← Chapters

အင်မော်တယ် ရှစ်ပါး ပင်လယ်ကို ဖြတ်သန်း၍ ခွန်အားကို ပြသခြင်း (၂)

Vol. 6 Ch. 88

အင်မော်တယ် ရှစ်ပါး ပင်လယ်ကို ဖြတ်သန်း၍ ခွန်အားကို ပြသခြင်း (၂)

Vol. 6 Ch. 88

[ထူးဆန်းလိုက်တာ၊ ဧကရာဇ်အိုကြီးက ဘာဖြစ်လို့ တစ်ယောက်ယောက်ကို ရုတ်တရက်ကြီး ဆင့်ခေါ် လိုက်ရတာလဲ၊ သူ့ရဲ့ မျက်နှာထားကလဲ တကယ့်ကို ခက်ထန်နေတာပဲ၊ တစ်ခုခုများ ဖြစ်လို့လား]

ဤအတွေးသည် ရှုရန်မြောင်၏ စိတ်ထဲ၌ ဆယ်စက္ကန့်မျှပင် ကြာအောင် မတည်ရှိလိုက်ဘဲ နောက်ထပ် ထွက်ပေါ် လာသော တစ်ခုဖြင့် ချက်ချင်း အစားထိုးခြင်း ခံလိုက်ရတော့သည်။

[ဧကရာဇ်အိုကြီးကို သားဆုပန် နတ်သမီးအဖြစ် ဂုဏ်ပြုပြီးတော့ ထုဆစ်ပူဇော်ထားကြတဲ့ ကလေးရစေ ဆိုတဲ့ တော်ဝင် လက်ရေး ကျောက်စာတိုင်ကြီးကို ငါ ကြည့်ချင်မိသား]

ရှုရန်မြောင်သည် ညစာစားရန်ပင် စိတ်မပါတော့ဘဲ လမ်းဘေး၌ ဂျုံပြားနှစ်ချပ်ကိုသာ ကမန်းကတန်း ဝယ်ယူ၍ ၎င်းခရိုင်၏ နာမည်ကြီး အထိမ်းအမှတ် အဆောက်အအုံရှိရာဆီသို့ တည့်တည့်မတ်မတ် ဦးတည်ထွက်ခွာခဲ့သည်။ သို့သော် လမ်းခုလတ်သို့ အရောက်တွင်မူ မိမိကဲ့သို့ပင် အရပ်သားအသွင် ရုပ်ဖျက်လျက် ၎င်းနေရာသို့ တိတ်တဆိတ် သွားရောက်ဖျက်ဆီးရန် ကြံစည်နေပုံရသော ဧကရာဇ်အိုကြီးနှင့် မျက်နှာချင်းဆိုင် ထိပ်တိုက်တိုးမိကြတော့သည်။

[အာ … ဒါကြီးက နေရခက်သား…]

ဧကရာဇ်၏ သုန်မှုန်နေသော မျက်နှာထားကို သတိပြုမိလိုက်သည်နှင့် ရှုရန်မြောင်သည် မည်သည့်ထူးခြားမှုမျှ ရှိမနေသည့်အလား ဟန်ဆောင်လျက် စကားလမ်းကြောင်းလွှဲရန် ကြိုးပမ်းလိုက်သည်။

“အရှင်မင်းကြီး< ဘာကိစ္စများရှိလို့ ဒီနေရာကို ကြွချီလာရပါသလဲ ဘုရား”

“ရှု… ရန်… မြောင်”

ဧကရာဇ်၏ နှုတ်ထွက်စကားသံသည် ဒေါသကြောင့် အံကြိတ်ထားရာမှတစ်ဆင့် တိုးထွက်လာခဲ့ပြီး စကားလုံး တိုင်းတွင် မကျေနပ်မှုများ အပြည့်အဝ ပါဝင်နေခဲ့သည်။

“ဒါဆို … မင်းကကော ဘာကိစ္စရှိလို့ ဒီနေရာကို ရောက်နေရတာလဲ”

ရှုရန်မြောင်သည် မသိနားမလည်သည့် မျက်နှာပေးမျိုးဖြင့် ချက်ချင်းပင် လျှောက်တင်လိုက်သည်။

“ဩော်… ကျွန်တော်မျိုး လမ်းလျှောက်ထွက်ရင်း ဒီအတိုင်း အေးအေးလူလူ လျှောက်သွားနေတာပါ ဘုရား…”

ဧကရာဇ်မင်းမြတ်သည် ရွဲ့တဲ့တဲ့ဖြင့် တစ်ချက် ရယ်မောလိုက်သည်။

“ဤလမ်းဟာ ‘ကလေးရစေ’ ဆိုတဲ့ တော်ဝင် လက်ရေးကျောက်စာတိုင်ရှိရာဆီကိုပဲ တည့်တည့်မတ်မတ် ဦးတည် နေတာကွ၊ မင်းက ကြိုတင်ပြီးတော့ သတင်းအချက်အလက်တွေကို သေသေချာချာ စုံစမ်းစစ်ဆေးထားခဲ့ပုံပဲ၊ ဒါကြောင့်မို့လို့လဲ သင်္ဘောပေါ်က ဆင်းဆင်းချင်းမှာတင် ဒီနေရာကို ချက်ချင်း အပြေးအလွှား လာနေတာ မဟုတ်လား”

ရှုရန်မြောင်သည် ဧကရာဇ်မင်းမြတ်က မိမိအနေဖြင့် ခရီးမထွက်ခွာမီကတည်းက လည်ပတ်စရာ နေရာများကို ကြိုတင် ရှာဖွေထားခြင်းကို ဆိုလိုသည်ဟုသာ ထင်မှတ်လိုက်သည်။

သို့သော် ထိုခဏတွင် ဧကရာဇ်သည် ရင်ထဲ၌ နာကျည်းခါးသီးမှုများ အပြည့်ရှိနေသော လေသံကြီးဖြင့် ဆက်လက်၍ မိန့်ကြားလိုက်ပြန်သည်။

“မင်း ဒီနေ့အတွက် ပေးထားတဲ့ တရားဝင်လုပ်ငန်းတာဝန်တွေကို ပြီးဆုံးအောင် လုပ်ဆောင်ပြီးသွားတာတောင်မှ အချိန်ရှာပြီး လျှောက်သွားဖို့ စိတ်ကူးနေသေးတယ်ပေါ့ ဟုတ်လား၊ အခြေအနေ မကြည့်တတ်ဘူးလား၊ မင်းရဲ့ အထက်လူကြီးတွေ ဖြစ်ကြတဲ့ ဝန်ကြီးချုပ်တွေနဲ့ ဒုတိယဝန်ကြီးတွေကို သေသေချာချာ လှည့်ကြည့်လိုက်စမ်း၊ သူတို့တွေက မင်းလိုမျိုး အားယားနေပြီး လျှောက်သွားနေကြတာကို တွေ့လို့လား၊ ပြီးတော့ မင်းက ဘာဖြစ်လို့ ဒီသားဆုပန် နတ်သမီး ကိစ္စအပေါ်မှာ ဒီလောက် အသည်းအသန် စိတ်ဝင်စားနေရတာလဲ၊ မင်း အိမ်ထောင်တောင် ပြုရသေးတာ မဟုတ်ဘူး၊ ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ”

အာဏာစက်အောက်သို့ ရောက်ရှိနေရသည့်အဆုံး ရှုရန်မြောင်သည်လည်း ငြိမ်သက်စွာဖြင့် ခေါင်းကို ငုံ့ချလိုက်မိတော့သည်။

“အရှင်မင်းကြီးရဲ့ စကားတွေက အမြော်အမြင် ရှိလှပါတယ် ဘုရား”

နောက်ခံတွင်မူ လမ်းမတန်းအသီးသီးရှိ ဆူညံလှသော အရပ်သား ပြည်သူလူထု၏ အသံပေါင်းစုံဖြင့် ပြည့်နှက်လို့ နေသည်။ ဆီးသီးယိုတုတ်များ လှည့်လည်ရောင်းချနေကြသည့် ဈေးသည်များ၏ အော်ဟစ်သံ၊ စားသောက်ဆိုင် ပိုင်ရှင်များက ဖောက်သည်များကို ဆွဲဆောင်ခေါ်ယူနေကြသည့်အသံ၊ ပန်းတောင်းများကို လှပစွာ ရွက်ဆောင် လာကြသည့် ပန်းသည်များ၏အသံ၊ ခွေးကလေးများကို ကြိုးဖြင့်ဆွဲ၍ ရောင်းချနေကြသူများ၏အသံ၊ အကြားအမြင် ဆရာများက ဗေဒင်ဟောရန် ဟစ်အော်နေကြသည့်အသံများနှင့် အရပ်သား ပုံတူပန်းချီ ဆွဲပေးနေကြသည့် လမ်းဘေး အနုပညာရှင်များ၏ အသံများအထိ ဆူညံပွက်လောရိုက်နေခဲ့သည်။

ဤမျှ စည်ကားသိုက်မြိုက်လှသော ပတ်ဝန်းကျင်အခြေအနေကြီးသည် ဧကရာဇ်၏ ရင်ထဲက တောက်လောင် နေသော ဒေါသတရားများကို ပိုမို၍ ကြီးမားလာအောင် ဆီလောင်းပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။ ဤမျှမြောက်မြားစွာသော သာမန်အရပ်သား ပြည်သူလူထုကြီးတစ်ရပ်လုံးက မိမိအား သားဆုပန် နတ်သမီး အဖြစ် အရူးအမူး ယုံကြည်ကိုးကွယ်နေကြသည်ဟူသော အတွေးကြောင့် သူ၏မျက်နှာပြင်ကြီးမှာ ပိုမို၍ မှောင်မိုက် ညိုမည်းလို့ လာခဲ့ရတော့သည်။

သို့သော် …

[အဲ့ဒါ ငါနဲ့ ဘာဆိုင်လို့လဲ၊ ဒီကောလာဟလကို ငါ စခဲ့တာလဲ မဟုတ်ဘူး၊ ဘာလို့ ငါ့ကို ရန်ရှာနေရတာလဲ]

[ကပ်စေးနှဲ ကော်တရာကြီး၊ နှစ်သစ်ကူး အားလပ်ရက်မှာတောင် သူက လူတွေကို ပျော်ခွင့်မပေးဘူး၊ ဒါ နှစ်သစ်ရဲ့ ဒုတိယမြောက်နေ့ပဲ ရှိသေးတာလေ]

[ပြီးတော့ ဝန်ကြီးချုပ်တွေ၊ ဒုတိယဝန်ကြီးတွေနဲ့ အရာရှိငယ်တွေရဲ့ လစာတွေကိုလဲ ကြည့်ဦးလေ၊ ငါ့မှာတော့ မြေပဲဆန် လောက်ပဲရှိတဲ့ လစာလေးပဲ ရပြီးတော့ သန်းနဲ့ချီတန်တဲ့ လုပ်ငန်းတာဝန်ကြီးတွေကို လုပ်ပေးဖို့ မျှော်လင့်နေတာလား၊ တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ ကိစ္စပဲ]

[ငါက အိမ်ထောင် မပြုရသေးလို့ ဆိုတာနဲ့ပဲ သားဆုပန် နတ်သမီးအကြောင်း သိချင်လို့ မရဘူးလား၊ သူကိုယ်တိုင် အဲ့လို သတ်မှတ်ခံလိုက်လို့ စိတ်တိုနေတာ မဟုတ်ဘူးလား]

[ပြီးတော့ ဒီမှာ ငါ တစ်ယောက်တည်း ရှိနေတာ မဟုတ်ဘူးလေ၊ ငါ့တိုက်ရိုက် အထက်လူကြီးဖြစ်တဲ့ ဝန်ထမ်းရေးရာ ဝန်ကြီးချုပ်ကို ကြည့်လေ၊ သူလဲ ဒီ’ကလေးရစေ’ဆိုတဲ့ တော်ဝင်လက်ရေးကျောက်စာတိုင်ကြီးကို လာပြီး ချောင်းကြည့်ဖို့အတွက် ဆီးသီးယိုတုတ်ရောင်းတဲ့ လမ်းဘေးဈေးသည်အဖြစ် ရုပ်ဖျက်ပြီး ဟိုမှာ ရောက်နေတာ မဟုတ်လား]

ဧကရာဇ်အိုကြီးသည် ရုတ်တရက် ဆွံ့အသွားခဲ့ပြီး မိမိအား ကျောခိုင်း၍ ရပ်နေသော ဆီးသီးယိုတုတ် ရောင်းသည်ဆီသို့ သုန်မှုန်နေသော မျက်နှာထားဖြင့် လှည့်ကြည့်လိုက်သည်။

ဝန်ထမ်းရေးရာ ဝန်ကြီးချုပ်: “…”

ထိုဆီးသီးယိုတုတ် အသည်သည် ခန္ဓာကိုယ်ကြီးတစ်ခုလုံး တောင့်တင်းလျက် သွေးရူးတန်းရူးဖြင့် လှည့်လာခဲ့ပြီး ဆီးသီးယိုတုတ် တစ်ချောင်းကို အတင်းအဓမ္မ မြှောက်ပြကာ အားတင်း၍ ရောင်းဝယ်ဖောက်ကားလိုက်တော့သည်။

“လူကြီးမင်း… ဆီးသီးယိုတုတ်လေးများ အားပေးချင်ပါသလား ခင်ဗျာ”

ဧကရာဇ်မင်းမြတ်: “…”

[ပြီးတော့ စစ်မက်ရေးရာ ဝန်ကြီးချုပ်ကလဲ ဧကရာဇ်အိုကြီးရဲ့ မျက်စိကို လွှဲဖို့အတွက် ပန်းတောင်းကြီးကို ကိုင်ပြီး ပန်းသည် အဖြစ် ဟန်ဆောင်နေတာဗျ၊ လူမိမှာစိုးလို့ သူ့ရဲ့ ဆံပင်တွေကြားထဲမှာတောင် ပန်းတွေ အပြည့် ထိုးစိုက်ထားသေးတယ်]

ဧကရာဇ်မင်းမြတ်၏ အကြည့်သည် ပန်းသည်ဆီသို့ ချက်ချင်း ရွေ့လျားသွားခဲ့ပြန်သည်။

စစ်သေနာပတိ ဝန်ကြီးချုပ်: “…”’

သူသည် ခေါင်းကို အသာအယာ ငုံ့ချလိုက်မိစဉ်မှာတင် ဆံပင်ကြားထဲမှ ပန်းသုံးပွင့်သည် မြေပြင်ပေါ်သို့ ဆတ်ခနဲ ပြုတ်ကျသွားခဲ့ပြီး သူ၏နားရွက်နောက်တွင် ကပ်ညှပ်ထားခဲ့သော ပန်းတစ်ပွင့်တည်းသာလျှင် လေနှင့်အတူ ယိမ်းနွဲ့၍ ကျန်ခဲ့တော့သည်။

ဘက်စုံတော်တဲ့ အရည်အချင်းရှိသူပဲဗျာ။ သူက မျက်နှာပြင်လက္ခဏာတွေကိုပါ ကြည့်ပြီး ဗေဒင်ဟောပေးနေတာပဲ။ ဘယ်သူက ကြိုတင်တွေးမိမှာလဲ။”】

 

[ဟာ ကြည့်ဦး၊ တရားရေးရာ ဝန်ကြီးချုပ်က ဘက်စုံတော်တာပဲ၊ သူက မျက်နှာဖတ် ဗေဒတောင် လုပ်နေ လိုက်သေးတယ်၊ ဘယ်သူက ထင်ထားမှာလဲ]

တရားရေးရာ ဝန်ကြီးချုပ်သည်လည်း မိမိ၏ ဗေဒင်ဆိုင်းဘုတ်ကို ကမန်းကတန်း သိမ်းဆည်းလျက် ထွက်ပြေးရန် ပြင်ဆင်နေစဉ်အတွင်း ‘မမှန်လျှင် ပိုက်ဆံမယူပါ’ ဟု ရေးသားထားသော အောင်လံတံခွန်ကြီးကို ဆွဲယူကာ သူ၏ မျက်နှာကြီးကို အသည်းအသန် ဖုံးကွယ်လိုက်သည်။

ရှုရန်မြောင်က သူတို့အား တစ်ယောက်ပြီး တစ်ယောက် ဖော်ကောင်လုပ်နေခဲ့သည့်အဆုံး ခရီးစဉ်တွင် လိုက် ပါလာကြသော နန်းတွင်းအရာရှိကြီးများ၏ ကိုးဆယ်ရာခိုင်နှုန်းခန့်မှာ ဤနေရာ၌ စုံစုံလင်လင် ရောက်ရှိနေကြမှန်း ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့ရတော့သည်။

၎င်း ‘ကလေးရစေ’ ဆိုသည့် တော်ဝင် လက်ရေးကျောက်စာတိုင်ကြီးမှာ အမြဲတမ်း သာမန်အရပ်သား ပြည်သူ လူထုကြီးတစ်ရပ်လုံး လာရောက် ဆုတောင်းပြီး အမွှေးတိုင်ထွန်းကြသည့် နာမည်ကြီး နေရာတစ်ခု ဖြစ်ခဲ့ သော်လည်း ယနေ့ညတွင် ထူးထူးခြားခြား လူအုပ်ကြီး ဤမျှလောက်အထိ အလုံးအရင်းဖြင့် စည်ကားနေရခြင်းမှာမူ သေချာပေါက် ဤနန်းတွင်းအရာရှိကြီးများကြောင့်ပင် ဖြစ်ပေသည်။

ဧကရာဇ်အိုကြီးသည် အလွန်အမင်း ဒေါသအမျက်ချောင်းချောင်း ထွက်သွားခဲ့ရသဖြင့် ရယ်ပင်ရယ်ချင် လာခဲ့ရတော့သည်။

“မင်းတို့အားလုံး… အခုချက်ချင်း ထွက်လာခဲ့ကြစမ်း”

မလုံမလဲ ဖြစ်နေသော နန်းတွင်းအရာရှိကြီးများသည်လည်း ရှက်ကိုးရှက်ကန်းနိုင်လှသော မျက်နှာပေးကိုယ်စီဖြင့် တစ်ယောက်ပြီး တစ်ယောက် ရှေ့သို့ တန်းစီထွက်လာခဲ့ကြရလေတော့သည်။

ဧကရာဇ်သည် ရောက်ရှိမနေသော အဆင့်မြင့်အရာရှိကြီး အနည်းငယ်ကို သတိပြုမိလိုက်သဖြင့် စိတ်ထဲ၌ အနည်းငယ် စိတ်သက်သာရာရမှုကို ရှာဖွေတွေ့ရှိသွားသည်။

“မင်းတို့အားလုံး ချင်ကွမ်းဆီကနေ အတုယူကြစမ်း၊ သူဟာ ဘယ်တော့မှ အရေးမပါတဲ့ အပိုကိစ္စတွေအပေါ်မှာ အရမ်း သိချင်တဲ့သူ မဟုတ်ဘူး”

စစ်သေနာပတိချုပ်ကြီး ဖြစ်သော ချင်ကွမ်းသည် သူ၏ အကောင်းဆုံး စံပြပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။

“စူးစမ်းချင်စိတ် မရှိတာ ဟုတ်လား”

ယုံချန်းနယ်စားမင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။

“အဲ့ဒါက သားဆုပန် နတ်သမီးကို သူ မလိုအပ်လို့ပဲ ဖြစ်မှာပေါ့”

ရှုရန်မြောင် ဘေးဘီကို ဝေ့ကြည့်လိုက်သော်လည်း စစ်သေနာပတိချုပ်ကြီးကို မတွေ့ပေ။

[ထူးဆန်းတယ်၊ တကယ်ပဲ လိင်တူချင်း လက်တွဲနေကြတဲ့ ဆက်ဆံရေးမျိုးမှာ ကလေး မလိုအပ်လို့ပဲလား]

[ဒါပေမဲ့ အဲ့ဒါက အဓိပ္ပာယ် မရှိဘူး၊ ငါလဲ လိင်တူချင်း သဘောကျတာ မဟုတ်သလို သားသမီးလဲ လိုချင်နေတာ မဟုတ်ဘူးလေ၊ ဒါပေမဲ့ ငါ ဒီကျောက်စာတိုင်ကြီးကို အရမ်း စပ်စုချင်တာပဲ …]

[နေဦး၊ အဲ့ဒါက … မြတ်စွာဘုရား၊ သူက သူတောင်းစားတစ်ယောက်အဖြစ် သူ့ကိုယ်သူ ရုပ်ဖျက်ထားတာပဲ၊ ဧကရာဇ်ရဲ့ စူးရှတဲ့ အကြည့်တွေကတောင် သူ့ကို သတိမထားမိတာ မဆန်းပါဘူး]

လမ်းထောင့်တစ်နေရာ၌ ပုံရိပ်တစ်ခုသည် ခြေကျိုးနေသည့်အလား မြေပြင်ပေါ်တွင် ဝမ်းလျားမှောက်၍ တွားသွား နေခဲ့သည်။ သူသည် မည်သူမျှ သတိမပြုမိခင်အချိန်၌ မသိမသာ လစ်ထွက်သွားရန် ကြံစည်နေခဲ့သော်လည်း လူမိသွားခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရသည့်ခဏတွင်မူ တိတ်ဆိတ်စွာဖြင့် လမ်းကြောင်းပြောင်းကာ ခြေထောက် တစ်ဖက်ကို တရွတ်တိုက်ဆွဲလျက် ဧကရာဇ်ရှိရာဆီသို့ ပြန်လည်တွားသွားခဲ့ပြန်သည်။ ထို့နောက် သူ၏ ပိန်ချိုင့် စုတ်ပြတ်နေသော သူတောင်းစားခွက်ထဲမှ ယနေ့ညနေခင်းတစ်ခုလုံး အပူတပြင်း ရှာဖွေစုဆောင်းထားခဲ့ရသည့် တစ်ခုတည်းသော ဝင်ငွေဖြစ်သော ကြေးအကြွေစေ့တစ်ပြားကို ဂရုတစိုက် ထုတ်ယူလိုက်ပြီး ဧကရာဇ်၏ တော်ဝင် ခြေနင်းတော်အနား၌ အသာအယာ ချထားပေးလိုက်လေသည်။

ဧကရာဇ်: “…”

သူ့စိတ်ထဲတွင် မေးခွန်း တစ်ခုတည်းသာ ရှိနေတော့သည်။

*ဘာလို့ ငါ့အမတ်တွေအားလုံးက အရမ်း … ထူးဆန်းနေရတာလဲ*

All Chapters