မမေးနဲ့၊ အဖြေက အမြဲ နန်းတွင်း ရဲမက်တွေ ဖြစ်နေမှာပဲ (၂)
Vol. 6 Ch. 90
သတင်း လာပို့သော အစေခံမိန်းကလေးက ဘေးဘီကို ဝေ့ဝဲကြည့်ရှုလျက် တိုးညှင်းသော လေသံဖြင့် တီးတိုး လျှောက်တင်လိုက်သည်။
“သခင်ကြီးက မီးဖိုချောင်လေးထဲက စားဖိုမှူးအဘွားအိုက ဒီဂျုံလိပ်ဟင်းချိုကို ကောင်းကောင်း ချက်တတ်တယ်လို့ နည်းလမ်းပေးလိုက်ပါတယ်၊ သူမက ဘေးကနေ ကူညီပေးနိုင်ပါတယ်”
“စားဖိုမှူး ဟုတ်လား”
ခရိုင်ဝန်ကတော်က မမှတ်မိသည်ကို မြင်လိုက်ရသဖြင့် အစေခံမိန်းကလေးက ထပ်မံ၍ သတိပေးလိုက်ရရှာသည်။
“သခင်ကြီး အရင်တုန်းက ကျေးလက်တောရွာမှာ ရှိနေခဲ့တုန်းက သူတို့ရဲ့ ကြင်နာမှုကို ရခဲ့တာလေ၊ အဲ့ဒီ စားဖိုမှူးဆိုတာက သခင်ကြီးရဲ့ အိမ်နီးချင်း အဘိုးအိုရဲ့ ဇနီးပါ၊ သူမက လူတွေရဲ့ မျက်နှာသွင်ပြင်တွေကို ကောင်းကောင်း ခွဲခြားမှတ်မိနိုင်စွမ်း မရှိတဲ့သူလေ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက သခင်မကြီး သားဖွား ပြီးစအချိန်မှာ မီးနေသည် ဟင်းရည် ချက်ပြုတ်ပေးဖို့အတွက် သခင်ကြီးကိုယ်တိုင် သီးသန့် ဖိတ်ခေါ်ခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းကတည်းက အိမ်တော်မှာပဲ ဆက်ပြီးတော့ ခိုလှုံနေထိုင်သွားခဲ့တာ မဟုတ်ပါလား ဘုရား”
“ဪ သူလား”
ခရိုင်ဝန်မင်းကြီး၏ ဇနီးသည်သည် ရုတ်တရက်ဆိုသလို အကုန်လုံးကို သဘောပေါက် နားလည်သွားခဲ့တော့သည်။ ထို့နောက်တွင်မူ သူမသည် ထိုစားဖိုမှူး အဘွားအိုနှင့်အတူ ဂျုံလိပ်ဟင်းချို အိုးအကြီးကြီးတစ်အိုးကို အတူတကွ ပူးပေါင်း၍ ချက်ပြုတ် ပြင်ဆင်ခဲ့ကြတော့သည်။ အဓိကအားဖြင့် စားဖိုမှုးကို ပိုမို၍ လုပ်ကိုင်စေခြင်း ဖြစ်သည်။
စားဖိုမှူးအဘွားအို၏ အကြံပြုချက်အတိုင်း သူမသည် ၎င်းဂျုံလိပ်ဟင်းချိုကို ရိုးရာ ပြောင်းဖူးပေါင်းမုန့်နှင့် စနစ်တကျ တွဲဖက်လိုက်ပြီးနောက် ဧကရာဇ်၏ ရှေ့မှောက်သို့ ဆက်သလိုက်လေတော့သည်။
ခရီးစဉ်တွင် လိုက်ပါလာကြသော နန်းတွင်းအရာရှိကြီးအချို့သည်လည်း တစ်ယောက်လျှင် ဟင်းချို ပန်းကန်လုံး အသေး တစ်လုံးစီ အသီးသီး ခွဲတမ်းရရှိခဲ့ကြပြီး ၎င်းတို့အထဲတွင် အတင်းအကျပ် ဆွဲခေါ်ခြင်း ခံလိုက်ရရှာသော ကံဆိုးသူ ရှုရန်မြောင်လည်း အပါအဝင် ဖြစ်ပေသည်။
ဧကရာဇ်အိုကြီးသည် ပြောင်းဖူးပေါင်းမုန့်နှင့် တွဲဖက်လျက် ၎င်းဂျုံလိပ်ဟင်းချို ပန်းကန်ကြီး နှစ်လုံးစာခန့်ကို အားရပါးရ သုံးဆောင်တော်မူပြီးနောက် သူ၏နှုတ်ခမ်းတော်ကို သုတ်သင်လျက် ချီးမွမ်းစကား ဆိုလိုက်တော့သည်။
“ဟုတ်တယ်၊ ဒီအရသာစစ်စစ်ပဲ၊ ဒါ တကယ့်ကို ရိုးရာမပျက်တဲ့ လယ်တောသားတို့ရဲ့ အစားအစာ စစ်စစ်ပဲ၊ သာမန် အရပ်သား ဆင်းရဲသားတွေ မဟုတ်ရင်တော့ဖြင့် ဒီဂျုံလိပ်ဟင်းချိုကို ပြောင်းဖူးပေါင်းမုန့်နဲ့ တွဲဖက်စားသောက်ဖို့ ဘယ်သူကမှ တွေးတောမိကြမှာ မဟုတ်ဘူး”
ဧကရာဇ်အိုကြီးသည် အလွန်အမင်း စိတ်ကျေနပ်အားရလို့ နေခဲ့သည်။
ဤအိမ်တော်သို့ မကြွချီလာမီအချိန်တုန်းကမူ သူသည် ဤကိစ္စမှာ မိမိအား နည်းလမ်းအသစ်ဖြင့် မြှောက်ပင့်ရန် ကြိုးပမ်းသည့် လှည့်ကွက်တစ်ခု ဖြစ်နေမည်ကို စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအခါတွင်မူ ရှင်းယန် ခရိုင်ဝန်မင်းကြီးသည် နေ့စဉ်နှင့်အမျှ ဤကဲ့သို့သော ရိုးရှင်းလှသည့် လူနေမှုဘဝမျိုးဖြင့်သာ အမှန်တကယ် ဖြတ်သန်းနေထိုင်နေခြင်း ဖြစ်မှန်း သူ ကွက်ကွင်းကွင်း သိမြင်သွားခဲ့ရလေပြီ။
သူသည် မိမိ၏ဘေးနား၌ မျက်နှာကြီးကို ဆူပုတ်ကျုံ့ထားလျက် ဂျုံလိပ်ဟင်းချိုကို အလွန်အမင်း တုံ့ဆိုင်း နှေးကွေးစွာဖြင့် အတင်းအကျပ် သောက်သုံးနေရရှာသော ရှုရန်မြောင်အား လှမ်း၍ ကြည့်လိုက်မိပြီး သဘောကျစွာဖြင့် မရယ်ဘဲမနေနိုင်တော့ဘဲ လှမ်း၍ ဆင့်ခေါ်လိုက်တော့သည်။
“ရှုရန်မြောင်”
[ဒါကြောင့်မို့လို့ ငါ အထက်လူကြီးနဲ့ အတူတူ မစားချင်တာ …]
ဧကရာဇ်အိုကြီးသည် ရှုရန်မြောင်၏ ရင်တွင်းရေရွတ်သံကို မကြားချင်ယောင်ဆောင်လိုက်ပြီး အလွန်အမင်း ရင်းနှီးချိုသာလှသော လေသံကြီးဖြင့် ထပ်မံ၍ မိန့်ကြားလိုက်သည်။
“မင်းက ဒီအရသာမျိုးကို အသားမကျသေးဘူးပေါ့ ဟုတ်လား၊ ဒီလောက် ကြမ်းတမ်းတဲ့ လယ်တောစာမျိုးကိုလေ”
ရှုရန်မြောင်က ကမန်းကတန်းပင် ပြန်လည်ရှင်းလင်းရန် ကြိုးပမ်းလိုက်ရှာသည်။
“ကျွန်တော်မျိုးလည်းပဲ အရင်က ဂျုံလိပ်ဟင်းချိုကို စားဖူးပါတယ် ဘုရား …”
ဧကရာဇ်အိုကြီးသည် ပိုမို၍ သဘောကျကာ ခပ်ဟဟ ရယ်မောလိုက်တော့သည်။
“မင်းကလား၊ မင်း သောက်ဖူးတယ်ဆိုတဲ့ အမျိုးအစားက သေချာပေါက် သန့်စင်ပြီးသား ဂျုံမှုန့်အဖြူ အကောင်းစား တွေနဲ့ ချက်ထားပြီးတော့ အရသာရှိလှတဲ့ အသားငါး အမယ်စုံလင်စွာ ထည့်သွင်းစပ်သတ်ထားတဲ့ ဟင်းချိုမျိုးပဲ ဖြစ်ရလိမ့်မယ်”
ခေတ်သစ် ဂျုံလိပ်ဟင်းချိုကို တွေးမိပြီးနောက် ရှုရန်မြောင် ခေါင်းညိတ်လိုက်သည်။
ဧကရာဇ်အိုကြီးသည် မိမိ၏ ဝမ်းဗိုက်ကြီးကို ပွတ်သပ်ရင်း အားရပါးရ ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်။
“မင်းတို့လိုမျိုး လူငယ်လူရွယ်တွေက တကယ့်ကို ဆင်းရဲဒုက္ခတွေကို ကြံ့ကြံ့ခံနိုင်စွမ်း မရှိကြသေးဘူး၊ ဒါကိုလဲ အပြစ်ပြော၊ ဟိုဟာကိုလဲ ညည်းတွားနဲ့။ တကယ်လို့သာ မင်းတို့တွေ အစာရေစာ တကယ် ငတ်မွတ်ခေါင်းပါးတဲ့ ဘေးဒုက္ခနဲ့ ကြုံတွေ့ရမယ်ဆိုရင်တော့ မီးဖုတ်ထားတဲ့ သစ်ရွက်ခြောက်တွေကတောင် မင်းတို့အတွက် အလွန် အမင်း အရသာ ရှိနေလိမ့်မယ်ကွ”
ရှုရန်မြောင်သည် ပြုံးပြလိုက်ပြီး လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီး ပြောတာ မှန်ပါတယ်၊ ဒီနိမ့်ကျတဲ့ အစေခံက တကယ်ပဲ အလိုလိုက်ခံထားရလို့ပါ”
[ဧကရာဇ်အိုကြီးက မျက်နှာလုပ်ရ ခက်လိုက်တာ]
ဧကရာဇ်အိုကြီးသည် ရယ်နေရာမှ သီးသွားလေသည်။
ရှုရန်မြောင် သူ့ကို စိတ်ထဲမှ ဝေဖန်လိုက်သည့် အကြိမ်တိုင်း ဧကရာဇ်အား ဒေါသထွက်လာရစေသည်။
ဤအချက်ကြောင့်ပင် ဧကရာဇ်မင်းမြတ်သည် အခွင့်အရေးရတိုင်း ရှုရန်မြောင်အား စနောက်ကျီစယ်ရန် အမြဲတမ်း ကြံစည်နေရခြင်း ဖြစ်ပေလိမ့်မည်။ အဓိကမှာ သူ၏ တော်ဝင်သိက္ခာနှင့် မာန်မာနကို အနည်းငယ်မျှ ပြန်လည် ဆယ်ယူရန်အတွက်သာ ဖြစ်သည်။
[တကယ်လို့ ဘဝကို ကောင်းကောင်းမွန်မွန် သက်တောင့်သက်သာ ဖြတ်သန်းခွင့် ရှိနေပါရက်နဲ့ ဘယ်သူကများ အလကားနေရင်း ဆင်းရဲဒုက္ခတွေကို အောက်ခြေသိမ်း ခံစားချင်ပါ့မလဲဗျာ။ ရှင်းယန် ခရိုင်ဝန်မင်းကြီး ကိုယ်တိုင် တောင်မှ ဒီအရာတွေကို အတင်းအကျပ် မျိုချနေရလို့ တကယ့်ကို အခက်တွေ့နေရှာတာ မဟုတ်လား]
ဧကရာဇ်အိုကြီး၏ အကြည့်သည် ရှင်းယန်ခရိုင်ဝန်မင်းကြီးထံသို့ ချက်ချင်း ရွေ့လျားသွားခဲ့ပြီး ဂျုံလိပ်ဟင်းချိုကို ဝါးမျိုနေစဉ်အတွင်း သူ၏ နဖူးပြင်ပေါ်၌ အစိမ်းကွက် သွေးကြောကြီးများပင် ထောင်ထွက်နေသည်ကို ကွက်ကွင်းကွင်း သတိပြုမိလိုက်တော့သည်။ သူ၏ မေးရိုးကြွက်သားများ သဘာဝမကျဘဲ တောင့်တင်း နေမှုမှာလည်း လုံးဝ ဖုံးကွယ်၍ မရနိုင်ချေ။
အကယ်၍ လူတစ်ယောက်သည် ဤကဲ့သို့သော အစားအစာမျိုးကို နေ့စဉ်နှင့်အမျှ ပုံမှန်စားသောက်နေကျ ဖြစ်ပါက ဘယ်လိုနည်းနဲ့မျှ ဤမျှလောက်အထိ ဆိုးရွားလှသော တုံ့ပြန်မှုမျိုး ရှိနေလိမ့်မည် မဟုတ်ပေ။
[ဆန်းကြယ်လိုက်တာ၊ တကယ်လို့ ခရိုင်ဝန်မင်းကြီးကိုယ်တိုင်က ဒီဟင်းလျာကို အရသာမရှိဘူးလို့ ခံစားနေရတယ် ဆိုရင် ဘာဖြစ်လို့ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကျန်းကျိုးဘုရင်ခံကြီးကို သူ့ဇနီးသည်ရဲ့ ဂျုံလိပ်ဟင်းချိုဟာ အလွန်အမင်း အရသာရှိလှပါတယ်လို့ လျှောက်တင်ခဲ့ရတာလဲ… ဩော်၊ ဒါက လွန်ခဲ့တဲ့ ငါးနှစ်တုန်းက ကိစ္စကိုး]
[အင်း … ဒါဆိုရင်တော့ဖြင့် အဓိပ္ပာယ် ရှိသွားပြီ၊လွန်ခဲ့တဲ့ ငါးနှစ်လုံးလုံး စည်းစိမ်ချမ်းသာတွေကြားထဲမှာ သက်တောင့်သက်သာ နေထိုင်လာခဲ့ရပြီးမှတော့ အခုအချိန်မှာ ဒီလို ကြမ်းတမ်းတဲ့ အစားအစာကို ပြန်စားရတဲ့အခါ ခံနိုင်ရည် မရှိတော့တာ ပုံမှန်ပါပဲ]
[သူက ဒီအကြောင်းကို တစ်ခါပဲ ပြောခဲ့ဖူးတာကို ဘုရင်ခံကြီးက ဘာဖြစ်လို့ သေသေချာချာ မှတ်မိနေရတာလဲ၊ ခရိုင်ဝန်မင်းကြီးက ဒီဂျုံလိပ်ဟင်းချိုကို သောက်ရတာဟာ တကယ့်ကို တောဝက်ကြီးတစ်ကောင်က ကောက်ပဲ သီးနှံကောင်းတွေကို နှမြောစရာကောင်းအောင် ကိုက်ခဲစားသောက်နေရသလိုပဲလို့ ပြောင်လှောင်ကျီစယ်ပြီး ပြောခဲ့ဖူးလို့များလား]
ဧကရာဇ်အိုကြီး: “…”
သူသည် မိမိကိုယ်တိုင် တိုက်ရိုက်ပစ်မှတ်ထား၍ တိုက်ခိုက်စော်ကားခြင်း ခံလိုက်ရသကဲ့သို့ ရုတ်တရက် အပြင်း အထန် ခံစားလိုက်ရသည်။
ဧကရာဇ်အိုကြီး၏ စင်ယန်ခရိုင်ဝန်မင်းကြီးအပေါ် ထားရှိသော အကြည့်အစုံမှာလည်း ချက်ချင်းပင် ချဉ်စုတ်စုတ် နိုင်လှသော အမုန်းမျက်လုံးများအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။
[မင်းက ဘယ်သူ့ကို တောဝက်ကြီးလို့ ခေါ်နေတာလဲ]
[ပြီးတော့ သူက သူ့ရဲ့ဇနီးသည်ကို ဒီဂျုံလိပ်ဟင်းချိုမျိုးကို ဘယ်တော့မှ ထပ်ပြီး မချက်ဖို့ပါ သေသေချာချာ မှာကြားခဲ့သေးတာ၊ ဘဝမှာ အောင်မြင်ကျော်ကြားမှုတွေ ရရှိပြီးတဲ့နောက် ဘယ်သူကမှ ဒီလိုဝက်စာမျိုးကို ပြန်ပြီးတော့ မစားချင်ကြတော့ဘူးလို့ ပြောသေးတာ၊ ကံကောင်းလို့ ဧကရာဇ်က ဒီအကြောင်း မသိသွားတာ]
ဧကရာဇ်အိုကြီး၏ မျက်နှာပြင်ကြီးမှာ အလွန်အမင်း တောင့်တင်းသွားခဲ့ရပြီး သူ၏မျက်နှာပေါ်က အပြုံးများလည်း ရုတ်ချည်းပင် ကွယ်ပျောက်သွားခဲ့ရတော့သည်။
အခြားသော နန်းတွင်းအရာရှိကြီးများသည်လည်း ခေါင်းကို ပန်းကန်လုံးထဲသို့ အသည်းအသန် နစ်ဝင်မတတ် မြှုပ်နှံ လိုက်ကြပြီး ဤဂျုံလိပ်ဟင်းချိုကြီးမှာ ကမ္ဘာပေါ်တွင် အကောင်းတကာ့ အကောင်းဆုံး နတ်သုဒ္ဓါဟင်းလျာကြီး ဖြစ်နေသည့်အလား ပျာပျာသလဲ သောက်သုံးနေကြကာ မည်သူမျှ ခေါင်းကို မော့မကြည့်ရဲကြချေ။
ပတ်ဝန်းကျင်တစ်ခုလုံး၏ တင်းမာခက်ထန်နေသော အခြေအနေဆိုးကြီးကို လုံးဝ ရိပ်မိခြင်းမရှိရှာသော ခရိုင် ဝန်မင်းကြီးကမူ ရိုးရာ ဂျုံလိပ်ဟင်းချိုကြီးကို အံကြိတ်လျက် ပင်ပန်းကြီးစွာဖြင့် ဆက်လက်၍ မြိုချ တိုက်ပွဲဝင် နေဆဲပင် ဖြစ်သည်။
[နေဦး၊ စောစောတုန်းက ထွက်ပေါ်လာခဲ့တဲ့ ဖော်ပြချက်က…]
[အစေခံမိန်ကလေးက သခင်မကြီးကို လာပြောတဲ့အချက်မှာ ဧကရာဇ်အိုကြီးက ဂျုံလိပ်ဟင်းချိုကို သောက်ချင်လို့ ဘေးနားကနေ ကူညီပေးဖို့အတွက် တခြား အမျိုးသမီးတစ်ယောက်ကို သွားရှာခိုင်းတယ်လို့ ဆိုပါလား၊ ဒါဆိုရင် ဘာဖြစ်လို့ နောက်ပိုင်းကျမှ ၎င်းအမျိုးသမီးကို ‘စားဖိုမှူး’ လို့ ကွင်းစကွင်းပိတ်ပြပြီး သတ်မှတ်လိုက်ရတာလဲ]
[ငါ ကြည့်ကြည့်ဦးမယ် …]
ရှုရန်မြောင်၏ ရင်တွင်း ရေရွတ်သံက ရုတ်တရက် ကျယ်လောင်လာသည်။
[အာဟား …]
[ဘုန်းတော်ကြီးထန်ရဲ့ ဖခင်အတုအယောင် ဇာတ်လမ်းဆိုးကြီးအတိုင်းပါပဲလား]
ဧကရာဇ်အိုကြီး: “…”
*ဒါက ဘယ်လို အဓိပ္ပာယ် မရှိတာကြီးလဲ*
[ဝိုး၊ ရှင်းယန်ခရိုင်ရဲ့ ခရိုင်ဝန်မင်းကြီးအဖြစ် အစက တာဝန်ကျတဲ့သူက လမ်းခရီးမှာတင် သေဆုံးသွားခဲ့ပြီး သူနဲ့ တည်းခိုခန်း တစ်ခုတည်းမှာ အတူတကွ တည်းခိုနေခဲ့တဲ့ ဒီလူက သေဆုံးသူရဲ့ တရားဝင် ခန့်အပ်လွှာ သက်သေခံ လက်မှတ်တွေကို ခိုးယူပြီးတော့ ရာထူးကို ဗြောင်ကျကျ လိမ်လည်ရယူခဲ့တာပဲ]
ထိုခဏအထိ ဘေးနားတွင် တိတ်ဆိတ်စွာဖြင့် ဂျုံလိပ်ဟင်းချို သောက်နေခဲ့သော အိမ်ရှေ့စံ မင်းသားသည်လည်း ဤမျှလောက်အထိ အဆီအဝါးတည့်လှသော နန်းတွင်းအတွင်းသတင်းဆိုးကြီးကို ကြားလိုက်ရသည့်အခါတွင်မူ စိတ်ဝင်စားလွန်းလှသဖြင့် သူ၏ခေါင်းကို ဆတ်ခနဲ မော့လိုက်ပြီး မျက်နှာတစ်ခုလုံး ဝင်းပလှသော အပြုံးကြီးဖြင့် ခရိုင်ဝန်မင်းကြီးအား စေ့စေ့စပ်စပ် စိုက်ကြည့်နေခဲ့တော့သည်။
အယောင်ဆောင်ခြင်း။ ပြဇာတ်တွေထဲမှာပဲ တွေ့ရတတ်တဲ့ ဇာတ်ကွက်မျိုးက ယခု သူတို့၏ တကယ့် လက်တွေ့ ဘဝထဲတွင် ဖြစ်ပျက်နေပြီ မဟုတ်ပါလား။
စိတ်ဝင်စားစရာ ကောင်းလှပေသည်။
ခရီးစဉ်တွင် လိုက်ပါလာကြသော နန်းတွင်း အရာရှိကြီးများသည်လည်း မိမိတို့၏ တည်ငြိမ်လှသော မျက်နှာပေး များကို အတင်းအဓမ္မ ထိန်းချုပ်နေကြရရှာသော်လည်း ရင်ထဲက ပြင်းထန်လှသော စူးစမ်းချင်စိတ်ကြောင့် ခရို င်ဝန်မင်းကြီးဆီသို့ ခိုးကြောင်ခိုးဝှက် လှမ်း၍ ကြည့်မိခြင်းကိုမူ လုံး ဝမတားဆီးနိုင်ကြချေ။ စူးစမ်းချင်စိတ်က တကယ့်ကို အတိုင်းအဆမရှိ ကြီးမားလို့နေခဲ့လေသည်။ အယောင်ဆောင်ခြင်း။ ဇနီးသည် နှစ်ယောက်အား လက်ထပ်ထားခြင်း။ ထို့အပြင် ထိုဇနီးသည်ထဲက တစ်ယောက်က ယခုအချိန်တွင် နောက်တစ်ယောက်၏ လက်အောက်တွင် စားဖိုမှူးအဖြစ် လုပ်နေရသည်။
*ဒါ ဘယ်လို ဇာတ်လမ်းမျိုးလဲ*
ထိုအခိုက်တွင် ရှုရန်မြောင်သည် ရုတ်တရက် သတိပြန်ဝင်လာခဲ့ပြီး ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။
[ဘာဖြစ်လို့ ဧကရာဇ်အိုကြီးရဲ့ မျက်နှာကြီးက ဒီလောက် တင်းမာနေတာလဲ၊ သူ့ရဲ့မျက်နှာကို ညှစ်ထုတ်လိုက်ရင် တောင်မှ ရေတွေ စီးကျလာတော့မယ့်အတိုင်းပဲ၊ သူလဲပဲ ခရိုင်ဝန်မင်းကြီးရဲ့ နဖူးပေါ်က ထောင်ထွက်နေတဲ့ သွေးကြောတွေကို သတိပြုမိသွားလို့လား]
ဧကရာဇ်အိုကြီးသည် သူ၏ အားကိုးရဆုံးသော ကျင်းယီဝေ ကိုယ်ရံတော်အဖွဲ့၏ အသစ်ခန့်အပ်ထားသော တပ်မှူးကြီးကို ချက်ချင်းပင် ဆင့်ခေါ်လိုက်တော့သည်။ ယခင် တပ်မှူးဟောင်းကြီးမှာမူ စစ်မက်ရေးရာနှင့် နန်းတွင်း အတွင်းသတင်းများကို စုံစမ်းထောက်လှမ်းရန်အတွက် ကျီပေ နယ်မြေဆီသို့ ရာဇဝတ် အရာရှိကြီးအဖြစ် ရာထူးပြောင်းရွှေ့ တာဝန်ပေးခြင်း ခံထားရပြီး ဖြစ်သည်။
ဧကရာဇ်မင်းမြတ်သည် အလွန်အမင်း တိုးညှင်းတည်ငြိမ်လှသော လေသံဖြင့် အမိန့်တော်ချမှတ်လိုက်သည်။
တပ်မှူးကြီးသည်လည်း အမိန့်တော်အတိုင်း ချက်ချင်း ထွက်ခွာသွားခဲ့ပြီး နာရီဝက်ခန့်အကြာတွင်မူ အိမ်တော်၏ ခရိုင်ဝန်ကတော်နှင့်တကွ မီးဖိုချောင်ထဲက ၎င်းစားဖိုမှူးအဘွားအို နှစ်ဦးလုံးကို ဧကရာဇ်၏ ရှေ့မှောက်သို့ ကမန်းကတန်း ခေါ်ဆောင်လာခဲ့လေသည်။
ထိုနာရီဝက်ခန့်အတွင်းမှာတင် ရှင်းယန် ခရိုင်ဝန်မင်းကြီးသည် အခြေအနေတစ်ခုခု အကြီးအကျယ် မှားယွင်း နေပြီမှန်း ရိပ်မိသိရှိသွားခဲ့ရသည်။ သူသည် ခန္ဓာကိုယ်ကြီးတစ်ခုလုံး တောင့်တင်းစွာ ထိုင်နေခဲ့မိပြီး သူ၏ မျက်နှာပြင်မှာလည်း မိနစ်နှင့်အမျှ ပိုမို၍ ဖြူဖျော့ပြာနှမ်းလာသည်။
စွမ်းဆောင်ရည် အလွန်ထက်မြက်လှသော ကျင်းယီဝေ တပ်မှူးကြီးက ကြေညာလေသည်။
“အရှင်မင်းကြီး၊ အားလုံးကို အတည်ပြု စစ်ဆေးပြီးပါပြီ၊ ဒီရှင်းယန်ခရိုင်ဝန်မင်းကြီးက တကယ့်ကိုပဲ ရာထူးနေရာကို လိမ်လည် ရယူထားတဲ့ လူလိမ်တစ်ဦး ဖြစ်ပါတယ်”
(သို့သော်လည်း အမှန်စင်စစ်တွင်မူ ၎င်းတို့သည် အချိန်ဆွဲရန်အတွက်သာ မှတ်တမ်းဂိုဒေါင်ထဲ၌ စာရွက် စာတမ်းများကို ဟန်ဆောင်ပန်ဆောင် ရှာဖွေစစ်ဆေးခဲ့ကြခြင်း ဖြစ်ပေသည်။)
ထိုခဏ၌ပင် ရှုရန်မြောင်၏ စိတ်ထဲမှအသံ ထွက်ပေါ်လာပြန်သည်။
[ဝိုး၊ ကျင်းယီဝေတွေကတော့ တကယ်ကို အထင်ကြီးစရာ ကောင်းလွန်းတာပဲ၊ သူတို့သာ ဘေးနားမှာ ရှိနေရင် ဧကရာဇ်အနေနဲ့ နန်းတွင်းဝန်ကြီးတွေရဲ့ အတွင်းခံဘောင်းဘီ အရောင်ကအစ အလွယ်တကူ သိရှိနိုင်စွမ်း ရှိတယ်လို့ ကောလာဟလ ကြားဖူးတယ်]
ကျင်းယီဝေ တပ်မှူးကြီး:“…”
*ငါတို့က အဲ့လောက် အလွန်အကျွံ စူးစမ်းတတ်တာ မဟုတ်ပါဘူး၊ ငါတို့ ကျင်းယီဝေတွေဆိုတာ သာမန် စပိုင်တွေပါပဲ၊ ပြီးတော့ အရှင်မင်းကြီးကလဲ ဝန်ကြီးတွေရဲ့ အတွင်းခံဘောင်းဘီအရောင်ကို စိတ်ဝင်စားရ လောက်အောင်အထိ စိတ္တဇဆန်တဲ့သူ လုံးဝ မဟုတ်ပါဘူး*
ခရိုင်ဝန်ကတော်သည် ၎င်းစစ်ဆေးချက်ကို ကြားလိုက်ရသည့်အခါတွင်မူ မိမိ၏ခင်ပွန်းဖြစ်သူအား မယုံကြည် နိုင်ခြင်း၊ စိုးရိမ်ထိတ်လန့်ခြင်းနှင့် သံသယစိတ်များစွာ ရောပြွမ်းနေသော မျက်ဝန်းအစုံဖြင့် လှည့်ကြည့်လိုက်မိသည်။
“တစ်ခုခု ပြောပါဦး သခင်ကြီး”
သို့သော်လည်း ခရိုင်ဝန်မင်းကြီးအတုမှာမူ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေခဲ့ပြီး မည်သည့်စကားတစ်လုံးမျှပင် ထွက်ဆိုရဲခြင်း မရှိတော့ချေ။
ရှုရန်မြောင်သည် သနားစရာကောင်းလှသော ဇနီးသည်တစ်ဦးကို တစ်လှည့်၊ အခြားသော ဇနီးသည်တစ်ဦးကို တစ်လှည့်စီဖြင့် ကရုဏာသက်စွာဖြင့် လှည့်လည်ကြည့်ရှုလိုက်မိသည်။
[သူ ဘယ်လိုလုပ်ပြီး စကားပြောရဲပါ့မလဲ၊ စားဖိုမှူးဆိုတာက သူ၏ ဇနီးဦးလေ၊ သူမမှာ လူမျက်နှာကို ကောင်းစွာ ခွဲခြားမရတဲ့ ရောဂါ ရှိနေခဲ့ရင်တောင်မှ သူ့ရဲ့အသံကိုတော့ မှတ်မိတယ်လေ]
[ငါတော့ သူက တကယ့်ကို သံယောဇဉ်ကြီးတဲ့သူလား ဒါမှမဟုတ် နှလုံးသား မရှိတဲ့ ရက်စက်သူလားဆိုတာကို လုံးဝ ခွဲခြားလို့ မရတော့ဘူး၊ တကယ်လို့ သူက သံယောဇဉ်ကြီးတယ်ဆိုရင်ကော ဘာဖြစ်လို့ နောက်ထပ် အမျိုးသမီး တစ်ယောက်ကို ထပ်ပြီးတော့ လက်ထပ်ခဲ့ရတာလဲ၊ ဒါပေမဲ့ နှလုံးသား မရှိဘူးဆိုရင်ကော ဘာဖြစ်လို့ သူ၏ ဇနီးဦးကို လမ်းဘေးမှာ စွန့်ပစ်မထားခဲ့ဘဲ ဒီအိမ်တော်ထဲအထိ အတူတူ ခေါ်ဆောင်လာခဲ့ရတာလဲ]
ထိုအခိုက်တွင် ကျင်းယီဝေ တပ်မှူးကြီးက ထပ်မံ၍ ရှင်းပြလိုက်သည်။
“သခင်မကြီး၊ သခင်မကြီးအနေနဲ့ ဒီစားဖိုမှူးဆိုတာက သူ့ရဲ့ မူလ တရားဝင် ဇနီးသည်ဆိုတာကို မသိထား လောက်ပါဘူး”
စားဖိုမှူးသည် ထိုစကားကြောင့် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ရရှာသည်။
“လူကြီးမင်းတို့၊ ကျေးဇူးပြုပြီး မစနောက်ပါနဲ့၊ ကျမရဲ့ ယောကျ်ားက သခင်ကြီးရဲ့ အစေခံတစ်ဦးမျှသာ ဖြစ်ပါတယ်၊ သခင်ကြီးက သူ့ကို အရမ်း စိတ်ချလွန်းလို့ အမြဲတမ်း အဝေး ခရီးကိစ္စတွေကိုပဲ စေခိုင်းနေခဲ့တာပါ၊ ကျမတို့ ဒီနေရာကို ရောက်နေတာ ငါးနှစ် ရှိပြီဆိုပေမဲ့ လင်မယားအဖြစ်နဲ့ ကောင်းကောင်းမွန်မွန် အတူတူ ဆုံဆုံလင်လင် ဖြတ်သန်းခဲ့ရတဲ့ ညတာတွေဆိုတာ တကယ့်ကို လက်ချောင်းနဲ့ ရေတွက်လို့ရလောက်အောင်အထိ ရှားပါး လှပါတယ်”
ခရိုင်ဝန်မင်းကြီးသည် သူ့မျက်နှာကို သူ့အင်္ကျီလက်စဖြင့် တိတ်တဆိတ် ကွယ်ထားလေသည်။
[တကယ့်ကို ယုတ်မာတာပဲ၊ သူက ခရိုင်ဝန်မင်းကြီးရဲ့ သာမန်အစေခံတစ်ဦးအဖြစ် ဟန်ဆောင်လိုက်ပြီး သူ၏ ဇနီးဦးကို ‘ငါ ခရိုင်ဝန်မင်းကြီးရဲ့ အိမ်တော်မှာ မင်းအတွက် စားဖိုမှူးအလုပ်တစ်ခု ရှာပေးထားတယ်၊ သူတို့က အစားအသောက်နဲ့ နေစရာတွေကို အခမဲ့ ပေးမယ့်အပြင် တစ်နှစ်ကိုလည်း ငွေအသပြာ လေးပြား တိတိ ပေးဦးမှာကွ’ လို့ လိမ်လည်ဖြားယောင်းခဲ့တာကိုး၊ အဲဒီအချိန်တုန်းက ဇနီးဦးခမျာလဲ ကိုယ့်အိမ်ထောင်စု စီးပွားရေးကို တစ်ဖက်တစ်လမ်းကနေ ကူညီပံ့ပိုးပေးနိုင်တော့မယ်လို့ တွေးမိပြီး ဝမ်းမြောက်ဝမ်းသာနဲ့ပဲ လာရောက် အလုပ်အကျွေးပြုခဲ့ရှာတာ]
[သူမက ကိုယ့်ကိုယ်ကိုယ် မိသားစုအတွက် အသုံးဝင်တဲ့သူတစ်ဦးအဖြစ် ရင်ထဲမှာ ဂုဏ်ယူဝင့်ကြွားနေခဲ့တာ]
“ဖွီး”
အိမ်ရှေ့စံ မင်းသားသည် ဟင်းရည်များပင် သီးထွက်သွားခဲ့ရပြီး ဘေးသို့ အမြန်လှည့်ကာ တဟွတ်ဟွတ်ဖြင့် အပြင်းအထန် ချောင်းဆိုးလေတော့သည်။
*ဒါကြီးက ဘယ်လို အရှုပ်တော်ပုံကြီးလဲ*
မူလကနဦးတုန်းကမူ ဇာတ်လမ်းဆိုး/အရှုပ်တော်ပုံ ဟူသော စကားလုံးသည် ရှားပါးပြီး လှပသောအရာတစ်ခုကို ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရှုရန်မြောင်တစ်ယောက် အခန့်မသင့်တိုင်း ဤစကားလုံးကို သုံးစွဲ၍ တတွတ်တွတ် ညည်းတွားမြည်တမ်းတတ်ခြင်းကြောင့် သူ၏ ရင်တွင်းရေရွတ်သံများကို ကြားနိုင်စွမ်းရှိကြသော နန်းတွင်းသူ နန်းတွင်းသား အပေါင်းတို့သည်ကား ဤစကားလုံးကို ကြားရသည့်အခါတိုင်း ယခင်ကဲ့သို့ အလေးအနက် မတွေးတောနိုင်ကြတော့ချေ။
အခြားသော နန်းတွင်းအရာရှိကြီးများသည်လည်း ကျင်းယီဝေ တပ်မှူးကြီး၏ စစ်ဆေးချက်ကို ကြားလိုက်ရသဖြင့် ပိုမို၍ ရဲဝံ့လာကြကာ ခရိုင်ဝန်မင်းကြီးအတုအား အံ့ဩတုန်လှုပ်စွာဖြင့် ဗြောင်ကျကျ စိုက်ကြည့်လာကြတော့သည်။ ၎င်းတို့အားလုံး၏ စိတ်ထဲတွင်လည်း ဧကရာဇ်အိုကြီး ခံစားနေရသကဲ့သို့သော ခံစားချက်မျိုး ထပ်တူထပ်မျှ ပဲ့တင်ထွက်ပေါ်နေခဲ့သည်။
*ညီလာခံက တိုးတောင် တိုးတက်လာတော့ပါ့မလား*
ရှုရန်မြောင်၏ ရင်တွင်း စကားသံက သူတို့ကို အခိုင်အမာ ပြောလာ၏။
[မဖြစ်နိုင်တာ၊ အမွေးတူတဲ့ ငှက်တွေက အတူတူ ပျံသန်းကြတာ မဟုတ်လား]
[နေဦး၊ ဘာလဲဟ၊ လက်ရှိခရိုင်ဝန်ကတော်ဆိုတာက မူလခရိုင်ဝန်မင်းကြီးရဲ့ တစ်ခါမှတောင် မဆုံတွေ့ဖူးသေးတဲ့ ဇနီးလောင်း ဖြစ်နေတာပါလား]
[ရာထူးကို လိမ်လည်ရယူပြီးတော့ ဒီလူလိမ်က မူလခရိုင်ဝန်မင်းကြီးရဲ့ ဇနီးလောင်းကိုပဲ တရားဝင် လက်ထပ်ခဲ့တာ၊ သူမက သူက အယောင်ဆောင်မှန်း မသိဘူး၊ သူက သူမကို ‘ငါတို့အိမ်နီးနားချင်းက ဟိုးတုန်းက ငါ့အပေါ်မှာ အရမ်း ကောင်းခဲ့ဖူးတာ၊ ဒါကြောင့် သူ့ရဲ့ဇနီးကို ငါတို့အိမ်မှာ စားဖိုမှူးအဖြစ် ခန့်အပ်ပြီးတော့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးချင်တယ်’ လို့ လှည့်ဖြားပြောဆိုခဲ့တာကိုး]
[အဲ့တော့ မိန်းမက သူ့ယောက်ျားက သိပ်ကို ကြင်နာပြီး သံယောဇဉ်ကြီးတယ်လို့ ထင်သွားတာ]
[ဒီလှည့်ကွက်က … ဉာဏ်ကြီးရှင်ပဲ …]
ကျင်းယီဝေ ရဲမတ်များကမူ ရှုရန်မြောင်၏ ရင်တွင်းရေရွတ်ချက် စူးစမ်းမှုများကို သူတို့၏ စစ်ဆေး တွေ့ရှိချက်များအဖြစ် ပါးနပ်စွာ ထည့်သွင်းအသုံးချလိုက်ကြတော့သည်။
လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြပြီး ဇနီးသည် နှစ်ယောက်လုံး ထိတ်လန့် တုန်လှုပ်သွားကြသည်။
စာရေးသူ၏ မှတ်ချက်။
အရာရှိ အယောင်ဆောင်ခဲ့တဲ့ သမိုင်းကြောင်း ကိစ္စအချို့ကို ပြောပြချင်ပါတယ်။
ချင်မင်းဆက်:
ရာထူးအာဏာရှိ အရာရှိအဖြစ် ဟန်ဆောင်လိမ်လည်ခြင်း
လော့ချင်းယွင်သည် နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းတွင် အရှုံးပေါ်ကာ ဒေဝါလီခံခဲ့ရပြီး မိမိ၏ ဇာတိ နေရပ်သို့ပင် မပြန်ရဲတော့ဘဲ လမ်းခုလတ်၌ ပိတ်မိနေခဲ့သည်။ ထို့နောက်တွင်မူ သူသည် ငွေကြေးများ လိမ်လည် ချေးငှားနိုင်ရန်အတွက် မိမိကိုယ်ကို စစ်ဘက်ဆိုင်ရာ အရာရှိကြီးတစ်ဦး ဖြစ်ပါသည်ဟု အထောက် အထားမဲ့ ဗြောင်ကျကျ လိမ်လည်ပြောဆိုခဲ့သည်။
ဟူကျွင်းသည် အလှူရှင် အရာရှိတစ်ဦးအား နန်းတွင်းဘဏ္ဍာရေးဝန်ကြီးဌာန၏ အထူး ကိုယ်စားလှယ် တော်ကြီးအဖြစ် ဟန်ဆောင်ရန် နောက်ကွယ်မှနေ၍ သွေးထိုးလှုံ့ဆော်ခဲ့ပြီး၊ ၎င်းအကွက်ဖြင့် ငွေအသပြာပေါင်း မြောက်မြားစွာကို လိမ်လည်လှည့်ဖြား၍ မတရားရယူခဲ့သည်။
အရာရှိကြီးများ၏ ဆွေမျိုးသားချင်းအသွင် ဟန်ဆောင်ခြင်း
စွေ့ရှီယွီသည် မင်းသားတစ်ပါး၏ တော်ဝင်ဆွေမျိုးသားချင်း ဖြစ်ပါသည်ဟူသော စာရွက်စာတမ်း အတုများကို ကိုယ်တိုင်ဖန်တီးခဲ့ပြီး၊ အဆင့်မြင့် အသိုင်းအဝိုင်း အတွင်း စည်းစိမ်ဥစ္စာ မြောက်မြားစွာကို အောင်မြင်စွာ လိမ်လည်လှည့်ဖြား ရယူနိုင်ခဲ့သည်။
ရှုရှန့်ရန်သည် ဝန်ထမ်းရေးရာ ဝန်ကြီးချုပ်ကြီး၏ အစေခံ အရာရှိတစ်ဦး အဖြစ် ဟန်ဆောင်ပြီး ရန်ပုံငွေများကို မတရားလိမ်လည် ရယူခဲ့သည်။
မင်မင်းဆက်:
ဝန်ထမ်းရေးရာ ဝန်ကြီးဌာန၏ တရားဝင် အစီရင်ခံစာများအရ ကွယ်လွန်သွားခဲ့ကြပြီဖြစ်သော သို့မဟုတ် အရည်အချင်း မပြည့်မီသဖြင့် ရာထူးမှ ထုတ်ပယ်ခြင်းခံထားရသော အရာရှိဟောင်းများ၏ အမည်နာမကို သုံးစွဲ၍ အစားထိုး လဲလှယ်ကာ ရာထူး ရယူခြင်း၊ တရားဝင် ခန့်အပ်လွှာ သက်သေခံလက်မှတ်များကို အတုပြုလုပ်ခြင်းနှင့် နန်းတွင်း ရာထူးဘွဲ့တံဆိပ်များကို ခိုးယူရောင်းချခြင်း စသည့် လိမ်လည်မှုဆိုးကြီးများမှာ နိုင်ငံတော်အတွင်း အလွန်အမင်း ထကြွသောင်းကျန်းခဲ့ကြောင်း ဖော်ပြထားသည်။ ထိုခေတ်ကာလက အုပ်ချုပ်သူများအနေဖြင့် ၎င်းကဲ့သို့သော လိမ်လည်လှည့်ဖြားမှု အကျင့်ပျက်ခြစားမှုများကို ထိန်းချုပ်ဟန့်တားနိုင်ရန်အတွက် ပြင်းထန်လှသော ဥပဒေစိုးမိုးရေး စီမံချက်များကို ချမှတ်လုပ်ဆောင်ခဲ့ကြရပေသည်။
စာစဉ် ၆ ပြီးပါပြီ။