အခန်း ၁၄၈
Vol. 15 Ch. 148
အခန်း - ၁၄၈
ဂျင်းယာဥယျာဉ်သို့ ပြန်ရောက်သောအခါ ရှီလဲ့သည် ပထမဆုံးအနေဖြင့် ကျိုးချန်ထံသို့ ဖုန်းဆက်လိုက်သည်။ မနက်ဖြန်မနက်တွင် လူရူးကို ဆက်သွယ်ရန်နှင့် လေ့ကျင့်ရေးစခန်းသို့ တက္ကစီဖြင့် ကိုယ်တိုင်လာခဲ့ရန်၊ တက္ကစီခကိုတော့ ကုမ္ပဏီမှ ပြန်လည်ရှင်းပေးမည်ဖြစ်ကြောင်း မှာကြားခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် မနက်ဖြန်တွင် သူသည် မြို့တော်ရဲဌာနသို့ အလုပ်ကိစ္စဖြင့် သွားရောက်ရမည် ဖြစ်သောကြောင့် အလုပ်ခန့်အပ်မှု စာချုပ်ကိစ္စကို တနင်္ဂနွေနေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ရှင်းပြခဲ့သည်။ ထို့နောက် လီကျစ်ယွဲ့ထံသို့ ထပ်မံဖုန်းဆက်ကာ အခြေအနေ အရပ်ရပ်ကို အသေအချာ ရှင်းပြလိုက်တော့သည်။
အကယ်၍ ပိုင်ချန်ကိုယ်တိုင် ဖုန်းဆက်လာခြင်း မဟုတ်ဘဲ၊ ထို့ပြင် ‘အိုးရန်ရှန်း’ ဟူသော ဖဲချပ်ကိုပါ ထုတ်မသုံးခဲ့ပါက ရှီလဲ့အနေဖြင့် သေချာပေါက် ငြင်းပယ်ခဲ့မည်ဖြစ်ပြီး ဤမျှလွယ်လွယ်နှင့် လက်ခံခဲ့မည် မဟုတ်ပေ။
ဆာဗာ နံပါတ် ၁ ရှိ ‘အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်’ ကို ကျော်ဖြတ်ပြီးနောက် ရှန်ချင်းတက္ကသိုလ်၏ အများသုံးဆာဗာသို့ ချိတ်ဆက်ကာ ရှီလဲ့သည် ကျူကျူ ထဲသို့ ဝင်ရောက်လိုက်သည်။ လင်းယွီမော့ အွန်လိုင်းတွင် ရှိနေသည်ကို မြင်သောအခါ သူက ဘာလုပ်နေလဲဟု မက်ဆေ့ခ်ျ ပို့လိုက်သည်။
သို့သော် လင်းယွီမော့က ပြန်မဖြေခဲ့ပေ။ ရှီလဲ့က မက်ဆေ့ခ်ျ အနည်းငယ် ထပ်မံပေးပို့ခဲ့သော်လည်း သူမထံမှ တုံ့ပြန်မှု မရှိသေးချေ။ ရှီလဲ့လည်း မနေနိုင်တော့ဘဲ ဖုန်းကိုကောက်ကိုင်ကာ လင်းယွီမော့ထံသို့ တိုက်ရိုက်ခေါ်ဆိုလိုက်သော်လည်း ဖုန်းလိုင်း မအားကြောင်းသာ ဆက်တိုက် ပြသနေခဲ့သည်။
ရှီလဲ့၏ စိတ်ထဲတွင် အတွေးများ လွန်ကဲလာခဲ့သည် ‘တစ်ယောက်ယောက်က လင်းယွီမော့ကို လိုက်ပိုးနေတာများလား...’
ထိုအတွေးများကို ယာယီဘေးဖယ်ထားပြီး ရှီလဲ့သည် ဆာဗာ နံပါတ် ၁ ကို အသုံးပြု၍ ဂျပန်နိုင်ငံရှိ သတင်းများကို စစ်ဆေးလိုက်သည်။ ဆူမီဒါရပ်ကွက်ရှိ ဖြစ်စဉ်သည် သူနှင့် ဆက်စပ်မှုမရှိကြောင်း အတည်ပြုပြီးနောက်မှသာ သူ သက်ပြင်းချနိုင်တော့သည်။ ထို့နောက် သူသည် ဂျပန်မှ ရရှိခဲ့သော USB ဒရိုက်ကို ထုတ်ယူကာ ဆာဗာ နံပါတ် ၁ ၏ USB ပေါက်တွင် ထိုးစိုက်လိုက်သည်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုနှင့် ဆက်စပ်နေသော ဤ USB ဒရိုက်သည် ကုဒ်နံပါတ် အထပ်ထပ်ဖြင့် ကာကွယ်ထားသည့်အပြင် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုသို့ တိတ်တဆိတ် သတင်းပို့မည့် ဝှက်ထားသော ဆက်သွယ်ရေးပရိုဂရမ်တစ်ခုပင် ပါရှိနေသေးသည်။
အကယ်၍ ဤ USB ထဲက အချက်အလက်များသာ အရေးမကြီးပါက ရှီလဲ့တစ်ယောက် လုံးဝ ယုံကြည်မည် မဟုတ်ပေ။
ရှီလဲ့ USB ကို ဖွင့်လိုက်သည်နှင့် လှည့်စားထားသော ကုဒ်ရိုက်ထည့်သည့် အကွက်ကြီး ထပ်မံပေါ်ပေါက်လာသည်။ ရှီလဲ့က ပယ်ဖျက်ခြင်းကို နှစ်ကြိမ်နှိပ်ပြီး အတည်ပြုခြင်းကို တစ်ကြိမ် နှိပ်လိုက်ရာ ထိုအကွက် ပျောက်ကွယ်သွားပြီး စစ်မှန်သော ကုဒ်ရိုက်ထည့်ရမည့် အကွက် ပေါ်လာခဲ့သည်။
ရှီလဲ့သည် စစ်မှန်သော ကုဒ်အကွက်ကို စူပါကွန်ပျူတာ ‘ယန်’ မှတစ်ဆင့် ခွဲခြမ်းစိတ်ဖြာခဲ့ဖူးရာ ဤကုဒ်ကာကွယ်ရေးကို အချိန်တိုအတွင်း ဟက်ကင်းလုပ်ရန် မဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့ဖူးသည်။ သူသည် စူပါကွန်ပျူတာ ယန် သို့ ချိတ်ဆက်လိုက်ပြီး ကုဒ်ကို အကြမ်းနည်းဖြင့် တိုက်ခိုက်ချိုးဖျက်ရန်ကြိုးပမ်းတော့သည်။
စူပါကွန်ပျူတာ ယန် ၏ တွက်ချက်မှုစွမ်းပကားများက ကုဒ်ကို စတင်ချိုးဖျက်နေစဉ် ရှီလဲ့သည် ဒီကုဒ်လုပ်ဆောင်နေသည့် အရင်းအမြစ်ကုဒ်များကို စောင့်ကြည့်နေခဲ့သည်။ ကုဒ်ပရိုဂရမ်တစ်ခုက မည်မျှပင် ရှုပ်ထွေးအောင် ဒီဇိုင်းဆွဲထားပါစေ၊ ၎င်းသည် ကွန်ရက်ချိတ်ဆက်ထားသော ပရိုဂရမ်တစ်ခု မဟုတ်ပါက ကုဒ်နံပါတ်၏ သဲလွန်စကို ၎င်း၏အတွင်းပိုင်း၌သာ သေချာပေါက် ထည့်သွင်းထားရမည် ဖြစ်သည်။
ကုဒ်နံပါတ်ကိုယ်တိုင်က အယ်လ်ဂိုရီသမ်စနစ်ဖြင့် လျှို့ဝှက်ကုဒ်အဖြစ် ပြောင်းလဲထားသော်လည်း အတွင်းပိုင်း လျှို့ဝှက်ကုဒ်ကိုသာ ရှာဖွေတွေ့ရှိပါက ရှီလဲ့အနေဖြင့် ၎င်း၏ လျှို့ဝှက်စနစ်ကို ခန့်မှန်းတွက်ချက်နိုင်မည် ဖြစ်သည်။
ချိုးဖျက်မှုလုပ်ငန်းစဉ်များ တိုးတက်လာခဲ့ရာ စစ်မှန်သော ကုဒ်အကွက်ကို အပြီးသတ် ခွဲခြမ်းစိတ်ဖြာရန် နောက်ထပ် နာရီဝက်ခန့် လိုအပ်ဦးမည့်ပုံ ပေါ်နေသည်။ ထိုအချိန်တွင် စားပွဲပေါ်ရှိ ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။
ဖုန်းခေါ်ဆိုသူနေရာတွင် လင်းယွီမော့ဟု ပြသနေသည်။ ရှီလဲ့ အလျင်အမြန် ဖုန်းကိုင်လိုက်ရာ လင်းယွီမော့၏ ရှိုက်သံသဲ့သဲ့ ပါဝင်သော အသံလေး ထွက်ပေါ်လာသည်။
“ရှီမိစ္ဆာ...”
ရှီလဲ့ စိုးရိမ်တကြီးဖြင့် -
“ရှောင်မော့... ဘာဖြစ်လို့လဲ ဘယ်သူက မင်းကို အနိုင်ကျင့်လို့လဲ၊ ငါ မင်းအတွက် ကလဲ့စားချေပေးမယ်”
လင်းယွီမော့က တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး မျက်ရည်များကြားမှ ပြုံးလိုက်ကာ -
“ရှီမိစ္ဆာ... ကျွန်မအဖေက အနိုင်ကျင့်တာ ရှင်က ဘယ်လိုကလဲ့စားချေပေးမလို့လဲ”
“အာ” ရှီလဲ့ အိုးတိုအန်းတန်း ဖြစ်သွားပြီး
“ရှောင်မော့.. တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ”
လင်းယွီမော့က တိုးတိုးလေး ပြောရှာသည်။
“အဖေက ကျွန်မရဲ့ စာပေသင်ကြားမှုကို လာမေးနေတာလေ၊ ပြီးတော့ ပြီးခဲ့တဲ့ ကျောင်းဝန်း ဆော့ဖ်ဝဲလ်ပြိုင်ပွဲမှာ ဘာလို့မပြိုင်ခဲ့တာလဲဆိုပြီး လာပြောနေတယ် ရှီမိစ္ဆာ... ရှင်လည်း သိသားပဲ၊ ကျွန်မက ဘာမှနားလည်တာ မဟုတ်ဘူး၊ အဲဒီပြိုင်ပွဲကို ဘယ်လိုလုပ် သွားပြိုင်နိုင်မှာလဲ”
ရှီလဲ့က စူးစမ်းလိုစိတ်ဖြင့် -
“ရှောင်မော့... မင်းအဖေက မင်းရဲ့ အခြေအနေကို မသိဘူးလား”
“သိတာပေါ့ သူက ကျွန်မ ခံစားချက်ကို လုံးဝထည့်မတွက်တဲ့ လူအိုကြီးပဲ ကျွန်မက ဘာမှနားမလည်ပါဘူးဆိုမှ၊ ကျောင်းကလည်း ကွန်ပျူတာပရိုဂရမ် ရေးဆွဲခြင်းရဲ့ အခြေခံတွေကိုပဲ သင်ပေးထားသေးတာ၊ ဘာကို သိဦးမှာလဲ” လင်းယွီမော့က မကျေမချမ်း ညည်းတွားလိုက်သည်။
“ရှောင်မော့.. မင်းက ကွန်ပျူတာကို မကြိုက်ဘူးဆိုရင် ဘာလို့ ကွန်ပျူတာသိပ္ပံမေဂျာကို လျှောက်ခဲ့တာလဲ” သူ၏ ယခင်ဘဝတွင် လင်းယွီမော့၏ အမှတ်များက တော်တော်လေး ဆိုးရွားခဲ့ပြီး ကျောင်းပြီးရုံမျှသာ ကပ်သီးကပ်သပ် အောင်မြင်ခဲ့သည်ကို ရှီလဲ့ ခပ်ဝါးဝါး မှတ်မိနေသည်။
“အဲဒီလူအိုကြီးကြောင့် အကုန်ဖြစ်ရတာ” လင်းယွီမော့၏ လေသံမှာ အလွန်ပင် မပျော်မရွှင် ဖြစ်နေပြီး -
“ကျွန်မက ဆေးပညာ လေ့လာချင်ခဲ့တာ ဒါပေမဲ့ ကျွန်မအဖေ အဲဒီလူအိုကြီးက တကယ်ကို လွန်လွန်းတယ်”
ရှီလဲ့ ဘာပြောရမှန်း မသိတော့ချေ။ သူက လင်းယွီမော့နှင့်အတူ သူမ၏အဖေကို လိုက်လံ ဝေဖန်ပေးရမည်လော။ မည်သို့ပင်ဖြစ်စေ ထိုသူက လင်းယွီမို၏ ဖခင်ဖြစ်နေဆဲမို့ ရှီလဲ့အနေဖြင့် တစ်ခုခုပြောရန် မသင့်တော်ပေ။
လင်းယွီမော့၏ မကျေနပ်ချက်များကို နားထောင်ရင်း ရှီလဲ့သည် နားထောင်သူကောင်းတစ်ဦးအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး မိသားစုနှင့် သေချာပေါက် ပြန်လည်ဆက်သွယ် ဆွေးနွေးရန် ကောင်းမွန်စွာ လမ်းညွှန်ပေးခဲ့သည်။ ယခုမှ ပထမနှစ် အစောပိုင်းကာလသာ ရှိသေးသဖြင့် မေဂျာပြောင်းလဲရန် ပိုမိုလွယ်ကူနိုင်ကြောင်း အကြံပြုခဲ့သည်။
သူတို့နှစ်ဦးသည် ညဉ့်နက်ပိုင်း ဆယ်နာရီ နီးပါးအထိ နာရီပေါင်းများစွာ စကားစမြည် ပြောဆိုခဲ့ကြသည်။ လင်းယွီမော့က သန်းဝေလိုက်ရင်း အမှတ်မထင် မေးလိုက်သည်။
“ရှီမိစ္ဆာ... မနက်ဖြန် စနေနေ့လေ ရှင် ဘယ်လို ဖြတ်သန်းဖို့ အစီအစဉ်ရှိလဲ”
ရှီလဲ့၏ နဖူးပြင်ပေါ်တွင် ချွေးစေးများ ပျံတက်လာခဲ့သည်။ သူသည် မနက်ဖြန်တွင် မြို့တော်ရဲဌာနသို့ သွားရမည် ဖြစ်သည်။ အကယ်၍ လင်းယွီမော့ပါ လိုက်ချင်သည်ဟု ဆိုလာပါက ထိုမိန်းကလေးနှစ်ဦး ထိပ်တိုက်တွေ့ဆုံချိန်တွင် ဘာတွေဖြစ်ပျက်လာမည်ကို မည်သူ သိနိုင်ပါမည်နည်း။
“ဟမ်း... အဲဒါကတော့လေ... မနက်ဖြန် မြို့တော်ရဲဌာနက ငါ့ကို လာခဲ့ဖို့ ပြောထားလို့ပါ စိတ်မပူပါနဲ့၊ မကောင်းတဲ့ ကိစ္စမဟုတ်ပါဘူး ဒီတစ်ကြိမ်မှာ သူတို့က ငါ့ကို အကူအညီတစ်ခု တောင်းထားလို့ပါ” ရှီလဲ့က ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
လင်းယွီမော့က အကဲခတ်သည့် လေသံဖြင့် -
“ရှီမိစ္ဆာ... ရှင့်ရဲ့ ကွန်ပျူတာနည်းပညာက တကယ်ပဲ အဲဒီလောက်အထိ တော်တာလားဟင်”
လင်းယွီမော့က ဘာကြောင့် ဤသို့မေးသည်ကို ရှီလဲ့ နားမလည်သော်လည်း ပြန်လည်ဖြေကြားခဲ့သည်။
“တော်တော်လေး တော်တာပေါ့ ရှောင်မော့ တစ်ခုခု ဖြစ်လို့လားဟင်”
“ဘာမှမဟုတ်ပါဘူး၊ ကိစ္စမရှိပါဘူး” လင်းယွီမော့က စကားကို တစ်ဝက်တစ်ပျက်ဖြင့်သာ ချန်ထားခဲ့ပြန်ပြီး အကြောင်းအရာကို လွှဲလိုက်သည်။
“ရှီမိစ္ဆာ... ညနက်နေပြီ၊ ငါ နားတော့မယ်နော်”
“ကောင်းပါပြီ ရှောင်မော့... ဂွတ်နိုက်ပါ” ရှီလဲ့သည် ဘာဖြစ်တာလဲဟု ထပ်မံ၍ အတင်းအကျပ် မမေးခဲ့သော်လည်း စိတ်ထဲတွင်တော့ တိတ်တဆိတ် တွေးတောနေမိသည်။
ဖုန်းချပြီးနောက် ရှီလဲ့သည် စူပါကွန်ပျူတာ ယန် ၏ လုပ်ဆောင်မှုတိုးတက်မှုကို စစ်ဆေးလိုက်ရာ ကုဒ်ချိုးဖျက်ခြင်းလုပ်ငန်းမှာ လွန်ခဲ့သောအချိန်ကတည်းက ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ကုဒ်အကွက်တစ်ခုလုံး၏ အရင်းအမြစ်ကုဒ်များသည် သူ၏ရှေ့တွင် ပြသနေပြီး သီးခြားစာလုံးတွဲတစ်ခုက သူ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
“DNA လျှို့ဝှက်ကုဒ် အယ်လ်ဂိုရီသမ် ” ရှီလဲ့ ခဏမျှ မှင်တက်သွားသည်။ ထိုသီးခြားစာလုံးတွဲမှာ လူသားတို့၏ DNA အစီအစဉ် ပုံစံများကို အခြေခံ၍ ဖန်တီးထားသည့် လျှို့ဝှက်ကုဒ် အယ်လ်ဂိုရီသမ်တစ်ခု ဖြစ်နေခြင်းကြောင့်ပင်။
ရှီလဲ့သည် ထိုသီးခြားစာလုံးတွဲကို ထုတ်ယူလိုက်ပြီး DNA လျှို့ဝှက်ကုဒ် အယ်လ်ဂိုရီသမ်၏ အခြေခံမူများကို အသုံးပြုကာ စာလုံးတွဲက ကိုယ်စားပြုသည့် ကုဒ်နံပါတ်၏ အဓိပ္ပာယ်ကို ပြန်လည်ဖော်ထုတ်လိုက်သည်။ ၎င်းမှာ အမှန်စင်စစ် ‘jfs19590909’ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရို စတင်တည်ထောင်ခဲ့သည့် နေ့စွဲ ဖြစ်နေတော့သည်။
ကုဒ်နံပါတ်ကို ရရှိပြီးနောက် ရှီလဲ့သည် စိတ်လှုပ်ရှားစွာဖြင့် ၎င်းကို ကုဒ်အကွက်ထဲသို့ ရိုက်ထည့်ကာ အတည်ပြုခြင်းကို နှိပ်လိုက်သည်။ မျက်နှာပြင် ပြောင်းလဲသွားပြီး သာမန် ဖိုင်စနစ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။
USB ဒရိုက်၏ အတွင်းပိုင်းတွင် ဖိုဒါ စုစုပေါင်း နှစ်ခု ရှိနေသည်။ ပထမဆုံး ဖိုဒါ၏ အမည်မှာ ‘plan r’ ဖြစ်ပြီး ဒုတိယဖိုဒါကိုတော့ ‘Energy’ ဟု ခေါ်ဆိုထားသည်။
ရှီလဲ့၏ ရင်ခုန်သံများ မြန်ဆန်သွားခဲ့ပြီး -
‘plan r… ဒါက ဖြစ်နိုင်မလား...’
သူသည် ညာဘက်လက်ဖြင့် မောက်စ်ကို ကိုင်ကာ ‘plan r’ ဖိုဒါကို ဖွင့်ရန် နှစ်ချက်ဆင့် နှိပ်လိုက်သည်။ သို့သော်လည်း ဖိုဒါပွင့်မလာခဲ့ဘဲ သတိပေးချက်တစ်ခုသာ ပေါ်လာခဲ့သည်။
“ခွင့်ပြုချက် လိုအပ်သည်”
ရှီလဲ့ ထိုသတိပေးချက်ကို ကြည့်ကာ မျက်မှောင်ကုတ်မိသွားပြီး တစ်စုံတစ်ခု လွဲချော်နေသည်ကို အာရုံရလိုက်သည်။ ရုတ်တရက်ဆိုသလို မျက်နှာပြင်၏ ညာဘက်အောက်ခြေထောင့်တွင် အကြောင်းကြားချက်တစ်ခု ပေါက်ထွက်လာခဲ့သည်။
“အမျိုးအမည်မသိ ပရိုဂရမ်တစ်ခုကို ရှာဖွေတွေ့ရှိသည်၊ စနစ်အတွင်းသို့ ထိုးသွင်းနေပြီး စနစ်နောက်ဖေးပေါက်တစ်ခုကို တည်ဆောက်နေသည်”
ရှီလဲ့၏ မျက်နှာပေး အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ သူကိုယ်တိုင် ရေးသားထားသော ‘ပန်ရှီ ဖိုင်းယာဝေါလ်’ ကို ချက်ချင်းဖွင့်ကာ အခြေအနေကို စစ်ဆေးလိုက်သည်။ ပန်ရှီ ဖိုင်ယာဝေါလ်၏ အတွင်းပိုင်းမှတ်တမ်းများတွင် ရှီလဲ့ ရှင်းလင်းစွာ မြင်လိုက်ရသည်မှာ သူသည် ‘plan r’ ဖိုဒါကို ဖွင့်ရန် ကြိုးပမ်းလိုက်သည့်အချိန်တွင် ထိုဖိုဒါသည် စနစ်၏ ပင်မဗဟိုချက်အတွင်းသို့ ဝင်ရောက်ကာ စနစ်နောက်ဖေးပေါက်တစ်ခုကို တည်ဆောက်ရန် ကြိုးပမ်းသည့် စနစ်ညွှန်ကြားချက်တစ်ခုကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ထိုစနစ်ညွှန်ကြားချက်သည် တရားဝင် ညွှန်ကြားချက်တစ်ခုနှင့် ထပ်တူထပ်မျှ တူညီနေသည်။ အကယ်၍ ဆာဗာ နံပါတ် ၁ သည် သူကိုယ်တိုင် ရေးသားထားသော စနစ်ဖြင့် လည်ပတ်နေခြင်း မဟုတ်ပါက၊ ထို့ပြင် ပန်ရှီ ဖိုင်ယာဝေါလ်ကိုသာ တပ်ဆင်ထားခြင်း မရှိပါက ထိုညွှန်ကြားချက်သည် ဆာဗာ နံပါတ် ၁ ပေါ်တွင် နောက်ဖေးပေါက်တစ်ခုကို သေချာပေါက် အောင်မြင်စွာ တည်ဆောက်သွားနိုင်ခဲ့လိမ့်မည်။
ညွှန်ကြားချက်ကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ၎င်းတွင် ကွန်ရက်ပထဝီဝင် ကိုဩဒိနိတ်များ ပါဝင်နေသည်ကို ရှီလဲ့ ရှာဖွေတွေ့ရှိခဲ့သည်။ တစ်နည်းအားဖြင့်ဆိုရသော် ၎င်းသည် ကူးစက်ခံရသည့် စက်မှတစ်ဆင့် အစပျိုးကာ ထိုစက်၏ IP လိပ်စာကို နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုထံသို့ ပေးပို့မည် ဖြစ်သည်။
ရှီလဲ့ ထိုဖိုဒါနှစ်ခုကို ထပ်မံဖွင့်ရန် မကြိုးစားတော့ပေ။ ယင်းအစား စူပါကွန်ပျူတာ ယန် ကို အသုံးပြု၍ ခွဲခြမ်းစိတ်ဖြာကြည့်ရာ ၎င်းတို့ကို ကူးယူခြင်း သို့မဟုတ် ရွှေ့ပြောင်းခြင်းများ ပြုလုပ်၍မရကြောင်း၊ ပြုလုပ်ပါက ပြင်းထန်သော ဗိုင်းရပ်စ်တစ်ခု ချက်ချင်း ပေါက်ကွဲထွက်လာပြီး စနစ်အတွင်းရှိ ဖိုင်အချက်အလက်များကို တိုက်ရိုက် ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း တွေ့ရှိရသည်။
‘နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရိုက ကောင်တွေက တကယ်ပဲ ဘာတွေလုပ်နေကြတာလဲ ဘာလို့ ဒီ USB ဒရိုက်ကို ဒီလောက်အထိ တင်းကျပ်စွာ ကာကွယ်ထားရတာလဲ’ ရှီလဲ့ စူးစမ်းမိသည်။ သူ၏ ယခင်ဘဝတွင် ‘plan r’ အကြောင်းကို ခပ်ဝါးဝါး ကြားဖူးခဲ့ရာ ၎င်းမှာ... ဟု ကောလာဟလများ ရှိခဲ့ဖူးသည်။
USB ဒရိုက်ကို ဆာဗာ နံပါတ် ၁ မှ ဆွဲနှုတ်လိုက်ပြီး ရှီလဲ့သည် ၎င်းကို အထူးတလည် ဝှက်မထားဘဲ ကွန်ပျူတာစားပွဲပေါ်သို့သာ ပေါ့ပေါ့ပါးပါး ပစ်တင်ထားလိုက်သည်။ ဤသေးငယ်သော USB ဒရိုက်လေး၏ အတွင်းပိုင်း၌ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ ထောက်လှမ်းရေးဗျူရို၏ ထိပ်တန်းလျှို့ဝှက်ချက် အချက်အလက်များ ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါ့မလဲ။
ရေမိုးချိုးပြီးနောက် ရှီလဲ့ ကုတင်ပေါ်တွင် လှဲလျော်နေခဲ့သော်လည်း ‘plan r’ ဖိုဒါကို ဘယ်လိုဖွင့်ရမလဲဆိုသည်ကိုသာ ဆက်လက်တွေးတောနေမိသည်။
ညွှန်ကြားချက်အရ ၎င်းကို ဖွင့်ရန် ခွင့်ပြုချက်မရှိဟု ဆိုထားခြင်းကြောင့် သီးခြားခွင့်ပြုချက်အချို့ သေချာပေါက် လိုအပ်နေခြင်းကို ဆိုလိုပေသည်။ ဤကဲ့သို့ ဝေဝါးသော သတိပေးချက်မျိုးက တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှသည်။
အဘယ်ကြောင့်ဆိုသော် လိုအပ်သော ခွင့်ပြုချက်သည် သီးခြားစနစ်တစ်ခု၊ သီးခြား IP လိပ်စာတစ်ခု၊ သီးခြား ပရိုဂရမ်ပတ်ဝန်းကျင်တစ်ခု သို့မဟုတ် အခြားသော ဖြစ်နိုင်ခြေ အမျိုးမျိုး ဖြစ်နိုင်ခြင်းကြောင့် ဖြစ်၏။ အကယ်၍ မည်သည့် သီးခြားခွင့်ပြုချက် ဖြစ်သည်ကို မသိပါက ဖိုင်စနစ်ကို သော့ဖွင့်ရန် အလွန်ခက်ခဲပေလိမ့်မည်။
ထိုအကြောင်းကို တွေးတောရင်း ရှီလဲ့ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။ နောက်တစ်နေ့မနက်ခင်းသည်ကား ဒဏ္ဍာရီလာ လူပျိုများနေ့ ဖြစ်သည့် နိုဝင်ဘာ ၁၁ ရက်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မနက်စောစော ရှစ်နာရီမထိုးခင်မှာပင် ဖုန်းသံကြောင့် ရှီလဲ့ အိပ်မက်ကမ္ဘာမှ နိုးထလာခဲ့ရသည်။
ဖုန်းခေါ်ဆိုသူနေရာတွင် အိုးရန်ရှန်း ဟု ပြသနေသည်။ ရှီလဲ့ သန်းဝေလိုက်ရင်း ဖုန်းကိုင်ကာ -
“အိုးရန်... ဘာလို့ ဒီလောက်စောစောကြီး ဖုန်းဆက်ရတာလဲ”
“ရှီလဲ့... မြို့တော်ရဲဌာနက လူကြီးတွေ မင်းကို မပြောဘူးလား ဒီနေ့ ငါတို့ မြို့တော်ရဲဌာနကို အတူတူသွားပြီး သူတို့ကို စောင့်ကြည့်ကင်မရာ ဗီဒီယိုရဲ့ ဖမ်းယူထားတဲ့ ပုံရိပ်တစ်ခု ပြန်လည်ပြုပြင်ဖို့ ကူညီပေးရမယ်လေ” အိုးရန်ရှန်း၏ ပြတ်သားကြည်လင်သော အသံလေး ဖုန်းထဲမှ ထွက်ပေါ်လာသည်။ ရှီလဲ့အနေဖြင့် အိုးရန်ရှန်းသည် ပြတ်သားသော အကြည့်များဖြင့် အဝတ်အစားများ သေသေချာချာ ဝတ်ဆင်ကာ ထွက်ခွာရန် အဆင်သင့် ဖြစ်နေလောက်ပြီဟု စိတ်ကူးပုံဖော်ကြည့်နိုင်ပေသည်။
“မဖြစ်နိုင်တာ ဘယ်နှစ်နာရီ ရှိသေးလို့လဲ အိုးရန်... ငါ မနက်စာတောင်မစားရသေးဘူး” ရှီလဲ့က မကျေမနပ် ညည်းတွားလိုက်သည်။
အိုးရန်ရှန်း၏ ပြတ်သားသောအသံလေးထဲတွင် စနောက်လိုသော အရိပ်အယောင်များ ပါဝင်နေကာ -
“ငါ မင်းအတွက် ကြက်ဥကြော် နှစ်လုံးနဲ့ နွားနို့ ပြင်ထားတယ် မင်း စားမှာလား၊ မစားဘူးလား”
ရှီလဲ့ မနေနိုင်ဘဲ သွားရည်ကျမိသွားသည်။ အိုးရန်ရှန်း၏ လက်ရာကို မမြည်းစမ်းရသည်မှာ တော်တော်လေး ကြာခဲ့ပြီ မဟုတ်ပါလား။
“အိုးရန်... မင်းရဲ့ အရှင်သခင်ကြီးကိုသာ အမီစောင့်နေပေတော့၊ ငါ အခုပဲ မင်းဆီကို လာခဲ့မယ်” ရှီလဲ့ အလျင်အမြန် ဖုန်းချလိုက်ပြီးနောက် အမြန်ဆုံး ရေမိုးချိုး အဝတ်အစားလဲကာ စားပွဲပေါ်မှ ကားသော့နှင့် ပြီးခဲ့သည့်အကြိမ်က လေဆိပ်တွင် ဝယ်ယူခဲ့သော ဆံထိုးလေးကိုပါ ကောက်ကိုင်လျက် အိုးရန်ရှန်း နေထိုင်ရာ အဆောက်အအုံ နံပါတ် ၇ ဆီသို့ အပြေးအလွှား ထွက်ခွာခဲ့တော့သည်။
ဖုန်းလိုင်း၏ အခြားတစ်ဖက်တွင်တော့ အိုးရန်ရှန်းသည် ဖုန်းကို အပြုံးလေးဖြင့် ချလိုက်မိပြီး သူမ၏ မျက်ဝန်းများတွင် လွမ်းဆွတ်တမ်းတမှု အမူအရာများ ဖြတ်ပြေးသွားခဲ့သည်။
‘ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကို ဖမ်းစားချင်ရင် သူ့ရဲ့ အစာအိမ်ကို အရင်ဆုံး ဖမ်းစားရမယ် ဆိုတဲ့ စကားက တကယ်ပဲ အမှန်တရားတစ်ခု ဖြစ်ပုံရတယ်’