အခန်း ၃၁၁
Vol. 22 Ch. 311
အပိုင်း(၃၁၁) တောရိုင်းမြေ၏အဆုံးသတ်၊ မဟာကျင်းတိုင်းပြည်၏ ကြီးစိုးခြင်း(၇)
အတွေးတစ်ချက်တည်းဖြင့် ဓားတစ်သောင်း မွေးဖွားလာ၏။
မရေမတွက်နိုင်သော အချိန်-နေရာလွတ်ဓားများသည် ဧရိယာကို ဖုံးလွှမ်းသွားပြီး တပ်ပျက်နေသော ရန်သူစစ်တပ်၏ ခေါင်းပေါ်တွင် အလင်းတန်းများကဲ့သို့ တွဲလွဲခိုနေလေသည်။
သာမန်လောကတွင် ရှုံးနိမ့်သွားသောရန်သူစစ်တပ်နှင့် ရင်ဆိုင်ရာတွင် အသုံးများသောမဟာဗျူဟာမှာ သူတို့ကို တတ်နိုင်သမျှ မြန်မြန်ရှင်းလင်းရန်၊ တတ်နိုင်သမျှ အများဆုံးသတ်ဖြတ်ရန်နှင့် မမီနိုင်သူများကို ကံကောင်းသည်ဟု သတ်မှတ်ရန်ပင်။
သို့သော်လည်း ကျင့်ကြံခြင်းလောကတွင် အကြွင်းမဲ့ခွန်အားသည် လူဘီလီယံနှင့်ချီ၍ ဖမ်းစားနိုင်စွမ်း ရှိလေသည်။
အနက်ရောင်ဝတ်လူငယ်က အသက်ပြင်းပြင်းရှူလိုက်ရာ နှာခေါင်းထဲတွင် သွေးနံ့များ ပြည့်နှက်သွား၏။ သူ၏ပိုင်နက် အတွင်းတွင် နေရာလွတ်များ ကျိုးကြေသွားပြီး အချိန်များ ဖရိုဖရဲဖြစ်သွားကာ မဟာတာအို သုံးထောင်သည် အဆက်မပြတ် တုန်ခါနေလေသည်။
ကိုယ်တိုင် မျက်မြင်မတွေ့ရလျှင်ပင် ဤအရာများကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲ၏ပြင်းထန်မှုကို သူ အလွယ်တကူ စိတ်ကူးကြည့်နိုင်သည်။
"အရှင်မင်းကြီး... အရိုအသေပေးပါတယ်။" စစ်ရေးဝန်ကြီး လျန်ချွီက ဒူးနှစ်ဖက်ထောက်ကာ ရိုသေစွာ ဦးညွှတ်ရင်း အော်ဟစ်လိုက်သည်။
ချင်းဖုန်းဟော်၊ ဖြည်းဖြည်းချင်း သတိရလာသော ကျန်းစန်းဟိုင်နှင့် ပစ္စုပ္ပန်ရွာမှ မရေမတွက်နိုင်သော ရွာသားများအားလုံး ဒူးထောက်ကာ အော်ဟစ်လိုက်ကြသည်။
"နိမ့်ကျတဲ့ကျေးကျွန်တွေက မဟာကျင်းတိုင်းပြည်ရဲ့ဧကရာဇ်ကို အရိုအသေပေးပါတယ်။။"
"နိမ့်ကျတဲ့ကျေးကျွန်တွေက မဟာကျင်းတိုင်းပြည်ရဲ့ဧကရာဇ်ကို အရိုအသေပေးပါတယ်။။"
အနက်ရောင်ဝတ်လူငယ်က မျက်လုံးများကို အနက်ရောင်ဖဲပြားတစ်ခုဖြင့် ဖုံးကွယ်ထားပြီး နူးညံ့သော နွေဦးလေပြေကဲ့သို့ နွေးထွေးသောအပြုံးတစ်ခုဖြင့် ဧကရာဇ်တစ်ဦး၏ မောက်မာမှုမျိုး လုံးဝမပြသဘဲ အရိုအသေပေးသည့်အနေဖြင့် လက်ကို အနည်းငယ် မြှောက်လိုက်သည်။
"လူကြီးမင်းတို့... ဒီလိုတရားဝင်အခမ်းအနားတွေ လုပ်ဖို့မလိုပါဘူး။"
"လူကြီးမင်းတို့ကို ကျွန်တော်ကသာ ဦးညွှတ်ရမှာပါ။"
"ကျေးဇူးတင်ပါတယ်။"
အနက်ရောင်ဝတ်လူငယ်က လက်ယှက်ကာ ထောင့်ချိုးကွေးညွှတ်ပြီး နက်ရှိုင်းစွာ ဦးညွှတ်လိုက်ကာ ပြောလိုက်သည်။ "တိုင်းပြည်ကိုကာကွယ်တဲ့စစ်ပွဲမှာ လူကြီးမင်းတို့ကြောင့်သာ မဟာကျင်းတိုင်းပြည်ဆိုတာ တည်ရှိနေတာပါ။ အချိန်-နေရာလွတ် ဓားသူတော်စင်ပဲဖြစ်ဖြစ်၊ မဟာကျင်းရဲ့ဧကရာဇ်ပဲဖြစ်ဖြစ်၊ အဲဒါတွေ အားလုံးက ဗလာဖြစ်နေတဲ့ဘွဲ့နာမည်တွေ သက်သက်ပါပဲ။"
မဟာကျင်းစစ်သည်များသည် အလွန်စိတ်လှုပ်ရှားသွားသဖြင့် သူတို့၏မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာလေသည်။ ပြင်းထန်စွာ ဒဏ်ရာရပြီးနောက် ပြန်လည်မသက်သာနိုင်တော့သူများပင်လျှင် သူတို့၏ သွားများကိုကြိတ်ကာ မတ်တတ်ရပ်ပြီး အရိုအသေပြန်ပေးကြလေသည်။
ဒီလိုအရှင်သခင်မျိုးနဲ့ဆိုရင် ဘာများထပ်လိုဦးမှာလဲ။
...
ကျောက်ခဲတစ်လုံးက လှိုင်းတစ်ထောင်ကို ဖြစ်ပေါ်စေ၏။
လူတိုင်း အံ့အားသင့်သွားကြသည်။
ဧကရာဇ်က တကယ်တမ်း အချိန်-နေရာလွတ်ဓားသူတော်စင်ပဲလား။
တပ်ပျက်နေသော ဇန်ဘုန်းကြီးများပင် အံ့အားသင့်သွားပြီး မယုံနိုင်စွာ အချင်းချင်း ကြည့်လိုက်သည်။
"မဟာကျင်းတိုင်းပြည်ရဲ့ ဧကရာဇ်အဖြစ် ကြေညာခံခဲ့ရသူက အခု နာမည်ကျော် အချိန်-နေရာလွတ် ဓားသူတော်စင် ဖြစ်နေတာလား။"
"ဒါဆို ဒီနှစ်တွေတစ်လျှောက်လုံး တောရိုင်းမြေကလူတိုင်းရှုတ်ချကြတဲ့ ဧကရာဇ်နဲ့ လူတိုင်းကြည်ညိုကြတဲ့ ဓားသူတော်စင်က တစ်ယောက်တည်း ဖြစ်နေတာပေါ့။။"
"အိုး... ဒါက..."
ပါဝင်ပတ်သက်သူအားလုံးက ၎င်းကို အဓိပ္ပာယ်မဲ့သလို ခံစားလိုုက်ရသည်။
ဒါဆို ငါတို့ လူထုသဘောထားကို လမ်းညွှန်ပြီး အချိန်-နေရာလွတ်ဓားသူတော်စင် မဟာကျင်းကနေ ထွက်သွားအောင် ကြိုးစားခဲ့တာတွေအားလုံးက လုံးဝကို ဟာသတစ်ခုပဲ။ သူက အချိန်တစ်လျှောက်လုံး အိပ်ရာ တစ်ခုတည်းမှာ အိပ်ပြီးတော့ နေ့ဘက်မှာ လောကကြီးအတွက် ဟန်ဆောင်ပြဇာတ်တစ်ခု လုပ်နေခဲ့တာ။ ညဘက် အိပ်ရာထဲ ပြန်ရောက်တဲ့အခါကျရင်တော့ တခြားတိုင်းပြည်တွေရဲ့ မိုက်မဲမှုကို လှောင်ပြောင်နေလောက်တယ်။
မင်းတို့က ဒီမှာ ကစားနေကြတာပဲ။
တစ်စုံတစ်ယောက်က တီးတိုးရေရွတ်လိုက်သည်။ "အဲဒီအချိန်တုန်းက ရှူဘုရင် ကျောက်ယွီဟွမ်က အချိန်-နေရာလွတ် ဓားသူတော်စင်နဲ့ မဟာကျင်းတိုင်းပြည်ဧကရီတို့က ရိုးရှင်းတဲ့ အရှင်သခင်နဲ့လက်အောက်ခံ ဆက်ဆံရေးမျိုးပဲရှိတယ်လို့ မှားယွင်းစွာ ယုံကြည်ခဲ့ပြီးတော့ ကျောက်ကော်လည်း ရှိသေးတယ်လေ..."
"သေချာစဉ်းစားကြည့်ရင် ရှူဘုရင်နဲ့ သူ့သားက ဒီစုံတွဲရဲ့ ကစားတာကို ခံခဲ့ရတာပဲ။"
နေမင်းအရှင်သခင်က ဒဏ်ရာအပြင်းအထန်ရနေသော ခန္ဓာကိုယ်ကို ဆွဲယူကာ အနက်ရောင်ဝတ် လူငယ်၏နောက်သို့ တိတ်ဆိတ်စွာရွှေ့သွားပြီး နောက်ခံအဖြစ်လုပ်ဆောင်ကာ ဂုဏ်ယူစွာပြုံးနေသကဲ့သို့ ဖြီးဖြီး ရယ်မောနေလေသည်။
အဟက်။
မိုက်မဲတဲ့လောကီသားတွေ။
ငါတစ်ယောက်တည်းကသာ အမှန်တရားကို ပထမဆုံး ရှာတွေ့ရှိခဲ့တာ။ ဟွန့်... လူတွေက နတ်ဆိုးတွေလို ဉာဏ်ကောင်းတယ်လို့ ဘယ်သူပြောလဲ။ သူတို့ထဲက ဘယ်သူမှ ငါ့လောက် ဉာဏ်မကောင်းပါဘူး။
"ဧကရာဇ်... တကယ်လို့ အရှင့်မှာ ခွန်အားတွေကျန်သေးရင် ကျေးဇူးပြုပြီးတော့ အပြင်ဘက် ကြယ်ကောင်းကင်ယံကို သွားပါ။ ဧကရီနဲ့ အတ္တကင်းမဲ့ဗုဒ္ဓတို့ အဲဒီမှာ တိုက်ခိုက်နေကြတယ်။" ကျန်းစန်းဟိုင်က တုတ်ကောက်ကိုအားပြုကာ ခါးကိုကိုင်းထားပြီး ခြောက်ကပ်ပြီးအက်ကွဲနေသောအသံဖြင့် အော်ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ...
မုန့်ချင်ကျိုး၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီးနောက် အပြင်ဘက် ကြယ်ကောင်းကင်ယံသို့ ခြေလှမ်းတော့မည့်အချိန်တွင် ရုတ်တရက် တစ်ခုခုကို သတိရသွားကာ သူ၏ ဓားအသိပိုင်နက် ပြန့်ထွက်၍ သွားလေသည်။
ခဏအကြာတွင် ရင်းနှီးသော အရှိန်အဝါ အများအပြားက အသက်စွမ်းအင်များ အလျင်အမြန်ပင် ကျဆင်းနေပြီး အချို့လူများမှာ သေလုဆဲဆဲအခြေအနေတွင်ပင် ရှိနေကြောင်းကို သူ တွေ့ရှိလိုက်ရသည်။
...
...
"တိုင်းပြည်မဏ္ဍိုင်... ဘာပဲဖြစ်ဖြစ် ကျွန်တော် သေတော့မှာမို့လို့ ခင်ဗျားကို ကျွန်တော် ပြောပြစရာ တစ်ခု ရှိတယ်..."
"ပစ္စုပ္ပန်ရွာမှာတုန်းက နန်းရင်းဝန် ရေချိုးနေတုန်း သူ့ရဲ့အဝတ်အစားတွေ အားလုံးကို ခင်ဗျား ခိုးသွားခဲ့တယ်။ ပြီးတော့ သူ အိမ်သာထဲမှာရှိနေတုန်း အိမ်သာတစ်ခုလုံးကို တောထဲရွှေ့ဖို့ နေရာလွတ် လွှဲပြောင်းပို့ဆောင်ရေး နည်းစနစ်တစ်ခုကို သုံးခဲ့တယ်။ ဒီကိစ္စတွေအားလုံးကို သတင်းပေးခဲ့တာ ကျွန်တော်ပဲ။"
"ပြီးတော့ နောက်ထပ်ရှိသေးတယ်။"
"နောက်ပိုင်းကျတော့ နန်းရင်းဝန် ခင်ဗျားကို သစ်ပင်မှာချည်ပြီး ကြာပွတ်နဲ့ ရိုက်တုန်းက ကျွန်တော်... အဟွတ် အဟွတ်… အဲဒီဇာတ်လမ်းကို တိတ်တဆိတ်ပေါက်ကြားအောင် လုပ်ခဲ့တာ..."
လင်းလုက မြေကြီးပေါ် လဲလျောင်းနေပြီး အသက်ကို မနည်းရှူနေရကာ သူ၏အသံမှာ တဖြည်းဖြည်း အားနည်းလာလေသည်။
သူ၏နောက်ဆုံးစကားများကို ပြောပြီးနောက်တွင် သူ ပြုံးလိုက်သော်လည်း သူ၏မျက်လုံးများ လုံးဝ ပိတ်သွားလေသည်။
"ငါ မင်းကို အပြစ်မတင်ပါဘူး။ တကယ်ပါ။ မင်း အိပ်မပျော်သွားသရွေ့တော့ ငါ မင်းကို ခွင့်လွှတ်မှာပါ။" ချင်းဖုန်းဟော်က ဝမ်းနည်းပူဆွေးမှုကို ဖိနှိပ်ကာ တိုးညင်းသောအသံဖြင့် ပြောလိုက်သည်။
ရုတ်တရက်။
သွေးများ ပင်လယ်ကဲ့သို့ စီးဆင်းနေသော မြေကြီးပေါ်တွင် ပန်းငုံတစ်ခု ထွက်ပေါ်လာပြီး ၎င်း၏ ပွင့်ဖတ်များ ပွင့်အာလာလေသည်။ ပန်း၏ နှလုံးသားမှ အသက်စွမ်းအင် တစ်မျှင် ထွက်ပေါ်လာပြီး လင်းလု၏ မွေးညင်းပေါက်များနှင့် ဒွါရ(၇)ပေါက် အတွင်းသို့ စိမ့်ဝင်သွားလေသည်။
တစ်ခဏချင်းမှာပင်။
လင်းလု၏ ရှုံ့တွနေသော ရင်ဘတ်က မြင်သာသော အမြန်နှုန်းဖြင့် ပြည့်ဖြိုးလာပြီး သူ၏နှလုံးသည် အားကောင်းသောစည်းချက်ဖြင့် ခုန်လာကာ ဖြူရော်နေသော ပါးပြင်များတွင် အရောင်ပြန်လည်ရရှိလာပြီး သူ၏မျက်ခွံများ အနည်းငယ် တုန်ခါသွားလေသည်။
ချင်းဖုန်းဟော်၏ ဝမ်းနည်းနေသော အမူအရာက တောင့်တင်းသွားပြီး တဖြည်းဖြည်း အမူအရာမဲ့ ဖြစ်သွားလေသည်။ သူက လင်းလုကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ လေးနက်သော အမူအရာဖြင့် သူ့ကို စူးစိုက်ကြည့်နေလေသည်။
တစ်စက္ကန့်၊ နှစ်စက္ကန့်...
လင်းလုက လေ့လာကြည့်ရှုရန် မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်မိရာ ချင်းဖုန်းဟော်က သူ့ကို အေးစက်စွာ စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။
"နိုးပြီလား။" ချင်းဖုန်းဟော်၏နှုတ်ခမ်းများက လှောင်ပြောင်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွား၏။
လင်းလု၏ ပါးပြင်ကြွက်သားများ တုန်ခါသွားပြီး နှလုံးခုန်ရပ်သွားလုနီးပါး ဖြစ်သွားလေသည်။
ဧကရာဇ်။
ဘာလို့ ကျွန်တော့်ကို ကယ်ခဲ့တာလဲ။။
ကျွန်တော့်ကို သေခွင့်ပေးပါ။ ကျွန်တော် သေပါရစေ။
"ကျွန်တော် လိမ်ပြောခဲ့တာပါ။ ယုံတယ်မဟုတ်လား။" လင်းလုက မျက်လုံးတစ်ဖက်ကို သတိထားကာ ဖွင့်လိုက်ပြီး၊ မြေကြီးပေါ်တွင် လဲလျောင်းကာ မျက်နှာချိုသွေးလျက် ရယ်မောလိုက်သည်။
"ဘယ်လိုထင်လဲ။" ချင်းဖုန်းဟော်က အနီးသို့တိုးလာပြီး ချစ်ခင်ဖွယ်ကောင်းစွာ ပြုံးပြလိုက်သော်လည်း ၎င်းမှာ အတင်းအကျပ်ပြုံးထားသော အပြုံးတစ်ခု ဖြစ်သည်။
လင်းလုက တစ်ခုခုမှားယွင်းနေကြောင်း အာရုံခံလိုက်မိပြီး အလျင်အမြန် ပြောလိုက်သည်။
"ဒါနဲ့ ကျွန်တော်နိုးလာရင် ခွင့်လွှတ်မယ်လို့ ခုနကလေးတင် ခင်ဗျား ပြောခဲ့တာနော်။ မဟာကျင်းရဲ့ မဏ္ဍိုင် တစ်ယောက်အနေနဲ့ စကားကို ပြန်ရုပ်သိမ်းလို့ မရဘူး။"
"အဟက်။"
ချင်းဖုန်းဟော် သဘောကျသွားပြီး ပြုံးဖြီးဖြီး လုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ပေါင်လုံးလောက် တုတ်သော သူ၏လက်မောင်းများကို ကြွားလုံးထုတ်ကာ အင်္ကျီလက်များကို ခေါက်တင်လိုက်ပြီး ပြောလိုက်သည်။ "အဆိုးဆုံးဖြစ်လာရင် ငါ တိုင်းပြည်ရဲ့မဏ္ဍိုင်အဖြစ်ကနေ နုတ်ထွက်လိုက်မယ်။ ဒီနေ့တော့ ချွင်းချက်တစ်ခု အနေနဲ့ ငါ့စကားကို ပြန်ရုပ်သိမ်းလိုက်မယ်။"
စကားပြောနေစဉ် ချင်းဖုန်းဟော်က လင်းလု၏ခေါင်းကို သူ၏လက်ကြီးဖြင့် ဖမ်းဆွဲကာ အားပါးတရ ဆော့ကစားရင်း လှောင်ပြောင်လိုက်သည်။
"ဒါဆို ငါ့ကို သစ္စာဖောက်ခဲ့တာ မင်းပဲပေါ့။ ငါ သိသားပဲ။ အဲဒီလူလည်အဘိုးကြီး ကျန်းစန်းဟိုင်က ဘယ်လိုလုပ် သိနိုင်မှာလဲ။ အဲဒါကိုလုပ်ခဲ့တာ ငါလို့ သူက အရမ်းသေချာနေတော့ ငါနဲ့ သူသေကိုယ်သေ တိုက်ခိုက်လုနီးပါး ဖြစ်ခဲ့တာ။"
"ဒီလိုဖြစ်နေတာကိုး..."
"ကိုယ့်အိမ်တွင်းကသူခိုးကို ကာကွယ်ဖို့ ခက်ခဲတာပဲ။"
"ရိုးသားပြီးလိမ္မာတဲ့ ကလေးလေးပဲ။ ရိုးသားတဲ့ကလေးတွေက သကြားလုံး ရတတ်တယ်။ ရော့ ဒီမှာ။ ဒီသဲအိတ်လောက်ကြီးတဲ့ သကြားလုံးကို မင်းကို ငါကိုယ်တိုင်ကျွေးမယ်။"
ချင်းဖုန်းဟော်က ကြင်နာစွာပြုံးလိုက်ပြီး လက်သီးကြီးကို မြှောက်လိုက်သည်။
လင်းလုက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ တိုင်းပြည်ရဲ့ မဏ္ဍိုင်။"
"ဒါကြီးက အရမ်းကြီးလွန်းတယ်။ သေလောက်အောင်နာမှာ။"
...
...
[ကောင်းကင်အသက်]၏ စွမ်းအားများက အတော်လေး အသုံးဝင်လှသည်။
မုန့်ချင်ကျိုးက သူ့ဘာသာ တိတ်တဆိတ် စဉ်းစားလိုက်ပြီးနောက် အစွမ်းကုန်ကြိုးစားမှုဖြင့် ကောင်းကင်ထောက်တိုင်နယ်ပယ်အောက်ရှိ ကျင့်ကြံသူ (၁၀၀)ကျော်ကို ကုသပေးနိုင်ခဲ့သည်။
အရေအတွက် အကန့်အသတ်ရှိသဖြင့် ပိုမိုအရည်အချင်းရှိသော စစ်သားများထံသို့ ထောက်ပံ့ရန်သာ ဦးစားပေးနိုင်သည်။
"တောင်းပန်ပါတယ်။ ငါက သူတော်စင်တစ်ယောက် မဟုတ်ဘူး။ လူတိုင်းကို မကယ်နိုင်ဘူး။"
မုန့်ချင်ကျိုးက နှလုံးသားထဲတွင် တောင်းပန်လိုက်ပြီး၊ ထို့နောက် သူ၏ပိုင်နက်ကို အသက်သွင်းကာ အပြင်ဘက်ကြယ်ကောင်းကင်ယံရှိ အချိန်မှတ်တစ်ခုမှ လာသော ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းဂယက် တစ်ခုကို ထောက်လှမ်းမိလိုက်သည်။ သူက ထိုနေရာကို ချက်ချင်း ပစ်မှတ်ထားလိုက်ပြီး အချိန်-နေရာလွတ် နိယာမများကို ယာဉ်အဖြစ် အသုံးပြုကာ ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်သို့ တက်လှမ်းသွားလေသည်။
အပြင်ဘက်နေရာလွတ်။
သူ ထိုနေရာသို့ ရောက်ရှိသောအခါ ဘုန်းကြီးအိုက တုန်းဖန်လျူလီ၏ တာအိုနှလုံးသားကို ဖျက်ဆီးရန် ကြိုးစားရင်း သူ့ကို ဦးနှောက်ဆေးရန် စိတ်ပိုင်းဆိုင်ရာခြယ်လှယ်မှုအဖြစ် [ဇန်တရားသွန်သင်ချက်များ]အား အသုံးပြုနေသည်ကို ကြားလိုက်ရသည်။
မုန့်ချင်ကျိုးက ချက်ချင်းပင် ဒေါသထွက်သွားသည်။ သူက တုန်းဖန်လျူလီ၏ရှေ့တွင် လျှပ်တစ်ပြက် ပေါ်လာပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ကတုံးဘုန်းကြီးအို။ ခင်ဗျား အသက်ရှင်ရတာ ပျင်းနေပြီထင်တယ်။"
…