← Chapters

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း ၁၄၄

Vol. 15 Ch. 144

အခန်း - ၁၄၄

ရှီလဲ့ ကားမောင်းနေပြီး ဘေးခုံတွင် ကျိုးချန် ထိုင်နေကာ နောက်ခန်းတွင်တော့ နားကပ်တစ်ဖက်နှင့် အားမောင်တို့ လိုက်ပါလျက် ရှုအန်းကျေးရွာဆီသို့ ဦးတည်မောင်းနှင်နေကြသည်။

ဘေးတွဲထိုင်ခုံတွင် ထိုင်နေသော ကျိုးချန်က စူးစမ်းလိုစိတ်ဖြင့် လှည့်မေးလိုက်သည်။

“သူဌေး... ယဲ့ဖုန်း ပြောပြတာ ကြားရသလောက်တော့ သူဌေးက တက္ကသိုလ်ပထမနှစ် ကျောင်းသားပဲ ရှိသေးတယ်ဆို... ဒီနေ့ သောကြာနေ့ မဟုတ်လား... ကျောင်းသွားစရာ မလိုဘူးလား”

‘ယဲ့ဖုန်း’ ဆိုသည့် အမည်ကို ကြားလိုက်ရသည်နှင့် ရှီလဲ့ ချောင်းဆိုးမိသွားသည်။

အနောက်ခန်းထဲတွင် နားကပ်တစ်ဖက်နှင့် အားမောင်တို့က ဘာမှမသိသလို ဟန်ဆောင်ကာ အပြင်ဘက်သို့ ငေးကြည့်နေကြသည်။ နားကပ်က စိတ်ထဲမှနေ၍ ‘ယဲ့ဖုန်းက တကယ်ပဲ ရှီလဲ့နဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာပဲ’ ဟု တွေးနေမိသည်။

အားမောင်သည် ဤအကြောင်းကို နားကပ်ဆီမှ ကြားဖူးထားသော်လည်း အပြည့်အဝ မယုံကြည်ခဲ့ပေ။ ယနေ့တွင် ကျိုးချန်ကိုယ်တိုင် ပြောလိုက်သည်ကို ကြားမှသာ သူ၏စိတ်ထဲတွင် လုံးဝအတည်ပြုနိုင်သွားတော့သည်။

ကျိုးချန်က နောက်ကြည့်မှန်မှတစ်ဆင့် နားကပ်နှင့် အားမောင်တို့၏ ထူးဆန်းသော အမူအရာများကို သတိပြုမိသွားပြီး ရှီလဲ့၏ ချောင်းဆိုးသံကိုလည်း ကြားလိုက်ရသဖြင့် သူ စကားမှားသွားမှန်း ချက်ချင်းရိပ်မိလိုက်သည်။ ထိုသို့တွေးမိသည်နှင့် ကျိုးချန်၏ မျက်နှာအမူအရာက တည်တံ့သွားပြီး မျက်ဝန်းထဲတွင် လူသတ်ငွေ့များ ဖြတ်ပြေးသွားကာ အသံတိုးတိုးဖြင့် ကပ်မေးလိုက်သည်။

“သူဌေး... သူတို့က မသိကြဘူးလား”

ထိုစကားကို ကြားလိုက်ရရုံနှင့် နားကပ်သည် တစ်ခုခု မှားနေမှန်း ချက်ချင်း သိလိုက်ပြီး အလန့်တကြား အလျင်အမြန် ဝင်ပြောလိုက်သည်။

“အစ်ကိုကြီးရှီ... အခုနက အစ်ကိုတို့ နှစ်ယောက် ဘာလျှို့ဝှက်ချက်တွေ ပြောနေကြတာလဲ... ဘာလို့ ဒီလောက်တိုးတိုးလေး ကပ်ပြောရတာလဲ... ကျွန်တော်နဲ့ အားမောင်ဘာမှမကြားလိုက်ရဘူး”

ရှီလဲ့က နောက်ကြည့်မှန်မှတစ်ဆင့် နားကပ်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“ဘာမှမဟုတ်ပါဘူး၊ သူတို့လည်း အကုန်သိပါတယ် ဒါနဲ့ နားကပ်... မင်းကို ငါမေးရဦးမယ်၊ မင်း ငါနဲ့ ယဲ့ဖုန်းအကြောင်းကို ဘယ်လိုလုပ် သိတာလဲ”

နားကပ်တစ်ဖက် သက်ပြင်းချနိုင်သွားပြီး ရှင်းပြလိုက်သည်။

“အစ်ကိုကြီးရှီ... အစ်ကိုရယ်၊ ယဲ့ဖုန်းရယ်၊ ပြီးတော့ ကလေးမလေးတစ်ယောက်ရယ် အနောက်လမ်းထဲမှာ မနက်စာစားနေကြတာကို မြင်လိုက်တာပါ”

“သြော်... ဒါကြောင့်ကိုး” ရှီလဲ့ ခေါင်းညိတ်လိုက်ပြီး စိတ်ထဲက သံသယကို နောက်ဆုံးတော့ ရှင်းလိုက်နိုင်ပေသည်။ သူ တစ်ဖက်လူ၏ အထင်လွဲခြင်းကို ခံလိုက်ရပြန်ပြီဖြစ်၏။ သို့သော်လည်း ရှီလဲ့အနေဖြင့် ရှင်းပြရန် ရည်ရွယ်ချက် မရှိပေ။

ရွှမ်းဟူခရိုင်မှ ရှုအန်းကျေးရွာအထိ မောင်းရသည့် ခရီးမှာ မိနစ်နှစ်ဆယ်ခန့်သာ ကြာမြင့်သည်။ နားကပ်တစ်ဖက် ပြောခဲ့သည့်အတိုင်း ရှုအန်းကျေးရွာတွင် ရွာချင်းဆက် ကတ္တရာလမ်းများ ရှိနေသဖြင့် ကားလေးတစ်စီးပင် အခက်အခဲမရှိ တိုက်ရိုက်မောင်းဝင်သွားနိုင်သည်။

ရှုအန်းကျေးရွာထဲသို့ ရောက်သောအခါ နားကပ်တစ်ဖက်၏ လမ်းညွှန်မှုဖြင့် သူတို့သည် လေးထပ်တိုက် အဆောက်အအုံဆီသို့ ရောက်လာခဲ့ကြသည်။ ရှီလဲ့က ကားကို အဆောက်အအုံရှေ့ရှိ မြေကွက်လပ်တွင် ရပ်လိုက်ပြီး ပတ်ဝန်းကျင် အနေအထားကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

ဤအဆောက်အအုံကို ရှုအန်းကျေးရွာ၏ အနောက်ဘက် အစွန်ဆုံးတွင် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ရွာပြင်ပ၌ တစ်ကောင်ကြွက်လို သီးသန့်ဖြစ်နေသည်။ အဆောက်အအုံ၏ နောက်ကျောဘက်တွင်တော့ သစ်တောထိန်းသိမ်းမှုကြောင့် ခုတ်ထွင်ခြင်းမခံရဘဲ သိပ်သည်းစွာ ပေါက်ရောက်နေသည့် တောအုပ်တစ်ခု ရှိနေသည်။

ရှီလဲ့သည် ဤနေရာကို တော်တော်လေး သဘောကျမိသော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်ကို ကျိုးချန်ကိုသာ ပေးချင်သည်။ ကျွမ်းကျင်သည့် အလုပ်ကို ကျွမ်းကျင်သူနှင့်သာ လုပ်သင့်သည် မဟုတ်ပါလား။

“ကျိုးချန်... ဒီနေရာကို မင်း ဘယ်လိုထင်လဲ”

ကျိုးချန်က ပတ်ဝန်းကျင်ကို သေသေချာချာ အကဲခတ်ပြီး အသံကုန် အော်ဟစ်၍ပင် စမ်းသပ်ကြည့်ကာ နောက်ဆုံးတွင် ပြောလိုက်သည်။

“သူဌေး... ဒီနေရာက တကယ့်ကို အဆင်ပြေပါတယ် ဒီမြေကွက်လပ်ကို ပုံမှန်လေ့ကျင့်ရေးအတွက် သုံးလို့ရပြီး နောက်က တောအုပ်ကိုတော့ ဝိတ်ထမ်းပြီး တောလမ်းခရီးကြမ်း အပြေးလေ့ကျင့်ဖို့ သုံးလို့ရတယ်... အရေးအကြီးဆုံးက ရွာနဲ့ ဝေးတာကြောင့် ရွာသားတွေကို ဘာအနှောင့်အယှက်မှ ပေးမိမှာမဟုတ်ပါဘူး”

ရှီလဲ့၏ ခန့်မှန်းချက်အရ ရွာပြင်တွင် သီးသန့်ရှိနေသော ဤအဆောက်အအုံသည် အနီးဆုံး လူနေအိမ်နှင့် မီတာ ခုနစ်ရာ၊ ရှစ်ရာခန့် ကွာဝေးပေသည်။ ကျိုးချန် ပြောသကဲ့သို့ ရွာသားများကို နှောင့်ယှက်မိမည့် အရေးကို ထည့်သွင်းစဉ်းစားရန်ပင် မလိုပေ။

“နားကပ်... အဆောက်အအုံပိုင်ရှင်ကို ဆက်သွယ်ပြီး သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားတွေအကုန် ယူလာခိုင်းလိုက် ငါတို့ ဒီတိုက်ကို ငှားမယ်”

နှစ်နာရီကျော်ကြာ ညှိနှိုင်းပြီးနောက် ရှီလဲ့သည် ရွာလူကြီး ချန်ရှန့်၏ သက်သေအဖြစ် ပါဝင်မှုဖြင့် လျူတာကျိဟု အမည်ရသော ရှုအန်းကျေးရွာသားတစ်ဦးနှင့် အငှားစာချုပ် နှစ်စောင်အပြင် သုံးစောင်တွဲ ရွာလူကြီး ထောက်ခံချက် သဘောတူညီချက်ကိုပါ လက်မှတ်ရေးထိုးခဲ့ကြသည်။ ‘JSSL’ လုံခြုံရေးကုမ္ပဏီအမည်ဖြင့် ရှီလဲ့သည် ထိုလေးထပ်တိုက်နှင့် ရှေ့က မြေကွက်လပ် အသုံးပြုခွင့်ကို တစ်နှစ်လျှင် ယွမ် ၃၀,၀၀၀ ဖြင့် ငှားရမ်းလိုက်ခြင်း ဖြစ်သည်။

ရွာလူကြီး၏ ထောက်ခံချက် သဘောတူညီချက်တွင် နောက်ဆက်တွဲ အပိုဒ်ခွဲတစ်ခု ပါဝင်သည်။ JSSL ကုမ္ပဏီသည် အဆောက်အအုံနောက်ဘက်ရှိ အများပိုင်သစ်တောထဲတွင် လေ့ကျင့်ရေးအမျိုးမျိုး ပြုလုပ်ခွင့်အတွက် ရှုအန်းကျေးရွာ ကော်မတီသို့ တစ်နှစ်လျှင် ယွမ် ၂,၀၀၀ ပေးဆောင်ရမည် ဖြစ်သည်။

သဘောတူညီချက် နှစ်ခုစလုံးကို လက်မှတ်ရေးထိုးပြီးနောက် ရှီလဲ့သည် ထိုနေရာတွင်တင် ယွမ် ၃၂,၀၀၀ ကို ထုတ်ယူ၍ လျူတာကျိနှင့် ရွာလူကြီး ချန်ရှန့်တို့ထံ အသီးသီး ပေးအပ်လိုက်သည်။ ငွေရရှိသည်နှင့် လူနှစ်ယောက်စလုံးမှာ အလွန်အမင်း စိတ်အားထက်သန်သွားကြပြီး ရွာလူကြီး ချန်ရှန့်ကမူ သူတို့လေးဦးကို သူ့အိမ်၌ ရိုးရှင်းသော ထမင်းတစ်နပ် စားသုံးရန်ပင် ဖိတ်ခေါ်ခဲ့သည်။

လျူတာကျိကလည်း အောင်ပွဲခံရန်အတွက် ကြက်၊ ဘဲများ အတင်းသတ်ကာ ဧည့်ခံမည်ဟုဆိုကာ သူတို့လေးဦးကို ဖိတ်ခေါ်ပြန်သည်။ ချန်ရှန့်က လျူတာကျိ၏ ဖိတ်ခေါ်မှုကို မငြင်းဆန်နိုင်သဖြင့် အတူတူ လိုက်ပါသွားခဲ့ရသည်။

ရှီလဲ့က ပြုံးလျက် လျူတာကျိ၏ ဖိတ်ခေါ်မှုကို လက်ခံလိုက်သည်။ JSSL ကုမ္ပဏီ၏ လေ့ကျင့်ရေးစခန်းကို ရှုအန်းကျေးရွာတွင် ယာယီအခြေစိုက်လိုက်ပြီ ဖြစ်ရာ ဤရွာသားများနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ထားခြင်းက အကျိုးကျေးဇူးသာ ရှိစေပြီး ဆိုးကျိုးမရှိနိုင်ပေ။ ရိုးရိုးရှင်းရှင်း ပြောရလျှင်ကုမ္ပဏီ၏ သင်တန်းသားများသည် စားသောက်ရန် လိုအပ်သည် မဟုတ်ပါလား။

ရှုအန်းကျေးရွာသည် ရွှမ်းဟူခရိုင်မှ မိနစ်နှစ်ဆယ်ခန့် မောင်းရသဖြင့် ဟင်းသီးဟင်းရွက်နှင့် သားငါးများ ဝယ်ယူရန် ရွှမ်းဟူခရိုင်သို့ နေ့တိုင်း ကားမောင်းသွားနေဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် သဘာဝကျကျပင် ရှုအန်းကျေးရွာရှိ လယ်သမားများထံမှ ဟင်းသီးဟင်းရွက်၊ ကြက်၊ ဘဲ စသည်တို့ကို ဝယ်ယူရမည် ဖြစ်သည်။ နေ့လယ်စာ စားသောက်ပြီးနောက် ရှီလဲ့နှင့် ရွာလူကြီး ချန်ရှန့်တို့၏ ဆက်ဆံရေးမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့ပြီး လေ့ကျင့်ရေးစခန်းအတွက် သီးသန့်ချက်ပြုတ်ပေးရန် လူနှစ်ဦးကို ငှားရမ်းပေးမည်ဟု ရွာလူကြီးက ကတိပြုခဲ့သည်။

မွန်းလွဲ တစ်နာရီကျော်တွင် သူတို့လေးဦးသည် ရွှမ်းဟူခရိုင်သို့ ပြန်လည်မောင်းနှင်ခဲ့ကြသည်။ ကားပေါ်တွင် ရှီလဲ့က နားကပ်တစ်ဖက်အား ကုမ္ပဏီသို့ ဝင်ရောက်လိုသည့် လူမိုက်များကို စုစည်းရန် ညွှန်ကြားလိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ကားအငှားကုမ္ပဏီတစ်ခုနှင့် ဆက်သွယ်ကာ ဘတ်စ်ကားကြီးတစ်စီးကို ငှားရမ်းလိုက်သည်။

ရွှမ်းဟူခရိုင်၏ အနောက်လမ်းထဲသို့ ပြန်ရောက်သောအခါ လူမိုက်များသည် နားကပ်တစ်ဖက် ငှားရမ်းထားသည့် အဆောက်အအုံတွင် စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အဆောက်အအုံရှေ့တွင် တော်တော်လေး ကျယ်ဝန်းသော ကွင်းပြင်တစ်ခု ရှိနေ၍သာ တော်တော့သည်၊ မဟုတ်လျှင် လူမိုက် တစ်ရာကျော် ဆန့်နိုင်မည် မဟုတ်ပေ။

ရှီလဲ့နှင့် ကျိုးချန်တို့သည် လူမိုက် တစ်ရာကျော်၏ ရှေ့တွင် ရပ်လိုက်ကြသည်။ နားကပ်တစ်ဖက်၊ အားမောင်နှင့် မူလက နားကပ်တစ်ဖက်နောက်သို့ လိုက်ပါခဲ့ကြသော ဓါးမြှောင်၊ မျောက် အပါအဝင် လူမိုက် ရှစ်ဦးတို့သည် ရှီလဲ့၏ နောက်တွင် ရပ်နေကြသည်။

“နေကောင်းကြလား၊ ညီအစ်ကိုတို့” ရှီလဲ့သည် သူ၏နှာခေါင်းပေါ်ရှိ မျက်မှန်ကို အသာပင့်တင်လိုက်ရင်း လူမိုက်ဂိုဏ်းစတားတစ်ဦး၏ အငွေ့အသက်များကို ထုတ်ဖော်ကာ နှုတ်ဆက်စကား ဆိုလိုက်သည်။

လူမိုက် တစ်ရာကျော်ကလည်း သံပြိုင် ဟစ်ကြွေးကြသည်။

“ကောင်းပါတယ်၊ အစ်ကိုကြီးရှီ”

ရှီလဲ့က သူ၏လက်နှစ်ဖက်ကို မြှောက်ကာ အသာအယာ အောက်သို့ ပြန်ချပြလိုက်ပြီး

“ညီအစ်ကိုတို့... မင်းတို့အားလုံး JSSL လုံခြုံရေးကုမ္ပဏီကို ဝင်ချင်တာ ‌သေချာလား”

“‌ေသချာပါတယ်”

လူမိုက်များ ဤနေရာတွင် စုဝေးနေရခြင်း၏ ရည်ရွယ်ချက်က ကုမ္ပဏီသို့ ဝင်ရန် မဟုတ်ပါလား။ ပုံမှန်ဝင်ငွေ ရရှိရန်နှင့် လူမိုက်ဘဝမှ ရုန်းထွက်ရန်ပင် မဟုတ်ပါလား။

ရှီလဲ့က အသံကျယ်ကျယ်ဖြင့် ထပ်မေးလိုက်သည်။

“ဒါဆို မင်းတို့ အဆင်သင့်ဖြစ်ပြီလား ပင်ပန်းဆင်းရဲမှုနဲ့ ဒုက္ခတွေကို ခံနိုင်ရည်ရှိဖို့ အဆင်သင့် ဖြစ်ကြပြီလား”

လူမိုက် တစ်ရာကျော်သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသော်လည်း မည်သူမျှ စကားမဆိုကြချေ။

“ငါတို့ရဲ့ JSSL ကုမ္ပဏီဆိုတာ လုံခြုံရေးဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတစ်ခုပဲ၊ ပရဟိတလုပ်နေတာ မဟုတ်ဘူး... အကယ်၍ မင်းတို့က ငါတို့ရဲ့ လုံခြုံရေးကုမ္ပဏီကို ဝင်ချင်တယ်ဆိုရင် အလုပ်လုပ်ဖို့ အဆင်သင့် ဖြစ်နေရမယ် ဥပမာပြောရရင် နေ့တိုင်း အလေးထမ်းပြီး ကီလိုမီတာ နှစ်ဆယ် ပြေးရမယ်၊ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ထိုင်ထ အကြိမ်ရေ တစ်ထောင် လုပ်ရမယ်၊ ဒါမှမဟုတ် အလေးချိန်ထမ်းပြီး တောလမ်းခရီးကြမ်း လေ့ကျင့်ရမယ် မင်းတို့ အဆင်သင့်ဖြစ်ပြီလား”

ရှီလဲ့သည် ထူးဆန်းသော မျက်နှာအမူအရာများ ဖြစ်နေသည့် လူမိုက်များကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်သည်။

“ငါတို့ရဲ့ လုံခြုံရေးကုမ္ပဏီက စစ်တပ်စနစ်နဲ့ စီမံခန့်ခွဲသွားမှာ... ကုမ္ပဏီကို ဝင်ပြီး လေ့ကျင့်ရေးဆင်းတဲ့အခါ တစ်လကို တစ်ရက်ပဲ အားလပ်ရက် ရမယ်... ငါတို့ရဲ့ လေ့ကျင့်ရေးနေရာက တောရွာထဲမှာဖြစ်ပြီး နေထိုင်မှုအခြေအနေက ကြမ်းတမ်းတဲ့အပြင် ဘာဖျော်ဖြေရေး အစီအစဉ်မှလည်း မရှိဘူး မင်းတို့ တောင့်ခံနိုင်ပါ့မလား”

လူမိုက် တစ်ရာကျော်သည် လေးလေးနက်နက် တွေးတောမိသွားကြသည်။ JSSL လုံခြုံရေးကုမ္ပဏီ၏ ခံစားခွင့်များသည် သူတို့ ထင်ထားသလောက် မကောင်းလှပါ။

ရှီလဲ့အနေဖြင့် ဤအကြောင်းအရာများကို ကြိုတင်ပြောပြရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ စိတ်ဓာတ်ပျော့ညံ့သူများကို ဖယ်ထုတ်ပစ်ရန်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် ကုမ္ပဏီသို့ အမှန်တကယ် ဝင်ရောက်လာသူများကို ကုမ္ပဏီထဲသို့ ဝင်ရသည်မှာ မလွယ်ကူကြောင်း ခံစားမိစေရန်နှင့် ကုမ္ပဏီအပေါ် သစ္စာစောင့်သိမှု ပိုမိုတိုးပွားလာစေရန် ဖြစ်သည်။

“မတောင့်ခံနိုင်တဲ့လူတွေကတော့ ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားနိုင်ပါတယ်” ရှီလဲ့က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။

အပြင်ဘက် အစွန်ဆုံးတွင် ရပ်နေသည့် လူမိုက်အနည်းငယ်သည် တိတ်တဆိတ် နောက်ဆုတ်သွားကြပြီးနောက် လှည့်ထွက်သွားကြတော့သည်။ သူတို့က လမ်းပြလိုက်သကဲ့သို့ ဖြစ်သွားသဖြင့် လူမိုက်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြရာ နောက်ဆုံးတွင် လူ အယောက်သုံးဆယ်သာ ကျန်ရှိတော့သည်။

ဤအယောက်သုံးဆယ်သည် အခြေခံအားဖြင့် အရှေ့ဆုံးတွင် ရပ်နေကြသူများ ဖြစ်သည်။ သူတို့၏ ရပ်တည်ချက် အနေအထားအရ ကုမ္ပဏီသို့ ဝင်ရောက်ရန် ပိုမိုပြတ်သားပြီး JSSL လုံခြုံရေးကုမ္ပဏီသို့ ဝင်ရန် လုံးဝစိတ်ပိုင်းဖြတ်ထားသူများ ဖြစ်ကြောင်း ထင်ရှားနေသည်။

ရှီလဲ့က သူတို့ကို ကြည့်ကာ ထပ်မံမေးလိုက်သည်။

“မင်းတို့ အဆင်သင့် ဖြစ်ပြီလား”

မျက်နှာထား တည်ကြည်ပြီး ဘယ်ဘက်ပါးပြင်တွင် ဓါးဒဏ်ရာ အမာရွတ် ရှိနေသော အမျိုးသားတစ်ဦးက ပြတ်သားသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။

“အစ်ကိုကြီးရှီ... ကျွန်တော် အဆင်သင့် ဖြစ်ပါပြီ ကျွန်တော့်ကို လက်ခံပေးပါ... ဒါက ကျွန်တော့်ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ အခွင့်အရေးတစ်ခုဆိုတာ ကျွန်တော် သိပါတယ် အကယ်၍ ဒီအခွင့်အရေးကို ကျွန်တော် လက်လွှတ်လိုက်ရင် နောင်မှာ နောင်တရနေမှာ သေချာပါတယ်”

အမာရွတ်နှင့် အမျိုးသား၏ စကားကြောင့် ကျန်ရှိနေသော လူမိုက်များလည်း ဤအမှန်တရားကို သဘောပေါက်သွားကြသည်။

ရှီလဲ့က အမာရွတ်နှင့် အမျိုးသားကို စိတ်ဝင်တစား ကြည့်ပြီး မေးလိုက်သည်။

“မင်းနာမည် ဘယ်လိုခေါ်လဲ”

“အစ်ကိုကျောက်... ကျွန်တော့်မျက်နှာက ဓါးဒဏ်ရာကြောင့် လူတွေက အမာရွတ်လို့ ခေါ်ကြပါတယ်” အမာရွတ်က ရိုရိုသေသေ ဖြေလိုက်သည်။

ရှီလဲ့ ခေါင်းညိတ်လိုက်ပြီး

“ကောင်းပြီ... မင်းကတော့ ယာယီအားဖြင့် အရည်အချင်း ပြည့်မီသွားပြီ ဒါပေမဲ့ သိပ်ပြီး ဝမ်းသာမနေကြနဲ့ဦး၊ မင်းတို့အားလုံးက အခုလောလောဆယ်တော့ အရန်အဖွဲ့ဝင် အဆင့်ပဲ ရှိသေးတယ်... တစ်လကြာတဲ့အခါ နောက်ထပ် စမ်းသပ်မှုတစ်ခု ရှိဦးမယ် အဲဒီစမ်းသပ်မှုကို အောင်မြင်မှသာ တရားဝင် အဖွဲ့ဝင် ဖြစ်လာမှာ”

ပျော်ရွှင်မှုနှင့် စိုးရိမ်မှုတို့ ရောပြွမ်းနေသည့် လူမိုက်များကို ကြည့်ကာ ရှီလဲ့က ပြုံး၍ ပြောလိုက်သည်။

“မင်းတို့က အရန်အဖွဲ့ဝင်တွေ ဆိုပေမဲ့လည်း တရားဝင် အဖွဲ့ဝင်တွေလိုပဲ ခံစားခွင့် တူတူရမှာပါ... ကုမ္ပဏီကနေ အစားအသောက်နဲ့ နေစရာကို တာဝန်ယူပေးသွားမယ်”

ရှီလဲ့ ထိုသို့ပြောလိုက်သည်ကို ကြားမှသာ ကျန်ရှိနေသော လူမိုက်များသည် ချက်ချင်း သက်ပြင်းချနိုင်သွားကြတော့သည်။

“ကဲ... သွားကြစို့၊ ငါတို့ရဲ့ လေ့ကျင့်ရေးစခန်းကို သွားကြည့်ရအောင်” ရှီလဲ့က လက်ဝေ့ယမ်းပြပြီး လူတိုင်းကို နောက်လမ်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ နောက်လမ်းတွင်တော့ ဘတ်စ်ကားကြီးတစ်စီး အသင့်ရပ်ထားပြီး ဖြစ်သည်။ ဤကားမှာ ဤလူမိုက်များကို ရှုအန်းကျေးရွာသို့ အဆင်ပြေပြေ ပို့ဆောင်နိုင်ရန်အတွက် ရှီလဲ့ ကားအငှားကုမ္ပဏီမှတစ်ဆင့် ငှားရမ်းထားသည့် ဘတ်စ်ကား ဖြစ်သည်။

မိနစ်သုံးဆယ်ကျော် ကြာပြီးနောက် နားကပ်တစ်ဖက် အပါအဝင် စုစုပေါင်း လူမိုက် အယောက်လေးဆယ်သည် မြေကွက်လပ်ပေါ်တွင် ပုံစံမကျဘဲ ရပ်နေကြပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေကြသည်။ လူမိုက်အချို့၏ မျက်နှာတွင် စိတ်ပျက်သည့် အမူအရာများ ပေါ်နေသည်။

ရှီလဲ့နှင့် ကျိုးချန်တို့သည် လူမိုက်များ၏ ရှေ့တွင် ရပ်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့က ငါတို့ရဲ့ လေ့ကျင့်ရေးစခန်းက နည်းနည်း ရိုးရှင်းလွန်းတယ်လို့ ထင်နေကြတာလား ဟုတ်တယ်... ငါတို့ရဲ့ လေ့ကျင့်ရေးစခန်းက တကယ်ပဲ ရိုးရှင်းလွန်းပါတယ် ဒါပေမဲ့ ကုမ္ပဏီက ခုမှ စတင်တည်ထောင်တာ ဖြစ်ပြီး အရာရာတိုင်းက တဖြည်းဖြည်း ပိုကောင်းလာမှာပါ... အကယ်၍ အခုပဲ ထွက်ချင်တဲ့လူ ရှိရင်လည်း ငါမတားပါဘူး၊ ဘတ်စ်ကားနဲ့ ပြန်လိုက်သွားလို့ ရတယ် ဒါပေမဲ့ ဒီမှာ ဆက်နေဖို့ ဆုံးဖြတ်လိုက်ရင်တော့ လမ်းဝက်ကနေ လုံးဝ အရှုံးပေးလို့ မရဘူးနော်”

စိတ်လှုပ်ရှား ဝေခွဲမရဖြစ်နေသည့် လူမိုက်အနည်းငယ်သည် နောက်ဆုံးတွင်တော့ စိတ်ကို ပြန်ထိန်းလိုက်ကြသည်။ ကုမ္ပဏီထဲသို့ အခက်အခဲများစွာဖြင့် ဝင်ရောက်ခဲ့ရသဖြင့် သူတို့ လွယ်လွယ်နှင့် မထွက်ချင်ကြတော့ပေ။

ရှီလဲ့က လူအုပ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး လူမိုက်များအားလုံး ငြိမ်သက်သွားပြီးနောက် စတင်မိတ်ဆက်ပေးလိုက်သည်။

“ကဲ... နောက်ထပ် ငါမိတ်ဆက်ပေးမှာကတော့ မင်းတို့ရဲ့ အဓိက နည်းပြချုပ်ပဲ”

ကျိုးချန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်လာပြီး ရှေ့သို့ တစ်လှမ်း တက်လာခဲ့သည်။ သို့သော်လည်း သူ၏ ဘယ်ဘက်ခြေထောက်မှာ အနည်းငယ် ကိုင်းနေသဖြင့် လမ်းလျှောက်သည့် ပုံစံမှာ အနည်းငယ် ရယ်စရာကောင်းနေသည်။

နားကပ်တစ်ဖက်သည် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။ သူသည် မူလက ကျိုးချန်အား လေ့ကျင့်ရေးစခန်း၏ ထောက်ပံ့ပို့ဆောင်ရေးအတွက် အတိုင်ပင်ခံ သို့မဟုတ် စီမံခန့်ခွဲရေး ရာထူးတစ်ခုခု ပေးထားသည်ဟု ထင်ခဲ့သော်လည်း ကျိုးချန်က နည်းပြချုပ် ဖြစ်လာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့မိပေ။

လူမိုက်များထဲမှ တစ်ယောက်ကတော့ အောင့်မထားနိုင်ဘဲ အော်ရယ်မိသွားတော့သည်။

“အစ်ကိုကြီးရှီ... အစ်ကို နောက်နေတာ မဟုတ်ပါဘူးနော်... အစ်ကိုက တကယ်ပဲ ခြေမသန်တဲ့လူတစ်ယောက်ကို ကျွန်တော်တို့ရဲ့ နည်းပြချုပ်အဖြစ် ခန့်မလို့လား ဒီခြေမသန်တဲ့လူမှာ ကျွန်တော်တို့ရဲ့ နည်းပြချုပ် လုပ်နိုင်လောက်တဲ့ ဘယ်လိုအရည်အချင်းမျိုး ရှိလို့လဲ”

All Chapters