အလုံးအရင်းဖြင့်ထိုးစစ်ဆင်ခြင်း (၁)
Vol. 72 Ch. 1143
“ဟူး...”
လင်းရှန် ဆိုဖာပေါ်သို့ ခြေပစ်လက်ထိုင်ချလိုက်သည်၊၊ သူ့လက်ထဲရှိ ငွေရောင်ယဉ်ကျေးမှုစက်လုံးက နွေးထွေးမှုကို ထုတ်လွှတ်နေဆဲဖြစ်၏။ သူက သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ရင်း ကီကီကို လှမ်းကြည့်ကာ မေးလိုက်သည်။
“သူတို့ ငါနဲ့ အသိစိတ်ချိတ်ဆက်မှု ဘယ်လိုလုပ်လိုက်လဲဆိုတာ မင်းသိလား”
“ကျွန်မ နည်းနည်းတော့ ခန့်မှန်းမိတယ်”
ကီကီက ဆိုဖာနောက်မှီကို မှီလိုက်ပြီး ခြေထောက်ချိတ်ကာ တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာပြသည်။
“ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးက ထပ်တူပြုခြင်းကို လုပ်ဆောင်နိုင်တယ်ဆိုတော့ ဒါဟာ လူသားတွေနဲ့ မသက်ဆိုင်တဲ့ သတင်းအချက်အလက်ကွန်ရက်တစ်ခုခုကတစ်ဆင့် တည်ဆောက်ထားတာပဲဖြစ်ရမယ်။ ပြီးတော့ ဖီးနစ်က ဒါကို သတိပြုမိသွားလို့ ချူယန်ရဲ့ စိတ်ဝိညာဉ်စွမ်းရည်ကို သုံးပြီး ပြောင်းပြန်ကျူးကျော်ဝင်ရောက်ခဲ့တာမဟုတ်လား”
“တကယ်တော်တာပဲ”
လင်းရှန်က အံ့ဩတကြီးပြောလိုက်သည်။
“မင်းက ပါရမီရှင်ဟက်ကာတစ်ယောက်ဆိုတာ ငါမေ့တော့မလို့”
“ဟွန့်...” ကီကီက ပြုံးလိုက်ရာ သူမ၏ မျက်ဝန်းများက အရောင်တောက်သွားသည်။
“ဖောင်ဒေးရှင်းဟာ မျှော်စင်လူသားတွေရဲ့ နည်းပညာကတစ်ဆင့် ဖီးနစ်ထဲကို စိမ့်ဝင်နိုင်ခဲ့တာနေမယ်။ ဒါကြောင့် ရှင်က မျှော်စင်လူသားတွေရဲ့ မရိပ်မိနိုင်တဲ့ ကိုယ်ပိုင်ကွန်ရက်ကို သုံးပြီး သူတို့နဲ့ စိတ်ဝိညာဉ်ချိတ်ဆက်မှု တည်ဆောက်နိုင်ခဲ့တာပေါ့။ ဒါပေမဲ့ တစ်ခုခုတော့ ပေးဆပ်ခဲ့ရမှာပဲ။ ပြီးတော့ ဒါက ပုံမှန်နည်းပညာနဲ့ လုပ်လို့ရတာမဟုတ်ဘူး”
လင်းရှန်က ခေါင်းငြိမ့်ပြသည်၊၊
“ချူယန်က အာရုဏ်ဦးမြို့တော်မှာရှိတဲ့ အဲဒီ S-Classအဆင့်ရဲ့ ဦးနှောက်ဆဲလ်ကို သုံးပြီး သူမရဲ့ အသိစိတ်အပိုင်းတစ်ခုကို ခွဲထုတ်ပြီး အွန်လိုင်းတင်ခဲ့တယ်။ ဒါကြောင့်မလို့ ပရော်ဖက်ဆာယဲ့နဲ့ ငါ့ရဲ့ ဆက်သွယ်မှုက လျှို့ဝှက်လှုပ်ရှားတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့”
ကီကီက လင်းရှန်ကို စိုက်ကြည့်လိုက်သည်၊၊
“ဒါဆို ချူယန် ထွက်သွားတာက တကယ်တော့ ယဲ့လန်ရဲ့ လျှို့ဝှက်စီမံကိန်းပေါ့ ဟုတ်လား”
“မဟုတ်လောက်ဘူး”
လင်းရှန်က ပရော်ဖက်ဆာယဲ့နှင့် စကားပြောခဲ့သည်များကို ပြန်တွေးရင်း လေးနက်စွာ ပြောလိုက်သည်။
“ပရော်ဖက်ဆာက ငါ့ကို အသေးစိတ်တော့ မပြောပြခဲ့ဘူး။ ဒါပေမဲ့ ချူယန်က တစ်ခုခုကို ရိပ်မိသွားပုံရပြီး သူမရဲ့ အသိစိတ်ကို ခွဲထုတ်လိုက်တယ်လို့ ကြားရတယ်။ ဆိုလိုတာက... ထွက်သွားတဲ့သူဟာ မူလချူယန်မဟုတ်တော့ဘူး”
“အဲဒီလိုဆိုရင်တော့ ချူယန်က တကယ်ပဲ သစ္စာဖောက်သွားတာ ဖြစ်နိုင်တာပေါ့”
လင်းရှန်က ခေါင်းခါလိုက်ပြီး “အသိစိတ်ခွဲထုတ်ခံရတဲ့ ခံစားချက်က ဘယ်လိုရှိမလဲဆိုတာ ငါ မတွေးတတ်ဘူး။ ငါ သူမကို အတိုင်းအတာတစ်ခုအထိ ကောင်းကောင်းသိတယ်ဆိုပေမဲ့ အခုတော့ ငါလည်း မသေချာတော့ဘူး။ ဒါပေမဲ့ ဖောင်ဒေးရှင်းက သူမရဲ့ စိတ်ဝိညာဉ်စွမ်းရည်ကို အမြဲတမ်းအလေးအနက်ထားခဲ့တယ်။ အာခီစိုင်းမှာတုန်းကလည်း အနီရောင်ကမ္ဘာနဲ့ ဖောင်ဒေးရှင်းနှစ်ခုစလုံးရဲ့ ထိပ်တန်းပစ်မှတ်က သူမပဲလို့ သူမ ကိုယ်တိုင်ပြောခဲ့ဖူးတယ်။ ဒါကြောင့် သူမရဲ့ စွမ်းအားနဲ့ ဖောင်ဒေးရှင်းရဲ့ အလေးထားမှုအရဆိုရင်တော့ သူမ အသက်ရှင်နေဦးမယ်လို့ ငါထင်တယ်။ ကျန်တာကတော့...”
သူက စကားလမ်းကြောင်းလွှဲလိုက်ပြီး “အခု ချူယန်ရဲ့ အဲဒီခွဲထုတ်ထားတဲ့စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး ဖီးနစ်က ယဉ်ကျေးမှုစက်လုံးနဲ့ ဆက်သွယ်ထားတဲ့ အရင်းအမြစ်တော်တော်များများကို ပြောင်းပြန်ခြေရာခံနိုင်ခဲ့တယ်။ ပြီးတော့ အတွင်းပိုင်းက ပုန်ကန်သူအများအပြားကိုလည်း ဖော်ထုတ်နိုင်ခဲ့တယ်။ ဒီလိုကြည့်ရင်တော့ သူမဟာ လူသားတွေအတွက် အများကြီးအကျိုးဆောင်ပေးခဲ့ပြီးပါပြီ”
လင်းရှန်က စကားကို အကုန်မပြောသေးပေ။ စိတ်ဝိညာဉ်ချိတ်ဆက်မှု တည်ဆောက်နိုင်ခဲ့သည့်အပြင် ချူယန်က အိန်ဂျယ်၏ ဝါးမျိုခြင်းကို အပြည့်အဝခံလိုက်ရသည်ကို သူကိုယ်တိုင်မြင်ခဲ့ရသည်။ ထိုအရာကလည်း သူ့ကို ကာကွယ်ရန်အတွက်ဖြစ်၏။ ယခုအခါ လင်းရှန်သည် ချူယန်ပြောခဲ့သည့် စကားများကို တဖြည်းဖြည်းနားလည်လာခဲ့ပြီ ဖြစ်သည်။
“လူသားတွေဘက်က ကြည့်ရင်တော့ ဒါကို နားလည်ရခက်လိမ့်မယ်”
“ဒါပေမဲ့ လင်းရှန်... နင်ကတော့ လူသားတွေဘက်ကပဲ ကြည့်ပြီး ရပ်တည်ပေးလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”
“သစ္စာဖောက်လား” ကီကီက မေးလိုက်သည်။
“ဦးနှောက်ဆေးခံထားရတဲ့ ပုန်ကန်သူတွေလား”
“ဟုတ်တယ်”
လင်းရှန်က သတိပြန်ဝင်လာပြီး ကီကီကို ကြည့်ကာ ပြောလိုက်သည်။
“ပရော်ဖက်ဆာယဲ့ အထင်တော့ အမှောင်ဂိုဏ်းက အမှောင်သတ္တဝါတွေကို တကယ်ကြီးအမိန့်ပေးနိုင်စွမ်းမရှိဘူး။ သွေးနီရောင်ထဲမှာရှိတဲ့ သူတို့ရဲ့အခြေအနေကတောင် ငါတို့ထက် သိပ်ပိုကောင်းမှာ မဟုတ်ဘူး။ ဒါကြောင့်...”
“ကော်လိုရာဒိုနဲ့ ဟတ်ကိုမှာ ကြုံခဲ့ရတဲ့ တိုက်ခိုက်မှုတွေက လူသားတွေရဲ့ ပရိယာယ်ကြောင့်ပေါ့ ဟုတ်လား”
“ဖြစ်နိုင်ခြေအရမ်းများတယ်”
လင်းရှန်က အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်၊၊
“အာရုဏ်ဦးဗဟိုစင်တာရဲ့ စစ်မြေပြင်က အစိတ်စိတ်အမြွှာမြွှာကွဲသွားပြီး တံတားတွေလည်း ဖျက်ဆီးခံလိုက်ရတယ်။ ဖီးနစ်ရဲ့ စစ်ကူတွေတောင် တဖြည်းဖြည်းကြားဖြတ်ဟန့်တားခြင်းခံခဲ့ရတယ်။ အင်အားကြီးလက်နက်တွေ တပ်ဆင်ထားတဲ့ အင်အား ၃ သန်းရှိတဲ့ တပ်ဖွဲ့ကြီးက မထင်မှတ်ဘဲ မတူညီတဲ့ ရထားလမ်း ၁၂ ခုပေါ်မှာ လူစုကွဲသွားပြီး နောက်ဆုံးမှာ လုံးဝအဆက်အသွယ်ပြတ်တောက်သွားခဲ့ရတယ်။ သန္ဓေပြောင်းသတ္တဝါတွေက ဘယ်တုန်းကတည်းက ဒီလောက်အထိ ဉာဏ်ကောင်းသွားတာလဲ”
ဒါကို ကြားလိုက်ရသောအခါ ကီကီသည် မျက်လုံးများ ချက်ချင်းဝိုင်းသွားပြီး သဘောပေါက်သွားသည်၊၊
“ဖောင်ဒေးရှင်းက သွေးဆောင်ဖြားယောင်းဆေးရည်အမြောက်အမြားချခဲ့တဲ့ ပင်လယ်ကျောက်ဆောင်ကျွန်းက အတွေ့အကြုံမျိုးနဲ့ တူနေတယ်လို့ ကျွန်မ ထင်နေခဲ့တာ။ ဒါပေမဲ့ အခုကြည့်ရတာ အမှောင်ဂိုဏ်းက ဒါကို ကြိုတင်ကြံစည်ထားတာကြာပြီပဲ”
“မှန်တယ်”
လင်းရှန်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“သူတို့ရဲ့ ရည်ရွယ်ချက်က လူသားတွေရဲ့ အဓိကစစ်တပ်ကြီးကို တစ်ပြိုင်နက်တည်း ပြိုလဲပျက်စီးသွားအောင် လုပ်ဖို့ပဲ။ အာရှ-ပစိဖိတ်တိုက်ကနေ မြောက်အမေရိကအထိ ရှိတဲ့ အာရုဏ်ဦးဗဟိုစင်တာက လမ်းတစ်လျှောက်မှာ ကယ်ဆယ်ရေးမစ်ရှင်တွေ အကြိမ်ကြိမ်လုပ်ခဲ့တယ်။ တိုက်ပွဲပေါင်း ရာနဲ့ချီ၊ ထောင်နဲ့ချီ ဆင်နွှဲပြီး အသက်ရှင်ကျန်ရစ်သူတွေနဲ့ ရှင်သန်ရေးအရင်းအမြစ်တွေကို မရေမတွက်နိုင်အောင် ကယ်တင်ခဲ့တယ်။ အမှောင်ဂိုဏ်းကတော့ အဲဒီအင်အားစုတွေ စုမိပြီး အဓိကစစ်တပ်ကြီး စတင်ရွှေ့ပြောင်းမယ့်အချိန်ကို စောင့်ပြီးမှ သေစေနိုင်တဲ့ တိုက်ခိုက်မှုကို လုပ်လိုက်တာပဲ”
“အိုး... ကျွန်မတို့က တကယ်ကို အတွင်းရော၊ အပြင်ရောကပ်ဘေးတွေနဲ့ အကြီးအကျယ်ဒုက္ခရောက်နေတာပဲ”
ကီကီက ညင်သာစွာ သက်ပြင်းချလိုက်ပြီး “အဲဒီအမှောင်သတ္တဝါတွေ၊ တွင်းနက်တွေနဲ့ သွေးနီရောင်တွေကတင် စိတ်ပျက်စရာကောင်းနေတာကို… ကျွန်မတို့ ဘယ်နှလလောက် တောင့်ခံနိုင်ဦးမလဲတောင် မသိဘူး။ ဒါကို အတွင်းပုန်ကန်မှုတွေက ရှိသေးတယ်၊၊ ပြီးတော့ အဲဒီအမှောင်ဂိုဏ်းက စောက်ရူးတွေကလည်း...”
သူမက လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ယဲ့လန်က ရှင့်ကို ဒီလိုမျိုးလိုက်ရှာတယ်ဆိုတော့ ဝင်ရိုးစွန်းဒေသကို အမြန်ပြန်လာစေချင်လို့နေမှာ မဟုတ်လား”
လင်းရှန်က ရေရွတ်လိုက်သည်။
“ငါ ဒီသတင်းကို သိသွားရင် ချက်ချင်းပြန်လာမှာ မဟုတ်ဘူးဆိုတာ သူသိတယ်။ ဒါကြောင့် ငါ့ရဲ့ ကူညီပံ့ပိုးမှုကို သူသဘောတူခဲ့တာပဲ။ တစ်ချိန်တည်းမှာပဲ ဖီးနစ်ကလည်း ကူညီဖို့အတွက် ယူရှူးယာနဲ့ ဝင်ရိုးစွန်းခွန်းလွန်မှာ အင်အားစုတွေကို စုစည်းလိမ့်မယ်”
“ဝါး...”
ကီကီက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
“အခုမှပဲ…. ဖီးနစ်က ရှင့်ကို တကယ်ယုံကြည်ပုံရတယ်”
“သူတို့ ငါ့ကို မယုံကြည်ရင်တောင်မှ ရွေးချယ်စရာမှမရှိတာ”
လင်းရှန်က ကူကယ်ရာမဲ့စွာပြန်ဖြေလိုက်သည်။
“ငါမရှိရင်တောင် ဖီးနစ်က အဲဒီ လူ ၃ သန်းကျော်ကို လွယ်လွယ်နဲ့ အဆုံးရှုံးခံမှာ မဟုတ်ဘူး။ အခုအချိန်အထိ ဖီးနစ်၊ ညလမ်းလျှောက်သူ၊ မြောက်အမေရိကပေါင်းစည်းတပ်ဦး၊ စတားဖလိ့၊ ဥရောပမုန်တိုင်းမဟာမိတ်အဖွဲ့တို့က ကယ်ဆယ်ရေးအဖွဲ့တော်တော်များများကို အန္တရာယ်ဇုန်ထဲအထိ ဆက်တိုက်စေလွှတ်ခဲ့ပေမဲ့ ဘာမှထူးမလာခဲ့ဘူး။ ယူရှူးယာမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တွေလည်း မြောက်ဘက်ကို အင်အားတွေ ဆက်တိုက်စေလွှတ်နေပေမဲ့ အသေအပျောက်များတာပဲ အဖတ်တင်ခဲ့တယ်။ ရှီဝေတုံတို့လို ကင်းစခန်းထဲက လူတွေပဲ သွေးနီရောင်ထဲမှာ ကြိုးစားနေကြတယ်။ ဒါပေမဲ့ ရေမွန်တို့ရဲ့ စကားအရဆိုရင် ကျန်တဲ့လူက ဘယ်လောက်မှ မရှိတော့တာ ရှင်းနေတာပဲ...”
“ယန္တရားစွမ်းအားရှင်တစ်ယောက်အနေနဲ့ ဂြိုဟ်ပတ်ရထားလမ်း ပြဿနာကို ဖြေရှင်းဖို့အတွက်တော့ ငါ့ထက် ပိုသင့်တော်တဲ့သူမရှိဘူး။ ပြီးတော့ ချူယန်ရဲ့ စိတ်ဝိဉာဥ်အသိစိတ်ခွဲကြောင့် ဝင်ရိုးစွန်းဒေသကို လှမ်းပြီးဆက်သွယ်နိုင်တာလည်း ငါတစ်ယောက်ပဲရှိတယ်။ ဒါကြောင့် ငါ့ထက် ပိုသင့်တော်တဲ့သူ မရှိဘူးပြောတာ”
လင်းရှန်က ကီကီကို ကြည့်ကာ ပြောလိုက်သည်။
“သူတို့က ငါ့ကို ဒီကယ်ဆယ်ရေးမစ်ရှင်ရဲ့ စစ်သေနာပတိချုပ်အဖြစ် ခန့်အပ်ထားတယ်၊၊ မင်းက ငါ့ရဲ့ ပထမဆုံးစစ်သည်ပဲ”
“ဖူး… ဟား ဟား...”
ကီကီက ကိုယ်လုံးကိုကိုင်း၍ အူလှိုက်သည်းလှိုက်ရယ်မောလေသည်။
“ဒါဆို ကျွန်မတို့ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့မှာ ကျွန်မတို့နှစ်ယောက်ပဲ ရှိတာပေါ့။ ကျွန်မမရှိရင် ရှင်က အခြွေအရံမရှိတဲ့ ဗိုလ်ချုပ်ကြီးဖစ်နေမှာကို ကျွန်မကိုတောင် အမိန့်ပေးချင်သေးတယ်လား”
“အဟမ်း အဟမ်း...”
လင်းရှန်က ချောင်းဟန့်လိုက်ပြီး “လောလောဆယ်တော့ ဟုတ်တာပေါ့၊၊ ဒါပေမဲ့ မြောက်အမေရိကမှာ သံမဏိအစောင့်တပ်ရင်း နှစ်ခု၊ အထူးတပ်ဖွဲ့ ခြောက်ဖွဲ့နဲ့ လေတပ်သုံးခုလည်း ရှိသေးတယ်”
သူက အနီရောင်ဖီးနစ်တံဆိပ်ကို ထုတ်လိုက်ရင်း “အတွင်းက အစီအစဉ်တွေကို အဆင့်မြှင့်တင်ထားပြီးပြီ၊၊ အချိန်တန်ရင် ငါတို့လူတွေကို ရှာဖို့ ဒါကိုပဲ အားကိုးရမယ်”