← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း - ၁၄၃

နားကပ်သည် ရှီလဲ့ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါ ဝမ်းသာအားရဖြင့်

“အစ်ကိုရှီ... ခင်ဗျား နောက်ဆုံးတော့ ပြန်ရောက်ပြီပေါ့”

ဟု အော်ဟစ်လိုက်တော့သည်။

“ဘာတွေ ဖြစ်ကုန်တာလဲ”

ရှီလဲ့က ထပ်မံမေးမြန်းလိုက်၏။

“အစ်ကိုရှီ... Judgment Security Strategies Limited (JSSL) နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့လူတွေထဲက တစ်ယောက်က လျှို့ဝှက်ချက်ကို ပေါက်ကြားအောင် လုပ်လိုက်တယ်ဗျာ... အဲဒါကြောင့်မို့လို့ ကျွန်တော်နဲ့ အဆက်အသွယ်ရှိတဲ့ လူမိုက်တွေအကုန်လုံးက ကျွန်တော်တို့ကုမ္ပဏီထဲကို ဝင်ခွင့်ရဖို့ လာပြီး တောင်းပန်နေကြတယ် အခုဆိုရင် လူအင်အားက တစ်ရာကျော်တောင် ရှိနေပြီဗျ”

နားကပ်တစ်ဖက်က အနည်းငယ် အားနာတုန်လှုပ်စွာဖြင့်

“အစ်ကိုရှီ... ခင်ဗျား ဘယ်လိုထင်လဲဗျာ” ဟု မေးလိုက်သည်။

ရှီလဲ့ ခေတ္တမျှ တွေးတောမိသွားသည်။ လုံခြုံရေးကုမ္ပဏီသည် ယခုမှ စတင်တည်ထောင်ခါစ အဆင့်သာ ရှိသေးသဖြင့် ဤမျှများပြားသော လူအင်အားကို သေချာပေါက် တာဝန်ယူနိုင်မည် မဟုတ်ပေ။

“နားကပ်တစ်ဖက်... သတင်းကို ဘယ်သူ ဖြန့်လိုက်တာလဲဆိုတာ မင်း စုံစမ်းပြီးပြီလား”

ရှီလဲ့၏ လေသံမှာ မည်သည့် စိတ်ခံစားချက်မျှ ပါဝင်ခြင်းမရှိရာ သူ ဒေါသထွက်နေသလား၊ သို့မဟုတ် အခြားစိတ် သဘောထားရှိသလားဆိုသည်ကို ခန့်မှန်းရန် လုံးဝ မဖြစ်နိုင်ပေ။

နားကပ်တစ်ဖက်က ပြန်ဖြေသည်။

“တောင်းပန်ပါတယ် အစ်ကိုရှီ၊ ကျွန်တော်တို့ အခုထိ စုံစမ်းလို့မရသေးဘူးဗျ အဲဒီကောင်တွေ အကုန်လုံးက သူတို့လက်ချက်မဟုတ်ဘူးလို့ပဲ ငြင်းနေကြတယ်”

“စုံစမ်းလို့မရရင်လည်း ထားလိုက်တော့ ဒါနဲ့ ငါ မင်းကို ရှာခိုင်းထားတဲ့ နေရာကိစ္စကော ဘာထူးလဲ”

ရှီလဲ့သည် လူဦးရေ အရေအတွက်အပေါ် အလွန်အမင်း စိုးရိမ်ပူပန်ခြင်းမရှိပေ။ သူ၏စိတ်ထဲတွင် ပိုလျှံနေသော လူများကို ဖြတ်တောက်ရန် သဘာဝကျသော နည်းလမ်းတစ်ခု ရှိပြီးသား ဖြစ်သည်။

ဤမေးခွန်းကို မေးလိုက်သောအခါ နားကပ်တစ်ဖက်က စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့်

“အစ်ကိုရှီ... ခင်ဗျား ကျွန်တော့်ကို ရှာခိုင်းထားတဲ့ နေရာရှာတဲ့ တာဝန်ကို ကျွန်တော် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ အလွန်ကောင်းမွန်တဲ့ ပထဝီဝင်အနေအထားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တာပါ အဲဒါက ရွှမ်းဟူခရိုင်ရဲ့ ဆင်ခြေဖုံးရပ်ကွက်မှာရှိတဲ့ ရှုအန်းကျေးရွာမှာ ရှိတာပါ... ရွာကနေ ရွှမ်းဟူခရိုင်ကို တိုက်ရိုက်ဖောက်ထားတဲ့ လမ်းလည်း ရှိတော့ သွားရေးလာရေးက တကယ့်ကို အဆင်ပြေတယ်” ဟု ပြောလိုက်သည်။

“ဘယ်လို ကောင်းမွန်တဲ့ ပထဝီဝင်အနေအထားလဲ”

ရှီလဲ့က မေးလိုက်၏။

နားကပ်တစ်ဖက်က ဟဟဟ ရယ်မောလိုက်ပြီး

“အစ်ကိုရှီ... ကျွန်တော် ရှုအန်းကျေးရွာထဲမှာ ငှားဖို့အတွက် လွတ်နေတဲ့ လေးထပ်တိုက်တစ်လုံးကို ရှာတွေ့ခဲ့တယ် တစ်ထပ်ချင်းစီမှာ အခန်း ၆ ခန်းစီ ရှိပြီး စုစုပေါင်း ၂၄ ခန်း ရှိတယ် ဒါက ကျွန်တော်တို့ ကုမ္ပဏီရဲ့ စုပေါင်းအိပ်ဆောင် အဖြစ် သုံးဖို့အတွက် လုံးဝကို ကွက်တိပဲ မဟုတ်ဘူးလား”

“နောက်ထပ်ကော ဘာရှိသေးလဲ”

ရှီလဲ့က မကျေနပ်သည့် လေသံဖြင့် ထပ်မေးလိုက်သည်။

နားကပ်တစ်ဖက်သည် ရှီလဲ့၏ မကျေနပ်မှုကို သိရှိသွားပြီး လျင်မြန်စွာပင်

“အဲဒီ လေးထပ်တိုက်ရဲ့ အပြင်ဘက်မှာ အလျား မီတာနှစ်ရာ၊ အနံ မီတာတစ်ရာလောက်ရှိတဲ့ မြေရိုင်းကွက်ကြီးတစ်ခု ရှိပါတယ် အဲဒီမြေရိုင်းက အိမ်ပိုင်ရှင်ရဲ့ မြေကွက်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေးကွင်းအဖြစ် အသုံးပြုလို့ ရနိုင်ပါတယ် အဲဒါတင်မကသေးဘူး.. အဆောက်အအုံရဲ့ အနောက်ဘက်မှာလည်း တော်တော်လေးကျယ်ဝန်းတဲ့ တောအုပ်တစ်ခု ရှိသေးတယ်၊ အဲဒါကလည်း လေ့ကျင့်ရေးအတွက် အသုံးဝင်နိုင်ပါတယ်” ဟု ဆက်လက် ပြောပြလိုက်သည်။

ရှီလဲ့သည် ဖုန်းကို ကိုင်ထားရင်း သူ၏ မျက်ဝန်းများ ဝင်းလက်သွားခဲ့ရသည်။

အကယ်၍ နားကပ်တစ်ဖက် ဖော်ပြသကဲ့သို့ အခြေအနေမှာ တကယ့်ကို ကောင်းမွန်နေမည်ဆိုပါက ၎င်းသည် အမှန်တကယ်ပင် အလွန်ကောင်းမွန်သော ပထဝီဝင်အနေအထား ဖြစ်ပေလိမ့်မည်။

“အိမ်လခကော ဘယ်လောက်လဲ” ထိုအဆောက်အအုံမှာ ကျေးလက်ဒေသဖြစ်သည့် ရှုအန်းကျေးရွာတွင် တည်ရှိသဖြင့် စျေးနှုန်းမှာ အလွန်အမင်း စျေးကြီးလိမ့်မည်မဟုတ်ကြောင်း ရှီလဲ့ စိတ်ထဲမှ တိတ်တဆိတ် ခန့်မှန်းလိုက်သည်။

နားကပ်တစ်ဖက်က အောင်နိုင်သူတစ်ဦးကဲ့သို့ ရယ်မောရင်း

“အစ်ကိုရှီ... အိမ်လခက တကယ့်ကို ပေါပေါလေးဗျ အခန်း ၂၄ ခန်းပါတဲ့ အဆောက်အအုံတစ်ခုလုံးကို တစ်လမှ ယွမ် နှစ်ထောင်ငါးရာပဲ ပေးရမှာ အကယ်၍ ကျွန်တော်တို့က တစ်နှစ်ထက်ကျော်ပြီး ငှားမယ်ဆိုရင် အပြင်ဘက်က မြေရိုင်းကွက်ကိုပါ အလကား သုံးခွင့်ပေးမယ်တဲ့ဗျာ” ဟု ပြောလိုက်၏။

ရှီလဲ့ အလွန်အမင်း ဝမ်းသာသွားခဲ့ရသည်။ ဤစျေးနှုန်းမှာ သူ ခန့်မှန်းထားခဲ့သည်ထက် ထက်ဝက်ကျော်မျှ ပိုမိုစျေးသက်သာနေသောကြောင့် ဖြစ်သည်။

တစ်နှစ်ကို ယွမ် သုံးသောင်းမျှသာ ကျသင့်မည် မဟုတ်ပါလား။

“နားကပ်... သူတို့နဲ့ ဒီကိစ္စကို အရင်ဆုံး အတည်ပြုထားလိုက်ဦး မနက်ဖြန်ကျရင် ငါတို့ အတူတူ သွားပြီးတော့ ကိုယ်တိုင်ကိုယ်ကျ သွားကြည့်ကြတာပေါ့”

ရှီလဲ့ အပြင်ဘက်ရှိ ကောင်းကင်ယံကို လှမ်းကြည့်လိုက်ရာ ညဦးပိုင်း ၈ နာရီနီးပါး ရှိနေပြီဖြစ်သဖြင့် မှောင်ရီပျိုးနေပြီ ဖြစ်သည်။

“ဟုတ်ကဲ့ပါ အစ်ကိုရှီ” နားကပ်တစ်ဖက်က ဝမ်းသာအားရ ပြန်ပြောသည်။ သူသည် ကော်မရှင်ခရ၍ ဝမ်းသာနေခြင်းမဟုတ်ဘဲ ‘JSSL’ သည် နောက်ဆုံးတွင် အကောင်အထည် ပေါ်လာတော့မည်ဖြစ်ရာ၊ သူ၏ ဘဝ၊ သူ၏ ရှင်သန်မှုသည် ပိုမိုတက်ကြွလာပြီး၊ ရည်မှန်းချက်၊ မျှော်လင့်ချက်များနှင့် အိပ်မက်များဖြင့် ပြည့်နှက်လာသောကြောင့် ဖြစ်သည်။

နားကပ်နှင့် ဖုန်းပြောပြီးနောက် ရှီလဲ့သည် ကျိုးချန်ထံသို့ ဖုန်းဆက်လိုက်ရာ ဖုန်းမှာ ချက်ချင်းပင် ပွင့်သွားခဲ့သည်။

“ကျိုးချန်လား”

ကျိုးချန်၏ အသံမှာ ဘဝအတွေ့အကြုံများပြားပြီး ပြတ်သားလှသော လေသံဖြင့်

“သူဌေး... ခင်ဗျား ဂျပန်ကနေ ပြန်ရောက်ပြီလား”

ဟု မေးလိုက်သည်။

“ဟုတ်တယ် ကျိုးချန်... မင်း အခု ဘယ်မှာ နေနေလဲ”

ကျိုးချန်အနေဖြင့် ရွှမ်ချင်းမြို့သို့ လာစဉ်က ငွေအမြောက်အမြား သယ်ဆောင်လာခြင်းမရှိသဖြင့် လမ်းဘေးတွင် အိပ်နေရမည်ကို ရှီလဲ့ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။

ကျိုးချန်သည် ရှီလဲ့၏ စိုးရိမ်မှုကို နားလည်ပုံရပြီး ကျေးဇူးတင်ရှိသော လေသံဖြင့်

“သူဌေး... ကျွန်တော် အခု ခင်ဗျားတို့ ရွှမ်ချင်းတက္ကသိုလ်ရဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ လန်ထျန်းတည်းခိုခန်းမှာ တည်းနေပါတယ် ဒီမှာ အဆင်ပြေပါတယ် သူဌေး... စိတ်မပူပါနဲ့”

ဟု ပြန်ပြောလိုက်သည်။

ရှီလဲ့က ပြုံးလိုက်ပြီး

“ညစာစားပြီးပြီလား မစားရသေးရင် ငါ ညစာ လိုက်ကျွေးမယ်လေ၊ မင်းအတွက် ကြိုဆိုပွဲအဖြစ်ပေါ့”

ဟု ဆိုလိုက်၏။

ကျိုးချန်က အားနာစွာဖြင့်

“သူဌေး... ကျွန်တော် အခုလေးတင်ပဲ ခေါက်ဆွဲပြုတ်တစ်ဗူး စားလိုက်တယ်” ဟု ပြောသည်။

“ဒါဆိုရင် လန်ထျန်းတည်းခိုခန်းမှာပဲ ငါ့ကို စောင့်နေလိုက် ခဏနေရင် ငါ မင်းကို လာခေါ်မယ်၊ ပြီးရင် ညဥ့်နက်စာ သွားစားကြတာပေါ့”

ရှီလဲ့သည် ကျိုးချန်ကို ငြင်းဆန်ခွင့်မပေးဘဲ ဖုန်းကို တိုက်ရိုက် ချလိုက်တော့သည်။

ဖုန်းချပြီးနောက် ရှီလဲ့သည် လင်းယွီမော့ထံမှ ဝင်ထားသော စာတိုများကို လိုက်လံဖတ်ရှုလိုက်သည်။ ၎င်းတို့အနက် အများစုမှာ နှုတ်ဆက်စာများသာ ဖြစ်ကြသည်။ ရှီလဲ့ စိတ်ထဲတွင် အားနာစိတ် ဖြစ်ပေါ်လာမိသည်။ လင်းယွီမော့မှာ သူ၏အရေးကို တွေးပြီး စိုးရိမ်နေခဲ့ရသော်လည်း သူကမူ ၎င်းကို အလေးအနက် သိပ်မထားခဲ့သလို ဖြစ်နေခဲ့ရသည်။ သူသည် ဖုန်းကို ယူကာ လင်းယွီမော့ထံသို့ တိုက်ရိုက် ခေါ်ဆိုလိုက်တော့သည်။

“ဟယ်လို... မိစ္ဆာရှီ”

လင်းယွီမော့၏ နူးညံ့ပျော့ပျောင်းသော အသံလေး ထွက်ပေါ်လာခဲ့သည်။

လင်းယွီမော့၏ အသံကို ကြားလိုက်ရချိန်တွင် ရှီလဲ့သည် ရင်ထဲ၌ တစ်ဆို့သွားသလို ခံစားလိုက်ရသည်။ သူသည် အတင်းအကြပ် ပြုံးလိုက်ရင်း

“ရှောင်မော့.. ငါ ပြန်ရောက်ပြီ”

ဟု ပြောလိုက်၏။

“အင်း... ဂျပန်မှာ ပျော်ဖို့ကောင်းလား”

လင်းယွီမော့က ခပ်တိုးတိုး ရယ်မောရင်း

“ဂျပန်က အချို့အရာတွေက တော်တော်လေး ခေတ်မီတယ်လို့ ငါ ကြားဖူးတယ်နော်”

ဟု ဆိုလိုက်သည်။

ရှီလဲ့က

“မိုက်မဲတဲ့ မိန်းကလေး... ငါက အဲဒီလိုလူမျိုး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ရှောင်မော့.. ငါတို့ ညစာ သွားစားကြမလား” ဟု မေးလိုက်သည်။

လင်ယွီမိုက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ရည်ရွယ်ချက်ရှိရှိဖြင့်

“မုရွှမ်း အစ်မကြီးကိုကော မဖိတ်ဘူးလား”

ဟု ပြန်မေး၏။

“အာ”

ရှီလဲ့ ချောင်းတစ်ချက် ဟန့်လိုက်မိပြီး “အဲဒီ မုရွှမ်းက အပြင် လိုက်လာပါ့မလား”

“ဘယ်သူက မလိုက်ဘူးလို့ ပြောလဲ”

မုရွှမ်း၏ ကြည်လင်ပြီး အေးစက်လှသော အသံသည် ဖုန်းလက်ခံသူထံမှ ထွက်ပေါ်လာခဲ့ရာ ရှီလဲ့ကို အနည်းငယ် လန့်သွားစေခဲ့သည်။ ဘာတွေ ဖြစ်နေတာလဲ။ မုရွှမ်းက ဘာဖြစ်လို့ လင်းယွီမော့၏ ဖုန်းပြောသံကို ကြားနေရတာလဲ။

ရှီလဲ့သည် အခြေအနေကို နားမလည်နိုင်သဖြင့် ရယ်ကျဲကျဲဖြင့်သာ

“မုရွှမ်း... မင်းပါ လိုက်ချင်တာလား.. ဒါဆိုရင် အဆောင်မှာပဲ စောင့်နေကြတော့၊ ငါ အခုပဲ လာခေါ်မယ်”

ဟု ပြောလိုက်တော့သည်။

ထိုသို့ ပြောပြီးနောက် ရှီလဲ့သည် ဖုန်းချလိုက်ကာ အဝတ်အစားလဲ၍ ကွန်ပျူတာစားပွဲပေါ်မှ ကားသော့ကို ဆွဲယူပြီး တံခါးအပြင်ဘက်သို့ ပြေးထွက်ခဲ့တော့သည်။

ဂျင်းယာဥယျာဉ်၏ အများပြည်သူသုံး ကားပါကင်မှတစ်ဆင့် သူသည် အဖြူရောင် အော်ဒီကားလေးကို စီးနင်းကာ ရွှမ်ချင်းတက္ကသိုလ်ဆီသို့ မောင်းနှင်ခဲ့သည်။ တက္ကသိုလ်၏ နောက်ဘက်ဂိတ်ပေါက်သို့ ရောက်သောအခါ ရှီလဲ့သည် ကားဟွန်းတီးကာ ချန်ဒယ်ခန်းကို နှုတ်ဆက်လိုက်ပြီး ကျောင်းဝန်းအတွင်းသို့ တိုက်ရိုက် မောင်းနှင်ဝင်ရောက်ခဲ့သည်။

ဒေါက်တာဘွဲ့ကြို ကျောင်းသူကျောင်းသားများ၏ အဆောင်အဆောက်အအုံ အမှတ် (၁) ရှေ့တွင် ကားကို ရပ်လိုက်ပြီးနောက် ရှီလဲ့သည် အလှလေးနှစ်ဦးထံသို့ ထပ်မံဖုန်းဆက်ကာ အောက်သို့ ဆင်းလာခဲ့ရန် ပြောလိုက်သည်။ ဖုန်းချပြီးနောက် ရှီလဲ့သည် ကားကို မှီလျက် အလှလေးနှစ်ဦးကို စောင့်ဆိုင်းနေခဲ့သည်။

၁၀ မိနစ် ကုန်လွန်သွားသော်လည်း ရှီလဲ့ စောင့်နေဆဲ ဖြစ်သည်။

မိနစ် ၂၀ ကုန်လွန်သွားသော်လည်း ရှီလဲ့ စောင့်နေဆဲပင်။

နာရီဝက်ခန့် ကုန်လွန်သွားချိန်တွင်မူ ရှီလဲ့သည် ဇနီးသည်ကို စောင့်နေရသည့် ကျောက်ရုပ်ကြီးတစ်ခုကဲ့သို့ ဖြစ်လုနီးနီး ဖြစ်နေခဲ့ရပြီ။

နောက်ဆုံးတွင် မိနစ် ၄၀ နီးပါး စောင့်ဆိုင်းပြီးနောက် အလှလေးနှစ်ဦးသည် အဆောက်အအုံပေါ်မှ ဆင်းလာခဲ့ကြသည်။ လင်းယွီမော့သည် ဂွမ်းသား အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး ဘေးအိမ်က မိန်းကလေးငယ်တစ်ဦးကဲ့သို့ နူးညံ့ပျော့ပျောင်းလွန်းလှသဖြင့် မြင်ရသူတိုင်းက ကာကွယ်စောင့်ရှောက်ပေးချင်သည့် စိတ်များ ပေါ်ထွက်လာစေသည်။

မုရွှမ်းမှာမူ လပြည့်ဝန်းကဲ့သို့ ဖြူစင်သော ဂါဝန်ရှည်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး၊ ရိုးရှင်းသော်လည်း တင့်တယ်လှကာ၊ မာနကြီးပြီး အေးစက်လှသော နှင်းကြာပန်းတစ်ပွင့်ကဲ့သို့သော်လည်းကောင်း၊ သို့မဟုတ် မြင်ရသူတိုင်းက အရည်ပျော်အောင် လုပ်ဆောင်ချင်သည့် ရေခဲတုံးလေးတစ်ခုကဲ့သို့သော်လည်းကောင်း ဖြစ်နေခဲ့ရသည်။

ရှီလဲ့က မချိပြုံး ပြုံးလိုက်ရင်း

“အလှလေးနှစ်ယောက်... ကားပေါ် အမြန်တက်ကြပါဗျာ”

ဟု ပြောကာ ကား၏ နောက်ဘက်တံခါးကို ဖွင့်ပေးပြီး ဦးညွှတ်ကာ ဖိတ်ခေါ်သည့် အမူအရာ ပြုလုပ်လိုက်သည်။

လင်းယွီမော့ကတခစ်ခစ် ရယ်မောရင်း “မိစ္ဆာရှီ... ငါတို့က အဝတ်အစားလဲနေလို့ပါဟ”

ဟု ဆိုလိုက်၏။

အလှလေးနှစ်ဦး ကားပေါ်သို့ တက်ရောက်ပြီးနောက် ရှီလဲ့သည် ကားကို ချက်ချင်း စတင်မောင်းနှင်ကာ ကျောင်းဝန်းပြင်ပသို့ ထွက်ခွာခဲ့သည်။ နောက်ဘက်လမ်းကြားသို့ ဖြတ်သန်းသွားချိန်တွင် ရှီလဲ့ ကားကို ရပ်တန့်ခြင်း မရှိပေ။ လင်းယွီမော့က သံသယစိတ်ဖြင့်

“ရှီလဲ့... ငါတို့ ညစာ သွားစားဖို့ ဘယ်ကို သွားနေတာလဲ”

ဟု မေးလိုက်သည်။

ရှီလဲ့က ရည်ရွယ်ချက်ရှိရှိဖြင့် လူဆိုးပုံစံဖမ်းကာ

“အလှလေးနှစ်ယောက်... ငါတို့က ညစာ သွားစားဖို့ သွားနေတာ မဟုတ်ဘူးနော်” ဟု ဆိုလိုက်၏။

“ဒါဆို ဘာလုပ်မလို့လဲ”

လင်းယွီမော့က ရိုးသားပြီး စူးစမ်းလိုသော မျက်နှာပေးလေးဖြင့် မေးလိုက်ရာ ဘေးအိမ်က နွေးထွေးသော မိန်းကလေးငယ်လေးအတိုင်းပင် ဖြစ်သည်။

ရှီလဲ့က တစ်ချက် ရယ်မောလိုက်ပြီး

“မကြာခင် မင်းတို့ သိရမှာပါ”

ဟု ပြောလိုက်သည်။

အဖြူရောင် အော်ဒီကားလေးသည် လန်ထျန်းတည်းခိုခန်း၏ အရှေ့တွင် ရပ်တန့်သွားခဲ့သည်။ လင်းယွီမော့၏ မျက်နှာလေးမှာ ရဲခနဲ ဖြစ်သွားခဲ့ပြီး မုရွှမ်း၏ ကြည်လင်ပြီး အေးစက်သော မျက်ဝန်းများထဲတွင်လည်း ဒေါသအရိပ်အယောင်အချို့ ဖြတ်သန်းသွားခဲ့သည်။

“ရှီလဲ့.. ရှင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ” လင်းယွီမော့က နှုတ်ခမ်းကို ဆူလိုက်၏။

မုရွှမ်းက ရှီလဲ့ကို တစ်ချက် ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့ရင်း

“ရှီလဲ့... ရှင် ဘယ်လို ပြက်လုံးမျိုးကို လာပြနေတာလဲ”

ဟု မေးလိုက်သည်။

ရှီလဲ့က

“ဟာ... မင်းတို့ကလည်း ပျင်းစရာကောင်းလိုက်တာ ငါက ဒီကို သူငယ်ချင်းတစ်ယောက် လာခေါ်တာပါ”

ဟု အော်ဟစ်လိုက်ပြီးနောက် ချက်ချင်းပင် ကျိုးချန်၏ ဖုန်းနံပါတ်ကို နှိပ်ကာ “ကျိုးချန်... အောက်ကို အမြန်ဆင်းခဲ့တော့၊ ငါ တံခါးဝမှာ စောင့်နေတယ်”

ဟု ပြောလိုက်တော့သည်။

ကျိုးချန်ကို ခေါ်ဆောင်ပြီးနောက် ၎င်းတို့ ၄ ဦးသည် နောက်ဘက်လမ်းကြားသို့ သွားရောက်ကာ ညစာ အတူတူ စားသောက်ခဲ့ကြသည်။ ရှီလဲ့သည် မိန်းကလေးနှစ်ဦးကို ကျိုးချန်နှင့် မိတ်ဆက်ပေးခဲ့သည်၊ ၎င်းမှာ အဓိကအားဖြင့် ကျိုးချန်အနေဖြင့် ၎င်းတို့ကို မှတ်မိစေရန်ဖြစ်ပြီး နောင်တွင် ၎င်းတို့ကို ကာကွယ်စောင့်ရှောက်ရန် ပိုမိုလွယ်ကူစေရန် ဖြစ်သည်။

ညစာ စားသောက်ပြီးနောက် ရှီလဲ့သည် ၎င်းတို့ကို အသီးသီး အိမ်ပြန်ပို့ပေးခဲ့ပြီးနောက် ဂျင်းယာဥယျာဉ်သို့ ပြန်လာကာ ကိုယ်လက်သန့်စင်ပြီး အိပ်ရာထဲတွင် လှဲလျောင်းကာ အိပ်စက်ရန် ပြင်ဆင်လိုက်သော်လည်း လင်းယွီမော့၏ ဖုန်းခေါ်ဆိုမှုမှာ ရုတ်တရက် ဝင်ရောက်လာခဲ့ပြန်သည်။

“ရှောင်မော့.. ဘာဖြစ်လို့လဲ၊ ငါ့ကို လွမ်းလို့လား”

ရှီလဲ့က စနောက်လိုက်သည်။

လင်းယွီမော့က နူးညံ့စွာ နှာခေါင်းရှုံ့လိုက်ရင်း

“စိတ်အနှောင့်အယှက်ပေးတဲ့ မိစ္ဆာရှီ..ရှင့်ကို ပြောစရာ ရှိလို့”

“ဘာကိစ္စလဲ”

ရှီလဲ့က မေးလိုက်၏။

“ရှီလဲ့.. အကယ်၍... ငါပြောတာက အကယ်၍နော်”

လင်းယွီမော့ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် စကားလမ်းကြောင်းကို ချက်ချင်း လွှဲပြောင်းလိုက်သည်။

“ရှီလဲ့း... မနက်ဖြန် ရှင်ကျောင်းလာမှာလား ဆရာမလီက ဒီနေ့ ရှင့်အကြောင်းကို လာမေးနေတယ်”

ရှီလဲ့ စိတ်ထဲမှ လင်းယွီမော့မိမိကို ဘာပြောချင်နေသလဲဆိုသည်ကို တိတ်တဆိတ် စူးစမ်းနေမိသည်။

“ရှောင်မော့.. မနက်ဖြန် ငါ လုပ်စရာ ကိစ္စတစ်ခု ရှိသေးတယ်၊ ငါ ဆင်ခြေဖုံးရပ်ကွက်ကို သွားရမှာမို့လို့ အတန်းတက်နိုင်မှာ မဟုတ်ဘူး ဆရာမလီကိုတော့ ငါပဲ ရှင်းပြလိုက်ပါ့မယ် ဒါနဲ့ ရှောင်မော့.. မင်း ငါ့ကို ဘာပြောချင်လို့လဲ”

လင်းယွီမော့ကတခစ်ခစ် ရယ်မောရင်း “ရှီလဲ့... ရှင်ကတော့ အတန်းလစ်တဲ့ ဘုရင်ကြီး ဖြစ်နေပြီနော် သတိထားဦး၊ ကျောင်းအုပ်ကြီးက မနက်ဖြန် မင်းကို ဂျူနီယာအဆင့် ပြန်ချပစ်လိုက်ဦးမယ်”

ဟု ဆိုလိုက်သည်။

ရှီလဲ့က ယုံကြည်မှုအပြည့်ဖြင့် ကြွားဝါလိုက်သည်။

“ရှောင်မော့.. ကျောင်းအုပ်ကြီးက ငါ့ကို အဆင့်ချမှာ မဟုတ်ပါဘူး ငါက အခု ရွှမ်ချင်းတက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာနရဲ့ ရွှေဆိုင်းဘုတ်ကြီးဖြစ်နေတာလေ ငါ့လို ရွှေဆိုင်းဘုတ်ကြီး ရှိနေလို့သာ ရွှမ်ချင်းတက္ကသိုလ် ကွန်ပျူတာသိပ္ပံဌာနရဲ့ ဂုဏ်သတင်းက သိသိသာသာ မြင့်တက်လာရတာ”

“ရှင်ကတော့ တကယ့်ကို ဘဝင်ရူးပဲ”

လင်းယွီမော့၏ လေသံထဲတွင် စိတ်သက်သာရာရသွားသည့် အရိပ်အယောင်များ ပါဝင်နေသည်။

“ကဲပါ... ရှီလဲ့ ကျွန်မရှင့်ကို အချိန်ကုန်ခံပြီး စကားမပြောချင်တော့ဘူး၊ မျက်နှာကို ပေါင်းတင် တော့မယ်”

ရှီလဲ့က လျင်မြန်စွာပင်

“နေဦး... ရှောင်မော့၊ မင်း ငါ့ကို ဘာပြောချင်လဲဆိုတာ အခုထိ မပြောရသေးဘူးလေ” ဟု လှမ်းပြောလိုက်၏။

“ဟွန့်... ကျွန်မရှင့်ကို မပြောပြတော့ဘူး” လင်းယွီမော့ကစိတ်ကောက်သည့် လေသံဖြင့် ပြောပြီး ဖုန်းကို ချက်ချင်း ချပစ်လိုက်တော့သည်။

ရှီလဲ့ ခေါင်းကို အားကိုးရာမဲ့စွာ ရမ်းမိရင်း၊ လင်းယွီမော့ဘာကို ဆိုလိုတာလဲဆိုသည်ကို မေးမြန်းရန် အချိန်တစ်ခု ရှာဖွေရမည်ဟု တွေးတောလိုက်သည်။

နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ရှီလဲ့သည် အိမ်မက်တစ်ခုမှ လန့်နိုးလာခဲ့သည်။ သူသည် ထူးဆန်းသော အိမ်မက်တစ်ခုကို မက်ခဲ့ခြင်း ဖြစ်သည်။ အိမ်မက်ထဲတွင် လင်းယွီမော့သည် သူ၏အနားမှ ထွက်ခွာသွားခဲ့ပြီး၊ ရွှမ်ချင်းတက္ကသိုလ်မှ ထွက်ခွာကာ လူပင်လယ်ကြီးအတွင်းသို့ ပျောက်ကွယ်သွားခဲ့သည်။

ရှီလဲ့သည် သူ၏နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“အဆင်ပြေပါတယ်... အဆင်ပြေပါတယ်၊ အိမ်မက်တွေဆိုတာ အကုန်လုံး အတုအယောင်တွေပဲ၊ အမှန်တရားနဲ့ ပြောင်းပြန်ပဲ ဖြစ်မှာ ဟွန့် မင်း တကယ်ပဲ လူပင်လယ်ကြီးထဲ ပျောက်ကွယ်သွားရင်တောင်မှ ငါ ပုံရိပ်ခွဲခြားမှုအင်ဂျင်ကို တည်ဆောက်ပြီးတာနဲ့ မင်းကို သေချာပေါက် ရှာဖွေတွေ့ရှိမှာပါ”

လျင်မြန်စွာ ကိုယ်လက်သန့်စင်ပြီးနောက် သူသည် ကျိုးချန်နှင့် နားကပ်တို့ထံသို့ သီးခြားစီ ဖုန်းဆက်လိုက်ပြီး၊ နားကပ် ရှာဖွေထားသော နေရာကို သွားရောက်ကြည့်ရှုရန်အတွက် ရှုအန်းကျေးရွာသို့ အတူတူ သွားရန် ပြင်ဆင်လိုက်တော့သည်။

ထိုနေရာသည် ‘JSSL’ ၏ လုပ်ငန်းစဉ်များကို လျင်မြန်စွာ စတင်လည်ပတ်နိုင်ရန်အတွက် အလွန်ပင် အရေးပါလှသော နေရာတစ်ခု ဖြစ်ပေတော့သည်။

All Chapters