အခန်း ၁၄၁
Vol. 15 Ch. 141
အခန်း - ၁၄၁
ရဲအရာရှိအချို့ တိုက်ငယ်လေးအတွင်းသို့ ဝင်ရောက်သွားသည်နှင့်အမျှ ရှီလဲ့၏ မျက်ဝန်းများ အေးစက်သွားပြီး ကြိုးမဲ့နားကြပ်ထဲသို့ တိုးတိုးလေး အမိန့်ပေးလိုက်သည်။
"စန်းဖောင်... ဖောက်ခွဲလိုက်တော့"
ထိုအချိန်တွင် ထွက်ပြေးတိမ်းရှောင်နေသော ကျန်းစန်းဖောင်သည် အဝေးထိန်းခလုတ်ကို ချက်ချင်း နှိပ်လိုက်တော့သည်။
လပ်တော့ပ်၏ စောင့်ကြည့်မျက်နှာပြင်ပေါ်တွင် မီးတောက်များ နေရာအနှံ့ ကူးစက်သွားပြီး နှစ်ထပ်တိုက်ငယ်လေးမှာ မြေပြင်နှင့်တစ်သမတ်တည်း ပြာပုံအတိ ဖြစ်သွားခဲ့ရသည်။ တင်းမာသောမျက်နှာနှင့် သက်လတ်ပိုင်း ရဲအရာရှိကြီးမှာမူ ပေါက်ကွဲမှု၏ တုန်ခါမှုဒဏ်ကြောင့် နောက်သို့ လွင့်စင်သွားပြီး ပါးစပ်မှ သွေးအိုင်အန်ထွက်သွားခဲ့ရ၏။
တိုကျိုမြို့တော် ရဲဌာနချုပ်တွင်မူ ဆိုက်ဘာလုံခြုံရေးဌာနခွဲ၏ အကြီးအကဲဖြစ်သူ အီနာကာအာဆု သည် ဖုန်းမှတစ်ဆင့် ထွက်ပေါ်လာသော ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးကို မျက်နှာပျက်ပျက်နှင့် နားထောင်နေခဲ့ရသည်။
ဖုန်းချလိုက်ပြီးနောက် အီနာကာ အာဆု၏ နားထင်တွင် အကြောပြိုင်ပြိုင်များ ထောင်တက်လာခဲ့သည်။ သူသည် စိတ်ခံစားချက်ကို ထိန်းချုပ်ရန် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် အခြားနံပါတ်တစ်ခုကို ထပ်မံနှိပ်လိုက်ပြန်သည်။
“E... Plan R က ပေါက်ကြားသွားပြီ၊ အခု အခြေစိုက်စခန်းလည်း ပျက်စီးသွားပြီ”
ကုဒ်နံပါတ် 'E' ဟု အမည်ရသော အေးဂျင့် E က အော်ဟစ်လိုက်သည်။ "ဘာလဲ X... မင်း ဘာပြောလိုက်တာလဲ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ Plan R နဲ့ ပတ်သက်သမျှ အားလုံးက လျှို့ဝှက်ချက်ပဲလေ၊ ဘယ်သူမှ သိနိုင်စရာ အကြောင်းမရှိဘူး"
အီနာကာ အာဆု၏ အမှန်စင်စစ် ကုဒ်နံပါတ်မှာ 'X' ဖြစ်ပြီး သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုမှ အေးဂျင့်တစ်ဦး ဖြစ်သည်။ သူက သက်ပြင်းချရင်း
"E... နံပါတ်သုံးက အခုလေးတင်ပဲ Plan R အခြေစိုက်စခန်းမှာ ပြဿနာတက်နေတယ်လို့ လာသတင်းပို့တယ် အဲဒီနောက်မှာပဲ ပြင်းထန်တဲ့ ပေါက်ကွဲသံကို ငါကိုယ်တိုင် ကြားလိုက်ရတာ ငါ့အထင်တော့ Plan R က တကယ့်ကို ဒုက္ခအကြီးအကျယ် ရောက်သွားပြီ ထင်တယ်" ဟု အားကိုးရာမဲ့စွာ ပြောလိုက်သည်။
"X... ငါ အဲဒါတွေကို ဂရုမစိုက်ဘူး မင်း ချက်ချင်းပဲ ဆူမီဒါရပ်ကွက် ရဲဌာနချုပ်ကို ဖိအားပေးပြီး ဒီကိစ္စကို သေသေချာချာ စုံစမ်းခိုင်းလိုက် တစ်ပြိုင်နက်တည်းမှာပဲ လူမှုလုံခြုံရေး စစ်ဆေးရေးဌာနခွဲနဲ့ ယာဉ်န္တရာယ်ကင်းရှင်းရေး စစ်ဆေးရေးဌာနခွဲတွေကို ဆက်သွယ်ပြီး ဗီဒီယိုမှတ်တမ်းအားလုံးကို တောင်းယူလိုက်ပါ သံသယဖြစ်ဖွယ် လူတွေကို ခွဲခြမ်းစိတ်ဖြာဖို့အတွက် မင်း လူအင်အားကို ချက်ချင်း စုစည်းလိုက်တော့"
အေးဂျင့် E က စိတ်တိုဒေါသထွက်စွာဖြင့် ပြောလိုက်၏။
"E... ငါ ဒီကိစ္စကို ကိုင်တွယ်လိုက်ပါ့မယ် ပြီးတော့ အထက်လူကြီးတွေဆီ အစီရင်ခံစာ တင်ပြနိုင်ဖို့ 'S' ကိုလည်း တစ်ဆင့် ပြောပြပေးပါဦး" အီနာကာ အာဆုသည် ဖုန်းချလိုက်ပြီး သူ၏ နားထင်ကို ပြင်းပြင်းထန်ထန် ပွတ်သပ်နေမိသည်။
'မကြာသေးခင်က ဘာတွေ ဖြစ်ပျက်နေတာလဲ ပထမဆုံး ရှာနိုင်ငံက ဟက်ကာတွေက ငါတို့ဗျူရိုရဲ့ အစီအစဉ်တွေကို ဝင်ရောက်နှောင့်ယှက်တယ်၊ ပြီးတော့ ဆူမီဒါရပ်ကွက်ထဲက ပေါက်ကွဲမှု၊ အခုကျတော့ Plan R ကပါ ပေါ်သွားပြန်ပြီ ဘယ်သူက ငါတို့ကို နောက်ကွယ်ကနေ ကစားနေတာလဲ'
ခီဒါဟိုတယ်၏ အပြင်ဘက်ရှိ ကော်ဖီဆိုင်လေးတစ်ခုတွင် ရှီလဲ့သည် ကျွမ်းကျင်လှသော ဂျပန်ဘာသာစကားဖြင့် "မန်နေဂျာ... ငွေရှင်းမယ်" ဟု ပြောလိုက်သည်။
စားပွဲထိုးလေး ရောက်လာသောအခါ ရှီလဲ့က ပြုံးလျက် UBS ခရက်ဒစ်ကတ်ကို ထုတ်ပေးကာ "အားနာပါတယ်ဗျာ၊ ကျွန်တော့်ဆီမှာ လက်ငင်းငွေသား မပါလာလို့ ကတ်နဲ့ ပေးချေလို့ ရမလား" ဟု မေးလိုက်သည်။
"ရပါတယ် ခင်ဗျာ၊ ဒီဘက်ကို ကြွပေးပါ ကတ်နဲ့ ငွေပေးချေမှုကို ကောင်တာမှာ လုပ်ဆောင်ပေးပါတယ်" စားပွဲထိုးလေးက ရှီလဲ့ကို ကောင်တာဆီသို့ လမ်းပြပေးခဲ့သည်။
UBS ခရက်ဒစ်ကတ်ကို အသုံးပြုပြီးနောက် ရှီလဲ့၏ မျက်ဝန်းတွင် အောင်နိုင်သူ အပြုံးတစ်ခု ပေါ်ထွက်လာသည်။ ခရက်ဒစ်ကတ်ဖြင့် ငွေပေးချေမှု မှတ်တမ်းသည် သူ ယခုဖြစ်စဉ်တွင် ပါဝင်ခြင်းမရှိကြောင်း ပြသရန် အကောင်းဆုံးသော အပြစ်မရှိကြောင်း သက်သေပင် ဖြစ်တော့သည်။
ခီဒါဟိုတယ်သို့ ပြန်ရောက်သောအခါ ရှီလဲ့သည် အခန်းထဲသို့ ဝင်၍ လပ်တော့ပ်ကို အားသွင်းလိုက်သည်။ ထို့နောက် နားကြပ်မှတစ်ဆင့်
"လျန်ဇီ... မင်းတို့ အခု ဘယ်နား ရောက်နေပြီလဲ"
ဟု မေးလိုက်၏။
"သူဌေး.. ကျွန်တော်တို့ အိုရှီးမား ပန်းခြံထဲမှာ သက်သေအချို့ကို ဖျက်ဆီးနေပါတယ်၊ ပြီးရင်တော့ နေအိမ်ကို ချက်ချင်း ပြန်ကြပါ့မယ်" မာလျန်က ပြန်ဖြေသည်။ "ဒါနဲ့ သူဌေး... ကျွန်တော်တို့ ရှာတွေ့ခဲ့တာ USB drive တစ်ခုတည်းပဲ ရှိတယ်ဗျ"
ရှီလဲ့ စိတ်ထဲ လှုပ်ရှားသွားပြီး "မင်းတို့ ပြန်ရောက်တာနဲ့ အဲဒီ USB drive ထဲမှာ ဘာတွေပါလဲဆိုတာ အရင် စစ်ဆေးကြည့်လိုက် အော်... ပြီးတော့ ပြန်ရောက်တာနဲ့ ကြိုးမဲ့စကားပြောစက်တွေ အပါအဝင် အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ကြ... ဘာသက်သေမှ ကျန်ခဲ့လို့ မဖြစ်ဘူး ဘေးကင်းတာက အကောင်းဆုံးပဲ" ဟု ပြောလိုက်သည်။
မာလျန်က ခပ်ဟဟ ရယ်မောရင်း
"သူဌေး... စိတ်ချပါ၊ ကျွန်တော် နားလည်ပါတယ်"
"ပြီးတော့ မင်းတို့ သုံးခဲ့တဲ့ LOK-18 သေနတ်တွေက မှတ်တမ်းကျန်ခဲ့နိုင်လို့ အားလုံးကို တခါတည်း ဖျက်ဆီးပစ်လိုက်" ရှီလဲ့က ဆက်၍ မှာကြားလိုက်သည်။
"ပြန်ရောက်ရင်တော့ စကားပြောခန်းကနေပဲ ဆက်သွယ်ကြမယ် ယဲ့ဖုန်းကိုလည်း ကြိုးမဲ့စကားပြောစက်ကို အခုပဲ ဖျက်ဆီးပစ်ဖို့ အကြောင်းကြားလိုက်ဦး"
"ဟုတ်ကဲ့ပါ"
ရှီလဲ့သည် ကြိုးမဲ့နားကြပ်ကို ချွတ်လိုက်သည်။ ၎င်း၏ အရွယ်အစားမှာ ဘလူးတုသ်နားကြပ်တစ်ခုနီးပါး သေးငယ်လှသည်။ ရှီလဲ့သည် ၎င်းကို အိတ်ကပ်ထဲသို့ ထည့်လိုက်ပြီး ဖျက်ဆီးပစ်ရန် အခွင့်အရေးကို စောင့်ဆိုင်းလိုက်သည်။
သူ အချိန်ကို စစ်ဆေးလိုက်ရာ မွန်းတည့် ၁၂ နာရီ ရှိလုနီးပြီ ဖြစ်သည်။ ရှီလဲ့သည် သူ၏ လပ်တော့ပ်မှတစ်ဆင့် အောနီပွန်လေကြောင်းလိုင်း၏ ရွှမ်ချင်းမြို့သို့ တိုက်ရိုက်ပျံသန်းမည့် လေယာဉ်လက်မှတ်ကို ဘွတ်ကင်လုပ်ကာ နေရပ်သို့ ပြန်ရန် ပြင်ဆင်လိုက်တော့သည်။
ဂျပန်နိုင်ငံသို့ လာရခြင်း၏ အကြီးမားဆုံး ရည်ရွယ်ချက်မှာ အောင်မြင်သွားခဲ့ပြီ ဖြစ်ပြီး၊ ရာဖေးလ်ကိုပါ ကစားနိုင်ခဲ့သဖြင့် ရှီလဲ့အနေဖြင့် အလွန် စိတ်ကျေနပ်မှုကို ခံစားနေရသည်။ ရာဖေးလ်၏ လျှို့ဝှက်ချက်ကို အပြည့်အဝ ရှာမတွေ့ခဲ့သော်လည်း ထိုနှစ်ထပ်တိုက်ငယ်လေးကို ဖျက်ဆီးပစ်လိုက်ခြင်းက ဂျပန်အာဏာပိုင်များ၏ အာရုံစိုက်မှုကို ရရှိစေခဲ့သည်။ ရာဖေးလ်အနေဖြင့်လည်း ဤလျှို့ဝှက်ချက်ကို အလွယ်တကူ လက်ဝယ်ပိုင်ဆိုင်နိုင်တော့မည် မဟုတ်ပေ။
လပ်တော့ပ်ကို စကားပြောခန်းထဲသို့ ချိတ်ဆက်ထားရင်း မာလျန်နှင့် ကျန်းစန်းဖောင်တို့ USB drive နှင့်အတူ အွန်လိုင်းတက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ ထို USB drive သည် သူ့အတွက် ကြီးမားသော အံ့သြစရာတစ်ခုကို ယူဆောင်လာပေးလိမ့်မည်ဟု ရှီလဲ့ တစ်ထောက်စာ ခံစားနေရသည်။
နာရီဝက်ကျော် ကြာပြီးနောက် ရဲ့ဖုန်း၏ အသံသည် လပ်တော့ပ် စပီကာမှ ထွက်ပေါ်လာခဲ့သည်။
"သူဌေး... လျန်ဇီတို့ ပြန်ရောက်ပါပြီ"
ရှီလဲ့သည် လပ်တော့ပ်ရှေ့တွင် ထိုင်လိုက်ပြီး
"ယဲ့ဖုန်း... လျန်ဇီကို အဲဒီ USB drive ကို ကွန်ပျူတာမှာ အမြန်ချိတ်ခိုင်းပြီး ဘာပါလဲဆိုတာ ကြည့်ခိုင်းလိုက်" ဟု ပြောလိုက်၏။
"ဟုတ်ကဲ့" ယဲ့ဖုန်းသည် ကွန်ပျူတာရှေ့မှ ဖယ်ပေးကာ မာလျန်ကို ထိုင်ခိုင်းလိုက်သည်။
မာလျန်သည် USB drive ကို ထုတ်ယူကာ ကွန်ပျူတာ၏ USB ပေါက်တွင် ထိုးစိုက်လိုက်သည်။ ကွန်ပျူတာ၏ ညာဘက်အောက်ခြေတွင် USB drive ပုံမှန်အလုပ်လုပ်ကြောင်း ပြသသည့် ဝင်းဒိုးတစ်ခု ပေါ်လာခဲ့သည်။ သို့သော်လည်း မာလျန်က ၎င်းကို ဖွင့်ရန် ကြိုးစားလိုက်ချိန်တွင် စကားဝှက် ရိုက်နှိပ်ရန် ဘောက်စ်တစ်ခု ပေါ်ထွက်လာခဲ့သည်။
"ဘော့စ်... USB drive က ဖွင့်လို့မရဘူးဗျ၊ စကားဝှက် တောင်းနေတယ်"
ရှီလဲ့ ခေတ္တမျှ တုံ့ဆိုင်းသွားပြီးမှ— "လျန်ဇီ... အဲဒီ USB ကို ဘာမှမလုပ်နဲ့ဦး ငါ့ဆီကိုပဲ လွှဲလိုက်တော့" ဟု ပြောကာ လပ်တော့ပ်မှတစ်ဆင့် ယဲ့ဖုန်း၏ ကွန်ပျူတာထဲသို့ လှမ်း၍ ချိတ်ဆက်ကာ စကားဝှက်တောင်းသည့် ဘောက်စ်ကို စစ်ဆေးလိုက်သည်။
စကားဝှက်ဘောက်စ်မှာ အလွန်ရိုးရှင်းပြီး စကားဝှက်ရိုက်ရန် နေရာတစ်ခုနှင့် 'OK' ၊ 'Cancel' ခလုတ်နှစ်ခုသာ ပါရှိသည်။
ရှီလဲ့သည် စကားဝှက်ကို ခန့်မှန်းရန် မကြိုးစားဘဲ ထိုဘောက်စ်ကို တိုက်ရိုက် ဖျက်ရန် ပြင်ဆင်လိုက်သည်။ စူပါကွန်ပျူတာ 'ယန်' ၏ စွမ်းဆောင်ရည်ကို အသုံးပြုကာ ထိုစကားဝှက်ဘောက်စ်၏ တည်ဆောက်ပုံကို လျင်မြန်စွာ ဖော်ထုတ်လိုက်တော့သည်။
ပြန်လည်ဖော်ထုတ်လိုက်ရရှိသော ရင်းမြစ်ကုဒ်များ ကို မြင်လိုက်ရချိန်တွင် ရှီလဲ့၏ ရင်မှာ ဒိန်းခနဲ တုန်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ဤစကားဝှက်ဘောက်စ်မှာ သာမန်မဟုတ်ဘဲ 'ထောင်ချောက်တစ်ခု' မျှသာ ဖြစ်နေသောကြောင့် ဖြစ်သည်။
မည်သည့်စကားဝှက်ကိုပဲ ရိုက်ထည့်ပါစေ ၎င်းသည် 'စကားဝှက်မှားယွင်းနေပါသည်' ဟုသာ အမြဲပြသမည်ဖြစ်ပြီး ထို့နောက်တွင် USB drive အတွင်းရှိ ဗိုင်းရပ်စ်စနစ်က အလိုအလျောက် အလုပ်လုပ်ကာ ပါဝင်သမျှ ဒေတာအားလုံးကို အပြီးတိုင် ဖျက်ဆီးပစ်မည် ဖြစ်သည်။
ဤစကားဝှက်ဘောက်စ်ကို အမှန်တကယ် ကျော်ဖြတ်နိုင်မည့် နည်းလမ်းမှာ 'Cancel' ခလုတ်ကို နှိပ်ရန် ဖြစ်သည်။ ထိုအခါ ပယ်ဖျက်ရန် သေချာပါသလားဟု မေးမြန်းသည့် ဒုတိယအဆင့် အတည်ပြုချက်ဘောက်စ် ထွက်ပေါ်လာမည် ဖြစ်သည်။
ထို ဒုတိယဘောက်စ်တွင်လည်း 'Cancel' ကို ထပ်မံနှိပ်မှသာ မူလစကားဝှက်ဘောက်စ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ပြီး ထိုအချိန်ကျမှ 'OK' ကို တိုက်ရိုက်နှိပ်ရမည် ဖြစ်သည်။
ရှီလဲ့သည် စူပါကွန်ပျူတာ 'ယန်' ၏ တွက်ချက်မှုရလဒ်အတိုင်း လိုက်လံလုပ်ဆောင်လိုက်ရာ စကားဝှက်ဘောက်စ်မှာ ပျောက်ကွယ်သွားသော်လည်း အသစ်စက်စက် စကားဝှက်ဘောက်စ်တစ်ခု ထပ်မံပေါ်ထွက်လာခဲ့ပြန်သည်။
ထို စကားဝှက်ဘောက်စ်အသစ်ကို မြင်သောအခါ ရှီလဲ့သည် စိတ်ပျက်သွားခြင်းမရှိဘဲ ပို၍ပင် ဝမ်းသာသွားခဲ့သည်။ ဤ USB drive ၏ လုံခြုံရေးစနစ်က ပိုမိုတင်းကျပ်လေလေ၊ အတွင်း၌ ပါဝင်သော အချက်အလက်များက ပိုမိုအရေးကြီးပြီး လျှို့ဝှက်ဆန်းပြားလေလေ ဖြစ်ရမည် မဟုတ်ပါလား။
သူသည် စူပါကွန်ပျူတာ 'ယန်' ကို အသုံးပြု၍ ထိုစကားဝှက်ဘောက်စ်ကို ထပ်မံဖျက်ဖို့ လုပ်ရန် ပြင်လိုက်သည်။ သို့သော်လည်း စူပါကွန်ပျူတာ 'ယန်' က ၎င်းဘောက်စ်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် တစ်ပြိုင်နက် USB drive အတွင်းမှ ဝှက်ထားသော ကွန်ရက်ချိတ်ဆက်မှု သတင်းစကားတစ်ခုသည် တိတ်တဆိတ် ထွက်ပေါ်လာပြီး အင်တာနက်နှင့် ချိတ်ဆက်ကာ ပြင်ပသို့ အချက်အလက်များ ပေးပို့ရန် ကြိုးစားတော့သည်။
ရှီလဲ့သည် USB drive ၏ အခြေအနေကို အမြဲမပြတ် စောင့်ကြည့်နေသူဖြစ်ရာ ထိုကွန်ရက်ချိတ်ဆက်မှု ပေါ်လာသည်နှင့် ၎င်းကို ချက်ချင်း ဖမ်းဆီးလိုက်ပြီး ပေးပို့ရန် ကြိုးစားနေသည့် ပစ်မှတ်လိပ်စာကို ခွဲခြမ်းစိတ်ဖြာလိုက်တော့သည်။
ထို ချိတ်ဆက်မှုသတင်းအချက်အလက်ကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ရှီလဲ့သည် IP လိပ်စာတစ်ခုကို ရှာတွေ့ခဲ့သည်။ ထို IP လိပ်စာကို မြင်လျှင် မြင်ချင်း ရှီလဲ့သည် အလွန် ရင်းနှီးနေခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရို၏ IP လိပ်စာ ဖြစ်နေသောကြောင့်ပင်။
'အဲဒီ နှစ်ထပ်တိုက်ငယ်လေးက အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုနဲ့ သက်ဆိုင်နေတာလား' ဟု ရှီလဲ့ စိတ်ထဲမှ တွေးတောရင်း စူပါကွန်ပျူတာ 'ယန်' ၏ လုပ်ဆောင်ချက်ကို ရပ်တန့်လိုက်ကာ စကားပြောခန်းအတွင်း ပြောလိုက်သည်။ "လျန်ဇီ... ဒီ USB drive ကို ငါ့ဆီ အမြန်ဆုံး ပို့ပေး"
"ဟုတ်ကဲ့ပါ" မာလျန်က ချက်ချင်း တုံ့ပြန်သည်။
"နေဦး ယဲ့ဖုန်းကိုပဲ ငါ့ဆီ လာပို့ခိုင်းလိုက်တော့ မင်းနဲ့ စန်းဖောင်ကတော့ ဒီရက်ပိုင်း ငြိမ်ငြိမ်လေးပဲ နေကြဦး မင်းတို့ရဲ့ ဂျပန်စကားက သိပ်မကျွမ်းကျင်သေးတော့ ရဲတွေ လမ်းမှာ စစ်ဆေးတာနဲ့ တိုးရင် လွတ်ဖို့ မလွယ်ဘူး"
ရှီလဲ့က အဖက်ဖက်မှ သေသေချာချာ စဉ်းစားပြီး မှာကြားလိုက်သည်။
"ယဲ့ဖုန်း... ငါ အခုပဲ ဟာနီဒါလေဆိပ်ကို သွားတော့မယ် မင်း အဲဒီ USB ကို ယူပြီး ဟာနီဒါလေဆိပ်ကို သွားမယ့် လမ်းတစ်ဝက်က ရှန်ယွမ်ကုန်တိုက်မှာ ငါ့ကို စောင့်နေပါ အဲဒီကျမှ USB ကို ငါ့လက်ထဲ တိုက်ရိုက်ပေးလိုက်တော့"
"ပြဿနာမရှိပါဘူး"
ယဲ့ဖုန်းက ပြန်ဖြေသည်။
"စကြစို့"
ရှီလဲ့သည် စကားပြောခန်း၏ ဒေတာများကို ရှင်းလင်းလိုက်ပြီးနောက် လပ်တော့ပ်ကို ပိတ်လိုက်သည်။ ထို့နောက် ဓာတ်လှေကားစီးကာ ခီဒါဟိုတယ်၏ ကောင်တာတွင် အခန်းအပ်လိုက်တော့သည်။
လပ်တော့ပ်ကို ကိုင်ဆောင်ကာ ရှီလဲ့သည် တက္ကစီတစ်စီးကို ငှားရမ်းပြီး ရှန်ယွမ်ကုန်တိုက်သို့ ရောက်ရှိလာခဲ့သည်။ ယဲ့ဖုန်းသည် ကုန်တိုက်အပြင်ဘက် ပလာဇာ၏ ကင်မရာကွယ်ရာ နေရာတစ်ခုတွင် ရပ်နေခဲ့သည်။
ရှီလဲ့သည် သူ၏အနားသို့ လျှောက်လှမ်းသွားပြီး ယဲ့ဖုန်း၏ လက်ထဲမှ USB drive ကို တိုက်ရိုက်ယူလိုက်ကာ တိုးတိုးလေး မှာကြားလိုက်သည်။
"ငါ ပြည်တွင်း ပြန်ရောက်မှ ပြန်ဆက်သွယ်ကြမယ်"
စကားပြောပြီးနောက် နှစ်ဦးသား လျင်မြန်စွာ လမ်းခွဲလိုက်ကြသည်။ ရှီလဲ့သည် ဟာနီဒါလေဆိပ်သို့ အပြင်းမောင်းနှင်ခဲ့၏။ လေဆိပ်သို့ ရောက်ရှိချိန်တွင် ရှီလဲ့သည် ရွှမ်ချင်းမြို့သို့ တိုက်ရိုက်ပျံသန်းမည့် အောနီပွန်လေကြောင်းလိုင်း လေယာဉ်လက်မှတ်ကို ထုတ်ယူလိုက်သည်။ လုံခြုံရေးစစ်ဆေးရေးဂိတ်သို့ ရောက်သောအခါ ရှီလဲ့၏ အထုတ်အပိုးတွင် လပ်တော့ပ်တစ်လုံးနှင့် USB drive တစ်ခုသာ ပါရှိသဖြင့် အပိုအလုပ်ရှုပ်ခံ စစ်ဆေးခြင်းမရှိဘဲ လုံခြုံရေးဂိတ်ကို တိုက်ရိုက် ကျော်ဖြတ်နိုင်ခဲ့သည်။
လေဆိပ်စောင့်ဆိုင်းခန်းအတွင်းတွင် ရှီလဲ့သည် လပ်တော့ပ်ကို ကိုင်ထားရင်း ဆူမီဒါရပ်ကွက်၏ သတင်းများကို စစ်ဆေးနေခဲ့သည်။ သမုဒ္ဒရာကုန်တိုက်၏ အတွေ့အကြုံကြောင့် ရဲတပ်ဖွဲ့သည် ဒါဟဲနှင့် ဒါဆန်းကုန်တိုက်များ၏ အမျိုးသားအိမ်သာ လေဝင်လေထွက်ပေါက်များအတွင်း တပ်ဆင်ထားသော အချိန်ကိုက်ဗုံးနှစ်လုံးကို အချိန်မီ ရှာဖွေတွေ့ရှိကာ အောင်မြင်စွာ ဖြုတ်နိုင်ခဲ့ကြသည်။ အခြားသော ရှီလဲ့ လုပ်ကြံဖန်တီးထားခဲ့သည့် ၁၂ နေရာမှာမူ ရဲတပ်ဖွဲ့၏ သေသေချာချာ စစ်ဆေးမှုအပြီးတွင် သတင်းမှားများသာ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ရှီလဲ့သည် ရဲတပ်ဖွဲ့၏ အတွင်းကွန်ရက်ထဲသို့ ကျူးကျော်ဝင်ရောက်ခြင်းမရှိဘဲ အများပြည်သူဆိုင်ရာ သတင်းမှတ်ချက်များကိုသာ လိုက်လံဖတ်ရှုနေခဲ့သည်။ NHK ရုပ်သံလိုင်း၏ စစ်တမ်းများအရ ဤဗုံးခွဲမှုများကို တာတာဘန်အဖွဲ့အစည်းက လုပ်ဆောင်ခြင်း ဖြစ်သည်ဟု တိုက်ရိုက် သတ်မှတ်ထားကြသည်။
သို့သော်လည်း စိတ်မကောင်းစရာမှာ တာတာဘန်အဖွဲ့က ၎င်းတို့လက်ချက်ဖြစ်ကြောင်း မကြေညာမီမှာပင် အယ်လ်ကိုင်ဒါအဖွဲ့အစည်းက ဂျပန်နိုင်ငံ ဆူမီဒါရပ်ကွက်အတွင်း ဖြစ်ပွားခဲ့သော ဗုံးခွဲတိုက်ခိုက်မှုများမှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာလိုက်ခြင်းပင် ဖြစ်သည်။
အယ်လ်ကိုင်ဒါ အဖွဲ့အစည်း၏ အမည်ကို လူအချို့ မသိရှိကြသော်လည်း ၎င်း၏ အခြားအမည်တစ်ခုဖြစ်သည့် 'အယ်လ်ကေဒါ' ဟု ပြောလိုက်လျှင်မူ လူတိုင်း သေချာပေါက် သိရှိကြပေလိမ့်မည်။
အယ်လ်ကေဒါအဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာပြီးနောက် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသည် နက်ရှိုင်းသောအမုန်းတရားများဖြင့် ပြည့်နှက်နေသည့် ရှုတ်ချပွဲကို ချက်ချင်း ပြုလုပ်ခဲ့သည်။ သို့သော်လည်း အကဲခတ်သမားမှန်သမျှက ဤဖြစ်စဉ်သည် အယ်လ်ကေဒါအဖွဲ့၏ လက်ချက် လုံးဝမဟုတ်ကြောင်း သိရှိနေကြသည်။
မွန်းလွဲ ၁ နာရီခန့်တွင် အောနီပွန်လေကြောင်းလိုင်း လေယာဉ်ပေါ်ရှိ ပထမတန်းနေရာတွင် ရှီလဲ့ ထိုင်နေခဲ့သည်။ သူ၏ ဘေးတွင် တည်ငြိမ်ပြီး တုန်လှုပ်မှုမရှိသော အသက်လတ်ပိုင်း အမျိုးသားကြီးနှစ်ဦး ထိုင်နေကြသည်။ ရှီလဲ့သည် သူတို့ကို အကဲခတ်ကြည့်ရင်း တစ်နေရာရာတွင် မြင်ဖူးသကဲ့သို့ ရင်းနှီးမှုကို ခံစားလိုက်ရသည်။
ထိုအမျိုးသားကြီးနှစ်ဦးအနက် တစ်ဦးက ရှီလဲ့ကို ကြည့်ကာ ပြုံးလျက်
"မင်္ဂလာပါ လူငယ်လေး"
ဟု နှုတ်ဆက်လိုက်သည်။
ရှီလဲ့ကလည်း ပြုံး၍ "မင်္ဂလာပါ ခင်ဗျာ" ဟု ပြန်လည်နှုတ်ဆက်လိုက်၏။
"လူငယ်လေး... မင်းကလည်း ရွှမ်ချင်းမြို့ကပဲလား ဒီတစ်ခေါက် ဂျပန်ကို လာတာ အလည်အပတ် ခရီးစဉ်လား" ထိုအမျိုးသားကြီး၏ လေသံထဲတွင် စူးစမ်းလိုစိတ်အချို့ အနည်းငယ် ပါဝင်နေသည်။
ရှီလဲ့ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီးမှ
"ဟုတ်ကဲ့၊ ကျွန်တော်က ရွှမ်ချင်းမြို့ကပါ ဂျပန်ကို လာရတာကတော့ သူတို့နိုင်ငံရဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေကို လာရောက်ခံစားတာပါပဲ ဒါနဲ့ အစ်ကိုကြီးတို့ကော ဂျပန်ကို ဘာကိစ္စနဲ့ လာတာလဲ၊ ခင်ဗျားတို့လည်း ဂျပန်ရဲ့ ထူးခြားတဲ့ စရိုက်တွေကို လာခံစားတာပဲလား"
ဟု ပြန်လည်မေးမြန်းလိုက်သည်။
ထိုအခါ ဘေးတွင် ထိုင်နေသော အခြား တည်ကြည်လွန်းသည့် အမျိုးသားကြီးတစ်ဦးက ရှီလဲ့ကို စူးစိုက်ကြည့်ကာ "ရိုင်းစိုင်းလိုက်တာ" ဟု ငေါက်ငမ်းလိုက်တော့သည်။
သို့သော်လည်း ရှီလဲ့ကို စတင်နှုတ်ဆက်ခဲ့သည့် အမျိုးသားကြီးကမူ အားရပါးရ ရယ်မောလိုက်ပြီး
"ကောင်လေး... မင်းပြောတာ မှန်တယ်" ဟု ပြောလိုက်၏။
ရှီလဲ့ကလည်း ပြုံးလျက်သာ တုံ့ပြန်လိုက်သော်လည်း ဤအမျိုးသားကြီးနှစ်ဦးမှာ မည်သူများ ဖြစ်နေမလဲဆိုသည်ကို စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိတော့သည်။