← Chapters

ငရဲဘုံအလား (၁)

Vol. 72 Ch. 1145

ငရဲဘုံအလား (၁)

Vol. 72 Ch. 1145

ဤနေရာကား ပြာပူအတိကျနေသော မြေရိုင်းပြင်ကြီးဖြစ်၏။ အောက်ခြေရှိ သွေးနီရောင်သဲကန္တာရနှင့် ကျောက်ခဲများမှာ အဆုံးမရှိပျက်စီးဆွေးမြည့်နေပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် သွေးနီရောင်တစ်မျိုးတည်းသာ ကျန်ရှိတော့သည့်အလား မြေပြင်တစ်ခုလုံးကို ပိုမိုခြောက်ခြားဖွယ်ဖြစ်စေသည်။

သွေးနီရောင်နှင်းခဲများကို သယ်ဆောင်လာသော လေမုန်တိုင်းသည် မြေရိုင်းပြင်ကို ဖြတ်သန်းတိုက်ခတ်ရင်း မီးလောင်ပျက်စီးနေသော ရထားတွဲများ၊ မြုပ်လုနီးပါးဖြစ်နေသည့် သံချပ်ကာယာဉ်များနှင့် တစ်စစီကွဲအက်နေသော စစ်သင်္ဘောများကို ဖြတ်သန်းသွားသည်။ မြေပြင်ပေါ်တွင် အလောင်းများပြန့်ကျဲနေပြီး မီးခိုးလုံးများနှင့် သွေးညှီနံ့များမှာ အော့နှလုံးနာဖွယ်ကောင်းလောက်အောင် ပြင်းထန်နေ၏။ အေးခဲနေသော လူသေကောင်များပေါ်သို့ နှင်းခဲများ ပွတ်တိုက်သွားသံက ထူးဆန်းသော ငိုရှိုက်သံကဲ့သို့ ထွက်ပေါ်နေပြီး စွမ်းအားဝတ်စုံများ၏ အက်ကွဲကြောင်းများကြားမှ သွေးနီရောင် ပိုးကောင်ငယ်လေးများထွက်လာကာ သဲထဲသို့ ချက်ချင်း တိုးဝင်ပျောက်ကွယ်သွားကြသည်။

ခရက်…

မီးလောင်ကျွမ်းထားသည့် မည်းနက်နေသောရထားတွဲများမှာ အက်ကွဲနေသော ရထားလမ်းအောက်ခြေပေါ်သို့ စောင်းလျက်သား စိုက်ဝင်နေသည်။ ဆွေးမြည့်နေသော ခြေထောက်တစ်ဖက်က သွေးစွန်းနေသော ဖီးနစ်အဖွဲ့တံဆိပ်ကို နင်းခြေကာ ပြာပုံထဲသို့ ဖိသွင်းလိုက်ပြီးနောက် အသံခပ်အုပ်အုပ်ဖြင့် အော်ဟစ်ကာ ဝေးရာသို့ ပြေးသွားတော့သည်။ မြူခိုးများထဲရှိ အသားစိုင်များကြားမှ လွှသွားကဲ့သို့သော အရိုးလက်တံသုံးခု ထွက်ပေါ်လာပြီး မုန်တိုင်းထဲတွင် ရူးသွပ်စွာ ကခုန်နေကြ၏။

မိုးကုပ်စက်ဝိုင်းတစ်ခုလုံး ဆူပွက်နေသည်။ ရာနဲ့ချီ၊ ထောင်နဲ့ချီ၊ သောင်းနဲ့ချီသော သွေးနီရောင်ဖုတ်ကောင်များသည် ငရဲစစ်တပ်ကြီးကဲ့သို့ သွေးမြူများထဲတွင် လှိုင်းလုံးကြီးများနှယ် တိုးဝှေ့လှုပ်ရှားကာ ရှေ့သို့ ပြေးလွှားနေကြသည်။ မြေပြင်ပေါ်တွင်မူ ဆန်းပြားထူးဆန်းသော အလောင်းကောင်ပိုးမွှားမျိုးစုံနှင့် သိပ်သည်းလှသော သွေးနီရောင်ကင်းခြေများများ ပြည့်နှက်နေ၏။

သွေးနီရောင်ကောင်းကင်တွင် ရေနံပိုက်လိုင်းကဲ့သို့ တုတ်ခဲပြီး တစ်ပိုင်းတစ်စဖောက်မြင်နေရသော လက်တံရာပေါင်းများစွာသည် တိမ်တိုက်များထဲမှ တွဲလောင်းကျနေသည်။ ထိပ်ဖျားရှိ ဂန္ဓမာပန်းပွင့်ကဲ့သို့သော စုပ်ခွက်များက ရုတ်တရက် ပွင့်အာလာပြီး မြေပြင်ပေါ်သို့ ဝှေ့ယမ်းလိုက်သည့်အခါ သဲလှိုင်းများကို ထကြွစေသည်။ ၎င်းတို့ လိမ့်ဆင်းသွားသည့် အကြိမ်တိုင်းတွင် ကျယ်ပြောလှသော မြေပြင်ပေါ်ရှိ စွမ်းအင်တန်းပေါင်းများစွာက သွေးမြူထဲတွင် လင်းလက်တုန်ခါသွားကြသည်။

ဤနေရာမှာ မြောက်အမေရိက အရီဇိုးနား ကော်လိုရာဒိုချောက်ကမ်းပါးကြီးဖြစ်၏။ အနောက်ဘက် သံမဏိထင်ရှူးမြစ်ဝှမ်းမှသည် ကီလိုမီတာ ရာပေါင်းများစွာ ဝေးကွာသော ကြယ်နက်လွင်ပြင်အထိ အရာအားလုံးတုန်ခါနေသည်။ နားကွဲလုမတတ် တိုက်ပွဲမုန်တိုင်းသံများသည် တောင်ဘက် ကျောက်တုံးနီချောက်ကမ်းပါးကြီးအထိ ကီလိုမီတာဆယ်ဂဏန်းခန့် ရှည်လျားနေပြီး အရှေ့ဘက်ခြမ်းရှိ သံမဏိထင်ရှူးမြစ်ဝှမ်းမှာမူ ငရဲမီးဖိုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ပြင်းထန်သော သွေးမြူများထဲတွင် ကွေ့ကောက်နေသော ကမ္ဘာပျက်ကပ်ရထားတစ်စင်းသည် သွေးနီရောင်ဒီရေလှိုင်းများကို ဖြတ်သန်းကာ ဖြည်းညှင်းစွာ ရွေ့လျားနေသည်။ သွေးမြူများက အဝေးရှိမြင်ကွင်းကို ဖုံးကွယ်ထားသဖြင့် ထိုရထားမှာ မြူထဲရှိ သံမဏိနဂါးကြီးတစ်ကောင်ကဲ့သို့ ရှေ့ကိုလည်း မမြင်ရ၊ အဆုံးသတ်ကိုလည်း မသိနိုင်ချေ။

တိုက်ပွဲစစ်မျက်နှာက ဘယ်လောက်အထိ ရှည်လျားနေသည်ကို မည်သူမျှမသိကြပေ။ ဤဒေသအတွင်း၌ စစ်မြေပြင်ရာပေါင်းများစွာ စုစည်းနေပြီး အရပ်မျက်နှာအနှံ့သို့ ပစ်ခတ်နေကြကာ စစ်မျက်နှာတိုင်းက ဆုတ်ခွာနေကြရသည်။

သွေးနီရောင်ဖုတ်ကောင်တပ်ကြီး နီးကပ်လာသည်နှင့်အမျှ သိပ်သည်းလှသော အမြောက်သံများမှာ ပို၍နားကွဲလုမတတ်ဖြစ်လာသည်။ ကောင်းကင်ကို ဆုတ်ဖြဲမည့်အလား ပိတ်ဆို့ထားသော မီးကျည်တန်းများသည် သွေးနီရောင်ထဲရှိ Kursk တိုက်ပွဲကြီးကဲ့သို့ပင်။

ကော်လိုရာဒို ကျောက်‌‌ဆောင်နီမြစ်ဝှမ်း၏ အရှေ့ဘက် ကီလိုမီတာအနည်းငယ်အကွာ သံမဏိထင်ရှူးမြစ်ဝှမ်းဒေသတွင် အမြောက်မီးတောက်များသည် မြောက်ဘက်မှသည် ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင်များ ပြည့်နှက်နေသော ချိုင့်ဝှမ်းမည်းကြီးတစ်ခုအထိ ဆန့်တန်းနေသည်။ နဂိုက အရီဇိုးနား ကျောက်ဖြစ်ရုပ်ကြွင်းတောအမျိုးသားဥယျာဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သော်လည်း အခုအခါတွင်မူ ဤသစ်ခြောက်တောမည်းကြီးက လောင်ကျွမ်းနေသော ငရဲဘုံမြေရိုင်းနှင့် တူနေတော့သည်။

ကွေ့ကောက်နေသော ရထားလမ်းပေါ်တွင် ရွေ့လျားမြို့တော်တစ်ခုကဲ့သို့ အထူးမွမ်းမံထားသည့် သုံးထပ်တိုက်ကြီးများသဖွယ် အလွန်ကြီးမားသော တိုက်ကြီးဖြတ်ရထားကြီး ရှိနေသည်။ ၎င်းတွင် သိပ်သည်းလှသော ပစ်ခတ်စနစ်များ၊ လက်နက်ငယ်များ၊ စွမ်းအင်လက်နက်များ အားလုံးပါဝင်နေပြီး ဆူးချွန်များ ထောင်နေသည့် သွေးနီရောင်မြွေဆိုးကြီးတစ်ကောင်ကဲ့သို့ အောက်ခြေပျက်စီးနေသော ရထားလမ်းပေါ်တွင် ဖြည်းညှင်းစွာ လျှောတိုက်သွားနေ၏။ အချို့ရထားတွဲများမှာ ပြင်းထန်စွာ မီးလောင်ကျွမ်းနေပြီး သွေးနီရောင်မြူများက ပစ်ခတ်မှုမုန်တိုင်းကို ဖောက်ထွက်လာသော မိုးပျံသတ္တဝါဆိုးများကို ဖုံးလွှမ်းထားသည်။ ၎င်းတို့က ပျက်စီးနေသော ရထားတွဲများထဲမှ အသက်ရှင်ကျန်ရစ်သူများကို ကိုက်ခဲကာ စူးစူးဝါးဝါးအော်ဟစ်သံများထွက်ပေါ်စေပြီးနောက် တစ်ယောက်ကို ဆွဲချီကာ ပျံသန်းသွားကြသည်။ သို့သော် လေထုထဲတွင်ပင် ပစ်ခတ်ခံရကာ ပြန်လည်ပြုတ်ကျသွားကြ၏။ ဒရုန်းကြီးများက ကူညီရန် ပျံသန်းလာကြပြီး တောက်လောင်နေသော မီးတောက်များက ရထားတွဲ သံချပ်ကာပေါ်တွင် ရေးဆွဲထားသော စာများကို လင်းထိန်သွားစေသည်။

ဥရောပ-အာရှဖြတ်ကျော် ကမ္ဘာပျက်ကပ်ရထား - ယူတိုးပီးယာ

တောမီးက လမ်းတစ်လျှောက်လုံး ကူးစက်နေသည်။ ပြင်းထန်သော သွေးနီရောင်ထဲတွင် ရထား၏ အဆုံးသတ်ကို မမြင်နိုင်ချေ။ ကောင်းကင်တွင်မူ စစ်သင်္ဘောအုပ်စုတစ်စုက ရထား၏ ခံစစ်လိုင်းကို ကာကွယ်ရန် အနိမ့်ပျံသန်းနေကြပြီး လေကြောင်းတိုက်ခိုက်ရေး ဂျက်လေယာဉ်များက မုန်တိုင်းတိမ်တိုက်များကို ဖြတ်သန်းကာ ဟိန်းဟောက်နေကြသည်။ တစ်ချိန်တည်းမှာပင် နောက်တန်းမြေပြင်၌ လေးလံသော တင့်ကားများနှင့် သံချပ်ကာအစောင့်တပ် ထောင်ကျော်က ခံစစ်လိုင်းတစ်ခု ပြုလုပ်ထားပြီး သွေးနီရောင်ထဲမှ ပြေးထွက်လာသော အဆုံးမရှိသည့် ဖုတ်ကောင်ဒီရေလှိုင်းကို ခုခံနေကြသည်။ ဆူပွက်နေသော ဒီရေလှိုင်းနှစ်ခုမှာ ဆူနာမီလှိုင်းကြီးနှစ်ခုကဲ့သို့ အချင်းချင်းတိုက်မိကာ မီးခိုးလုံးများ ပေါက်ကွဲထွက်ပေါ်နေ၏။

တီ တီ တီ

အခြေစိုက်ယာဉ်ကြီးတစ်စီးအတွင်း၌ အမှတ် (၂) တိုက်ကြီးတပ်ဖွဲ့၏ ကွပ်ကဲစင်တာသည် လူသတ်ငွေ့များဖြင့် ပြည့်နှက်နေသည်။ ကင်းထောက်တပ်ဖွဲ့၏ သတင်းအချက်အလက်စခန်းက တိုက်ပွဲသတင်းများကို ရူးသွပ်စွာ ပြန်လည်ပေးပို့နေပြီး သတိပေးသံများဆက်တိုက်မြည်နေ၏။

၎င်းတို့အနက် ဝတ်စုံရှည် ဝတ်ဆင်ထားပြီး ဆံပင်ဖြူနေသော တပ်မှူးတစ်ဦးသည် မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုအချို့ရှိနေသော်လည်း ယခုအခါတွင်မူ တိုက်ပွဲအခြေအနေများကို ပြသနေသည့် စစ်ဆင်ရေးမျက်နှာပြင်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေသည်။

“သတင်းပို့ပါတယ်” သတင်းအချက်အလက်စခန်းမှ အရာရှိတစ်ဦးက လှည့်ပြောလိုက်သည်။

“လိုင်း ၄ နဲ့ လိုင်း ၅ က ပြင်းထန်တဲ့ သွေးနီရောင်ဒီရေလှိုင်းကို ထောက်လှမ်းမိပါတယ်။ ကြယ်နက်လွင်ပြင် H အရပ်မျက်နှာကနေ အလုံးအရင်းနဲ့ ပေါက်ကွဲထွက်လာတာပါ”

လော့ရှောင်ခိုင်ဟု အမည်ရသော ထိုလူကြီးမှာ အမှတ် (၂)တိုက်ကြီးတပ်ဖွဲ့၏ တပ်မှူးဖြစ်၏။ သူက အခြားအရပ်မျက်နှာရှိ သတင်းအချက်အလက်စခန်းကို လှည့်ကြည့်ကာ မေးလိုက်သည်။

“အရှေ့ဘက်ကကော”

“သတင်းပို့ပါတယ် အရှေ့ဘက်က နဂါးခွန်ပန်တပ်ဖွဲ့က အရေးပေါ် စစ်ကူလိုနေပါတယ်၊၊ မြေပြင်တပ်ဖွဲ့တွေရဲ့ အကူအညီကို တောင်းခံနေပါတယ်”

တပ်မှူးလော့၏ မျက်ဝန်းများစူးရှသွားပြီး ချက်ချင်း အမိန့်ပေးလိုက်သည်။

“တပ်ရင်း ၂ နဲ့ တပ်ရင်း ၃ ကို အကြောင်းကြားလိုက်… ဘယ်ဘက်ခြမ်းကို ပိတ်ဆို့ထား… ဟာကွက် မရှိစေနဲ့။ တပ်ရင်း ၄၊ ၆၊ ၇ နဲ့ မီကာတပ်ရင်းနှစ်ခုက အရှိန်မြှင့်လိုက်။ သံမဏိအစောင့်တပ်ရင်း ၁၃က အဲဒီတောင်ကြားလမ်းကနေ ဆုတ်ခွာရမယ်။ သူတို့ မိနစ် ၂၀ အတွင်း သံမဏိထင်ရှူး ၂၇၁၃ ကျောက်ဆောင်စခန်းကို သေချာပေါက် သိမ်းပိုက်ရမယ်။ ပြီးတော့ မီးကျောက်တုံးတပ်ဖွဲ့ကို အမြင့်မြှင့်ပြီး AF ဧရိယာကို ဖိနှိမ်ခိုင်းလိုက်...”

ဒက် ဒက် ဒက် အုန်း အုန်း

မိုင်ပေါင်းများစွာ ဝေးကွာသော ကြယ်နက်လွင်ပြင်ပေါ်တွင် ကမ္ဘာပျက်ကပ်ယာဉ်ထောင်ပေါင်းများစွာက မီးခိုးများနှင့် ဖုန်မှုန့်များကို တလူလူထစေလျက် ထိုးစစ်ဆင်နေကြပြီး ဖြည်းညှင်းစွာ ရွေ့လျားနေသော ရထားနောက်မှ လိုက်ပါကာ ပြောက်ကျားစစ်ပွဲဆင်နွှဲနေကြသည်။ အပြင်ဘက်အစွန်းတွင်မူ သံမဏိအစောင့်တပ်ရင်း ၂၂၏ မီကာတပ်ရင်းနှစ်ခုနှင့် ဒရုန်းလေတပ်ခွဲတို့က တိုက်စစ်နှင့် ခံစစ်ကို တာဝန်ယူထားကြ၏။ မီးနတ်ဘုရားမီကာရာပေါင်းများစွာက သံမဏိမဟာတံတိုင်းကြီးကဲ့သို့ အတန်းလိုက်ရွှေလျားကာ မီးနတ်ဘုရားအမြောက်များနှင့် မီးမှုတ်စက်များက သွေးနီရောင်ထဲရှိ မွန်းစတားဒီရေလှိုင်းများဆီသို့ ဖျက်ဆီးခြင်းမီးလျှံများကို အဆက်မပြတ်မှုတ်ထုတ်နေကြသည်။ ၎င်းတို့နောက်ကွယ်တွင်မူ စွမ်းအားဝတ်စုံဖြင့် စစ်သည်တော်များက တင့်ကားများနှင့် မီကာအမျိုးမျိုးကို အကာအကွယ်အဖြစ် အားကိုးကာ ထိုးစစ်လိုင်းဖြင့် ပစ်ခတ်နေကြ၏။

“တပ်မှူး... အမိန့်အရ ကျွန်တော်တို့ ရှေ့တိုးပြီး ရထားတွဲအပိုင်း ၉၅ ကို အကာအကွယ်ပေးဖို့ အနည်းဆုံး ၁၂ ကီလိုမီတာ ရှေ့တိုးရမယ်”

All Chapters