်နိုင်သော အချက်ပေးစည်းဝိုင်းဖြင့် လွှမ်းခြုံထားလိုက်သည်၊၊ ခေါင်မိုးပေါ်ရှိ လက်နက်စခန်း အပေါက်များ တိတ်ဆိတ်စွာ ပွင့်လာပြီး လေကြောင်းရန်ကာကွယ်ရေးသေနတ်၏ အေးစက်သော ပြောင်းဝများ၊ ၁၁၃၀ စက်အမြောက်၏ ပျားအုံပြောင်းဝနှင့် G3 လျှပ်စစ်သံလိုက်အမြောက်၏ သွယ်လျသောပြောင်းတို့သည် တစ်ခုပြီးတစ်ခုတက်လာခဲ့ကြသည်၊၊ ပလာစမာအပူချိန်မြင့်အလင်းတန်းများသည် ရထားကိုယ်ထည်တစ်လျှောက် အရည်ပျော်နေသော ရွှေရောင်လိုင်းများအဖြစ် စီးဆင်းနေသည်၊၊ ဒုံးကျည်ပစ်လွှတ်သည့် အပိုင်းမှလွဲ၍ လေးလံသော ကာကွယ်ရေးလက်နက်အားလုံးသည် အသင့်အနေအထားသို့ တိတ်တဆိတ်ရောက်ရှိသွားခဲ့သည်၊၊
တွဲများအတွင်းတွင် လိုက်ကာပြားများ တဖြည်းဖြည်းကျဆင်းလာပြီး လင်းရှန်နှင့် ကီကီတို့သည် ရထား၏ ရှေ့မှနောက်သို့ ခွဲ၍ စားသောက်တွဲ၊ နေထိုင်တွဲ၊ စိုက်ပျိုးရေးတွဲနှင့် ရိက္ခာတွဲများကို စစ်ဆေးခဲ့ကြသည်၊၊ ထူးဆန်းသောကုဗတုံးမရှိသောကြောင့် လင်းရှန်သည် လုံခြုံမှုမရှိသလို ခံစားနေရသည်၊၊
ညဘက်တွင် အပြင်ဘက်ရှိ သွေးနီရောင်မြူများထဲမှ ထူးဆန်းသော အူသံများပဲ့တင်ထပ်နေပြီး အနန္တရထား၏ နံပါတ် ၆ တွဲမှ မှိန်ပျပျအလင်းရောင်သည် နူးညံ့သောအလင်းတန်းကို ထုတ်လွှတ်နေကာ အစားသောက်အနံ့များက လေထုထဲတွင် ပျံ့လွင့်နေသည်၊၊
ကီကီသည် ရထား၏ တစ်ကီလိုမီတာအတွင်းကို စိတ်စွမ်းအင်လှိုင်းဖြင့် ဖြန့်ကျက်စစ်ဆေးခဲ့သော်လည်း လောလောဆယ်တွင် မည်သည့် ထူးဆန်းသော သတ္တဝါမျှ ချဉ်းကပ်မလာသည်ကို တွေ့ရသည်၊၊
“အမှတ်အသားတွေမရှိရင်တောင် ဒီသွေးနီရောင်မြူတွေထဲမှာ နေရတာ စိတ်မသက်မသာဖြစ်စေတယ်...”
ကီကီက ဆိုဖာပေါ်တွင် မှီရင်း လိုက်ကာပြား၏ အက်ကြောင်းလေးမှတစ်ဆင့် အပြင်ဘက်သို့ ချောင်းကြည့်လိုက်ရာ သမုဒ္ဒရာရေအောက် မီတာထောင်ပေါင်းများစွာ အနက်တွင် ပိတ်မိနေသကဲ့သို့ ပြင်းထန်သော အမှောင်ထုနှင့် နီရဲမှုကိုသာ မြင်တွေ့ရသည်၊၊