အမဲလိုက်ခံရခြင်း (၂)
Vol. 72 Ch. 1137
ကလောက်၊၊
လင်းရှန်သည် အမဲသားနှင့် ပဲစိမ်းဗူးကို လှီးဖွင့်လိုက်ပြီး ထောပတ်များက တရှဲရှဲမြည်လျက် ဒယ်အိုးထဲသို့ လျှောဆင်းသွားခဲ့သည်၊၊ သူသည် အခြားဒယ်အိုးတစ်လုံးကိုပါ အပိုချလိုက်ပြီး လှီးထားသော ခရမ်းချဉ်သီးများနှင့် ဂေါ်ဖီများကို ထည့်လိုက်သည်၊၊ စိုက်ပျိုးရေးခန်းထဲတွင် ၎င်းတို့နှစ်ဦးစလုံး စိတ်ကြိုက်သုံးနိုင်လောက်အောင် ခရမ်းချဉ်သီးနှင့် ဂေါ်ဖီထုပ်များ လုံလောက်စွာ ရှိနေသဖြင့် သူက ဟင်းရည်တစ်ခွက်ကိုပဲ ရိုးရိုးရှင်းရှင်းချက်လိုက်ခြင်းဖြစ်သည်၊၊ ပွက်ပွက်ဆူနေသော ဟင်းရည်ပူပူလေးနှင့်အတူ ပတ်ဝန်းကျင်၏ အထီးကျန်ဆန်သောလေထုမှာ အနည်းငယ် နွေးထွေးလာခဲ့သည်၊၊
ကီကီသည် အနံ့ကြောင့် ဆွဲဆောင်ခြင်းခံရကာ ဘေးမှနေ၍ ခေါင်းလေးပြူထွက်လာပြီး အိုးထဲမှ ခရမ်းချဉ်သီးများကို ကြည့်ရင်း မပြောဘဲ မနေနိုင်ဖြစ်သွားသည်၊၊
“ဒီလောက်ကောင်းတဲ့ ခရမ်းချဉ်သီးတွေကို ကြက်ဥနဲ့ ကြော်လိုက်ရင် အရမ်းကောင်းမှာပဲ...”
သူမက ပြောရင်းနှင့် လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ရှင်က မွေးမြူရေးအခန်းတစ်ခု အမြဲတမ်းရချင်နေတာ မဟုတ်ဘူးလား၊၊ အခု ကမ္ဘာပေါ်မှာ ကျန်ခဲ့တဲ့ တစ်ခုတည်းသော သက်ရှိတွေက ဝင်ရိုးစွန်းဖီးနစ်ဆီမှာပဲရှိတော့တာ… ဪ... ဟုတ်သား၊၊ တိတ်ဆိတ်မြို့တော်မှာလည်း အချို့ ရှိသေးတယ်”
လင်းရှန်သည် ဟင်းရည်များ တဖြည်းဖြည်းဆူပွက်လာသံကို နားထောင်နေပြီး ကီကီ၏ စကားများကို မကြားဘဲ သူ့အတွေးများက တစ်ခုခုကို အသည်းအသန်စဉ်းစားနေခဲ့သည်၊၊
“စွမ်းအား... ခွန်အား၊ အခွင့်အာဏာ၊ လျှပ်စစ်… ဒါက ဘာကိုဆိုလိုတာလဲ...”
“စွမ်းအားဆိုတာက အဖြေနဲ့ အတူဆုံးပဲ”
ကီကီက စိတ်စွမ်းအင်ကို သုံး၍ ခရမ်းချဉ်သီးစိတ်များကို ဟင်းရည်ထဲသို့ ဖိနှစ်လိုက်ရာ နီရဲသော အရည်များမှာ သွေးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်၊၊ ထို့နောက် သူမက မီးဖိုကို မှီလိုက်ပြီး “ဒါပေမဲ့ အဲဒီစကားလုံးက အရမ်းလွတ်ဟာနေတယ်... အဓိပ္ပာယ်အများကြီးမရှိဘူး”
အေးစက်သောအလင်းရောင်က ၎င်းတို့၏ အရိပ်များကို သံချပ်ကာအခန်းနံရံပေါ်သို့ ပုံဖော်ထားပြီး လင်းရှန်သည် ပဲစိမ်းများရောနှောနေသော အသားဟင်းရည်ကို ဇွန်းဖြင့် တစ်ဇွန်းခတ်၍ မြည်းကြည့်ရင်း “ဒါဆို လျှပ်စစ်ဆိုရင်ကော… ငါ့ရဲ့ ယန္တရားစွမ်းအားရှုထောင့်ကနေ ကြည့်ရင်တော့ ငါက ဒီဘက်ကို ပိုတွေးချင်တယ်၊၊ လျှပ်စစ်၊ စွမ်းအင်… ဒါက တစ်ခုခုကို ကိုယ်စားပြုတာဖြစ်နိုင်တယ်...”
သူက ပြောပြီးနောက် ကီကီကို ကြည့်ကာ မေးလိုက်သည်၊၊
“ကိန်းဂဏန်းတွေ ပြောင်းသွားလား”
ကီကီက ခေါင်းခါပြသည်၊၊
“ဒါက အချိန်နဲ့တပြေးညီပြောင်းနေတာ မဟုတ်ဘူး၊၊ အမြဲတမ်း ထပ်ခါထပ်ခါဖြစ်နေတာပဲ၊၊ ကွဲပြားတဲ့အချိန်တွေမှာ လက်ခံရရှိတဲ့ သတင်းအချက်အလက်က ကွဲပြားတာမျိုးဖြစ်နိုင်တယ်”
လင်းရှန်က ခဏမျှ စဉ်းစားလိုက်ပြီး “ကောင်းပြီ၊၊ အနည်းဆုံးတော့ ငါတို့ လမ်းစတစ်ခုရှာတွေ့ပြီပဲ၊၊ သတင်းအချက်အလက်နည်းနည်းလောက်ထပ်ရရင် ဒါက ဘာကိုဖော်ပြချင်လဲဆိုတာ သိနိုင်လိမ့်မယ်”
“မျှော်စင်လူသားတွေဆီက လာတာဆိုရင်ကော”
ကီကီက လက်ပိုက်လိုက်ရင်း “ကျွန်မ စဉ်းစားနေတာ… ရှင့်ရဲ့ ယန္တရားစွမ်းအားက ကမ္ဘာပျက်ကပ်နေ့နဲ့ တစ်ချိန်တည်းမှာ ပေါ်လာတာပဲ၊၊ ဒါက လုံးဝတိုက်ဆိုင်မှုမဟုတ်ဘူး၊၊ မျှော်စင်လူသားတွေအပြင် အခြားယဉ်ကျေးမှုတစ်ခုရှိသေးတယ်ဆိုရင် မျှော်စင်လူသားတွေလည်း ဒါကို သတိထားမိမှာ သေချာတယ်”
လင်းရှန် ခေါင်းညိတ်ပြသည်၊၊
“ယူပေကောင်းကင်စင်္ကြံလမ်းပြီးနောက်မှာ ဖောင်ဒေးရှင်းက မျှော်စင်လူသားတွေဆီက ညွှန်ကြားချက်တွေ ရခဲ့တယ်လို့ ငါသံသယရှိတယ်၊၊ အဲဒါကြောင့် ဟွာရှောင်လင်းက ငါ့ကို ရှာတွေ့ခဲ့တာဖြစ်မယ်၊၊ ငါ့မှာ လူသားတွေနဲ့ရော အမှောင်စွမ်းအင်သန္ဓေပြောင်းလဲမှုတွေနဲ့ပါ မသက်ဆိုင်တဲ့စွမ်းအားတစ်ခုရှိနေတာကို သူတို့ သတိထားမိသွားကြတာပဲ၊၊ ဒါပေမဲ့ ဟွာရှောင်လင်းက ငါ့အပေါ် ထားတဲ့ သဘောထားက အမြဲတမ်း ထူးဆန်းနေတယ်၊၊ ရန်သူလည်း မဟုတ်သလို မိတ်ဆွေလည်း မဟုတ်ဘူး...”
“ကျွန်မထင်တာတော့... သူတို့က ရှင့်ကိုတစ်ခုခုလုပ်ဖို့ ကြောက်နေကြတာပဲနေမယ်”
ကီကီက သူ့ကို ဘေးစောင်းကြည့်ရင်း ပြောသည်၊၊
“ပင်လယ်ကျောက်ဆောင်ကျွန်းကို မှတ်မိလား… သမုဒ္ဒရာနတ်ဘုရားကြီးက ကျွန်မတို့ကို တိုက်ခိုက်နေတာကို ရုတ်တရက် ရပ်လိုက်ပြီး ငွေရောင်လူသားလို သက်ရှိတစ်ကောင်ရဲ့ ဆွဲဆောင်မှုနောက်ကို ပါသွားခဲ့တယ်လေ၊၊ ကျွန်မ အဲ့ဒါကိုအမြဲထူးဆန်းတယ်လို့ ခံစားရတယ်၊၊ အဲဒါက အခြားယဉ်ကျေးမှုတစ်ခုက အရာတစ်ခုလို့ ကျွန်မထင်ခဲ့တာ… အခု ပြန်စဉ်းစားကြည့်ရင် အဲဒီအရာက မျှော်စင်လူသားတွေ ဖြစ်နေနိုင်မလား၊၊ အဲဒီလိုလုပ်ရတဲ့ အကြောင်းရင်းက ရှင့်ရဲ့ လုံခြုံရေးကို သေချာစေချင်လို့ပဲ”
လင်းရှန်လည်း သူမ၏ စကားကြောင့် မျက်မှောင်ကြုတ်သွားသည်၊၊
“ဒါဆို အရင်က ချန်ယန်ရွှီနဲ့ ဂူကျန်းတို့အဖွဲ့က ငါတို့ယာဉ်တန်းကို တိုက်ခိုက်ဖို့ ဘာလို့အမိန့်ပေးခံရတာလဲ”
“အဲဒါတော့ ကျွန်မလည်းမသိဘူး၊၊ ဒါပေမဲ့ ဒီအကြိမ်အနည်းငယ်မှာ ဟွာရှောင်လင်းရဲ့ သဘောထားကို ကြည့်ရင်တော့ အဲဒီလိုဖြစ်နိုင်ခြေများတယ်၊၊ သူတို့က ရှင့်ကို တကယ်သတ်ဖို့ ကြောက်နေကြတာ”
ကီကီ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်၊၊
“ဟတ်ကိုမှာတောင် မြင့်မြတ်မြို့တော်က လူတွေက အဲဒီစစ်မြေပြင်ကို အမြဲတမ်းစောင့်ကြည့်နေခဲ့တယ်၊၊ အခုပြန်စဉ်းစားကြည့်ရင် သူတို့ရဲ့ ရည်ရွယ်ချက်က ကျွန်မတို့နဲ့အတူတူပဲဖြစ်ရမယ်… ရှင့်ကို ရှာဖို့ပဲ”
လင်းရှန်သည် ဟင်းအိုးမွှေနေသည်ကို ရပ်လိုက်ပြီး ခေါင်းငုံ့ကာ အတွေးကမ္ဘာထဲသို့ နစ်ဝင်သွားခဲ့သည်၊၊
“မင်းပြောချင်တာက အဆင့်မြင့်မျှော်စင်ယဉ်ကျေးမှုက ငါ့ရဲ့ ယန္တရားစွမ်းအားနောက်ကွယ်က အရာကို သတိထားနေတာပေါ့ ဟုတ်လား”
“အနည်းဆုံးတော့ သူတို့က အရမ်းသတိကြီးကြတယ်၊၊ ဟွာရှောင်လင်းက ရှင့်ကို စမ်းသပ်နေတာလည်း ဖြစ်နိုင်တယ်” ကီကီက ပြောလိုက်သည်၊၊
လင်းရှန်လည်း ခေါင်းညိတ်ရင်း တိတ်ဆိတ်သွားခဲ့သည်၊၊
ထို့နောက် ၎င်းတို့နှစ်ဦးစလုံးသည် ညစာကို တိတ်ဆိတ်စွာ အဆုံးသတ်လိုက်ကြပြီး လင်းရှန်သည် အခန်းတွင်းရှိ လက်နက်များကို စစ်ဆေးရန် စတင်ခဲ့သည်၊၊ အခု ၁၁၃၀ လက်နက်စခန်းအတွက် ခဲယမ်းမီးကျောက်ထောက်ပံ့မှုကို ပြုပြင်ထိန်းသိမ်းရေးစက်ရုပ်များက အလိုအလျောက်ဆောင်ရွက်ပေးနေပြီ ဖြစ်သဖြင့် အခန်းထဲတွင် လူရှင်းနေခဲ့သည်၊၊ လုံလောက်သော ပစ်ခတ်မှုစွမ်းအားရှိစေရန်အတွက် လင်းရှန်သည် ကြယ်နက်ပန်းပဲဖိုမှ ထုတ်လုပ်ထားသော ခဲယမ်းမီးကျောက်သေတ္တာများကို နံပါတ် ၇ နှင့် ၈ တွဲများတွင် ဆင့်ကာ စီထားလိုက်သည်၊၊ ပြီးနောက် အမှောင်စွမ်းအင်ကြိမ်နှုန်းကိရိယာကို သေချာစစ်ဆေးပြီးနောက် နံပါတ် ၁၂ တွဲရှိ လက်နက်စခန်းတွင် တစ်ယောက်တည်းထိုင်ကာ အချိန်ကို စိုက်ကြည့်နေခဲ့သည်၊၊
“သွေးနီရောင်မြူတွေ ဖုံးလွှမ်းနေတာကြောင့် ယန္တရားဝါးမျိုမှုကို သုံးပြီး ပစ္စည်းအချို့ရဖို့ ကြိုးစားရင်တောင် ပြဿနာရှိတယ်”
လင်းရှန် တစ်ယောက်ထဲထိုင်စဉ်းစားနေခဲ့သည်၊၊ သူသည် ဟတ်ကိုစစ်မြေပြင်သို့ သွားရာလမ်းတွင် စွန့်ပစ်ထားသော အပျက်စီးအပိုင်းအစအချို့ကို ဝါးမျိုခဲ့သော်လည်း ၎င်းက ဘာမှမဟုတ်သလောက်ပင် ဖြစ်သည်၊၊
သူသည် လက်ရှိတွင် ထိုသံ-နီကယ်ဂြိုဟ်ကို ဖမ်းယူဝါးမျိုနေသည့် သူ၏ ယန္တရားကြယ်က ပစ္စည်းအချို့ရနိုင်မလားဟုပင် တွေးမိခဲ့သည်၊၊ သို့သော်လည်း ယန္တရားကြယ်၏ ဝါးမျိုအသွင်ပြောင်းလဲခြင်းသည် သူ၏ ယန္တရားနှလုံးသားနှင့် လုံးဝသီးခြားစီဖြစ်နေသည်ကို တွေ့ရသည်၊၊ ထုတ်လုပ်မှုကအစ အတူတူပင်ဖြစ်ပြီး သူ၏ ကြယ်နက်ပန်းပဲဖိုမှ ထုတ်ဖော်ပြသထားသော တိုင်တန်ဂြိုဟ်ပုံကြမ်းသာလျှင် အလုပ်လုပ်နေခြင်းဖြစ်သည်၊၊
လင်းရှန်သည် ကြီးမားသော ဂြိုဟ်ပတ်လမ်းကြောင်းပေါ်တွင် ပြင်းထန်သော သက်ရောက်မှုအား ထိန်းချုပ်စက်ကွင်းတစ်ခုကို ချိတ်ဆွဲထားပြီး ကာစီမီယာအင်ဂျင်ကို တည်ဆောက်ခြင်းသည်လည်း အတူတူပင်ဖြစ်လိမ့်မည်ဟု တွေးမိသည်၊၊ သူကိုယ်တိုင်လုပ်ဆောင်ရန် မလိုအပ်သော်လည်း ယန္တရားကြယ်သည် သူ၏ လမ်းညွှန်မှုတစ်မျိုးမျိုးအောက်တွင် ၎င်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်သည်၊၊
ယန္တရားကြယ်အောက်တွင် ဂြိုဟ်၏ ပစ္စည်းများမှာ လျင်မြန်စွာ ထုတ်ယူခြင်းခံရပြီး သတ္တုဒြပ်စင်အမြောက်အမြားမှာ ထိုကမ္ဘာဂြိုဟ်၏ အတွင်းပိုင်းမီးဖိုထဲတွင် ရူးသွပ်စွာ အရည်ကျိုခြင်းခံနေရသည်၊၊ ထိုအရှိန်အဟုန်မှာ မယုံနိုင်စရာကောင်းလောက်အောင် ခန့်ညားထည်ဝါလှပြီး လင်းရှန်အနေဖြင့် ကြည့်ရုံသာ ကြည့်နိုင်တော့သည်၊၊ ၎င်းက သူ့ကို ယန္တရားနှလုံးသားကို မထိန်းချုပ်နိုင်တော့သလိုမျိုး သူစိမ်းဆန်သည့် ခံစာချက်ကိုပင် ပေးစွမ်းနေခဲ့သည်၊၊
“ငါက ဒီယန္တရားကြယ်နဲ့ တုန်ခါမှုချင်း ထပ်တူကျနေပြီပဲ၊၊ အချိန်တွေ အများကြီးကုန်လွန်ပြီးတဲ့နောက်မှာတော့ ယုတ္တိဗေဒအရ ငါက အဲဒီစွမ်းအားကို အသုံးချနိုင်ရမှာပေါ့”
ထိုအတွေးနှင့်အတူ လင်းရှန် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး စွမ်းရည်တစ်ခုကို လျှို့ဝှက်အသက်သွင်းရန် သူ၏လက်ကို မြှောက်လိုက်သည်၊၊ သို့သော်လည်း စိတ်ကူးလိုက်ရုံမျှဖြင့် စူပါစထရင်းနူဓာတ်ပြုအဆင့်သက်တန့်ကွင်း ၉ကွင်းမှာ သူ၏ နောက်ကျောတွင် ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်၊၊ ကြီးမားသော စွမ်းအင်လှိုင်းကြီးက ဟိန်းဟောက်လျက် ပျံ့နှံ့သွားပြီး လင်းရှန်၏ စွမ်းအားဝတ်စုံမှ ဝိညာဉ်လှိုင်းတန်ဖိုးထောက်လှမ်းကိရိယာကို စူးရှသောသတိပေးသံတစ်ခု ချက်ချင်းမြည်လာစေခဲ့သည်၊၊