← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း - ၁၅၀

ပိုင်ချန် နည်းပညာဌာနအတွင်းသို့ လှမ်းဝင်လာသောအခါ ထိုနေရာရှိ ရဲအရာရှိများအားလုံးသည် အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်နေသည့်ပုံစံဖြင့် ဟန်ဆောင်လိုက်ကြသည်။ နည်းပညာဌာန၏ ဌာနမှူး အမည်မှာ ကျန်းဟုန်ဖြစ်ပြီး အသက်လေးဆယ်ကျော်အရွယ် လူလတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။

“ညွှန်ကြားရေးမှူးပိုင်... ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်ကို လာရောက်စစ်ဆေးတာ ကြိုဆိုပါတယ်” ကျန်းဟုန်က ပြုံးလျက် ပြောလိုက်သည်။ သူသည် ပိုင်ချန်၏ လူယုံတစ်ဦး ဖြစ်သောကြောင့် ဤကဲ့သို့ ပေါ့ပေါ့ပါးပါး စနောက်ဝံ့ခြင်း ဖြစ်၏။

ပိုင်ချန်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး -

“ကျန်းလေး... မင်းကို မိတ်ဆက်ပေးရဦးမယ် သူကတော့ ရှီလဲ့ တဲ့၊ ကွန်ပျူတာနည်းပညာ ကျွမ်းကျင်သူတစ်ယောက်ပေါ့ ငါ သူ့ကို ဒီကိုခေါ်လာနိုင်ဖို့ သုံးလေးကြိမ်တောင် အတင်းအကျပ် ဖိတ်ခေါ်ခဲ့ရတာ၊ ဒါကြောင့် မင်းတို့အားလုံး သူ့ဆီကနေ ပညာတစ်ခုခုရအောင် သင်ယူကြဦး” ဟု ဆိုသည်။

ကျန်းဟုန်သည် ရှီလဲ့ကို အကဲခတ်ကြည့်လိုက်ရာ သူ၏ ငယ်ရွယ်နုပျိုမှုကြောင့် အံ့အားသင့်သွားခဲ့သော်လည်း ၎င်းကို မျက်နှာပေါ်တွင် ထုတ်မပြခဲ့ပေ။

“မင်္ဂလာပါ နည်းပညာရှင်ရှီ”

ရှီလဲ့က မျက်စောင်းထိုးလိုက်ပြီး -

“အရာရှိကျန်း... အစ်ကိုကြီးပိုင်ရဲ့ လျှောက်ပြောနေတဲ့ စကားတွေကို နားမထောင်ပါနဲ့ဗျာ ကျွန်တော့်ရဲ့ ပညာက သာမန်ပါပဲ၊ ကျွန်တော်တို့ အပြန်အလှန် ပညာသင်ယူကြတာပေါ့” ဟု ပြောလိုက်သည်။

အိုးရန်ရှန်းက ကျန်းဟုန်ကို ရင်းနှီးကျွမ်းဝင်သည့် အမူအရာဖြင့် ကြည့်ကာ -

“မင်္ဂလာပါ ဦးလေးကျန်း” ဟု နှုတ်ဆက်လိုက်သည်။

“အို... အိုးရန်ပါလား” ကျန်းဟုန်က သက်ပြင်းချလိုက်ပြီး -

“မင်းရဲ့ အဒေါ်က မကြာခဏ မင်းအကြောင်း ပြောနေတာ အချိန်ရရင် ငါ့အိမ်ဘက်ကို လာလည်ဦး ဒါနဲ့... မင်းအမေကော နေကောင်းရဲ့လား”

အိုးရန်ရှန်း၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး အေးစက်စွာ နှာခေါင်းရှုံ့လျက် -

“ဦးလေးကျန်း... ကျွန်မရှေ့မှာ သူ့အကြောင်းကို လုံးဝ ထည့်မပြောပါနဲ့” ဟု ဆိုသည်။

ရှီလဲ့ နားစွင့်လိုက်မိသည်။ သူသည် အိုးရန်ရှန်း၏ မိဘများအကြောင်းကို မသိရှိခဲ့ချေ။ ယခင်က အိုးရန်ရှန်း၏ အိမ်တွင် သူ နေထိုင်ခဲ့စဉ်အတွင်း သူမသည် ဘာကြောင့် သူမ၏ မိဘများအကြောင်းကို ခပ်ရှားရှားသာ ပြောဆိုရသလဲဟု သူ သိချင်ခဲ့ဖူးသည်။ ယခုကြည့်ရသည်မှာ ထိုနောက်ကွယ်တွင် ကြီးမားသော အကြောင်းအရင်းများစွာ ရှိနေသည့်ပုံပင်။

ပိုင်ချန်က ကျန်းဟုန်၏ ပခုံးကို ပုတ်လိုက်ပြီး

“ကျန်းလေး... ညီလေးရှီကို အလုပ်လုပ်ဖို့ အရင်ခေါ်သွားလိုက်ဦး”

ကျန်းဟုန်က အိုးရန်ရှန်းကို အားနာသည့် အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် ရှီလဲ့ဘက်သို့ လှည့်ကာ -

“နည်းပညာရှင်ရှီ... ဘယ်လိုမျိုး ကွန်ပျူတာက သင့်တော်မလဲဗျာ” ဟု မေးသည်။

ရှီလဲ့သည် ဘယ်လက်ဖြင့် လပ်တော့ပ်နှင့် ဖိုင်များကို ကိုင်ဆောင်ထားပြီး ညာဘက်လက်ကို အလျင်အမြန် ဝှေ့ယမ်းလျက် -

“ဦးလေးကျန်း... ကျွန်တော့်ကို ရှောင်ရှီ လို့ပဲ ခေါ်ပါဗျာ” ဟု ပြောလိုက်သည်။

“ဟင်” ကျန်းဟုန်က ရှီလဲ့ကို ကြည့်လိုက်၊ ထို့နောက် အိုးရန်ရှန်းကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်တော့သည်။

“ကောင်းပါပြီ ဒါဆိုရင် ငါ မင်းကို ရှောင်ရှီ လို့ပဲ ခေါ်မယ် ဒါပေမဲ့ ရှောင်ရှီရာ... ညွှန်ကြားရေးမှူးပိုင်ရဲ့ ရှေ့မှာတော့ ငါ့ကို ဦးလေးလို့ မခေါ်ပါနဲ့လား မင်းက ညွှန်ကြားရေးမှူးပိုင်ကို ‘အစ်ကိုကြီးပိုင်’ လို့ ခေါ်ပြီး ငါ့ကိုကျတော့ ‘ဦးလေးကျန်း’ လို့ ခေါ်နေတယ် ဒါက ငါ့ကို ဒုက္ခရောက်အောင် လုပ်နေတာ မဟုတ်ဘူးလား” ကျန်းဟုန်က စနောက်လိုက်သည်။

ပိုင်ချန် တဟားဟား ရယ်မောလိုက်ပြီး -

“ကျန်းလေး... ရှီလဲ့ရဲ့ ကိစ္စကို စိတ်မပူပါနဲ့ ငါတို့က သူ့နဲ့ ကိုယ့်ပတ်သက်မှုနဲ့ကိုယ် ရှိကြတာ၊ ငါက သူ့ရဲ့ အစ်ကိုကြီးအဖြစ်ပဲ ရှိနေမှာဖြစ်ပြီး မင်းကလည်း သူ့ရဲ့ ဦးလေးကျန်းအဖြစ်ပဲ ရှိနေမှာပါ” ပိုင်ချန်သည် သဘောထားသေးသိမ်သူတစ်ဦး မဟုတ်သဖြင့် ဤကဲ့သို့သော အသေးအဖွဲ ကိစ္စရပ်များကို ဂရုမစိုက်ပေ။

ကျန်းဟုန် သက်ပြင်းချနိုင်တော့ပြီး စိတ်အေးသွားဟန်ဖြင့် -

“ရှောင်ရှီ.. ဒီဘက်ကို လာခဲ့ပါ ငါတို့ ဗျူရိုရဲ့ အဆင့်မြင့်ဆုံး ဆာဗာကို ခေါ်သွားပြမယ်” ဟု ပြောသည်။

ကျန်းဟုန်က ရှီလဲ့ကို ခေါ်ဆောင်သွားပြီးနောက် ပိုင်ချန်သည် အိုးရန်ရှန်းကို ကြည့်ကာ ဖျောင်းဖျသည့် လေသံဖြင့် -

“အိုးရန်... ဆယ်နှစ်တောင် ရှိခဲ့ပြီလေ မင်း အခုထိ စိတ်ထဲကနေ မထုတ်နိုင်သေးဘူးလား” ဟု မေးလိုက်သည်။

အိုးရန်ရှန်းက ခေါင်းကို ပြတ်ပြတ်သားသား ခါယမ်းလိုက်ပြီး -

“ညွှန်ကြားရေးမှူးပိုင်... ကျွန်မရဲ့ အဖေကို သတ်ခဲ့တဲ့ မူးယစ်ဆေးမှောင်ခိုရာဇဝတ်ကောင်တွေကို ဖမ်းမမိမချင်း ကျွန်မ စိတ်လျှော့မှာ မဟုတ်ဘူး”

“ဒါပေမဲ့ ဆယ်နှစ်တောင် ကြာသွားခဲ့ပြီလေ အဲဒီလူအုပ်စုက အခုလောက်ဆို လက်ဆေးပြီးသွားလောက်ပြီ၊ ဒါမှမဟုတ် နယ်စပ်မှာ ဖြစ်ဖြစ်၊ ရွှေတြိဂံဒေသမှာ ဖြစ်ဖြစ် သေဆုံးသွားလောက်ပြီ ဒီလိုမျိုး ဆက်ပြီး ဇွတ်တရက် လုပ်နေတာက အဓိပ္ပာယ် ရှိဦးမှာလား” ပိုင်ချန်က ဆက်လက်၍ -

“မင်းအဖေနဲ့ ငါက သူငယ်ချင်းတွေလေ အဲဒီတုန်းက ငါတို့တွေ တာဝန်တွေကို အတူတူ ထမ်းဆောင်ခဲ့ကြတာ ဒါကြောင့်မို့လို့ ငါ မင်းကို အန္တရာယ်များတဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးလုပ်ငန်းတွေဆီ ပြောင်းရွှေ့ပေးမှာ မဟုတ်ဘူး မင်း ငါ့အပေါ် မကျေမနပ် ဖြစ်ရင်တောင်မှ မင်းရဲ့ဆန္ဒကို ငါ ခွင့်ပြုမှာ မဟုတ်ဘူး မင်းက အိုးရန်မိသားစုရဲ့ တစ်ဦးတည်းသော သွေးသားပဲလေ”

အိုးရန်ရှန်း ခေါင်းငုံ့ထားပြီး ဘာမှမပြောခဲ့ချေ။ ဤအရာက ပိုင်ချန် သူမအပေါ် ဂရုစိုက် စောင့်ရှောက်ပေးနေခြင်း ဖြစ်သည်ကို သူမ သိသည်။ သူမ ရဲအရာရှိ ဖြစ်လာကတည်းက ပိုင်ချန်သည် သူမကို အကာအကွယ်များစွာ ပေးခဲ့သည်။ မဟုတ်ပါက ဤမျှ လှပသော ရဲမေချောလေးအပေါ် မကောင်းသောအကြံအစည် ရှိသူများ သေချာပေါက် ရှိနေမည် မဟုတ်ပါလား။

နည်းပညာဌာနခွဲအတွင်းတွင်တော့ ကျန်းဟုန်က ရှီလဲ့ကို လုပ်ငန်းသုံး ဆာဗာကြီး တစ်ခုရှေ့သို့ ခေါ်ဆောင်လာပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် -

“‌ေရှာင်ရှီ... ဒါက ငါတို့ ရဲဌာနရဲ့ အဆင့်မြင့်ဆုံး ဆာဗာပဲ မင်း ဘယ်လိုထင်လဲ” ဟု မေးသည်။

ရှီလဲ့ နှုတ်ခမ်းကို စုလိုက်မိသည်။ ဤကဲ့သို့သော စီးပွားရေးလုပ်ငန်းသုံး ဆာဗာမျိုးက ရှီလဲ့၏ မျက်စိထဲသို့ လုံးဝ မဝင်ပေ။ စူပါကွန်ပျူတာ ‘ယန်’ နှင့် နှိုင်းယှဉ်လျှင် ဖြစ်စေ၊ သို့မဟုတ် အိုက်စင် ကုမ္ပဏီ၏ အဆင့်-၁ ဘော့တ် တစ်ခုနှင့် နှိုင်းယှဉ်လျှင် ဖြစ်စေ ဤလုပ်ငန်းသုံး ဆာဗာက တစ်ရာခိုင်နှုန်းမျှပင် ကောင်းမွန်ခြင်း မရှိချေ။

“မရှိတာထက်တော့ တော်ပါတယ်” ရှီလဲ့သည် ဆာဗာရှေ့ရှိ ကုလားထိုင်တွင် ထိုင်လိုက်ပြီးနောက် ကွန်ရက်ကြိုးမှတစ်ဆင့် သူ၏ လပ်တော့ပ်ကို ဆာဗာနှင့် ချိတ်ဆက်ကာ လပ်တော့ပ်အတွင်းရှိ ပုံရိပ်များကို ဆာဗာအတွင်းသို့ လွှဲပြောင်းလိုက်သည်။

ကျန်းဟုန်နှင့် အခြားနည်းပညာရှင် အနည်းငယ်တို့သည် ရှီလဲ့၏ လုပ်ဆောင်မှု နည်းလမ်းကို စောင့်ကြည့်ရန် သူ၏အနောက်တွင် ရပ်နေကြသည်။ ရှီလဲ့သည် ဆာဗာပေါ်ရှိ ဆော့ဖ်ဝဲလ်များကို စကင်ဖတ်ကြည့်လိုက်သည်။ သာမန် ပုံရိပ်ပြုပြင်ခြင်း ပရိုဂရမ်များ ရှိနေပြီး ၎င်းတို့ကို အသုံးပြုနိုင်သော်လည်း အလွန်ပင် စိတ်ရှုပ်စရာ ကောင်းလှပေလိမ့်မည်။ အခြားရွေးချယ်စရာ မရှိသဖြင့် ရှီလဲ့သည် ဘရောက်ဇာကို ဖွင့်လိုက်ပြီး ဂျင်းယာဥယျာဉ် အခန်းရှိ ‘ပုံရိပ်လုပ်ငန်းခွင် စနစ်’ ၏ IP လိပ်စာကို ရိုက်ထည့်ကာ ပုံမှန်နည်းလမ်းအတိုင်း ဝင်ရောက်ပြီး ထိုနေရာမှ ‘Unreal Graphics Processing’ ကို ရဲဌာန၏ ဆာဗာအတွင်းသို့ ဒေါင်းလုဒ် ဆွဲလိုက်တော့သည်။

ထိုဆော့ဖ်ဝဲလ်ကို ဖွင့်ပြီးနောက် ရှီလဲ့သည် စူးရှပြောင်မြောက်သော လုပ်ဆောင်မှု အစီအစဉ်များကို စတင်လိုက်သည်။ သူ၏ လက်ချောင်း ဆယ်ချောင်းစလုံးက ကီးဘုတ်ပေါ်တွင် တဖျတ်ဖျတ်နှင့် အသံမြည်အောင် ရိုက်နှိပ်နေခဲ့သည်။ တစ်ခါတစ်ရံတွင် သူသည် မောက်စ်ကို အသုံးပြု၍ ချိန်ညှိရန် လိုအပ်သော ပုံရိပ်ဧရိယာများကို ရွေးချယ်ပြီးနောက် ညွှန်ကြားချက်ကုဒ်များကို ဆက်လက်ရိုက်ထည့်သည်။

ခေတ္တမျှ ကြာပြီးနောက် မူလက မှုန်ဝါးနေသော ဓာတ်ပုံသည် တဖြည်းဖြည်းနှင့် ကြည်လင်ပြတ်သားလာခဲ့သည်။ သို့သော်လည်း ရလဒ်ကတော့ တကယ်ကို စိတ်ပျက်စရာ ကောင်းလှသည်။ ဗီဒီယိုထဲက သူခိုးသည် အမှန်စင်စစ် ‘ပီကင်းအော်ပရာ မျက်နှာဖုံး’ တစ်ခုကို ဝတ်ဆင်ထားခြင်းကြောင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားရန် လုံးဝ မဖြစ်နိုင်ချေ။

ကျန်းဟုန် ပြင်းထန်စွာ သက်ပြင်းချလိုက်ပြီး -

“ဒီလိုကိုး ကြည့်ရတာ ဒီသူခိုးက တတိယမြောက် ထိပ်တန်းလျှို့ဝှက် ကင်မရာရဲ့ တည်နေရာကို မသိရင်တောင်မှ၊ တတိယမြောက် ထိပ်တန်းလျှို့ဝှက် ကင်မရာစနစ် ရှိနေတာကိုတော့ သေချာပေါက် သိနေတာပဲ ပြီးတော့ သူက ကြိုတင်ကာကွယ်မှုတွေကိုပါ ပြင်ဆင်ထားခဲ့တာ” ဟု ဆိုသည်။

ရှီလဲ့ မျက်မှောင်ကုတ်လိုက်မိသည်။ ဗီဒီယိုမှတ်တမ်းထဲက သူခိုးသည် ပီကင်းအော်ပရာ မျက်နှာဖုံးကို ဝတ်ဆင်ထားသဖြင့် ဘယ်သူလဲဆိုတာ မသိနိုင်သော်လည်း၊ ရှီလဲ့အနေဖြင့် ထိုလူ၏ မျက်နှာတည်ဆောက်ပုံနှင့် ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ လျူလုံ နှင့် တော်တော်လေး တူညီနေသည်ဟု အမြဲ ခံစားနေရသည်။

“ဦးလေးကျန်း... အစ်ကိုကြီးပိုင် အဟမ်း... ညွှန်ကြားရေးမှူးပိုင် ကို သွားခေါ်ပေးပါဦး၊ ပြီးတော့ မူရင်းဗီဒီယိုကို ကျွန်တော့်ဆီ ကူးယူပေးဖို့ ပြောလိုက်ပါ။ တစ်ချိန်တည်းမှာပဲ ကျွန်တော့်အတွက် အဆင့်မြင့် ကြည်လင်ပြတ်သားတဲ့ ကင်မရာတစ်လုံးပါ ပြင်ဆင်ပေးပါ” ရှီလဲ့က ညွှန်ကြားလိုက်သည်။ ယနေ့ညတွင် အိုးရန်ရှန်း၏ လက်ရာကို ထပ်မံမြည်းစမ်းနိုင်ရန်အတွက် ရှီလဲ့တစ်ယောက် သူ၏ စစ်မှန်သော စွမ်းရည်များကို ထုတ်ပြရန် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

ကျန်းဟုန်သည် ဝန်ထမ်းအချို့နှင့်အတူ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ ရှီလဲ့သည် ဆာဗာ နံပါတ် ၁ မှ ‘အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်’ ကို ချက်ချင်း ကူးယူလိုက်တော့သည်။

အိုးရန်ရှန်းသည် စိတ်မကောင်းသော အမူအရာဖြင့် ရှီလဲ့၏ ဘေးနားသို့ လျှောက်လာပြီး ထိုင်လိုက်သည်။ သူမသည် တစ်ကိုယ်တည်း ရေရွတ်နေသကဲ့သို့ စတင်ပြောကြားခဲ့သည်။

“ကျွန်မအဖေရဲ့ အမည်က အိုးရန်ဖူတဲ့၊ သာမန် မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲအရာရှိတစ်ယောက်ပေါ့ သူ ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်အတွင်းမှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုမှတ်တမ်းတွေ မရှိခဲ့ဖူးဘူး၊ မူးယစ်မှောင်ခိုသမားတွေနဲ့ မူးယစ်ရာဇာတွေကို အကြိမ်ကြိမ် အသက်နဲ့လဲပြီး တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေပဲ ရှိခဲ့တာ ကျွန်မ အသက် ၁၅ နှစ်အရွယ်၊ ဆိုလိုတာက လွန်ခဲ့တဲ့ ဆယ်နှစ်ကပေါ့... ကျွန်မအဖေက မူးယစ်နှိမ်နင်းရေးအဖွဲ့ကို ဦးဆောင်ပြီး ရွှေတြိဂံဒေသကနေ နိုင်ငံထဲကို မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ မူးယစ်မှောင်ခိုအုပ်စုနဲ့ တိုက်ရိုက် လက်နက်ကိုင် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ် အဲဒီခေတ်တုန်းက သေနတ်ကိုင်ဆောင်မှုက အခုလို တင်းကျပ်တာမဟုတ်တော့ အဲဒီမူးယစ်မှောင်ခိုသမားတွေမှာ အလွန်ပြင်းထန်တဲ့ လက်နက်အားသာချက်တွေ ရှိခဲ့ကြတာ နောက်ဆုံးတော့... ကျွန်မအဖေက ကျွန်မကို ထားသွားခဲ့တယ်...”

ရှီလဲ့သည် ဘာမှမပြောဘဲ အိုးရန်ရှန်း၏ ပြောစကားများကို တိတ်တဆိတ် နားထောင်နေခဲ့သည်။ ဤကဲ့သို့သော အချိန်မျိုးတွင် အိုးရန်ရှန်းကို စိတ်ရှိလက်ရှိ ပြောဆိုခွင့် ပေးထားခြင်းက ပိုမိုကောင်းမွန်ပေသည်။

“ကျွန်မအမေက တစ်ချိန်တုန်းက ကျွန်မအဖေကို အရမ်း ချစ်ခဲ့တာပါ ဒါပေမဲ့ ကျွန်မအဖေ အက်ဆီးဒင့်ဖြစ်ပြီးနောက်၊ ကျွန်မ အသက် ၁၈ နှစ်ပြည့်လို့ တက္ကသိုလ်တက်တဲ့ နှစ်မှာပဲ သူမက နောက်အိမ်ထောင်ပြုဖို့ ရွေးချယ်ခဲ့ပြီး နောက်ယောကျာ်းနဲ့ လိုက်သွားခဲ့တယ် သူမက ကျွန်မဆီကို လစဉ် လစာငွေတွေ အချိန်မှန် ပို့ပေးနေပြီး ကျွန်မအပေါ် ဂရုစိုက်နေသေးပေမယ့်လည်း... ကျွန်မအဖေကို သစ္စာဖောက်ခဲ့တဲ့ သူမကို ကျွန်မ ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး” အိုးရန်ရှန်း၏ မျက်ဝန်းများတွင် မျက်ရည်စများ ဝိုင်းလျက် တောက်ပနေခဲ့သည်။

ရှီလဲ့သည် သူ၏လက်ကို ဆန့်ထုတ်ကာ အိုးရန်ရှန်း၏ ဖြူလျော်သော မျက်နှာလေးကို အုပ်ကိုင်ပေးချင်မိသော်လည်း၊ နောက်ဆုံးတွင် သူ၏လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အိုးရန်ရှန်းကို နူးညံ့သော မျက်ဝန်းများဖြင့်သာ စိုက်ကြည့်နေခဲ့သည်။

“ရဲတက္ကသိုလ်ကနေ ဘွဲ့ရပြီးနောက် ကျွန်မ ရဲတပ်ဖွဲ့ထဲ ဝင်ခဲ့တယ် တစ်နေ့ကျရင် ကျွန်မအဖေကို သတ်ခဲ့တဲ့ မူးယစ်မှောင်ခိုသမားတွေကို သေချာပေါက် ဖမ်းဆီးမယ်လို့ စိတ်ထဲမှာ အမြဲတမ်း ပြောနေခဲ့တာ တစ်နေ့ကျရင် သူတို့အားလုံးကို ဖမ်းဆီးပြီး ဥပဒေအရ တရားစီရင်ဖို့ လွှဲပြောင်းပေးမှာဖြစ်ပြီး သူတို့ ထိုက်တန်တဲ့ ပြစ်ဒဏ်ကို ခံရအောင် လုပ်မယ်” အိုးရန်ရှန်း နှာခေါင်းရှုံ့လိုက်ပြီး မျက်တောင်ကို ပြင်းပြင်းခါကာ အတင်းအကျပ် ပြုံးလိုက်ရှာသည်။

“ကျွန်မရဲ့ ဆန္ဒကို သေချာပေါက် အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်တယ်”

ရှီလဲ့၏ ရင်ထဲတွင် အနည်းငယ် တင်းကျပ်သွားခဲ့သည်။ ဤအရာက အိုးရန်ရှန်း၏ နှလုံးသားထဲက စွဲလမ်းမှုလော။ သူမအဖေထံမှ ရဲအရာရှိတစ်ဦး၏ မြင့်မြတ်သော တာဝန်ကို ဆက်ခံကာ ပြည်သူ့ရဲတစ်ဦးဖြစ်ရန် ကြိုးပမ်းနေခြင်း၊ သူမအဖေကို သတ်ခဲ့သည့် ရန်သူနှင့် ပတ်သက်လျှင်တောင်မှ ဥပဒေအရ အပြစ်ပေးရန် လွှဲပြောင်းရမည်ဟူသော စံနှုန်းလော။

“အိုးရန်... တောင်းပန်ပါတယ်” ရှီလဲ့ တိုးတိုးလေး တောင်းပန်လိုက်မိသည်။ အိုးရန်ရှန်း၏ မျက်စိအောက်တည့်တည့်တွင် ရဲတပ်ဖွဲ့ကို သူ ရန်စခဲ့မိသည့် အကြိမ်များအတွက် တောင်းပန်ခြင်း ဖြစ်သလို၊ အိုးရန်ရှန်း၏ မြင့်မြတ်မှုအတွက်လည်း ဖြစ်သည်။

ဤအခိုက်အတန့်တွင် ရှီလဲ့သည် အိုးရန်ရှန်းကို တကယ်ကို စွဲမက်ဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။ အိုးရန်ရှန်း၏ ဖခင်ကို သတ်ခဲ့သည့် လူသတ်သမားကို ရှာဖွေတွေ့ရှိရန် ကူညီပေးချင်သည့် ဆန္ဒတစ်ခု သူ၏ နှလုံးသားထဲတွင် ပေါ်ပေါက်လာခဲ့သည်။ ဤရည်မှန်းချက်က အလွန်ပင် ခက်ခဲလွန်းလှသော်လည်း ဖြစ်နိုင်၏။

“ရှီလဲ့... ရှင် ကျွန်မကို တောင်းပန်စရာ မလိုပါဘူး ရှင် တစ်ခါက ပြောခဲ့ဖူးတာ တော်တော်ကောင်းပါတယ် ကျွန်မမှာ ကျွန်မရဲ့ ယုံကြည်ချက် ရှိသလို၊ ရှင့်မှာလည်း ရှင့်ရဲ့ စံနှုန်းတွေ ရှိတာပဲလေ ကျွန်မမျှော်လင့်တာကတော့ ရှင့်ရဲ့ စံနှုန်းတွေက ရှင့်ရဲ့ အသိစိတ်အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေဘဲ... ကျွန်မရဲ့ ယုံကြည်ချက်ကိုလည်း တတ်နိုင်သမျှ ထည့်သွင်းစဉ်းစားပေးဖို့ပါပဲ” အိုးရန်ရှန်းသည် သူမ၏ ရဲရင့်ပြတ်သားသော အမူအရာကို ပြန်လည်ရရှိသွားခဲ့ပြီး အားကိုးထိုက်သော စစ်နတ်သမီးလေးကဲ့သို့ ဖြစ်နေတော့သည်။

ပြတ်သားသော အိုးရန်ရှန်း၏ ပုံစံကို ကြည့်ရင်း ရှီလဲ့၏ နှလုံးသားထဲက ဆန္ဒမှာ ပိုမိုပြင်းထန်လာခဲ့ပြီး နောက်ဆုံးတွင် သူ၏ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာတွင် တိတ်တဆိတ် သိမ်းဆည်းထားလိုက်တော့သည်။

နည်းပညာဌာနခွဲ၏ အပြင်ဘက်တွင်တော့ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။ ပိုင်ချန်ကိုယ်တိုင် USB ဒရိုက်တစ်ခုကို ကိုင်ဆောင်လျက် လှမ်းဝင်လာခဲ့ပြီး ၎င်း၏နောက်တွင်တော့ ကျန်းဟုန်က အဆင့်မြင့် ကင်မရာတစ်လုံးကို သယ်ဆောင်ကာ လိုက်ပါလာခဲ့သည်၊ ဝန်ထမ်းအချို့ကလည်း မီးကြိုးခွေများ၊ ပါဝါကြိုးများနှင့် ဒေတာကြိုးများကို သယ်ဆောင်လာကြသည်။

ပိုင်ချန် ရှီလဲ့၏ အနောက်သို့ လျှောက်လာပြီး USB ဒရိုက်ကို ကမ်းပေးလိုက်သည်။

“ညီလေးရှီ... မူရင်းဗီဒီယိုကို ဘာအတွက် လိုချင်တာလဲ ကျန်းလေးက အခုပဲ ပြောတယ်၊ သူခိုးက ပီကင်းအော်ပရာ မျက်နှာဖုံးကို ဝတ်ထားတာဆိုတော့ ကိစ္စက နည်းနည်း ရှုပ်ထွေးသွားပြီ ထင်တယ်”

ရှီလဲ့ နှာခေါင်းရှုံ့လိုက်ပြီး -

“အစ်ကိုကြီးပိုင်... အကယ်၍ ကျွန်တော် ဒီနေ့ အဲဒီသူခိုးကို ဖမ်းမပေးနိုင်ရင် အိုးရန်က ညစာ ချက်ကျွေးမှာ မဟုတ်ဘူး ဒါဆိုရင် ကျွန်တော် ငတ်သေသွားမှာပေါ့ ဒါကြောင့်မို့လို့ ကျွန်တော် အဲဒီသောက်သူခိုးကို သေချာပေါက် ဖမ်းရမယ်” ဟု ဆိုသည်။

“ဟားဟားဟား... ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ် ညီလေးရှီ... မင်းသာ အဲဒီသူခိုးကို ဖမ်းပေးနိုင်ရင် ငါတို့ ရဲတပ်ဖွဲ့အတွင်းမှာ ရဲဘော်အိုးရန်ကို တတိယအဆင့် စွမ်းဆောင်ရည်ဆု သေချာပေါက် ချီးမြှင့်ပေးမယ်” ပိုင်ချန် ကတိပေးလိုက်သည်။

ရှီလဲ့သည် ကျန်းဟုန်နှင့် အခြားသူများကို အဆင့်မြင့် ဗီဒီယိုရီကော်ဒါကို ဆာဗာနှင့် ချိတ်ဆက်ရန် ညွှန်ကြားလိုက်ပြီး၊ ရှီလဲ့ကိုယ်တိုင် မူရင်းဗီဒီယိုကို ဆာဗာအတွင်းသို့ ကူးယူလိုက်သည်။

ပြင်ဆင်မှုများ ပြီးဆုံးသွားသောအခါ ရှီလဲ့သည် အဆင့်မြင့် ကင်မရာကို ‘အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်’ ၏ Input ပေါက်နှင့် ချိတ်ဆက်လိုက်ပြီးနောက်၊ အဆင့်မြင့် ကင်မရာကို ကိုင်ဆောင်လျက် မူရင်းဗီဒီယိုကို ဖွင့်ကာ မူရင်းဗီဒီယိုအတွင်းရှိ သူခိုး၏ လှုပ်ရှားမှုများကို အဆင့်မြင့် ကင်မရာဖြင့် မှတ်တမ်းတင် စေလိုက်သည်။

လူတိုင်းက ရှီလဲ့ ဤသို့လုပ်ဆောင်ရခြင်း၏ အဓိပ္ပာယ်ကို နားမလည်ကြချေ။ သူက အခြားဗီဒီယိုတစ်ခုကို ထပ်မံ မှတ်တမ်းတင်နေခြင်းလော။

သူခိုး၏ ခိုးယူမှု လုပ်ငန်းစဉ်တစ်ခုလုံးမှာ မိနစ်အနည်းငယ်မျှသာ ရှိသည်။ ရှီလဲ့ မှတ်တမ်းတင်ခြင်း ပြီးဆုံးသွားသောအခါ အဆင့်မြင့် ကင်မရာကို ကွန်ပျူတာစားပွဲပေါ်တွင် တင်လိုက်ပြီးနောက် ‘အမူအရာလှုပ်ရှားမှု ဖမ်းယူရေး ပရိုဂရမ်’ သို့ ပြောင်းလဲကာ ‘Unreal Graphics Processing’ ဆော့ဖ်ဝဲလ်ကို ထိုပရိုဂရမ်နှင့် ချိတ်ဆက်လျက် သာမန် 3D ကာတွန်းပုံစံငယ် တစ်ခုကို စတင်ဖန်တီးတော့သည်။

ဤ 3D ကာတွန်းပုံစံငယ်သည် ခိုးမှုဖြစ်ပွားစဉ်အတွင်း သူခိုး၏ လှုပ်ရှားမှုများကို ပြန်လည် ပုံဖော်ပေးခြင်း ဖြစ်သည်။ ၎င်းကို အပြီးသတ်ပြီးနောက် ရှီလဲ့က အော်ပြောလိုက်သည်။

“ဦးလေးကျန်း... ဦးလေးရဲ့ လက်အောက်ငယ်သားတွေက အကုန်လုံး တော်ကြတယ် မဟုတ်လား သူတို့ကို လာခိုင်းပြီး ဒီသူခိုး၏ လှုပ်ရှားမှုတွေကို လေ့လာခိုင်းလိုက်ပါ၊ ပြီးတော့ ပြစ်မှုဖြစ်ပွားတဲ့ အခင်းဖြစ်ပွားရာနေရာကို လက်တွေ့ကျကျ ပြန်လည် သရုပ်ပြခိုင်းလိုက်ပါဗျာ”

ပိုင်ချန် မနေနိုင်တော့ဘဲ မေးလိုက်သည်။

“ညီလေးရှီ... ဒီလိုမျိုး လုပ်တာကနေ သူခိုးကို စုံစမ်းစစ်ဆေးနိုင်မယ့် နည်းလမ်း ရှိလို့လား”

All Chapters